Monday, September 6, 2010

နှစ်သစ်ကူးထမင်းစားပွဲသေနတ်သံ

နှစ်သစ်ကူးထမင်းစားပွဲသေနတ်သံ

ဟိုစဉ်အချိန် ဂျပန်ခေတ်အခါက ကုန်စည်ကြီးကြပ်သည့်သူများဟာ အများအပြားခါးထဲမှာ အမြဲတမ်းခြောက်လုံးပြူးထိုးထားတာကို တွေ့ရှိရပါသည်။ ဒီအတွက်ကြောင့် ကျွန်ုပ်၏ဟော်တယ် သုံးထပ်ပေါ်မှာ တရုပ်အမျိုးသားနှစ်သစ်ကူး ထမင်းစားဧည့်ခံကျွေးမွေးပွဲ၌ ပစ်ခတ်မှုကြီးတစ်ခု ပေါ်ပေါက်လာခဲ့ရပါသည်။ အကြောင်းကတော့ဒီလိုပါ။ ကျွန်ုပ်၏နှစ်သစ်ကူးထမင်းစားပွဲမှာလိုသည့် ကြက်၊ ၀မ်းဘဲများဝယ်ယူဖို့ဟာကို ကုန်စည်ကြီးကြပ်မှုညွှန်ကြားရေးဝန်ဦးကိုကိုထံကိုသွားပြီးတော့ အကူအညီတောင်းတယ်။ ဦးကိုကိုကလည်းကျွန်ုပ်ကို ကြက်ဝမ်းဘဲဝယ်ယူဖို့ လက်မှတ်တစ်စောင်
ရေးပေးလိုက်တယ်။ ကျွန်ုပ်ကဒီလက်မှတ်ကိုယူပြီးတော့ ကြည့်မြင်တိုင်ကမ်းနားဈေး သမ္ဗန်ဆိပ်မှာ ကြက်ဝမ်းဘဲများကိုသွားဝယ်တယ်။ ကြည့်မြင်တိုင်ကမ်းနားဈေးဘက်မှာလည်း ကြက်၊ ၀မ်းဘဲဆိုင်ရာ ကုန်စည်ကြီးကြပ်ရေးအရာရှိဖြစ်သူ ကိုတင်အေးနှင့်ကိုချစ်တင်တို့ ၂-ဦးရှိတယ်။ သူတို့ ၂-ဦးဟာ သူတို့၏ဌာနမှ ညွှန်ကြားရေးဝန်ဦးကိုကိုရေးပေးလိုက်သည့်လက်မှတ်ကြောင့် ကျွန်ုပ်ကို အစစအရာရာ ကြက်၊ ဘဲရရေးကို အားလုံးကူညီပြုလုပ်ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်ကလည်း သူတို့ရဲ့ကူညီပေးမှု ကျေးဇူးမကင်းရှိတာကြောင့် နက်ဖြန်ခါညစာထမင်းကျွေးဧည့်ခံပွဲပြုလုပ်ပါမည်။ ခင်ဗျားတို့ ၂-ဦးဟာလည်းလာပါ၊ ခင်ဗျားတို့ရဲ့မိတ်ဆွေ ရင်းနှီးသည့်သူငယ်ချင်းများကိုပါခေါ်ခဲ့ပါ။ ဟိုကျရင် ပျော်ပျော်ပါးပါးစားကြသောက်ကြပါလို့ ကျွန်ုပ်ဟာပြောဆိုပြီး ထမင်းစားဧည့်ခံပွဲကို တစ်ခါတည်း ဖိတ်ကြားပြောဆိုခဲ့တယ်။

သူတို့နှစ်ဦးကလည်း ဟုတ်ကဲ့၊ ကောင်းပါပြီ၊ ကျေးဇူးတင်ပါသည်။ လာခဲ့ပါ့မယ်လို့ ကျွန်ုပ်ကို ပြန်လည်ပြောဆိုကြပါသည်။ သူတို့ ၂-ဦးဟာလည်း ရင်းနှီးသည့်မိတ်ဆွေသူငယ်ချင်း ၂-ယောက်နှင့်အတူ ကျွန်ုပ်၏ နှစ်သစ်ကူးထမင်းစားဧည့်ခံပွဲကို မပျက်မကွက်ဆက်ဆက်တက်ရောက် ခဲ့ကြပါတယ်။ သူတို့ ၂-ဦးဟာလည်း အလုပ်တာဝန်ကိုထမ်းဆောင်နေကြသည့်သူတွေဖြစ်တော့ မအားလပ်ကြသည့်အတွက် ထမင်းစားပွဲကို နည်းနည်းနောက်ကျမှရောက်ရှိလာကြပါသည်။

သူတို့ ကျွန်ုပ်၏ဟော်တယ်ကိုလာသည့်အချိန်အခါမှာ ကျွန်ုပ်၏ဟော်တယ်ရှေ့မှာ ၀န်ကြီးကား ၇-စီး၊ ၈-စီးအလံထူထားပြီး ရပ်ထားတာကိုလည်း သူတို့တွေ့ပါသည်။ ကျွန်ုပ်ဟာ သူတို့ ၂-ဦးနှင့် သူ့မိတ်ဆွေနှစ်ဦးကိုပါ အလယ်ထပ်မှခေါ်လာပြီး ၃-ထပ်ပေါ်မှာ သူတို့အလာနောက်ကျပေမယ့် အခန်းတစ်ခုသပ်သပ်ဖွဲ့ပေးပြီး အရက်များကိုထုတ်ပေး၍ တရုပ်ဟင်းလျာမျိုးစုံနှင့် စားပွဲထိုးမိန်းကလေး လှလှကလေးများနှင့် ကောင်းကောင်းမွန်မွန်ကျွေးမွေးဧည့်ခံပေးလိုက်ပါသည်။ ကိုတင်အေး ကိုချစ်တင်နှင့် သူတို့မိတ်ဆွေသူငယ်ချင်းနှစ်ဦးတို့ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ စားကြသောက်ကြပါတယ်။ နောက်ပြီး စားသောက်၍အတန်ကြာသည့်အချိန်မှာ ကိုချစ်တင်ဟာ ဘာဖြစ်သွားမှန်းမသိပဲ၊ အရက်သောက်တာ များသွား၍မူးသွားတယ်လို့ထင်ပါသည်။ သူ့ခါးမှာပါလာသည့် ခြောက်လုံးပြူးသေနတ်ကိုထုတ်ပြီး ၃-ချက်ဆင့်၍ ဒိုင်း၊ ဒိုင်း၊ ဒိုင်း .. လို့ ဆင့်ဖေါက်လိုက်ပါသည်။

ကျွန်ုပ်ဟာ ဒီအချိန်တွင် ဟော်တယ်အလယ်ထပ်မှာ ၀န်ကြီးများနှင့်ဂုဏ်သရေရှိ လူကြီးလူကောင်းများကို ကောင်းကောင်းမွန်မွန်ဧည့်ခံကျွေးမွေးစကားပြောနေသည့်အချိန်ဖြစ်ပါသည်။ သေနတ်သံကြားတယ်ဆိုလျှင်ပဲ ကျွန်ုပ်ဟာချက်ချင်းသုံးထပ်ပေါ်ကိုပြေးတက်လာတယ်။ ကျွန်ုပ်ပြေး တတ်လာ၍ ၃-ထပ်ပေါ်ကိုရောက်တော့ ကြည့်လိုက်သည့်အခါမှာ ကျွန်ုပ်၏မိတ်ဆွေ ၆-လုံးပြူးကို ကိုင်ပြီးမူးနေတာကိုတွေ့ရပါသည်။ ကျွန်ုပ်ဟာ ဟိုအချိန်အခါတုန်းက ငယ်ငယ်ရွယ်ရွယ်ရှိသေး၍ အင်မတန်မှလည်း ဖျပ်လတ်သွက်လက်ပါသည်။ ဒါနဲ့ကျွန်ုပ်ဟာ နံရံကလေးကိုကပ်သွားပြီး၊ ကိုချစ်တင်ကို ၀င်ဖက်၍ခြောက်လုံးပြူးကိုလုတယ်။ သူကလည်းခြောက်လုံးပြူးကိုအတင်းလက်မှာ ဆုပ်ကိုင်ထားပြီးပြန်လုတယ်။ သူနှင့် ကျွန်ုပ်ဟာ တစ်ဦးကိုတစ်ဦးလုံးထွေးရစ်ပတ်နေတာပဲ။ ကျွန်ုပ်ကလည်း သတိမလစ်ပဲသိထားတယ်။ သူ့ခြောက်လုံးပြူးထဲမှာ ယမ်းတောင့်သုံးထောင့်ပစ်ပြီးပြီ။ ယမ်းတောင့်သုံးထောင့်ကျန်သေးသည်။ ကျွန်ုပ်ဟာစဉ်းစားတယ်။ ကိုချစ်တင်ဟာမူးနေ၍ ဒီယမ်းတောင့်ဟာဒီသေနတ်ကိုလု၍မရပါလျှင် ကျွန်ုပ်ကိုပစ်ချင်ပစ်မယ်။ နောက်ပြီးကျွန်ုပ်၏ဟော်တယ် ၃-ထပ်ကလည်း သစ်သားခင်းထားပါ၍ အောက်ကိုပစ်လိုက်လျှင်လည်း သစ်သားကိုဖေါက်ပြီး ထမင်းစားဧည့်ခံကျွေးမွေးပွဲကိုကြွရောက်လာသည့် ၀န်ကြီးတွေနှင့် လူကြီးလူကောင်းများကိုလည်း မှန်ချင်မှန်နိုင်မယ်၊ အကယ်၍ဒီလိုသာမှန်လျှင် ကျွန်ုပ်အဖို့ကောင်းတော့မှာမဟုတ်တော့ပါဘူး။

ဒီအတွက်ကြောင့် ကျွန်ုပ်ဟာ ကိုချစ်တင်နှင့်လုံးထွေးလုယက်နေသည့်အခါက သူ့လက်ထဲက ခြောက်လုံးပြူးကိုအပေါ်ကိုမြှောက်၍ ခလုပ်ကိုဆက်ကာဆက်ကာ ဖြုတ်ဆွဲပစ်လိုက်သည်။ ခြောက်လုံးပြူး၏ကျည်ဆန်တွေဟာလည်း အပေါ်ကို ဒိုင်းကနဲဒိုင်းကနဲနှင့် ဆက်ထွက်သွားပါသည်။ ဒီတော့မှခြောက်လုံးပြူးဟာယမ်းတောင့်မရှိတော့ပဲ ကျွန်ုပ်၏လက်ထဲကိုရ၍စားပွဲပေါ်မှာတင်ထားပြီး ကိုချစ်တင်ကို ကျွန်ုပ်၏ဘေးမှာထိုင်ခိုင်းထားပါသည်။ ကျွန်ုပ်ဟာ ဒီလိုဧည့်ခံထမင်းကျွေးသည့်အခါမှာ လေယာဉ်ပျံလာ၍ဥသြဆွဲသည့်အခါ မော်တော်ကားတွေကိုစောင့်ဖို့နှင့် ဖြစ်ပေါ်လာမည့်ကိစ္စမှန်သမျှကို ၀ိုင်းဝန်းကူညီပေးဖို့ ကျွန်ုပ်၏တပည့်တွေကိုရော၊ ဖိုးတုတ်၏တပည့်တွေကိုရောခေါ်ထားပါသည်။ သူတို့တတွေဟာ ဒီလိုသေနတ်သံတွေကြားတော့ ကျွန်ုပ်၏တပည့်တွေနှင့်ဖိုးတုတ်၏တပည့်တွေပါ ပေါင်းပြီး ၄-၅-၁၀ ယောက်ဟာ ဟော်တယ်ပေါ်ကိုပြေးတက်လာကြပါသည်။ သူတို့တတွေ ဟော်တယ် ၃-ထပ်ပေါ်ကိုရောက်လာသည့်အခါ ကျွန်ုပ်မိတ်ဆွေကိုချစ်တင်နှင့်ကျွန်ုပ် သေနတ်ဝင်လုသည့်ကိစ္စဟာ ပြီးလို့ ကိုချစ်တင်ကိုကျွန်ုပ်၏ဘေးမှာထိုင်ခိုင်းထားပါသည်။ ကျွန်ုပ်ကသူတို့တတွေကိုပြောလိုက်တယ်။ ဒီလူဟာငါနဲ့အင်မတန်ရင်းနှီးသည့်မိတ်ဆွေဖြစ်ပါတယ်။ အရက်မူး၍မတော်တဆသေနတ်ပစ်လိုက်တာပါ လို့ပြောလိုက်တော့မှ သူတို့တတွေဟာ အောက်ကိုပြန်ဆင်းသွားကြပါသည်။

ကျွန်ုပ်၏နှစ်သစ်ကူးထမင်းစားပွဲသို့ ကြွရောက်လာကြသည့် ဟော်တယ်အလယ်ထပ်ရှိ လူကြီးလူကောင်းများလည်း တချို့တ၀က်ဟာ ကြောက်လန့်ပြီးပြန်သွားကြပါသည်။ ဒီအချိန်တုန်းက ထမင်းစားပွဲကိုတက်ရောက်လာသည့် (ပြည်ထဲရေးဝန်ကြီး)ဦးဘ၀င်းနှင့် အခြားဝန်ကြီးများအပြင် ဂုဏ်သရေရှိလူကြီးလူကောင်းများလည်း အများအပြားကြွရောက်လာကြပါတယ်။ ဘုန်းကြီးလမ်း ရဲဌာနကလည်း ကျွန်ုပ်၏ဟော်တယ်မှ သေနတ်သံတွေကြား၍ ထိပ်ပြောင်ဦးမောင်မောင်ဟာ ပုလိပ် ၁၀-ယောက်လောက်နှင့် သေနတ်ကိုယ်စီကိုင်၍ ကျွန်ုပ်ထံကိုအကူအညီလာပေးပါသည်။ ကျွန်ုပ်ကလည်း ကိုချစ်တင်ကို ကျွန်ုပ်၏ဘေးမှာထိုင်ခိုင်းပြီး၊ ကိုချစ်တင်အမူးပြေသတိရလာအောင် စားပွဲထိုးမိန်းကလေး များကို ရေမွှေးနှင့်မျက်နှာသုတ်ပ၀ါကို သူ့နှာခေါင်းနားမှာကပ်ပေးထားခိုင်းတယ်။ နောက်ပြီး သံပုရာရည်ကိုလည်းသောက်ခိုင်းလိုက်တယ်။ တအောင့်လောက်ကြာတော့ အမူးပြေပြီးကိုချစ်တင်ဟာ သတိရလာပါသည်။

(ပြည်ထဲရေးဝန်ကြီး) ဦးဘ၀င်းက ဌာနအုပ်ဦးမောင်မောင်ကိုပြောလိုက်တယ်။ ““ဟုတ်ပါတယ်၊ ဒီလိုလုပ်တာ အင်မတန်မကောင်းပါဘူး၊ အလွန်လည်း အရုပ်ဆိုးပါတယ်””လို့ပြန်ပြောတယ်။ နောက် ကိုချစ်တင်ကို ဦးကိုကိုဟာ အလုပ်ဖြုတ်ပစ်လိုက်တယ်။

ဟိုတုန်းကကိုချစ်တင်နှင့်အတူတူပါလာသည့် ကိုတင်အေးဟာမမူးပေလို့တော်ပါသေးသည်။ ကိုတင်အေး၊ ကိုချစ်တင်ပါ ၂-ယောက်စလုံးမူးနေပါက ကျွန်ုပ်ဟာထမ်းမနိုင်သိမ်းမနိုင်ဖြစ်ရမှာ သေချာပါသည်။ ယခုတော့တစ်ယောက်ကမူး တစ်ယောက်မမူး၍ ကျွန်ုပ်အဖို့တော်ပါသေးသည်။ ကိုချစ်တင်နှင့်အတူပါလာသည့်ကိုတင်အေးဟာ (ရန်ကုန်သတင်းစာတိုက်မပိတ်ခင်က လက်ထောက် အယ်ဒီတာကိုတင်အေးဖြစ်ပါသည်။) ကျွန်ုပ်ကိုဘုရားမ၍ ဒီအချိန်အခါက ကျွန်ုပ်၏ထမင်းစားပွဲသို့ တက်ရောက်လာကြသည့် ၀န်ကြီးများနှင့် ဂုဏ်သရေရှိလူကြီးများရော၊ ကျွန်ုပ်ရောဘာမျှမဖြစ်တာဟာ အင်မတန်မှကုသိုလ်ထူးတယ်လို့ အောက်မေ့ရတာပါပဲ။

No comments:

Post a Comment