Saturday, September 11, 2010

““ရန်ကုန်မြို့ကိုသိမ်းခြင်း””


““ရန်ကုန်မြို့ကိုသိမ်းခြင်း””

          ဖက်ဆစ်ဂျပန်ကိုတော်လှန်နေစဉ် ဗိုလ်အောင်ဆန်းသည် ပြည်ဘက်၌ရှိ၏ ။ သူ၏ဇနီး ဒေါ်ခင်ကြည်နှင့် သားသမီးများကို ဖျာပုံဘက်သို့ ပို့ထားလေသည်။ ထိုစဉ် ဗိုလ်နေ၀င်းသည် သူ့ရဲဘော်ရဲဘက်များနှင့်အတူ ဖျာပုံဘက်၌တာဝန်ကျနေ၏။ သူဇနီးနှင့်သားသမီးများကို ပြည်ဘက်သို့ ပို့ထားလေသည်။
          ဗမာနှင့်ဂျပန်တို့၏ တော်လှန်ရေးစစ်ပွဲများကား ဗမာပြည်နေရာအနှံ့အပြား၌ ဖြစ်နေလေသည်။ ထိုအထဲတွင် ပဲခူးဘုရားကြီး ဘုရားလေးဘက်၌ တော်တော်လေးပြင်းပြင်း ထန်ထန်တိုက်ယူရလေသည်။  မြစ်ဝကျွန်းပေါ်ဘက်၌လည်း ကြိုကြားကြိုကြား ထို့အတူပင်။
          ထိုစဉ်က မဟာမိတ်တို့တပ်များသည် ရန်ကုန်မြစ်ဝ၌ရှိနေ၏။ ရန်ကုန်မြို့ကိုကား မလာရဲသေးပေ။ ဂျပန်နှင့် နဖူးတွေ့၊ ဒူးတွေ့ တွေ့၍ လှံစွပ်တိုက်ပွဲဆင်နွဲမည်ကို စိုးရိမ်သော ကြောင့်ထင်ပါသည်။
          ဤအခါတွင် ဗိုလ်နေ၀င်းနှင့်သူ့ရဲဘော်တစ်စုသည် ဖျာပုံမှ ရန်ကုန်မြို့သို့တက်လာ၏။ ၁၉၄၅-ခုနှစ်၊ မေလ တစ်ရက်နေ့တွင် ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်လေသည်။ ထိုသို့ ရန်ကုန်မြို့ကိုသိမ်းပိုက်လိုက်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရှိရာသို့ပြေးပြီး ရန်ကုန်မြို့ကို ဗမာ့တပ်မတော်သိမ်းပိုက်လိုက်ကြောင်းကို ကမ္ဘာအား ရေဒီယိုမှ ကြေငြာသင့်မသင့်ကို မေးမြန်းပါသည်။
          ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းထံမှ အမိန့်ကို ခံယူပြီးသည်နောက် မေလ ၃-ရက်နေ့တွင် ရန်ကုန်မြို့ကို ဗမာ့တပ်မတော်မှ သိမ်းပိုက်ထားပြီဖြစ်ကြောင်းကို ကြေညာလိုက်ပါသည်။ ထိုသို့ ကိုယ့်အထက်လူကြီးထံမှအမိန့်ကို ခံယူကြေညာခြင်းကြောင့် ဗမာ့တပ်မတော်၏ဂုဏ်သိက္ခာသည် လွန်စွာကြီးမြင့်သွားလေသည်။
          ဗမာ့တပ်မတော်က ရန်ကုန်မြို့ကိုသိမ်းပြီးနောက်မှ မဟာမိတ်ရေတပ်မတော်မှ သင်္ဘောပေါင်း အစင်းတစ်ရာခန့်သည် ရန်ကုန်မြစ်ထဲသို့ ၀င်လာလေတော့သည်။
          ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေ၀င်းတို့ ဆရာတပည့်နှစ်ယောက်သည် ဤသို့ တော်လှန်ရေး ကာလ၌ တိုင်းပြည်အတွက်စစ်မှုထမ်းဆောင်ရာတွင် ကိုယ်၏ဇနီးနှင့်သားသမီးများ တစ်မြို့ တစ်နယ်သို့ပို့ထားခြင်းကား တရုပ်ရာဇ၀င်ထဲမှ စစ်ဗိုလ်ကြီးများ၏ ကျင့်စဉ်ကဲ့သို့ဖြစ်လေသည်။ 

          တရုပ်ရာဇ၀င်မှ အလွန်အစွမ်းထက်သည့် စစ်ဗိုလ်ကြီးများသည် ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ကြိုးပမ်းရမည့် စစ်ပွဲကြီးများဆင်နွဲလေသောအခါ ကိုယ့်ဇနီးနှင့်သားသမီးများကို တစ်မြို့တစ်နယ်သို့ ပို့ထားလေ၏။ ဤသို့ ပို့ထားခြင်း၏အကြောင်းရင်းမှာ အကယ်တန္တု စစ်ပွဲ၌အရေးရှုံးနိမ့်သည့်တိုင်အောင် ကိုယ်တစ်ယောက်ထဲသာအသေခံမည်။ အသတ်ခံမည်။ ကိုယ့်ဇနီးနှင့် သားသမီးများသည် တစ်မြို့တစ်နယ်၌နေ၍ ဘာမျှမပူပင်ရ။ နောက်ဆံလည်း မတင်းပေ။ ဤစစ်ပွဲကို နိုင်အောင်တိုက်နိုင်လျှင်တိုက်၊ မတိုက်နိုင်လျှင် အသေခံရန် ဆုံးဖြတ်ချက် ချပြီးသားဖြစ်နေလေ၏။
          ကျွန်ုပ်၏စိတ်အထင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေ၀င်းလည်း ဤသဘောအတိုင်းပင် ဖြစ်ပေလိမ့်မည်ဟု ထင်မြင်မိပါသည်။

No comments:

Post a Comment