Saturday, September 11, 2010

““စစ်ကြီးပြီးဆုံးလေသောအခါ””


““စစ်ကြီးပြီးဆုံးလေသောအခါ””

          ၁၉၄၆-ခုနှစ်၊ ထိုစဉ်က ကမ္ဘာ့ကယ်ဆယ်ရေးအဖွဲ့က စစ်ဒဏ်ကြောင့် တိုင်းခြားမြေခြားသို့ ရောက်ရှိနေသော နိုင်ငံခြားသားများကို ကိုယ်နေသောနေရာဟောင်းတိုင်းပြည်သို့ ပြန်လည် ရောက်ရှိရေးအတွက် ကြိုးပမ်းရလေ၏။ အိန္ဒိယပြည်သို့ ရောက်ရှိနေသော အိန္ဒိယအမျိုးသား များအားလည်းကောင်း၊ တရုပ်ပြည်မကြီးသို့ရောက်ရှိနေသော တရုပ်အမျိုးသားများအား လည်းကောင်း၊ ဗမာပြည်ဝယ် နေထိုင်ခဲ့ဖူးသူများကို  ပြန်လည်ခေါ်ယူကြရန်ဖြစ်လေသည်။
          ဗမာပြည်အနေဖြင့် ဦးထွန်းမောင်(အင်းစိန်အရေးပိုင်)ကို တာဝန်ပေး၍ တရုပ်ပြည်မကြီးသို့ လွှတ်လေ၏။ အလုပ်ကိစ္စက ဗမာပြည်ဝယ်နေထိုင်ခဲ့ဖူးသည့် တရုပ်အမျိုးသားများကို စိစစ်ပြီး ဗမာပြည်သို့ ပြန်လည်ခေါ်ငင်ရန်ဖြစ်လေသည်။
          ဤကာလက ကမ္ဘာ့ကယ်ဆယ်ရေးအသင်းကြီး၏ ဥပဒေကလည်း တင်းကျပ်လှပေသည်။ ကျွန်ုပ်သည် တရုပ်အမျိုးသားအသီးသီးကို ခေါ်၍ ဦးထွန်းမောင်(အင်းစိန်အရေးပိုင်)ထက် ရာထူးကြီးသော ဦးအုံး (I.C.S) အား ဖိတ်ကြားပြီး ထမင်းစားပွဲကြီးတစ်ခုကျင်းပလေသည်။ ကျွန်ုပ်နှင့်တကွ တရုပ်အမျိုးသားခေါင်းဆောင်များက ပြဿနာအရပ်ရပ်ကို တင်ပြဆွေးနွေးကြ ပါသည်။
          ထိုနောက်ပိုင်း မကြာမီ ဟုန်ခင် သင်္ဘောဖြင့် တရုတ်အမျိုးသား ၂၀၀၀ ကျော် ရောက်ရှိလာပါသည်။ ဤတရုပ်အမျိုးသားများကလည်း ယခင်က ဗမာပြည်ဝယ် နေထိုင်ခဲ့ဖူးသူများ ဖြစ်ကြောင်းကို ဦးထွန်းမောင်က စိစစ်ပြီးလွှတ်လိုက်ကြသူများဖြစ်ကြလေသည်။

          ဤတရုပ်အမျိုးသား ၂၀၀၀ကျော်ကို သူ့နေရာဟောင်း(သူ့အလုပ်အကိုင်ရှိရာသို့) ပြန်လည် ပို့ကြရသည့်တာဝန်ကလည်း မသေးငယ်လှပါ။ အလွန်ကြီး စိတ်ပန်း လူနွမ်းဖြစ်ရပါသည်။ ကမ်းနားလမ်း ခိန်ဟုတ်ကြောင်း ဘုံကျောင်းထဲဝယ် ခရီးကလည်းဝေးလွန်း၍ မသွားနိုင်သေးသော တရုပ် အမျိုးသား ၆၀-ခန့်သာ ခေတ္တတည်းခို၍ နေကြပါသည်။ တရုပ်ပြည်မကြီးမှ ပြန်၍လာကြသူ များထဲတွင် ဗမာအမျိုးသားစစ်စစ် ကိုမြသန်းဆိုသူလည်း ပါလာလေသည်။
          ကျွန်ုပ်နှင့်ကိုမြသန်းက ဦးအုန်းနှင့်ဇနီးကိုခေါ်၍ ရန်ကုန်မြို့သို့ပို့လိုက်သော တရုပ်အမျိုးသား ၂၀၀၀-ကျော်ကို ပြသပါသည်။ ခရီးကဝေးကွာလွန်း၍ ခေတ္တခဏ တရုပ်ဘုရားကျောင်းထဲတွင် သောင်တင်နေသော တရုပ်အမျိုးသား၆၀-ခန့်ကိုသာ တွေ့သွားရပါသည်။
          သို့ကလိုမြင်တွေ့ရ၍ ဦးအုန်းလည်း များစွာပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။ ဦးအုန်း တွေး၍ပူပန်သောအချက်မှာ ဗမာပြည်သို့ပြန်လည်ရောက်ရှိလာသော တရုပ်အမျိုးသားများသည် အလုပ်လက်မဲ့ဖြစ်ပြီး ပြည်တွင်း၌ဆူပူသောင်းကျန်းနေမည်ကို စိုးရိမ်မိ၏။
          သို့သော် ယခုကဲ့သို့မြင်တွေ့ရလေသောကြောင့် စိတ်ချယုံကြည်သွားသည်။ ယင်းကြောင့် ဗမာပြည်ဝယ် နေထိုင်ခဲ့ဖူးသော တရုပ်အမျိုးသားအများအပြားကို ရှံဟဲ၊ စန့်တောင်၊ ကွမ်းတုံ၊ ဟူကြောက်အရပ်များမှာ စီစစ်ရှာဖွေ၍ ဗမာပြည်သို့တင်ပို့လေသည်။ ဤအချိန်က သင်္ဘောခကို မပေးရ။ အခမဲ့စီးနင်းခွင့်ပြုထားလေသည်။
          ထိုအတွက်ကြောင့် တရုပ်အမျိုးသားများသည် ဗမာပြည်အစိုးရအပေါ် များစွာကျေးဇူးတင်အပ် ပါ၏။ တရုပ်သတင်းစာအသီးသီးကလည်း ဤအချက်ကြောင့် ဗမာပြည်အစိုးရအပေါ် ချီးကြူးဂုဏ်ပြု ရေးသားပါသည်။
          ယင်းသို့ တရုပ်အမျိုးသားများ ကိုယ့်နေရပ်ဟောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ကျွန်ုပ် တစ်ဦးတည်း ငွေကြေးအတော်များများ အကုန်အကျခံ၍ကူညီခဲ့ရ၏။ ထို့ကြောင့်ပင် တရုပ်အမျိုးသား တော်တော်များများ၏ ခင်မင်လေးစားခြင်းကို ခံယူရရှိပါသည်။

No comments:

Post a Comment