Tuesday, September 7, 2010

ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေး

ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေး


၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၁-ရက်နေ့၊ ညနေပိုင်းတွင် ယခုလက်ရှိတိုက်အမှတ် (၁၂၅)လသာလမ်း၊ (လသာရဲဌာနနှင့်မျက်စောင်းထိုး) တရုပ်အမျိုးသားသူဌေးကြီး ဦးကေဘာကြီး၏လေးထပ်တိုက်ကို ဂျပန် ရေတပ်မတော်မှ ရုံးလာဆိုက်လေသည်။ ကျွန်ုပ်တို့သည် အခြေအနေကို လေ့လာစုံစမ်းကြည့်လေသောအခါ ဂျပန်ကုန်းတပ်သည် အကုန်လုံးထွက်ပြေးကာနီးလေပြီ။ ထို့ကြောင့် ဂျပန်ရေတပ်မတော်အား ရန်ကုန်မြို့ တစ်မြို့လုံးဖျက်ဆီးပစ်ရန် တာဝန်ပေးပြီးဖြစ်လေ၏။

ထိုအချိန်တွင် ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီး၏ဥက္ကဋ္ဌပီကေချောင်းသည် ကော်မီတီလူကြီးကို ချက်ချင်းဖိတ်ကြားခေါ်ယူပြီး စည်းဝေးတိုင်ပင်လေသည်။ ပြီးနောက် ကျွန်ုပ်တို့ ကော်မီတီ လူကြီးများအား ““ယခုရန်ကုန်မြို့ကို ဂျပန်ကုန်းတပ်က ရေတပ်မတော်ကိုအပ်လိုက်တာ၊ တော်တော်အရေးကြီး နေတယ်။ အင်မတန်မှ သတိထားနေကြပါ””ဟူ၍ ဥက္ကကြီးက မိန့်ဆိုလေ၏။



၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၃-နေ့

ဂျပန်ကုန်းတပ်များတဖွဲဖွဲနှင့် ရန်ကုန်မြို့မှစတင်၍ထွက်ပြေးနေကြပြီဖြစ်၏။ ထိုအခါက ယခုလက်ရှိ ပြည်သူ့ဆေးရုံကြီးသည် ဂျပန်တပ်မတော်၏ ပစ္စည်းသိုလှောင်ထားသော ဌာနကြီးတစ်ခုဖြစ်လေသည်။ ဂျပန်များ ဤဆေးရုံကြီးဝယ် သိုလှောင်ထားသောပစ္စည်းများမှာ ခြင်ကိုက်ဆေး၊ သကြားအိတ်၊ ပတ်တီးလိပ်၊ ဂျပန်အ၀တ်အထည်၊ ဂျပန်ဂွမ်းစောင်၊ ဂျပန်ဂွမ်းလိပ်နှင့် ဂျပန်များစားသောက်နေကြ ဟင်းသီးဟင်းရွက် အခြောက်များအပြင် အထွေထွေလူသုံးပစ္စည်းလည်း အများအပြားရှိလေသည်။

ထိုအခါက ဂျပန်၊ တရုပ်၊ အိန္ဒိယအမျိုးသား၊ အမျိုးသမီးများနှင့် အောက်ဆုံးလွှာ ဂျပိုး၊ သူခိုး၊ ဘိန်းစားများသည် ဆေးရုံကြီးထဲမှပစ္စည်းများကို သွားရောက်လုယက်ယူငင်ကြသည်။ ဂျပန်စစ်သား အချို့က ထွက်၍မပြေးသေး။ အနည်းအကျဉ်းကျန်နေသေးသည်။ ဤကျန်ရှိနေသောဂျပန်များက လာရောက်လုယက်သော သူများကို သေနတ်လက်တည့်စမ်းသည့်သဘောဖြင့် ပစ်သတ်၍သေဆုံးရသူတွေလည်း မနည်းလှပေ။

ဤငတ်၍နေသောလူတန်းစားသည်၊ သေရမည်ကိုမကြောက်ရွှံ့ပေ။ နေ့စဉ်နေ့တိုင်းသား ပစ္စည်းများ ယူရန်ကိုသာ သွားချောင်းနေလေသည်။ ဂျပန်များ ရန်ကုန်မြို့မှထွက်ခွာသွားချိန်တွင် ပစ္စည်းမျးလာယူ သူများသည် အလွန်ကြည့်၍ကောင်းပေသည်။

ဆေးရုံကြီးအတွင်းဝယ်ရှိသောပစ္စည်းများကို သူ့ထက်ငါ တိုးဝှေ့ပြီးယူကြလေသည်။ ဤအထဲ အားနည်းသူက တန်ဖိုးရှိသောပစ္စည်းကိုကိုင်ဆောင်ထားပါလျှင် အားကြီးသူက တဖန်လုယက်ယူငင်လိုက်သေးသည်။ ငါးလေးကို ငါးကြီးမျိုသောတိရိစ္ဆန်လောကဘုံကဲ့သို့ဖြစ်လေသည်။ ထိုစဉ်ဝယ် တရားဥပဒေ အုပ်စိုးရေးနှင့် တရားမျှတမှုဟူသည် လုံးဝမရှိတော့ပေ။ ကြီးနိုင်ငယ်ညှင်း နိုင်ရာလူစားကြစတမ်းပင် ဖြစ်နေတော့၏။ အကယ်၍ အားချင်းညီမျှသူအချင်းချင်းဖြစ်လေက တစ်ဦးနှင့်တစ်ဦး ထိုးသတ် ဆဲဆို ပုတ်ခတ်ပြီး ရန်ဖြစ်နေကြသည်။ နဘေးက၀ိုင်း၍ကြည့်သူ ဖြေဖျဉ်သူလည်းမရှိ၊ ယူနိုင်လျှင်ကိုယ့်ဖို့ဆိုသကဲ့သို့ ကိုယ့်အတွက်သာလျှင် တွင်တွင်ကြီးယူနေကြလေသည်။

သို့ကလို ပင်ပန်းကြီးစွာဖြင့် ဆေးရုံကြီးမှယူငင်လာသောပစ္စည်းကို လမ်းတစ်ဝက်က လက်နက်ပြ၍ လုကြသူကလည်းရှိသေးသည်။ သူခိုးလက်ကတစ်ဝက်လုကြသူများကလည်း မနည်းလှပေ။ ယင်းသို့ဖြစ်သည့် တိုင်အောင် ယူကြသူများက တစ်ခါထပ်ပြီးသွားယူကြသည်ကိုလည်း တွေ့မြင်ရသေးသည်။

ပြီးနောက် သကြားတစ်အိတ်ကို လူတစ်ယောက်ထမ်း၊ နှစ်ယောက်ထမ်း၊ သုံးယောက်ထမ်း၊ လေးယောက်ထမ်းသည်များလည်း ဤခေတ်၊ ဤအခါ၊ ဤသမယက ကျွန်ုပ်မျက်စိနှင့်တပ်အပ် တွေ့မြင်ခဲ့ရသည်။ လမ်းတစ်လျှောက်လုံးတွင်လည်း မကြားဝံ့မနာသာအောင် ဆဲဆိုသွားကြသည်။ အိမ်ရှိ ယောက်ျား၊ မိန်းမ၊ ကလေးများပါမကျန် ကိုယ့်အားနှင့်နိုင်လေသမျှဝန်ကို သယ်ယူနေကြသော လူအတန်းကြီးကလည်း မသေးငယ်လှပါ။ ကိုယ်သယ်ယူလာသောပစ္စည်း လမ်းပေါ်သို့ကျလေသော် ပြန်၍ ကောက်မယူ ဆက်၍သာထမ်းသွားသည်။ ထို့ကြောင့် ကိုယ်ကိုယ်တိုင်ပစ္စည်းများသွားရောက်၍ မယူပဲနှင့် လမ်းပေါ်ကျကျန်ရစ်ခဲ့သောပစ္စည်းများကောက်၍ယူလျင်ပင် တစ်ထမ်းတစ်ပိုးမနိုင် နိုင်အောင်ပင်အထိ များပြား နေလေသည်။

ကျွန်ုပ်၏နေအိမ်သည် လမ်းမတော်နှင့်မဟာဗန္ဓုလလမ်းထောင့်တွင်ရှိနေ၍ လမ်းလေးခွအဆုံတွင် အရပ်ရပ်ကလူများ ပစ္စည်းထမ်းလာသည်ကို တွေ့မြင်ရလေသည်။ ကျွန်ုပ်သည် ပြူတင်းပေါက်မှ ပစ္စည်းများ သယ်ယူလာကြသောသူများကိုသာကြည့်နေမိသည်။

ပစ္စည်းများသယ်ယူကြသောသူများသည် လောဘဇောအဟုန်ကြောင့်သာ သယ်ယူနေကြသည်။ သူတို့သည် လိုအပ်သမျှနှင့်မရောင့်ရဲမတင်းတိမ်နိုင်ကြပေ။ လိုချင်မှုနောက်သို့လိုက်လေသောကြောင့်သာ တစ်အိမ်လုံးပြည့်လျှံ၍နေကြသည်။ အ၀ိဇ္ဇာပိတ်ကာဖုံးနေသော ဤလောဘသားများသည် နောက်များမကြာမီ အချိန်ပိုင်း၌ ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေးကို နည်းနည်းလေးမှမတွေးမိကြပေ။

၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၄-ရက်နေ့သို့ရောက်လေပြီ။

လမ်းမကြီးများ၌ပစ္စည်းသယ်ယူသူများခြေချင်းလိမ်လျက်ရှိသည်။ ရန်ကုန်ဆေးရုံကြီးတွင်ကား အဖိုးတန်ပစ္စည်းများ မရှိသလောက်အောင်ပင်နည်းပါးသွား၏။ သည့်အတွက်ကြောင့် အခြားကုန်တိုက်နှင့် ပစ္စည်းရှိရာဌာနများကို ဖေါက်ထွင်းပြီးသယ်ယူနေကြတုန်းပင်။

မှတ်မှတ်ရရ ထိုနေ့ညခြောက်နာရီခွဲ ခုနစ်နာရီခန့်တွင် သည့်အရင်ကမလင်းသော ဓါတ်မီးများသည် ထိန်ထိန်လင်းလာတော့သည်။ ဓါတ်မီးတိုင်အလင်းရောင်အောက်ဝယ် ပစ္စည်းယူနေကြသောသူများသည် ပျော်တပြုံးပြုံးနှင့် မော်မဆုံးနိုင်အောင်ဖြစ်နေကြသည်။ ကိုယ်သယ်ယူသောပစ္စည်းများကိုပင်လျှင် ဓါတ်မီးရောင် အောက်ဝယ် မြင်တွေ့နေရသည်မှာ ၀မ်းသာပီတိဆိုက်နေပုံရသည်။ ယင်းသို့ ဓါတ်မီးတိုင်များ ထိန်ထိန် လင်းမှုကြောင့် ထွက်ပြေးတော့မည့်ဆဲဆဲဂျပန်များကိုပင်လျှင် အထူးကျေးဇူးတင်နေကြဟန်တူသည်။

ညဘက် တစ်နာရီအချိန်တွင် ဓါတ်မီးအားလုံးပြန်ငြိမ်းသွားပြီး ရန်ကုန်မြို့ကြီးသည် မှောင်အတိကျသွား လေသည်။ ဂျပန်များသည် ရန်ကုန်မြို့တစ်မြို့လုံးကို လျှပ်စစ်ဓါတ်အားပေးသော(အာ-အီး-တီ) လျှပ်စစ်စက်ကြီးကိုဖွင့်၍ ဖျက်ဆီးပစ်ခဲ့သည့်အကြောင်းကို နောက်တစ်နေ့ကျလေမှ သိရှိရလေတော့သည်။

၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၅-ရက်နေ့တွင် ကျွန်ုပ်သည် တစ်ခုသွားစဉ်းစားမိသည်။ လွန်လေခဲ့သော သုံးလေးလအတွင်းက အ၀တ်အထည်များလွန်စွာရှားပါးနေခဲ့၏။ ဈေးလည်း အလွန်ပင်ကြီးမြင့်နေခဲ့သည်။ ဗမာ၊ တရုပ်ဆိုင်များမှ အ၀တ်အထည်များကို နိုင်ငံတော်အဓိပတိအရှင်မင်းကြီးအမိန့်ဟုပြောဆိုကာ ဖမ်းဆီးထိန်းသိမ်းပြီး အုပ်ချုပ်ရန်ဌာနတစ်ခုဖွင့်လှစ်ထားလေသည်။ ထိုဌာနကိုဖွင့်ထားသောနေရာသည်ကား နတ်မောက်လမ်း၊ ကင်းဘဲလ်လမ်းကြားထဲ(ဒုတိယ၀န်ကြီးချုပ်ဟောင်း ဗိုလ်မှူးဟောင်းနေသည့်နေရာ) တွင်ဖြစ်လေ၏။ ဤဌာနကို ကွပ်ကဲအုပ်ချုပ်သည့်လူကြီးသည် ၁၉၃၉-ခုနှစ်၊ အင်္ဂလိပ်ခေတ်တွင် အရေးပိုင် ဖြစ်ဖူးသူ ဦးစိုးညွန့် (I.C.S) ဖြစ်လေသည်။ ဦးစိုးညွန့်နှင့်သိကျွမ်းသောကျွန်ုပ်က သူ့ထံပါးသို့သွား၍ ....

““လွန်ခဲ့တဲ့ သုံးလေးလလောက်တုန်းက သိမ်းဆည်းထားတဲ့အထည်တွေကို ဥစ္စာရှင်တွေထံ ပြန်ပေးဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်လည်းထွက်ပြေးနေပြီ။ ဒီနှစ်ရက်သုံးရက်အတွင်းမှာ ဟိုတုန်းကသိမ်းဆည်းခြင်းခံထားရတဲ့ သူတွေရဲ့အမည်စာရင်းကိုကြည့်ပြီး ပြန်ပေးဖို့မသင့်ဘူးလား””ဟု ကျွန်ုပ်က တိုက်တွန်းပြောလိုက်သည်။ ဤအထည်များသိမ်းယူစဉ်က ဘယ်သူ့ထံမှအထည်ဘယ်နှစ်ကိုက်၊ မည်သူ့ထံမှ အထည်ဘယ်နှစ်အုပ်စသည့် ဖြတ်ပိုင်းလေးများ ပေးထားခဲ့ဖူး၏။ သိမ်းဆည်းခြင်းခံထားရသော ပစ္စည်းများသည် ဘုရင်ခံအိမ်တော်ဝင်းအတွင်းရှိ တိုက်ပုလေး၌ထားရှိလေ၏။

““ဒီပစ္စည်းတွေကို ဥစ္စာရှင်တွေထံ ပြန်မပေးရင် ဂျပိုး၊ သူခိုးတွေလက်ထဲရောက်ကုန်ပါလိမ့်မယ်””ဟူ၍ ကျွန်ုပ်ကထပ်ပြီး သတိပေးပြောလိုက်သည်။ ထိုအခါဦးစိုးညွန့်သည် ဦးတင်မောင်မောင်နှင့်တိုင်ပင်သည်။ သူတို့နှစ်ဦးတိုင်ပင်ပြီးလေမှ ဦးတင်မောင်မောင်က ““အသိမ်းခံထားရတဲ့အထည်တွေ လာယူနိုင်ပါတယ်””ဟူ၍ ကျွန်ုပ်အားပြောပြလိုက်လေသည်။

ကျွန်ုပ်လည်း တရုပ်ပိုင်းဝယ်ရှိသော ဗမာ၊ တရုပ်အထည်ဆိုင်ရှင်များအား ““ခင်ဗျားတို့အထည်တွေကို သွားယူကြပါ၊ သူတို့သိမ်းစဉ်က ပေးအပ်ခဲ့တဲ့ဖြတ်ပိုင်းကိုလည်း ယူသွားကြဖို့မမေ့ကြပါနဲ့၊ သွားတဲ့အခါမှာ လှည်းဖြစ်စေ၊ လော်လီကားတစ်စီးဖြစ်စေ ခင်ဗျားတို့တတွေစုပြီးငှားသွားကြပါ။ ခင်ဗျားတို့အထည်ကို အိမ်တော်ဝင်းအတွင်းထဲက တိုက်ပုကလေးမှာထားကြပါတယ်။ မနက်ဖြန်နံနက် ကျွန်တော် ဟော်တယ်မှာ လူစုပြီးသွားကြရအောင်””ဟူ၍ စေတနာကောင်းနှင့် လိုက်လံနှိုးဆော်ခဲ့လေသည်။

ထိုစဉ်က ကျွန်ုပ်သည် အထည်သည်တစ်ဦးမဟုတ်ပါ။ ဟော်တယ်ဖွင့်ထားသူ တစ်ယောက်သာ ဖြစ်လေသည်။ အစိုးရကသိမ်းဆည်းထားသော အထည်များ၌ ကျွန်ုပ်၏ပစ္စည်းသည် တစ်ကိုက်၊ တစ်ထွာမျှ မပါပေ။ သို့သော် လူအများနှင့်စု၍လုပ်ရသောအလုပ်မျိုးကို ၀ါသနာထုံ၍ ကူညီခြင်းသာလျှင် ဖြစ်ပေသည်။

နောက်တစ်နေ့နံနက်ပိုင်းတွင် လူများစုဝေး၍ရောက်ရှိနေကြသည်။ ဤအထဲတွင် စဉ်းအိုးတန်းတိုက် အမှတ် (၁၂)တွင်နေသော မျိုးချစ်စိတ်ဓါတ်လွန်စွာထက်သန်သည့် ဒေါ်ကျင်မြိုင်လည်းပါဝင်လေသည်။ သူကလည်း သူ၏အထည်လိပ်များပါ၍မဟုတ်၊ စေတနာရှေ့ထားပြီး သူပိုင်လော်လီကားကို ကူညီခြင်းသာ ဖြစ်လေသည်။

ဤနေ့တွင်ကား အခြေအနေသည်အလွန်ဆိုးနေသည်။ နေရာတကာတွင် သေနတ်သံများ တဒိုင်းဒိုင်း ကြားနေရသည်။ ကျွန်ုပ်တို့လူစုသည်လည်း အိမ်တော်ဝင်းအတွင်းသို့ မရောက်ရောက်အောင် သွားကြရသည်။ ဦးတင်မောင်မောင်ကလည်း ဖြတ်ပိုင်းထဲမှပါသည့်အတိုင်းကိုက်ကြည့်ပြီး အထည်များကို အတိုးအလျော့မရှိ၊ ဥစ္စာရှင်များထံသို့ပြန်၍ပေးလေသည်။ ဤသို့ ကျွန်ုပ်တို့လူစုသည် ကိုယ့်ဖြတ်ပိုင်းနှင့်တိုက်ကြည့်ပြီး အထည်များကိုထုတ်ယူနေချိန်ဝယ်၊ ဒုတ်ဓါးကိုယ်စီကိုင်ထားကြသောလူတစ်စုသည် ကျွန်ုပ်တို့ထံသို့ လာနေသည်ကို တွေ့မြင်ရ၏။ ထိုစဉ် အထည်သည်လွန်စွာအဖိုးတန်နေ၍ ဤလူစုသည် လုများ လုလေမည်လောဟုစိုးရိမ်ရလေသည်။

ကျွန်ုပ်တို့ထံတွင် မြင်းလှည်းများအပြင် အထည်များတင်ဆောင်ရန် လောလီကားနှစ်စီး အသင့် ပါလာ၏။ ပြန်၍ရသောအထည်များကို မြင်းလှည်းပေါ်သို့မတင်တော့ပေ။ လော်လီကားပေါ်သို့သာ စုပေါင်းပြီး တင်ကြလေသည်။ ဦးတင်မောင်မောင်ကလည်း သူ့အစောင့် ပုလိပ်နှစ်ယောက်ကို သေနတ်ကိုင်ပြီး၊ ကျွန်ုပ်တို့ နေထိုင်ရာ တရုပ်ပိုင်းရပ်ကွက်သို့ နှစ်ခေါက်တိတိလိုက်ပို့လေသည်။ အရေးအရာ၌ ဤသို့အကူအညီရရှိ၍ ကျွန်ုပ်တို့တတွေသည် ဦးတင်မောင်မောင်ကို ကျေးဇူးတင်မဆုံးဖြစ်မိပါတော့သည်။

အသိမ်းခံထားရသောအထည်သည်များကလည်း သူတို့၏အထည်များပြန်ရရှိ၍ ၀မ်းသာနေကြသည်။ သူတို့၏အထည်ဆိုင်များလည်း ပြန်၍ဖွင့်နိုင်တော့ပြီဖြစ်၏။ ကျွန်ုပ်ကိုလည်း အထည်သည်များစုဝေးပြီး၊ ကျေးဇူးဆပ်မည်ဟူသော သတင်းစကားကြားရသည်။ ဤသတင်းစကားကြောင့် ကျွန်ုပ်ဦးခေါင်းကြီးသွားသည်။ အထည်သည်များကို ခေါင်းဆောင်လုပ်သူထံသို့သွားရောက်၍ ““ခင်ဗျားတို့ရဲ့စိတ်စေတနာကို လေးစားပါတယ်။ ခင်ဗျားတို့ကိုကူညီတာဟာ ခင်ဗျားတို့ဆီကအထည်တွေကိုလိုချင်လို့မဟုတ်ပါဘူး။ ကျွန်ုပ်ရဲ့စေတနာကို ပျက်အောင်မလုပ်ကြပါနဲ့ဗျာ””ဟူ၍မနည်းတောင်းပန်လေတော့မှ သူတို့လည်းသဘောပေါက်သွားလေ၏။

ဤအထဲ ဒေါ်ကျင်မြိုင်ထံမှ မှတ်မှတ်ရရ ကျွန်ုပ်ကိုလုံချည်တစ်ထည်ပေးဖူးသည်ကို ယနေ့တိုင် မမေ့နိုင်သေးပေ။ ထို့နောက်တွင်မူ မဟာဗန္ဓုလပန်းခြံလမ်းရှိ ဟုတ်ပိကုမ္ပဏီသဌေး ရှာဟုတ်ကြောင်၊ ကမ်းနားလမ်းရှိ ဟုတ်လမ်းထိုင် သူဌေး ခေါ် နှိုင်ချီ၊ အောင်ကျင်ကျင်တို့လူစုသည် ကျွန်ုပ်အတွက် စားသောက်ပွဲ တစ်ခုဖြင့် ဟော်တယ်တွင် ဂုဏ်ပြုဧည့်ခံလေသည်။

ဂျပန်ကုန်းတပ်သည် ရန်ကုန်မြို့မှဆုတ်ခွာထွက်ပြေးပြီး ဂျပန်ရေတပ်မတော်ကိုအပ်လိုက်သောအခါ အုပ်ချုပ်ရေးတာဝန်ခံသည် လသာလမ်း ဦးကေဘာကြီး၏တိုက်တွင် ရုံးထိုင်နေလေသည်။ တရုပ်ဗြန်ဟတ်ဘွေ အသင်းကြီး၏ဥက္ကဋ္ဌပီကေချောင်းနှင့် ကျွန်ုပ်တို့တတွေသည် အခြေအနေအရ ဤအုပ်ချုပ်ရေးဂျပန်စစ်ဗိုလ်ကြီးနှင့် သူ့စကားပြန်များကိုအလွန်းသင့်အောင် ပေါင်းသင်းဆက်ဆံထားရသည်။ သူ့ထံသို့ နေ့စဉ်နေ့တိုင်း တရုပ်ဟော်တယ်မှ ပထမတန်းစားစားသောက်ဖွယ်ဟင်းလျာများ သွားပို့ပေးရသည်။ တစ်ခါတစ်ခါတွင် ဤဂျပန်ဗိုလ်ကြီးကြိုက်တတ်သော မိန်းမရွှင်ပြည့်တန်ဆာများလည်းပို့ပေးခဲ့၏။ သည့်နောက်ပိုင်းတွင် ဤဂျပန်စစ်ဗိုလ်ကြီးနှင့် ကျွန်ုပ်တို့သည် အလွန်ရင်းနှီးသောမိတ်ဆွေကြီးများဖြစ်သွားကြတော့သည်။ ဤအခါ ကျလေမှကျွန်ုပ်တို့က ....

““အခု တရုပ်ရပ်ကွက်မှာ လူကြီး၊ လူငယ်၊ လူရွယ်တွေအများကြီးနေထိုင်ကြပါတယ်။ သူတို့တတွေဟာ ဒီကနေပြီး ဘယ်ကိုမှမပြောင်းနိုင်တော့ဘူး။ အင်္ဂလိပ်စစ်လေယာဉ်ပျံဗုံးလာကြဲရင်လည်း အကုန်လုံးဗုံးစာဖြစ်ကုန်မဲ့ သူတွေပါ။ သူတို့တတွေပြောင်းရွှေ့ဖို့ မော်တော်ကား၊ လှေတွေလည်း ငှားလို့မရရှာပါဘူး။ သူတို့ စစ်ပြေးဒုက္ခ သည်ဘ၀ဟာ အလွန်ကြေကွဲဖွယ်ကောင်းပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ကြီးကအစစအရာရာ ကူညီစောင့်ရှောက်ပါ။ သူတို့ကလည်း ဗိုလ်ကြီးကိုအားကိုးပါတယ်””ဟူ၍ အသနားခံပြီးပြောကြားထား ရလေသည်။

၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၇-ရက်နေ့ နံနက်ရှစ်နာရီ မိနစ်နှစ်ဆယ်အချိန်တွင် ယခုလက်ရှိသင်္ဘော ဆိပ်ကမ်းအမှတ် လေး-ငါး-ခြောက်နေရာများကို ဒိုင်းနမိုင်းသုံးလုံးမြှပ်၍ ဂျပန်ရေတပ်မတော်က ဖျက်ဆီး ပစ်လိုက်လေသည်။ ဤဒိုင်းနမိုင်းများ၏ပေါက်ကွဲသံသည် တစ်လုံးနှင့်တစ်လုံး ငါးမိနစ်ခန့်သာကွာခြား၏။ ဒိုင်းနမိုင်းသည် မည်၍မည်မျှပြင်းထန်လေသည်မသိ၊ ပေါက်ကွဲသောအသံဆိုးမှာ တုန်ဟီး၍ထွက်ပေါ်လာ လေသည်။

ရန်ကုန်မြို့တစ်မြို့လုံး ငလျင်ကြမ်းကြမ်းလှုပ်လိုက်ဘိအလား သိမ့်သိမ့်တုန်သွားလေသည်။ ကျွန်ုပ်၏ စိတ်အထင် ဆယ်မိုင်ပတ်လည်က ဒိုင်းနမိုင်းပေါက်ကွဲသံကြီးကို ကောင်းစွာကြားရမည်ဟုထင်၏။ ကလန့် ထိုး၍ပိတ်ထားသော ပြူတင်းပေါက်များပင်လျှင် ဒိုင်းနမိုင်း၏အသံကြောင့် ပွင့်ထွက်ပြီး တံခါးများပျက်စီး ကုန်သည်အထိဖြစ်ရ၏။ ကမ်းနားလမ်း ဆိပ်ကမ်းနှင့်နီးသောတိုက်ခေါင်မိုးများသည် ဒိုင်းနမိုင်းမထိမှန်ပေမယ့် ကျွတ်၍ထွက်သွားသည်အထိ ပြင်းထန်လှပေသည်။ ဆိပ်ကမ်းတံတား အမှတ် လေး-ငါး-ခြောက် ဒိုင်းနမိုင်း ခွဲလိုက်သောဒဏ်ကြောင့် မိုးပေါ်သို့လွှင့်စင်လာသော သံတိုသံစများသည် ကျွန်ုပ်နေထိုင်ရာ လမ်းမတော် အနောက်ပိုင်း ဆယ့်သုံးလမ်းထိပ်သို့လာကျသည်အထိ ဖြစ်ရလေသည်။ ကမ်းနားမှမီးခိုးလုံးကြီးသည်လည်း ပေ ၅၀၀-၆၀၀အထိ တလိပ်လိပ်တက်နေသည်။ ၀မ်းနည်းဖွယ်ရာတွေ့မြင်ရလေ၏။

ကျွန်ုပ်ငယ်စဉ်က စကားတစ်ခွန်းကြားဖူးသည်။ တရုပ်ပြည်ကြီးသားတစ်ဦးကပြောသည်။ သူတို့ တရုပ်ပြည်ကြီး၌ရှိသော အမြောက်ကြီးသည် ပစ်၍ထိမှန်သည်ကိုအပထား၊ အမြောက်သံကိုကြားသည့်သူပင်လျှင် လန့်၍သေသည်ဟုပြော၏။ ဤတွင်နားထောင်နေသောသူကမယုံကြည်၍ ““ဒီလိုဆိုရင်ပစ်တဲ့သူကော ဘယ့်နဲ့ လုပ်မလဲ””ဟူ၍မေးလိုက်သည်။

ဤစကားကို တခေတ်တခါက ကျွန်ုပ်သည်ရယ်စရာ ယုံတမ်းစကားတစ်ခုအနေဖြင့်သာ မှတ်ထားခဲ့ လေသည်။ သို့သော် ဧပြီလ ၂၇-ရက်နေ့အတွေ့အကြုံအရ ဤတရုပ်ပြည်ကြီးသားပြောသောစကားသည် ရယ်စရာ ယုံတမ်းစကားမဟုတ်ပေ။ တကယ့်စကားဖြစ်နေကြောင်းကို သိရှိရတော့သည်။ ဒိုင်းနမိုင်း ဖေါက်ခွဲသောနေရာနှင့်အလွန်ဝေးကွာသောနေအိမ်များမှ တံခါးများသည် အလိုအလျောက်ပွင့်၍ထွက်ပါလျှင် ဒိုင်းနမိုင်းဖေါက်ခွဲသောနေရာ၌နေသောသူသည် နားထဲ၌ဂွမ်းဆို့မထားပါက နားကွဲမည်မှာအမှန်ပင်ဖြစ်၏။ အသည်းငယ်သူဖြစ်ပါလေက ဧကန်ဧကဒိုင်းနမိုင်း၏အသံကြောင့် လန့်၍ပင်သေသွားနိုင်ပေသည်။

ထိုခဏအတွင်း၌ ဥက္ကဋ္ဌကြီးပီကေချောင်းသည် ကျွန်ုပ်ထံသို့ရောက်လာလေသည်။ သူက ရောက်လျှင် ရောက်ခြင်းကျွန်ုပ်အား ...

““အခုဒို့နေတဲ့တရုပ်ရပ်ကွက် လသာလမ်းအောက်လမ်းရှိ သင်္ဘောကြီးဆိပ်ကမ်းက ဘောတံတားအမှတ် တစ်-နှစ်-သုံးအောက်မှာ ဒိုင်းနမိုင်းတွေဖေါက်ခွဲမလို့မြှပ်ထားတယ်။ အဲဒါ ဂျပန်စစ်ဗိုလ်ကြီးဆီသွားပြီး မဖေါက်ခွဲဖို့အကြောင်းတောင်းပန်ရအောင်””ဟူ၍ပြောလေတော့သည်။

အရေးကြုံလေပြီ။ တစ်ချိန်သောကာလက ဂျပန်ရေတပ်မတော်စစ်ဗိုလ်ကြီးနှင့် ရင်းနှီးအောင် မပေါင်းသင်းထားလေက ဤနေရာ၌တစ်ခက်။ ဘောတံတားအမှတ် တစ်-နှစ်-သုံးကိုသာဖျက်ဆီးပါလေလျှင်၊ တရုပ်တန်းရပ်ကွက်ရှိ လသာလမ်း၊ လမ်း၂၀၊ ၁၉လမ်း၊ စဉ်းအိုးတန်း၊ ၁၈-လမ်း၊ ၁၇-လမ်းနှင့် လမ်းမတော် ရှိတိုက်တွေ ပျက်စီးပေလိမ့်မည်။ ပျက်စီးမည်မှာအပထား လူတွေကလည်း အလောင်းများထပ်လုအောင်ပင် အများအပြား သေအုံးတော့မည်။

ထို့ကြောင့် ကျွန်ုပ်တို့လူသိုက်သည် ဂျပန်ရေတပ်မတော်စစ်ဗိုလ်ကြီးထံသို့သွားကြသည်။ သည့်ရင်ကလည်းကြိုတင်ပြီးတောင်းပန်ထားဖူး၏။ ယခုလည်းတစ်ကြိမ်ထပ်၍အသနားခံရပြန်သည်။ ကျွန်ုပ်တို့ လူသိုက်က ဂျပန်စစ်ဗိုလ်ကြီးနားဝင်အောင် အမျိုးမျိုးအကြောင်းပြ၍ပြောလေတော့မှ နောက်ဆုံးတွင် ဘောတံတားအောက်မှ ဒိုင်းနမိုင်းများကိုပြန်လည်ဖြုတ်သိမ်းသွားပါတော့သည်။

ဤတွင်တော့မှ ကျွန်ုပ်တို့လူသိုက်အဖို့ အသက်၀၀ရှူရဲတော့၏။ အမှန်ကား ဒိုင်းနမိုင်းသုံးလုံးမှ စလိုက်လေသောစနက်မီးသည် ရန်ကုန်မြို့ကြီးတစ်မြို့လုံးကို မီးဟုန်းဟုန်းတောက်စေပြီး ပြာဖြစ်သွားနိုင်ပေသည်။ ကံကောင်းထောက်မ၍သာ ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေးမှ သီသီလေးလွတ်မြောက်ခဲ့ရပေတော့သည်။

No comments:

Post a Comment