Wednesday, September 8, 2010

အောင်သွယ်စပ်စု

အောင်သွယ်စပ်စု

၁၉၄၆-ခုနှစ်တွင် ရန်ကုန်အရေးပိုင် ဦးဘသွယ်၊ ဇနီးဒေါ်ခင်မကြီးနှင့် သားတစ်ယောက်၊ သမီးသုံးယောက်သည် ကျွန်ုပ်၏ဟော်တယ်အခန်းအမှတ်(တစ်)တွင် လာရောက်စားသောက်ကြသည်။ သမီးအကြီးဆုံးမှာ ခင်ခင်အေးဖြစ်သည်။
ကျွန်ုပ်နှင့်ဦးဘသွယ်တို့သည် မိတ်ဆွေဟောင်းများဖြစ်နေ၍ စကားလက်ဆုံကျနေသည်။ သူနှင့်ကျွန်ုပ်သည် ထွေရာလေးပါးစကားပြောဆိုနေရာ ဦးဘသွယ်က ...
““ဦးစပ်စုဟာ အောင်သွယ်သိပ်တော်တယ်လို့ ကျွန်တော်တို့ကြားထားပါတယ်။ ကျွန်တော့်သားတော်မောင် အတွက်တစ်ယောက်လောက် ရှာပေးစမ်ပါအုံး””ဟု၍ သူ့သားပုခုံးကိုကိုင်ကာပြောကြားလေသည်။ ကျွန်ုပ်က သူတို့မိသားစုကိုကြည့်၍ ...

““ဦးဘသွယ်လိုမိတ်ဆွေကြီးကို ကျွန်တော်ကူညီပါ့မယ်။ သားသမီးတွေကိစ္စအတွက် ကျွန်တော့် တာဝန်ထားလိုက်ပါ””ဟူ၍ပြောလိုက်လေသည်။

ဤသို့ဖြင့် နောက်တစ်လလောက်အချိန်သည် ကုန်လွန်လာခဲ့သည်။ ခွန်လောက်ဟော်တယ်တွင် ထမင်းစားသောက်ပွဲတစ်ခုရှိ၍ ကျွန်ုပ်လည်းတက်ရောက်လေသည်။ ထိုပွဲတွင် ကျွန်ုပ်၏မိတ်ဆွေများနှင့် ဆုံရလေသည်။ စားပွဲတစ်ခုတည်းလာကျသူကား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏အတွင်းဝန် ဦးဘတင့်ဆိုသောမိတ်ဆွေကြီးလည်း တွေ့မြင်ရလေသည်။ ဦးဘတင့်သည် မုဆိုးဖိုဖြစ်သည်။ သူ၏ သေဆုံးသွားသောပထမဇနီးမှာ ဦးတင်ထွဋ်နှမဖြစ်လေသည်။

တစ်ခုံတည်းတွင်လာဆုံကြလေသောမိတ်ဆွေများကလည်း ကိုယ့်စိတ်ထဲရှိသည်များကို ဖုံးကွယ်၍ မထားကြ။ ပွင့်ပွင့်လင်းလင်းပင်ပြောကြလေသည်။ အထူးသဖြင့် အရှိန်ကလေးလည်းရနေကြပြီဖြစ်၍ အာသွက် လျှာသွက်နေကြပေသည်။ ကျွန်ုပ်၏အကြောင်းကိုသိနှင့်ထားကြသော မိတ်ဆွေတစ်စုက ....

““ဦးစပ်စုဟာ သိပ်အောင်သွယ်ကောင်းတာပဲ။ ကျုပ်တို့ရဲ့ဦးဘတင့်လည်း လူပျိုကြီး၊ သူ့ကိုလည်း မိန်းမတစ်ယောက်လောက်ရှာပေးစမ်းပါဦး””ဟူ၍ ဆိုလာကြသည်။

ကျွန်ုပ်ကလည်း အကြင်အမျိုးသားနှင့် အကြင်အမျိုးသမီးကို အောင်သွယ်ပေးသည့်နေရာတွင် ရာဇ၀င်နှင့်ဖြစ်သည်။ ကျွန်ုပ်၏အောင်သွယ် (ချစ်ဆက်သွယ်ရေး)ကောင်းမှုတော်အဖုံဖုံကြောင့် အကြင် လင်မယားစုံတွဲများကလည်း မနည်းတော့ပေ။ ဤအောင်သွယ်အလုပ်မျိုးကို ၀ါသနာလည်းပါပေသည်။ ကျွန်ုပ်တို့တရုပ်တွင် အောင်သွယ်ပေးခြင်းသည် ကုသိုလ်အလွန်ကြီးပါပေသည်ဟုအဆိုရှိသည်။ သဘောကား အခက်အခဲအမျိုးမျိုးအထွေထွေကြောင့် တောင်တစ်ဘက်မှတစ်ဘက်သို့ ရောက်နိုင်ရန်ခက်ခဲသောသူများကို တံတားခင်း၍ပေးလိုက်သောသဘောပင်ဖြစ်သည်။ ပြီးတဖန် သူတပါးကိုအောင်သွယ်ပေးသောသူသည် ကိုယ့်အလှည့်ရောက်လျှင်လည်း အောင်သွယ်ပေးသူပေါ်တတ်သည်ဟု အယူရှိလေသည်။

ယင်းသို့သောမိတ်ဆွေများက ကျွန်ုပ်အားပြောလေရာ၊ ကျွန်ုပ်ကလည်း တတ်သည့်ပညာမနေသာ ဆိုသကဲ့သို့ဖြစ်ရလေ၏။

ကျွန်ုပ်က လက်ခံထားသောမောင်မယ်စာရင်းကို ဦးနှောက်ထဲမှမှတ်သားထားမိသမျှ နှုတ်မှရွတ်ဆိုပြ လိုက်သည်။ ကျွန်ုပ်သည် အမျိုးသမီးအမည်နှင့် သူ့မိဘအမည်ကို တစ်ဦးချင်းနှုတ်မှရွတ်ဆိုပြလိုက်လေသည်။ သို့နှင့် ““ဦးဘသွယ်-သမီးခင်ခင်အေး””ဟူသောအမည်ကို ကျွန်ုပ်နှုတ်မှဖွင့်ဟလိုက်သောအခါ ဦးဘတင့်၏ မျက်နှာသည် ရှက်သွေးများဖြာသွားပြီး နီမြန်းသွားသည်ကို သတိပြုမိလိုက်သည်။ ဤသို့မျက်နှာနီမြန်းသွား ခြင်းသည် ချစ်ကြိုက်သောစိတ်ကြောင့်ဖြစ်သည်ကို အောင်သွယ်တော်ကျွန်ုပ်က ကြိုတင်၍သိမှတ်ထားလိုက် လေသည်။

ဦးဘတင့်ကို အလိုက်သိသောကျွန်ုပ်က ““ကျွန်တော့်တာဝန်ထားလိုက်ပါ””ဟူ၍ပြောလိုက်သည်။ ဦးဘတင့်သည်ရှက်၍နေပေသည်။ ကျွန်ုပ်၏ကမ်းလှမ်းသောစကားကို သူကမငြင်းပေ။ သို့ကလိုမငြင်းခြင်းက သဘောတူ၍ဖြစ်ပေသည်။

နောက်တစ်နေ့၌ကား ကျွန်ုပ်ကသည် ဦးဘသွယ်နေထိုင်ရာ၊ အမှတ် (၄၆)၊ ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ သူ့နေအိမ်သို့သွားပြီး ယင်းအကြောင်းကိုနားဖေါက်ရလေသည်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း ဦးဘသွယ် သဘောကျလေအောင် အောင်သွယ်ကောင်းတို့၏တတ်ထားသောပညာဖြင့် အတော်ပင်ပြောယူရလေသည်။ ဦးဘသွယ်က ဦးဘတင့်၏ဇာတာကို စစ်ဆေးကြည့်လိုသည်ဟူ၍ ပြောဆိုလေသောကြောင့်၊ ဦးဘတင့်၏ ဇာတာကိုယူသွားရပြန်သည်။

ဦးဘသွယ် ကျွန်ုပ်အားပြောဆိုစဉ်က သူ့သားအတွက်အိမ်ထောင်ထိန်းမည့် အမျိုးသမီးကောင်း တစ်ယောက်ရှာပေးရန်ဖြစ်သည်။ ရလေသောအခါ သူ့သမီးအတွက်အိမ်ထောင်ဦးစီးမည့် အမျိုးသားတစ်ယောက် ဖြစ်နေခဲ့လေ၏။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်အနေဖြင့်ကား အောင်သွယ်ဝတ္တရားမပျက်ကွက်ခဲ့ပေ။

များမကြာမီအချိန်တွင် ဦးဘသွယ်နေအိမ်၌ ဦးဘတင့်နှင့်သူ့သမီးအကြီး ခင်ခင်အေးတို့မင်္ဂလာပွဲ တခမ်းတနားကျင်းပလေသည်။ ဤမင်္ဂလာပွဲကို ကွယ်လွန်သူအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တက်ရောက်လက်ထပ်ပေးခဲ့လေသည်။

ဤသည်တို့ကား ကျွန်ုပ်အောင်သွယ်ဘ၀ဖြင့် လုပ်ခဲ့လေသော အလုပ်စခန်းမှ တစ်ခန်းသောဇာတ် ကွက်သာတည်း။ သည့်နောက်ပိုင်းတွင်မူ အများကြီးရှိနေသေးသည်။

No comments:

Post a Comment