Wednesday, September 8, 2010

ရှာမှရှားသောဆာဦးသွင်

ရှာမှရှားသောဆာဦးသွင်

၁၉၄၅-ခုနှစ်၊ မေလ ၁-ရက်နေ့တွင် ရန်ကုန်မြို့ကိုသိမ်းပြီးကြောင်း ဗိုလ်နေ၀င်းက အသံလွှင့်ရုံမှ ကြေညာသည်။ ဤမေလ၌ပင် ဖဆပလအဖွဲ့ကြီးကို လူသိနတ်ကြား ထင်ရှားစွာဖွဲ့စည်းလိုက်လေသည်။ ပြီးနောက်တဖန် ဗိုလ်ချုပ်အောင်ဆန်းဦးစီးခေါင်းဆောင်သော ကော်မီတီတစ်ရပ်ကိုဖွဲ့စည်းလိုက်လေသည်။ ပထမအကြိမ် နေသူရိန်လူထုစည်းအဝေးပွဲကြီးခေါ်လိုက်သည်။ ဤစည်းဝေးပွဲကြီးမှာ အမျိုးသားအစိုးရဖွဲ့စည်းရေး လုံးဝလွတ်လပ်ရေးစသည့်အဆိုများ တင်သွင်းဆုံးဖြတ်ကြသည်။ ကန်တော်ကြီးစောင်း နေသူရိန်ဇာတ်ရုံကြီးတွင် ဆုံးဖြတ်ကြသည်။ ယင်းဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံရေးရာဇ၀င်၌ နေသူရိန်ဆုံးဖြတ်ချက်များအဖြစ်နှင့် ထင်ရှားနေလေ၏။

၁၉၄၅-ခုနှစ် စက်တင်ဘာလ ၇-ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းတို့သည် အိန္ဒိယပြည်ရှိ အင်္ဂလိပ်ဗိုလ်ချုပ်မောင့်ဘန်တန် (Mount Batten) နေထိုင်သည့် ကန္ဒီမြို့တွင် စာချုပ်ချုပ်ဆိုရန်ဖြစ်လေသည်။ အကြောင်းအရာကား ဗမာ့တပ်မတော်ကို အတည်တကျဖွဲ့စည်း၍ အင်္ဂလိပ်က အသိအမှတ်ပြုရေးပင်ဖြစ်သည်။ ထိုစာချုပ်ကို လူအများက ကန္ဒီစာချုပ်အဖြစ်နှင့် သိရှိနားလည်ထားကြသည်။

အင်္ဂလိပ်စစ်ဗိုလ်ချုပ် မောင့်ဘက်တန်ထံသို့မသွားမီ ဗိုလ်ချုပ်အောင်ဆန်းသည် စီးပွားရေးကြပ်တည်း နေချိန်ဖြစ်သည်။ ကျွန်ုပ်သည်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ရင်းနှီးစွာသိထားသောမိတ်ဆွေဖြစ်နေ၍ ကူညီရန် လိုအပ်လာပြန်သည်။

ထိုစဉ်က ကျွန်ုပ်နှင့်ဗိုလ်ချုပ်အောင်ဆန်းသည် မကြာခဏဆိုသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် တွေ့နေရချိန်ဖြစ်သည်။ အကြောင်းကြီးငယ်များရှိလေတိုင်း တစ်ဦးနှင့်တစ်ဦးအသိပေးကာ ပြဿနာများကို ပြေလည်အောင်ဖြေရှင်းနေချိန်ဖြစ်သည်။

တစ်နေ့သ၌ ကျွန်ုပ်သည် တာဝါလိန်နေအိမ်သို့ရောက်ရှိသွားချိန်ဖြစ်သည်။ ကန္ဒီမြို့သို့သွားလာရန် ခရီးစရိတ်ကိစ္စကိုအကြံပေးရသည်။ ကျွန်ုပ်၏အကြံပေးချက်မှာ ဤသို့ဖြစ်သည် .....။

““ခရီးစရိတ်ကိစ္စကို ဆာဦးသွင်ဆီမှာအကူအညီတောင်းရင်ကောင်းပါလိမ့်မယ်။ ဆာဦးသွင်ဟာ မြန်မာ့အလင်းဦးတင်နဲ့ သိပ်ရင်းတာကြောင့် သူကတဆင့်ပြောရင် အဆင်ပြေပါလိမ့်မယ်။ ပြီးတော့ ဆာဦးသွင် အနေနဲ့လည်း ဂျပန်ခေတ်တစ်ခေတ်လုံး ဦးဝိစာရလမ်း စစ်ဝန်ကြီးရုံးမှာလည်း ဗမာ့တပ်မတော်ရန်ပုံငွေကို ငွေအားလူအား၊ အကြံအားနဲ့ အကူအညီပေးခဲ့တာကြောင့် အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်”” ဟုပြောလိုက်လေသည်။

ထို့နောက်များမကြာမီ ဆာဦးသွင်သည်ဗိုလ်ချုပ်အောင်ဆန်းကန္ဒီမြို့သွားလာရေးအတွက် ခရီးစရိတ်ငွေကို မြန်မာ့အလင်း၏တောင်းခံပေးချက်ကြောင့် ငွေတစ်သောင်းတိတိ ခရီးစရိတ်အကူအညီ ပေးလိုက်လေသည်။ ဤသို့ မြန်မာ့အလင်းဦးတင်က ဆာဦးသွင်ထံသို့သွားပြီးအကူအညီတောင်းရန်မှာ ဗိုလ်ချုပ်အောင်ဆန်းအား ကျွန်ုပ်ကအကြံပေးချက်ပင်ဖြစ်သည်။

ကျွန်ုပ်နှင့်တကွ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ကြည်ညိုလေးစားသော တရုပ်သူဌေးများကလည်း စု၍ ငွေငါးထောင်ခန့်ခရီးစရိတ်ထည့်ဝင်ပြီးအကူအညီပေးခဲ့လေသည်။

ကျွန်ုပ်သည် တိုင်းသိပြည်သိ မြန်မာအမျိုးသားလူကြီးလူကောင်းတော်တော်များများကို ပေါင်းသင်း ဆက်ဆံခဲ့ဖူးသည်။ ဤအထဲမှ ကျွန်ုပ်သိသောဆာဦးသွင်၏အကြောင်းကို အနည်းငယ်ရေးသားတင်ပြ လိုပေသည်။

ကျွန်ုပ်သိသောဆာဦးသွင်သည် ဓနကြေးငွေချမ်းသာ၏။ စိတ်စေတနာပြည့်ဝသည်။ ကိုယ်ချင်းစာနာ တတ်သည်။ ငွေကြေးဘက်၌လည်း လက်မခက် လွယ်ကူပါပေ၏။ တစ်ကြိမ်တစ်ခါက ယခုတရုပ်တန်းဝယ် အသက်ရှင်နေသူတရုပ်သူဌေးတစ်ယောက်က သူသိသောဆာဦးသွင်အကြောင်းကို ကျွန်ုပ်အားပြောပြဖူးသည်။ သူပြောသည်မှာ ....

““စစ်ကြီးပြီးဆုံးလို့ ကျွန်တော်ဗမာပြည်ကိုပြန်ရောက်လာချိန်မှာ ရှိတဲ့ဆန်စက်၊ ဆီစက်တွေဟာ မီးလောင်လို့ပြာဖြစ်ကုန်ပြီ။ စစ်မဖြစ်ခင်က ကျွန်တော့်ရဲ့တိုက်ကို ဆာဦးသွင်ဆီမှာ ပေါင်ထားဖူးပါတယ်။ ဒီတိုက်ကိုပြန်ရွေးဖို့နေနေသာသာ ကျွန်တော့်ကိုယ်ပိုင်ဆိုလို့ အ၀တ်တစ်ထည်ကိုယ်တစ်ခုပဲရှိတယ်။ အဲဒီလို ကျွန်တော့်မှာအခြေအနေယိုင်နေချိန် ဆာဦးသွင်ကခေါ်ပြောတယ် ...

သူက ကျွန်တော့်တိုက်ဂရန်ကိုလည်းပြန်ပေးတယ်။ ပြီးတော့ သူနဲ့ကျွန်တော်ချုပ်ဆိုထားတဲ့ စာချုပ်ကိုလည်း မီးရှို့လိုက်တယ်။ ပြီးတော့သူကပြောတယ်။ ငါလည်းအသက်ကြီးပြီ၊ မတော်တဆများ ကွယ်လွန်အနိစ္စရောက်ခဲ့လို့ရှိရင် ငါ့သားသမီးတွေက မင်းတိုက်ကိုသိမ်းလိမ့်မယ်။ ဒီတော့မင့်မှာ အမှုပတ်ပြီး ဒုက္ခရောက်လိမ့်မယ်။ ဒါကြောင့် ခုဒီစာချုပ်ကို မီးရှို့လိုက်ရတာဟာ မင်းမှာလည်း စက်တွေမီးရှို့ခံရ။ ရှိတဲ့စီးပွားရေးကလည်းပျက်နေတာငါသိတယ်။ ဘာမှစိတ်မပူနဲ့၊ ရှေ့ဆက်ပြီးတော့သာစီးပွားရေးလုပ်။ မင်းမှာ ငွေအကြပ်အတည်းတွေ့နေရင် ငါငွေကြေးအကူအညီပေးမယ်။ ဒါကြောင့် ကျွန်တော်လည်း စီးပွားရေး ပြန်လည်ထူထောင်နိုင်ဖို့ အခြေအနေပြန်ပြီးတော့ကောင်းလာတာ””ဟူ၍ပြောပြ၏။

ဤအတိုင်းသာဆိုရပါမူ မြန်မာသူဌေးကြီးဆာဦးသွင်သည် ကိုယ်ချင်းစာနာမှုအပြည့်အ၀ရှိသူ တစ်ယောက်ဖြစ်သည်ကို တွေ့မြင်ရပေသည်။ ဆာဦးသွင်ကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းဘက်၌ရက်ရောသူ၊ ကိုယ်ချင်းစာနာမှုအပြည့်အ၀ရှိသူ၊ နိုင်ငံပေါ်ချစ်ခင်လေးစားသည့်စိတ်ဓါတ်ရှိသူ၊ ဘာသာတရားကို ကြည်ညိုလေးစားသူဖြစ်သည်။ ရှာမှရှားလေသည်။ ဤသည်တို့ကား ဆာဦးသွင်အားကျွန်ုပ်အမြင်၊ ကျွန်ုပ်အသိ၊ ကျွန်ုပ်ဆန္ဒပင်ဖြစ်သည်။ ကျွန်ုပ်ကဤသို့မြင်သော်လည်း အခြားသူများက သူတို့ရှုထောင့်မှ တစ်မျိုးတစ်ဖုံ မြင်ကြပေလိမ့်မည်။ ထိုအချက်ကိုကား ကျွန်ုပ်အငြင်းမပွားလိုပေ။

မြန်မာပြည်၌ဆာဦးသွင်ကဲ့သို့ ငွေကြေးပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူများရှိကြသည်။ သို့သော် ဆာဦးသွင်ကဲ့သို့ စိတ်စေတနာမျိုးထားရှိသူသည် အတော်နည်းပါးမည်ဟု ကျွန်ုပ်ဆိုချင်ပါသည်။ ယင်းကြောင့်လည်း ဆာဦးသွင်ကဲ့သို့သောပုဂိ္ဂုလ်မျိုးကို ကျွန်ုပ်သည် လေးစားသောအားဖြင့် ဧည့်ခံပွဲပြုလုပ်လေတိုင်း သူ၏အမည်ကိုရှေ့ဆုံးမှထားရှိပြီး ဖိတ်ကြားလေ့ရှိခဲ့သည်။

No comments:

Post a Comment