Friday, September 3, 2010

အဓိပတိခေတ်

အဓိပတိခေတ်

ဂျပန်ကမြန်မာအား လွတ်လပ်ရေးပေးစဉ်အခါ ဒေါက်တာဘမော် အဓိပတိဖြစ်ချိန်က ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးမှလည်း ကန်တော်မိတ် အိုရီယင့်ကလပ်မှာ ကြီးကြီး ကျယ်ကျယ် ငွေကုန်ကြေးကျခံ၍ ထမင်းစားဧည့်ခံပွဲကြီးတစ်ခု ပြုလုပ်ကျင်းပပါတယ်။ ဟိုစဉ်အခါက ပြုလုပ်သောထမင်းစားပွဲမှာ စစ်ဝန်ကြီး ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ၊ သခင်မြ၊ ဦးဘ၀င်း၊ ပျော်ဖွယ်ဦးမြ၊ ဦးလှဖေ၊ ဦးထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ သခင်သန်းထွန်း၊ ဦးအေး၊ သခင်နု၊ ယစ်မျိုးမင်းကြီး ဦးစောအေး၊ မြူနီစပါယ်မင်းကြီး ဦးစိုးညွန့်၊ ကေဘိုတိုင်လူကြီးဦးဘဆွေ၊ ဗိုလ်ရန်နိုင်၊ အန်ကယ်
ဦးဆက်တို့နှင့်လွှတ်တော်အမတ်များ၊ ဂျပန်စစ်ဗိုလ်များ အိန်္ဒိယစစ်ဗိုလ်များနှင့် အိုရီယင့်ကလပ် တစ်ခုလုံးကို ပြည့်လျှံသွားတော့တာပါပဲ။ ဇာတ်သဘင်ကိုလည်း(ကွယ်လွန်သူ ဝဏ္ဏကျော်ထင် ဘုရားဒါယကာ ဦးဖိုးစိန်) သူ့သား ကနက်စိန်၊ သမီးမြင့်မြင့်စိန်၊ ကောလိပ်စိန်နှင့်တကွ မင်းသမီး ပေါင်းစုံနှင့် ဂျပန်လိုအက မြန်မာလိုအကများအပြင် တရုပ်အမျိုးသားဇာတ်သဘင်ကလည်း ကပြ အသုံးတော်ခံပါသေးသည်။ ဒါတင်မကသေးပါဘူး။

၁၉၄၅-ခုနှစ်၊ ဇန်န၀ါရီလ ၁၂-ရက်နေ့ ဒေါက်တာဘမော် ဂျပန်ပြည်မှပြန်လာသော အခါမှာလည်း အထက်ပါကဲ့သို့ အလားတူ မြို့တော်ခန်းမမှာ ထမင်းစားဧည့်ခံပွဲကြီးတစ်ခုကို ကြီးကြီးကျယ်ကျယ်ပြုလုပ်ပြန်ပါသေးတယ်။ ၎င်းထမင်းစားပွဲသို့တက်ရောက်လာကြသော လူကြီး လူကောင်းများထဲမှ ကျွန်ုပ်မှတ်မိသလောက် ခုံရှည်မှာထိုင်နေကြသော လူကြီးလူကောင်းများဟာ အလယ်မှာ ဒေါက်တာဘမော်နှင့် ဒေါ်ခင်မမမော်၊ စစ်ဝန်ကြီးဗိုလ်အောင်ဆန်း-ဒေါ်ခင်ကြည်၊ အိန်္ဒိယ အမျိုးသားခေါင်းဆောင် ဆူဘတ်ချန်ဒရာဘို့(စ်)၊ ဂျပန်စစ်ဗိုလ်ချုပ် ကီဘူလာ၊ ကင်ပေတိုင် ဗိုလ်ချုပ် ကာနယ်ကူမဲ့၊ ဦးဗဆွေအသက်ကယ်သည့် ကနာဟီရအိုက၊ သခင်မြ-ဒေါ်ခင်ညွန့်၊ ပျော်ဖွယ်ဦးမြ-ဒေါ်ခင်မကြီး၊ ဦးဘ၀င်း-ဒေါ်စောမြင့်၊ ဦးအေး-ဒေါ်အမာ၊ ဗန္ဓုလဦးစိန် ဒေါ်ခင်မြ၊ သခင်သန်းထွန်း-ဒေါ်ခင်ကြီး၊ သခင်လွန်းဘော်၊ ဦးဖေသန်း (CID) ၊ သခင်နု ၎င်း၏ဇနီးဒေါ်မြရီဟာ ဟိုတုန်းက မော်လမြိုင်ကျွန်းမှာရှိသည်။ ဒီအချိန်က သခင်နုစီးလာသည့်ကားဟာ အ၀ါရောင်ဖြစ်ပြီး၊ ကားက ခပ်ပုပု ကျွန်ုပ်ကိုယ်တိုင်ပဲ တံခါးဖွင့်ပေးလိုက်ပါသည်။ ၀န်ကြီးဦးလှဖေ၊ ဦးထွန်းအောင်၊ ဒေါက်တာ ဗမော်၊ ၎င်း၏သက်တော်စောင့် ဗိုလ်လရောင်၊ ဟိုစဉ်အချိန်အခါက လွှတ်တော်မှာ အစည်းအဝေးရှိသည်။ လွှတ်တော်ဥက္ကဋ္ဌဆာဦးသွင်က အကုန်လုံးထမင်းစားပွဲသို့ တက်ရောက်လာ နိုင်ကြအောင် လွှတ်တော်အစည်းအဝေးကို တမင်တကာ ဖျက်သိမ်းပေးလိုက်တယ်။ ဒီတုန်းက လွှတ်တော်ကို နံပါတ် ၁၆၈ ဘောင်ဒရီလမ်း ဦးချစ်လှိုင်အိမ်မှာ ပြုလုပ်ထားပါသည်။

ဟိုတုန်းက ကေဘိုတိုင်လူကြီး ဦးဘဆွေဟာ သူ့တပည့်ဦးဘထွန်းနှင့်အတူတူ တစ်ခုံထဲ ထိုင်ကြပါတယ်။ (ဒီဦးဘထွန်းဟာလွန်ခဲ့သည့် ၁၉၅၆-ခုနှစ်၊ ဧပြီလ ၂၇-ရက် လမ်းမတော်မှာ ဦးဘဆွေနှင့် ပါလီမန်အမတ် ယှဉ်ပြိုင်အရွေးခံသည့်ဦးဘထွန်းဖြစ်ပါသည်။) တရုပ်ဇာတ်သဘင် အဖွဲ့ကလည်း ဦးဘိုးစိန်းဇာတ်သဘင်နှင့်ပူးပေါင်းပြီး၊ မြို့တော်ခန်းမမှာ လာပြီးတော့ ကပြအသုံးတော် ခံပါသည်။ ဒီလိုကျွေးမွေးဧည့်ခံသည့်ကိစ္စမျိုးဟာ ဟိုတုန်းက ဘာမဆို အစစအရာရာရှားပါးပြီး၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြားမှ ကျွန်ုပ်တို့တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးရဲ့ ဥက္ကဋ္ဌ ပီကေချောင်းအပါအ၀င် ကော်မတီလူကြီးများဟာ ပင်ပင်ပန်းပန်းနှင့် ငွေအမြောက်အမြား အကုန်အကျခံ၍ ဧည့်ခံကျွေးမွေးပြုစုပါတယ်။ လေယာဉ်ပျံကလည်း ခဏခဏဗုံးလာချ၊ စက်သေနတ်နှင့် လည်း ခဏခဏပစ်သည့်ကြားထဲမှ လူကြီးလူကောင်းများဟာ ခဲရာခဲဆစ်နှင့် မရောက်ရောက်အောင် လာကြပါသည်။ တရုပ်-မြန်မာချစ်ကြည်ရေးအတွက် သဘောရိုးနှင့် နတ်ကောင်းမပြီး စိတ်ကောင်းရှိ၍ ချောချောမောမောနှင့် အားလုံးအောင်မြင်သွားပါသည်။ ဒါဟာလည်း မှတ်တမ်းတင်စရာကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။

No comments:

Post a Comment