Sunday, September 5, 2010

နှစ်သစ်ကူးကန်တော့ပွဲ

နှစ်သစ်ကူးကန်တော့ပွဲ

မြန်မာထုံးတမ်းစဉ်လာကတော့ သီတင်းကျွတ်လျှင် လူကြီးမိဘဆရာသမားလူကြီးလူကောင်း များကို ကန်တော့ရသကဲ့သို့ တရုပ်အမျိုးသားထုံးစံမှာလည်း နှစ်သစ်ကူးလာရင် လူကြီးလူကောင်း များကိုကန်တော့ရပါသည်။ ၁၉၄၅-ခုနှစ် ဖေဖေါ်ဝါရီလ ၁၄-ရက်နေ့တွင် ကျွန်ုပ်တို့တရုပ်အမျိုးသား နှစ်သစ်ကူးနေ့ဖြစ်နေတယ်။ ဗြန်ဟတ်ဘွေအသင်းကြီးဥက္ကဋ္ဌပီကေချောင်းဟာလည်း နှစ်စဉ်နှစ်တိုင်း ဒီလိုပဲကန်တော့ဖို့စီစဉ်ပါတယ်။ စားစရာသောက်စရာများကိုယူသွားပြီး လူကြီးလူကောင်းများကို အမြဲတမ်းလျှောက်ကန်တော့ကြပါသည်။ ဒီထုံးစံကိုတော့ဘယ်တော့မှမဖျက်ခဲ့ပါဘူး။

ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့၏တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီး၏စားစရာများကတစ်ပွဲ၊ ကျွန်ုပ်၏စားစရာများကတစ်ပွဲ၊ ဤစားစရာ ကန်တော့စရာများကို ကုန်တင်ကားကြီးတစ်စီးပေါ်မှာ အပြည့်တင်၍ ကျွန်ုပ်ကရှေ့မှ ပရိုက်ဗိတ်ကားကိုစီး၍သွားပြီး၊ ပြည့်ပြည့်စုံစုံတင်ထားသည့် စားစရာ ကန်တော့စရာများပါသည့်ကုန်တင်ကားကြီးကနောက်မှလိုက်၍ ကျွန်ုပ်တို့၏ကျေးဇူးရှိသည့် ဆရာသမား လူကြီးလူကောင်းများအိမ်ကို လိုက်လံပြီးကန်တော့ကြပါသည်။
(စားစရာကန်တော့စရာတစ်ပွဲလို့ခေါ်တာဟာ ၀မ်းဘဲကင်က ၂-ကောင်၊ စပါယ်ရှယ်အထူး မှာထားသည့် ၀က်အူချောင်းကတစ်ပိဿာ၊ သကြားအဖြူ ၂-ပိဿာ၊ ပီနံမှလာသည့် ကျားတံဆိပ် အကောင်းစားလဖက်ခြောက်က ၂-ထုပ်၊ အထူးမှာလုပ်ထားသည့် ကြက်ဥမုန့်ကတစ်ထုပ်၊ စီးကရက် လိမ္မော်သီးတို့ပါဝင်သည့် လင်ပန်းတစ်ပန်းစာကို တစ်ပွဲလို့ခေါ်ခြင်းဖြစ်ပါသည်။)
ကျွန်ုပ်တို့ဟာ ပထမဦးဆုံးနိုင်ငံတော်အဓိပတိဒေါက်တာဘမော်အား ကျွန်ုပ်ကနှစ်ပွဲနှင့် ဗြန်ဟတ်ဘွေအသင်းကြီးကနှစ်ပွဲပေါင်းပြီး၊ ၄-ပွဲကိုသွားကန်တော့ပါသည်။ ဟိုတုန်းကနိုင်ငံတော် အဓိပတိဒေါက်တာဘမော်ဟာ ကုကိ္ကုင်းဟာမစ်တစ်လမ်း (ယခုသာသနာ့ရိပ်သာအဆောက်အဦ၏ အနောက်ဘက်) တိုက်ကြီးတစ်လုံးမှာနေပါသည်။
(ဒုတိယ၀န်ကြီးချုပ်)သခင်မြဟာ ဂိုဒင်ဘယ်ရီမှာနေပါတယ်။ သခင်မြနှင့်မျက်နှာချင်း တိုက်နံပါတ် ၅၆-မှာ သခင်သန်းထွန်းနေတယ်။ သခင်သန်းထွန်းတိုက်နှင့် မျက်စောင်းထိုး နှစ်ထပ်အိမ် သေးသေး လမ်းမနှင့်ကပ်လျက်ရှိသည့်အိမ်မှာ သခင်တင်နေတယ်။ ဒီလူကြီးတွေအားလုံးကို ၂-ပွဲစီကန်တော့ပြီးကားနှင့်ပြန်ထွက်လာသည့်အခါ ချင်းချောင်းအဗင်းနယူးကိုရောက်လာတယ်။
ချင်းချောင်းအဗင်းနယူးကိုရောက်တော့ (ယစ်မျိုးမင်းကြီးဦးစောအေး၊ ဦးစောအေးတိုက်နှင့် မျက်နှာချင်းဆိုင်ကုန်းမြင့်ပေါ်မှာရှိသည့်တိုက်ဟာ ၀န်ကြီးဦးအေး၏ယောက္ခမ ဦးဘိုးပြော့၊ ကျွန်ုပ် မှတ်မိတာကတော့ ဦးဘိုးပြော့ဟာ ရွှေတိဂုံဘုရားလမ်းမှာနေတယ်၊ သူ့အိမ်နှင့်မနီးမဝေးမှာ ဗုံးတစ်လုံး ကျတယ်။ သူ့အိမ်ကိုလည်းနည်းနည်းပါးပါးဗုံးမှန်လို့ အနည်းငယ်ပျက်စီးသွားတယ်။ ဒါကြောင့်မို့ သူဟာ ချင်းချောင်းအဗင်းနယူးဦးစောအေးနှင့်မျက်နှာချင်းဆိုင်တိုက်မှာ ခေတ္တသွားနေထိုင်ပါသည်။ ကျွန်ုပ်တို့ဟာလည်း သူတို့ ၂-ဦးအား ကန်တော့စရာစားစရာ ၂-ပွဲကို ဦးအေးအိမ်မှာပေးထားခဲ့ပါသည်။ ချင်းချောင်း အဗင်းနယူးမှပြန်ထွက်လာသောအခါ ယူနီဗာစတီအဗင်းနယူး တိုက်နံပတ် ၇၄-နားကိုရောက်တယ်။ (တိုင်းမင်းကြီး)ဦးစောလှဖြူကို နှစ်ပွဲသွားကန်တော့ကြတယ်။ ဦးစောလှဖြူအိမ်နှင့် လေးငါးအိမ်ခြားသည့် ဖြတ်လမ်းတစ်ခုမှဝင်သွားပြီး၊ ဘကြီးဆာဦးသွင်ကို သွားကန်တော့တယ်။ ကန်တော့ပြီးဝင်ဒါမီယာထဲကိုပြန်ဝင်လာတယ်။ ၀င်ဒါမီယာထဲမှာ (မြူနီစီပါယ်မင်းကြီး)ဦးစိုးညွန့်၊ ဦးစိုးညွန့်နေအိမ်နှင့်မျက်စောင်းထိုး ဒေါက်တာချန်တိတ်အိမ်၊ ဒေါက်တာချန်တိတ်အိမ်ပေါ်ထပ်တွင် (ပုလိပ်မင်းကြီး)ဦးအောင်ချိန်နေတယ်။ ဒီလူကြီးတွေကိုကန်တော့ပြီးပြန်ထွက်လာသည့်အခါ ယူနီဗာစီတီ အဗင်းနယူးကိုပြန်ရောက်တယ်။ ယူနီဗာစီတီအဗင်းနယူးမှ ၇-မိုင်ကိုသွားတယ်။ ၇-မိုင်မှာနေသည့် (ကုန်စည်ကြီးကြပ်ရေးဝန်) ဦးကိုကိုကိုကန်တော့ပြီးထွက်လာသည့်အခါ ၈-မိုင်မှာနေသည့် ကျွန်ုပ်တို့ ဗြန်ဟတ်ဘွေအသင်းကြီး၏ ဥပဒေအတိုင်ပင်ခံတစ်ဦးဖြစ်သူ ဒေါက်တာဘဟန်အိမ်ကို သွားပြီးတော့ ကန်တော့ပါတယ်။
ကျွန်ုပ်တို့တတွေကို မြန်မာဘုရား၊ အိန်္ဒိယဘုရား၊ တရုပ်ဘုရား၊ နတ်ကောင်းနတ်မြတ်နှင့် ဘိုးဘိုးအောင်တို့က ၀ိုင်းပြီးမတာနှင့်တူပါသည်။ ကျွန်ုပ်တို့ကို အိန်္ဒိယ၊ တရုပ်၊ မြန်မာချစ်ကြည်ရေး လုပ်ကြသည့်လူတစ်စုထဲအနေဖြင့် မသေစေချင်ဘူးထင်ပါသည်။ ဦးကိုကိုအိမ်မှထွက်လာပြီး ပေ ၅၀-၆၀ အကွာလောက်ရောက်သည့်အခါမှာ ကျွန်ုပ်စီးနင်းလိုက်ပါလာသည့် ပရိုက်ဗိတ်ကားဟာ အမှတ်တမဲ့စက်ရပ်သွားပါသည်။ ကားစက်ရပ်သွားတော့ ကျွန်ုပ်၏ဒရိုင်ဘာဟာလည်း အောက်ဆင်းပြီး စက်ကိုပြင်နေပါသည်။ စက်ကိုပြင်၍ ၁၀-မိနစ်လောက်ကြာသည့်အခါမှ စက်ဟာကောင်းမွန်လာပါသည်။ စက်ကောင်းသွား၍ ကျွန်ုပ်ကားပေါ်ကိုတက်မည်လုပ်တုန်းမှာ ရန်သူလေယာဉ်ပျံလာတယ်ဆိုတဲ့ အချက်ပေးဥသြဟာဆွဲလိုက်ပါတယ်။ ဥသြဆွဲလိုက်တာနှင့်တစ်ပြိုင်နက် ရန်သူလေယာဉ်ပျံဟာ ခေါင်းပေါ်ကိုရောက်နေပါပြီ။ ချက်ခြင်းဗုံးနှစ်လုံးကိုလည်း ဖြုတ်ချလိုက်ပါသည်။ ဗုံးကျသည့်အသံကိုတော့ ကျွန်ုပ်တို့ကြားလိုက်ရပါသည်။ ဘယ်နေရာကိုကျတယ်လို့တော့ မပြောတတ်ပါဘူး။ ကျွန်ုပ်၏စိတ်ထင် ကတော့ သိပ်မဝေးလှပါဘူးလို့ထင်ပါတယ်။ ဗုံးကျ၍ပေါက်ကွဲသည့်အသံကတော့ နီးနီးပဲ ကြားလိုက်ရပါသည်။
ကျွန်ုပ်ဟာလည်း လမ်းဘေးမှသစ်ပင်တစ်ခုကို အကာအကွယ်ယူပြီး၊ ဒီအချိန်မှာပုန်းနေ လိုက်တယ်။ ၁၅-မိနစ်လောက်ကြာတော့ကျွန်ုပ်ဟာ လမ်းမကြီးဘက်ကိုမြှော်ကြည့်လိုက်တယ်။ ဒီတော့စစ်ကားနှင့်တူသည့်ကားတစ်စီးဟာ မိုင် ၃၀-၄၀ နှုန်းနှင့် တစ်အားမောင်းလာတာကို တွေ့ရှိရတယ်။ ကျွန်ုပ်နားကိုရောက်လို့ သေသေချာချာကြည့်လိုက်ပြန်တော့ အိန်္ဒိယစစ်ဗိုလ်ချုပ် ဆူဘတ်ချန်ဒရာဘို့(စ်)ဖြစ်နေတယ်။ ကျွန်ုပ်ကလည်းလက်ပြ၍ ဆူဘတ်ချန်ဒရာဘို့(စ်)လို့ အော်ပြီး နှုတ်ဆက်လိုက်တော့၊ ဒီအချိန်မှာဆူဘတ်ချန်ဒရာဘို့(စ်)ကလည်း ကျွန်ုပ်ကိုသိသည့်အတွက် လက်ပြပြီးသူ့နောက်မှလိုက်လာဖို့ကို လက်ဝှေ့ယမ်းပြသခဲ့တယ်။ ကျွန်ုပ်တို့ကလည်း သူလက်ဝှေ့ပြ သည့်အတိုင်း ဆူဘတ်ချန်ဒရာဘို့(စ်)ကားနောက်မှ မော်တော်ကားကို မိုင် ၃၀၊၄၀နှုန်းဖြင့် အတင်းမောင်း၍ လိုက်သွားပါတယ်။
သူ့နောက်သို့လိုက်၍ သွားသည့်အခါမှာ စောစောကဗုံးချသည့်နေရာမှာ မရမ်းကုန်းနှင့် ရှစ်မိုင်မှာနေသည့် ဒေါက်တာဘဟန်၏ နေအိမ်ဖြစ်၍နေတယ်။ ဗုံးတစ်လုံးဟာ သူ့အိမ်ပေါ်ကို တည့်တည့်ကျပြီးပေါက်ကွဲသွားတယ်။ အိမ်လည်းပျက်သွားတယ်။ ဗုံးတစ်လုံးကတော့ သူ့အိမ်ဘေးက သူတို့ပုန်းနေတဲ့ကျင်းဝမှာကျတယ်။ ကျင်းဝမှာကျသည့်ဗုံးဟာ ပေါင်၁၀၀-ရှိသည့် မီးလောင်ဗုံး ဖြစ်ပြီးနေပါတယ်။ ဒီကျင်းထဲမှာလည်း ဟိုအချိန်က ဒေါက်ဗဟန်ကကျောင်းဖွင့်ထားတော့ ကျောင်းသားကျောင်းသူတွေနှင့် သူတို့တစ်အိမ်သားလုံးပါ စုပေါင်းပြီးပုန်းနေတော့ လူပေါင်း ၁၀၀-ကျော်လောက်ရှိပါသည်။ ဒီကျင်းဝမှကျသည့်ဗုံးဟာ ပေါက်တော့ပေါက်ပါသည်။ မီးကတော့မလောင်ပါ။ သို့အတွက် သူတို့တတွေဟာ တော်တော်ကံထူးတယ်။ ဘုရားမတာပဲလို့ ကျွန်ုပ်စိတ်ထဲမှာထင်မိပါတယ်။ ဗုံးကထွက်လာသည့်အရောင်တွေဟာ ၀ါဝါထိန်ထိန်နှင့် ယမ်းကတော့ကပ်စေးနဲလိုဖြစ်နေတယ်။ ဆူဘတ်ချန်ဒရာဘို့(စ်)နှင့်ကျွန်ုပ်ဟာ သွားပြီးတော့ကိုင်ကြည့်တယ်။ နောက်ပြီးဆူဘတ်ချန်ဒရာဘို့(စ်)ဟာ ဒေါက်တာဗဟန်ကိုသွားပြီးတော့စကားပြောပါသည်။
ဒေါက်တာဗဟန်နှင့်ကျွန်ုပ်တို့စကားပြော၍ ၅-မိနစ်လောက်အကြာမှာ ကားသုံးစီးဟာ အမြန်မောင်းပြီးတော့ဝင်လာတယ်။ ကားပေါ်မှဆင်းလာသူကတော့ အခြားသူမဟုတ်ပါဘူး။ ဗရုတ်သုက္ခ နိုင်ငံတော်၏အဓိပတိဒေါက်တာဗမော်ဖြစ်နေပါသည်။ ဒီတစ်ခါကျတော့ အဓိပတိဒေါက်တာဗမော်ဟာ ကားကတော့သူ့ကားဟုတ်ပေမယ့် အလံလည်းမပါဘူး။ ခေါင်းပေါင်းတို့ဘာတို့လည်းမပါဘူး။ အဓိပတိအဆောင်အယောင်ဆိုလို့ ဘာမှမပါဘူး။ ဒီလိုနေရာကျမှ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ဘယ်လောက်ချစ်တယ်ဆိုတာကို ကျွန်ုပ်လည်းအကဲခတ်မိပါသည်။ ဒေါက်တာဗမော်ဟာ ကျင်းဝမှာရှိသည့်မီးမလောင်တဲ့ဗုံးကိုလာကြည့်တယ်။ ဆူဘတ်ချန်ဒရာဘို့(စ်)ကလည်း ဒေါက်တာဗမော်ကို အင်္ဂလိပ်စကားနှင့်ပြောတယ်။ သူပြောသည့်အင်္ဂလိပ်စကားကိုတော့ ကျွန်ုပ်နားမလည်ပါဘူး။ ဟန်ဒရက် ပေါင်ဆိုတာတစ်ခုထဲကိုပဲကျွန်ုပ်ကနားလည်တယ်။ နောက်ပြီးတော့ လာကြည့်ကြသည့်လူတွေဟာလည်း ကားတစ်စီးနှင့်ထပ်ရောက်လာကြသည်မှာ တော်တော်များပါသည်။ ပစ္စည်းရောလူတွေရော အကုန်လုံး အိမ်တော်ကို ပြောင်းရွှေ့ကြမယ်လို့ပြောဆိုနေကြတာကို ကျွန်ုပ်ဟာကြားလိုက်ရတယ်။
ကျွန်ုပ်၏ကျေးဇူးရှင် ဦးတင်မောင်မောင်၏ခယ်မ၊ သူ့နာမည်က မေစီလို့ခေါ်တယ်။ သူလည်း ဒေါက်တာဗဟန်ရဲ့ကျောင်းမှာနေတယ်။ ဒေါက်တာဗဟန်၏အိမ်ကို လူတွေလာမေးကြတာလည်း တော်တော်များလာပြီး ဦးတင်မောင်မောင်၏ခယ်မ မေစီကို ကျွန်ုပ်ရဲ့မျက်စိထဲမှာသွားတွေ့တယ်။ ကျွန်ုပ်လည်းကားကိုအမြန်မောင်း၍ ဦးတင်မောင်မောင်ကို အကြောင်းသွားကြားတယ်။ ဟိုတုန်းက ဦးတင်မောင်မောင်ဟာ ကုကိ္ကုင်းမှာနေတယ်။ ကျွန်ုပ်သည့် ဦးတင်မောင်မောင်အိမ်ကိုရောက်သည့်အခါ သူ့မိန်းမမောရီ၊ သူ့မရီးမာရီနှင့် ဦးတင်မောင်မောင်တို့ ၃-ဦဟာ မတ်တတ်ရပ်ပြီး ယူကျုံးမရ ဟိုကြည့်ဒီကြည့်နှင့် မျက်လုံးချာလည်ပတ်လည်နေကြသည်။ ကျွန်ုပ်၏ကားဟာ သူတို့၏အိမ်ဝင်းထဲသို့ တအားမောင်းပြီးတော့ဝင်သွားတယ်၊ ကျွန်ုပ်ဟာကားတံခါးကိုအမြန်ဖွင့်ပြီးဆင်းသွားတယ်။ ကျွန်ုပ်၏ ပါးစပ်ကခပ်ကျယ်ကျယ်အော်၍ ““ဦးတင်မောင်မောင်ခယ်မ မေစီဘာမှမဖြစ်ဘူး””လို့ပြောလိုက်သည်။
ဒီတော့မှ သူတို့၃-ဦးဟာ မျက်နှာနည်းနည်းကောင်းသွားကြတယ်။ ကျွန်ုပ်ကလည်း ဒေါက်တာဗဟန် အိမ်ကိုဗုံးကျသည့်အကြောင်း သူတို့ကိုအနည်းအကျဉ်းပြောပြလိုက်တယ်။
ဦးတင်မောင်မောင်က ကျွန်ုပ်ကို ““ယခုဒေါက်တာဗဟန်အိမ်မှာရှိသည့် သူ့ခယ်မမေစီကို သွားခေါ်ချင်တယ်။ ကျွန်တော့်မှာလည်းကားမရှိဘူး။ ဒါကြောင့်ဦးစပ်စုကားကို ခဏငှားပါ။ ဦးစပ်စုရဲ့ ကားဒရိုင်ဘာကိုနောက်မှထိုင်ခိုင်းပြီး၊ ဦးစပ်စုနှင့်ကျွန်တော်ဟာ ကားရှေ့မှထိုင်၍ ကျွန်တော်ကိုယ်တိုင် မောင်းပြီးသွားပါရစေ””လို့ပြောတယ်။ ကျွန်ုပ်ကို ဦးတင်မောင်မောင်ဟာ ပြောဆိုပြီးတာနှင့်တစ်ပြိုင်နက် သူကိုယ်တိုင်ကားကိုတစ်အားမောင်းသွားတယ်။ မော်တော်ကားကို တစ်နာရီ မိုင်၃၀-၄၀-နှုန်းအထိ မောင်းသွားတယ်။ လမ်းကောင်းသည့်နေရာကျလျှင် မိုင် ၅၀-အထိမောင်းတယ်။ လမ်းမှာတွေ့သမျှ ကားမှန်သရွေ့ကိုလည်း ဦးတင်မောင်မောင်ဟာဖြတ်ကျော်၍တက်ခဲ့ပါတယ်။ ဟိုအချိန်အခါတုန်းက မော်တော်ပီကယ်တွေနည်းပေလို့တော်ပါသေးသည်။ မော်တော်ပီကယ်တွေဟာ ယခုခေတ်လို ဟိုတုန်းက များပြားခဲ့ပါလျှင် ကျိန်းသေအဖမ်းခံရမှာသေချာပါသည်။ ဦးတင်မောင်မောင်ဟာ ဒီလောက်အရေးတကြီး ဘာဖြစ်လို့ပြုလုပ်ဆောင်ရွက်တယ်ဆိုတာကတော့ သူ့ခယ်မမေစီကို အင်မတန်မှ ချစ်သည့်စိတ်ဟာ ပြင်းထန်လွန်းအားကြီးလို့ ယခုလိုအရေးတကြီးနှင့်ပြုလုပ်ရခြင်းဖြစ်ပါသည်။
ဟိုတုန်းကမေစီဟာ မသိတတ်သေးသည့်ကလေးအရွယ် ၁၂နှစ် ၁၃နှစ်လောက်ပဲရှိပါသေးသည်။ ယခုတော့အသက်ကြီး၍ လူလားမြောက်လာခဲ့ပြီး နေဗီကစစ်ဗိုလ်တစ်ဦးနှင့်အိမ်ထောင်ကျ၍ စစ်ဗိုလ် ကတော်ကြီးတစ်ဦးဖြစ်နေပါပြီ။ ကျွန်ုပ်ပြုစုရေးသားထားသည့် ဤမှတ်တမ်းစာအုပ်ကို မေစီဟာ သူ၏ခင်ပွန်းနှင့်အတူဖတ်ရှုလိုက်ရသည့်အချိန်မှာ သူ့အမကြီးများဖြစ်သည့် မော်ရီနှင့်မာရီတို့အပြင် သူ့ခဲအိုဦးတင်မောင်မောင်ဟာ သူ့ကိုဘယ်လောက်ချစ်ကြသည်ဆိုတာကိုသိရင် သူတို့ ၃-ဦးကို မေစီဟာ ဒီတစ်သက်မှာဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။ ကျေးဇူးဆပ်လို့လည်း ကုန်တော့မှာ မဟုတ်ပါဘူး။ နောက်ပြီးမေစီဟာ သူ့အမကြီးများဖြစ်သည့် မောရီနှင့်မာရီအပြင် သူ့ခဲအို ဦးတင်မောင်မောင်ကိုပါ ကျွန်ုပ်ရေးသားသည့်ဤစာကိုဖတ်ပြီးသည့်အချိန်ကစပြီးတော့ ယခင်ကထက် ပိုပြီးလေးစားမည်၊ ပိုပြီးကျေးဇူးတင်ရှိလာမှာပါပဲ။
ကျွန်ုပ်ဟာ ဘုရားသိကြားမ၍ ဦးကိုကိုအိမ်နားမှာ ကားပျက်သည့်အတွက်ကြောင့် ဒေါက်တာဗဟန်အိမ်ကို မရောက်မီအဖြစ်အပျက်ဒီအချိန်ကလေးကို ကျွန်ုပ်အဖို့ ဒီတစ်သက်မှာ ယနေ့တိုင် မမေ့နိုင်ပါဘူး၊ အမြဲသတိရလျက်ပါပဲ၊ အကယ်၍ကျွန်ုပ်၏ကားသာ မပျက်ခဲ့ဘူးဆိုလျှင် ဒေါက်တာဗဟန်အိမ်နှင့်ဦးကိုကိုအိမ်ဟာ သိပ်ပြီးတော့မဝေးလှပါ။ အချိန်အနည်းငယ်အတွင်းမှာ ရောက်နိုင်ပါသည်။ ယခုတော့ ကျွန်ုပ်အား ဘုရားသိကြားနတ်ကောင်းနတ်မြတ်များမ၍ ကားပျက်နေသည့်အတွက်ကြောင့် ဒေါက်တာဗဟန်အိမ်ကို အချိန်အနည်းငယ်အတွင်း မရောက်နိုင်ခဲ့ပါ။ သို့အတွက် ကျွန်ုပ်တို့တတွေအဖို့ရော ဒေါက်တာဘဟန်နှင့်တကွ တစ်အိမ်သားလုံးအဖို့ရော ကုသိုလ်ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။
အကယ်၍ကျွန်ုပ်တို့ဟာ ကားမပျက်ပဲ ဒေါက်တာဗဟန်အိမ်သို့ရောက်ရှိသွားခဲ့လျှင် ရန်သူလေယာဉ်ပျံလာပါသော်လည်း ကျွန်ုပ်တို့နှင့်ဒေါက်တာဗဟန်ဟာ ပျော်ပျော်ရွှင်ရွှင်နှင့် စကားပြောဆိုနေကြပြီး ““မကြောက်ပါဘူး၊ မပုန်းပါဘူး””ဆို၍ ကျင်းထဲသို့မည်သူမျှပုန်းကြမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့တတွေနှင့်ဒေါက်တာဘဟန်စကားပြောပြီး၊ ပျော်ပျော်ရွှင်ရွှင်နှင့်ကျင်းထဲ ၀င်မပုန်းမိခဲ့ပါလျှင် ယခုလိုဗုံးတည့်တည့်ကျတာနှင့်တိုး၍ တွေးဝံ့စရာမရှိတော့ပါဘူး။ ယခုတော့ ဒေါက်တာဗဟန်နှင့်တကွ ကျွန်ုပ်တို့တတွေအားလုံးကို ဘုရားမ၍ သေကံမရောက်သက်မပျောက်ခဲ့ကြပါ။ ကျွန်ုပ်တို့၏ကုန်တင်ကားကြီးနှင့် ကျွန်ုပ်စီးလာသည့်ကားကလေးကိုပါ ရန်သူလေယာဉ်ပျံဟာ မြင်လျှင်လည်းဘယ်နည်းနဲ့မှချမ်းသာပေးမှာမဟုတ်ပါဘူး။ ပြန်လှည့်၍ကွေ့လာပြီး စက်သေနတ်ဖြင့် ပစ်ခတ်ဦးမှာပဲ။ ဒီလိုစက်သေနတ်နှင့်ပြန်ကွေ့လှည့်ပတ်ပစ်ရင်လည်း ကျွန်ုပ်တို့တတွေဟာ မသေတောင် အများကြီးဒုက္ခရောက်ကြဦးမှာပါပဲ။
ကျွန်ုပ်ဦးစပ်စုဟာ ပေါင်းတည်အသွား စစ်ကွင်းရေနံပိုက်နားမှာတစ်ခါ၊ ယခုဒေါက်တာဗဟန် အသွားမှာတစ်ခါ၊ သေဖို့ရာနှင့်ကြုံကြိုက်ခဲ့ရတာ ၂-ခါရှိပြီ၊ ကျွန်ုပ်ဟာ သေဖို့ရာနှင့် ကြုံကြိုက်လာ ခဲ့ရပါသော်လည်း သေကံမရောက်သက်မပျောက်ခဲ့ရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်၏စိတ်စေတနာ ကောင်းမှုနှင့် ချစ်ခင်ပေါင်းသင်းဆက်ဆံတတ်မှုဟာ အင်မတန်မှ လူချစ်လူခင်များ၍ ဘုရားသိကြား နတ်ကောင်းနတ်မြတ်များဟာ အမြဲတမ်းလိုက်လံစောင့်ရှောက်မစနေတာပဲလို့ ကျွနု်ပ်၏စိတ်ထဲမှာ အောက်မေ့ယူဆမိပါသည်။ ကျွန်ုပ်ဟာ ဒေါက်တာဗဟန်အိမ်ကို ဗုံးတည့်တည့်ကျသည့်အတွက်ကြောင့် ဟိုပြေးဒီပြေးနှင့်မကန်တော့ရတော့ပဲမိုးချုပ်သွားပါသည်။
ကျွန်ုပ်တို့ကုန်တင်ကားပေါ်မှာယူဆောင်လာသည့်ပစ္စည်းများမှာလည်း ၃ပုံ ၂ပုံလောက် ကျန်ပါသေးသည်။ ကျွန်ုပ်တို့လည်းမိုးချုပ်၍အိမ်ကိုပြန်ရောက်တော့၊ ကုန်တင်ကားကြီးပေါ်မှာ တင်ဆောင်ယူသွားသည့် စားစရာပစ္စည်းဟာ နေကလည်းပူ၊ ဟိုပြေးဒီပြေးအတွက်ကြောင့် တစ်ခုနှင့်တစ်ခု ထိခိုက်ပျက်စီး၍ ၀မ်းဘဲကင်များဟာလည်း အနံ့သိပ်မကောင်းလှတော့ပါ။ ကြက်ဥမုန့်များဟာလည်း ကြေမွပျက်စီးပြီး လမ္မော်သီးများလည်း တစ်လုံးနှင့်တစ်လုံး ထိုခိုက်၍နာပြီး ဟိုလူယူစား ဒီလူယူစားနှင့် အများအပြားပျက်စီးကုန်ပါသည်။ ဒီပျက်စီးကုန်သည့်ပစ္စည်းများဟာလည်း ကျွနု်ပ်တို့နက်ဖြန်သွား၍ ကန်တော့ရန်မကောင်းတော့သည့်အတွက် ကျွန်ုပ်၏တပည့်များကို ဝေငှပေးလိုက်ပါသည်။
နက်ဖြန်ခါသွားကန်တော့ဖို့အတွက် ကျွန်ုပ်ဟာ ဘဲသားကင်၊ ကြက်ဥမုန့်၊ လမ္မော်သီးတို့ကို အသစ်ထပ်မံပြီးမှာရပါတယ်။ မပြီးပြတ်သည့်အတွက် ငွေနှစ်ခါကုန်ရတယ်။ ဒီကိစ္စအကြောင်းရင်းကတော့ ဒေါက်တာဗဟန်အိမ်ကိုဗုံးကျ၍ ဦးတင်မောင်မောင်အိမ်ကိုပြေးလိုက်၊ ဒေါက်တာဗဟန်အိမ်ကိုပြေးလိုက်၊ ကျွန်ုပ်တို့တစ်ခါတည်းနှင့်ကိစ္စပြီးပြတ်ဖို့ဟာ ယခုတော့ဟိုပြေးဒီပြေးလုပ်ရသည့်အတွက်ကြောင့် ငွေလည်း ၂-ခါကုန် လူလည်းအတော်ပင်ပန်းတယ်။ သို့အတွက် ကျွန်ုပ်ကစဉ်းစားတယ်။ ဦးတင်မောင်မောင်ကိုပဲ အလျော်တောင်းရမလား၊ မေစီကိုပဲအလျော်တောင်းရမလားဆိုတာကို ယနေ့ထိ ဆုံးဖြတ်ချက်ချ၍ စဉ်းစားလို့မရသေးပါဘူး။ သို့အတွက် ကျွန်ုပ်၏ဤမှတ်တမ်းကိုဖတ်ရှုသူအပေါင်းတို့ဟာ သူတို့၂-ဦးအား မည်သူ့ကိုအလျော်တောင်းရမည်လဲဆိုတာကို ကျွန်ုပ်အားဝေဖန်ဆုံးဖြတ်ချက် ချပေးကြစေချင်ပါသည်။
ကျွန်ုပ်တို့တတွေဟာလည်း ၁၉၄၅-ခုနှစ် ဖေဖေါ်ဝါရီလ ၁၅-ရက်နေ့မှာ အထက်မှာ ရေးသားဖေါ်ပြပြီးခဲ့သည့်အတိုင်း စားစရာကန်တော့စရာများကိုယူ၍ကုန်တင်ကားကြီးပေါ်ကိုတင်ပြီး မနေ့ကမကန်တော့ရသေးပဲကျန်ရှိခဲ့သည့်လူကြီးများကို သွားကန်တော့ကြပြန်ပါသည်။ ပထမဦးဆုံး သွားတာကတော့ အိမ်တော်သို့ပြောင်းရွှေ့သွားသည့် ဒေါက်တာဗဟန်ကို အကျိုးအကြောင်းသွား မေးတယ်။ အကျိုးအကြောင်းမေးပြီးတော့ ကန်တော့စရာရှိတာများကို ကန်တော့ပြီးပေးလိုက်တယ်။ အိမ်တော်မှ ကားဟာပြန်ထွက်လာပြီးစမ်းချောင်းဘက်ကိုသွားတယ်။ စမ်းချောင်း ရှမ်းလမ်းမှာနေသည့် (ချွေးတပ်ဝန်ကြီး)ဦးထွန်းအောင်ကိုသွားကန်တော့တယ်။ စမ်းချောင်းရှမ်းလမ်းမှ ချိ(ပ်)လမ်းကိုလာတယ်။ ချိ(ပ်)လမ်း ဦးစိန်ဒေါ်ကြည်ကြည်အိမ်ကိုဝင်းပြီးကန်တော့သည်။ နောက်ပြီး ဦးစံလွင်ဒေါ်အေးကြွေ တို့အိမ်၊ (ပြည်ထဲရေးဝန်ကြီး) ဦးဘ၀င်းတို့အိမ်ကိုဝင်ပြီးကန်တော့တယ်။ ပြီးတော့ ပြည်လမ်းကို ပြန်ထွက်လာပြီး၊ ယူနီဗာစီတီအဗင်းနယူးကိုပြန်ဝင်လာတယ်။ ယူနီဗာစီနီအဗင်းနယူးမှ ယခုကမ္ဘာအေးလမ်း အင်းလျားကျွန်းသာယာထဲကိုဝင်လာတယ်။ (ဒုတိယပုလိပ်မင်းကြီး နံပါတ်၁-အဖြူ)ဦးဘအေးကိုသွားပြီးတော့ကန်တော့သည်။ ဒီတုန်းကဦးဘအေးဟာတဲနှင့်နေသည်။ ကျွန်ုပ်တို့သည် ဦးဘအေးကိုကန်တော့ပြီးပြန်လာသည့်အခါ ယခုကမ္ဘာအေးလမ်း တရုပ်အမျိုးသားဆုတောင်းပြည့် ဘုရားကျောင်းတစ်ကျောင်းကို ၀င်ပြီးတော့ကန်တော့ပါသည်။ ဆုလည်းဝင်တောင်းတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ ခေတ္တခဏ၀င်ရောက်အနားဖြေ၍သစ်ပင်ကြီးများ၏အရိပ်အာဝါသအောက်မှာ စားစရာ သောက်စရာများကို ပျော်ပျော်ရွှင်ရွှင်နှင့်စားသောက်ကြပါသည်။
ကျွန်ုပ်ဟာ တရုပ်ဆုတောင်းပြည့်ဘုရားကျောင်းမှာ ရောင်းတဲ့သူတွေထံမှ ဖယောင်းတိုင် အမွှေးတိုင်များကိုဝယ်၍ လက်မှာကိုင်ပြီးကန်တော့၍ ဘုရားကိုလျှောက်တယ်၊ ““တပည့်တော်ဟာ ယခုလိုအပင်ပန်းခံပြီး ငွေကုန်ကြေးကျခံ၍လျှောက်လုပ်နေတာဟာ တပည့်တော်တစ်ယောက်အတွက် မဟုတ်ပါဘူး။ အိန်္ဒိယအမျိုးသား၊ တရုပ်အမျိုးသား၊ မြန်မာအမျိုးသားပေါင်းစုံ တစ်ဦးနှင့်တစ်ဦးဟာ ချစ်ခင်ရင်းနှီးစွာပေါင်းသင်းပြီး၊ အားလုံးကောင်းစားရေးအတွက်ဖြစ်ပါသည်။ ဘုရားသခင်ဟာ တပည့်တော်ကိုကြည့်မနေပါနှင့်။ အမြဲမစတော်မူပါ၊ တပည့်တော်ရဲ့မိခင်၊ ဖခင်ဟာ အသက်လည်း ၇၀-ကျော်ပါပြီ။ တပည့်တော် မတော်တဆများသေဆုံးခဲ့ပါလျှင် မိခင်နှင့်ဖခင်ရူးသွားမတတ် ဖြစ်ပါလိမ့်မည်””လို့ ဘုရားကိုလျှောက်ထားပြီး၊ ကျွန်ုပ်၏စိတ်ထဲမှာ အင်မတန်မှဝမ်းနည်း၍ မျက်လုံးထဲမှ မျက်ရည်အသွယ်သွယ်တို့ဟာ ချုပ်တည်းသိမ်းဆည်းလို့မရတော့ပဲ အလိုလိုတပေါက်ပေါက်ကျလာ ပါတော့တယ်။ ကျွန်ုပ်ဟာ မိဘနှစ်ပါးကိုတွေးတွေးပြီး အင်မတန်မှသနား၍ စိတ်မကောင်းဖြစ်မိပါသည်။
မိဘနှစ်ပါးဟာဟိုတုန်းက ကျွန်ုပ်ပြန်မလာမချင်း ကျွန်ုပ်ကိုပြူတင်းပေါက်မှမျှော်ကြည့်၍ ငါ့သားပြန်မလာသေးဘူးဆိုပြီး ကျွန်ုပ်ပြန်ရောက်ရှိလာသည့်အချိန်အထိ မအိပ်သေးပဲစောင့်မျှော် နေပါတယ်။ ဟိုအချိန်တုန်းက ကျွန်ုပ်ကလည်း ဟိုကိစ္စလည်းပြေးရ၊ ဒီကိစ္စလည်းပြေးရ၊ ကျွန်ုပ်မပါလျှင် မပြီးဘူးဆိုသလိုဖြစ်နေသည်။ ကျွန်ုပ်ဟာ အစည်းအဝေးတွေကနောက်ကျမှပြီးတာကတစ်ကြောင်း၊ မော်တော်ကားဓါတ်ဆီမလုံလောက်၍ ရာဘာဆီနှင့်ရောပြီးမောင်းနေရလို့ လမ်းမှာပျက်နေတာက တစ်ကြောင်း၊ တခါတလေရန်သူလေယာဉ်ပျံလာပြီး ဗုံးချစက်သေနတ်နှင့်ပစ်လို့ မြောင်းထဲဝင်ပြီး ပုန်းနေရ၍ နောက်ကျတာကတစ်ကြောင်း၊ ဤကဲ့သို့အကြောင်းများအပြင် မြောင်းထဲကိုဝင်ပုန်း၍ အနီးအနားကိုဗုံးကျသည့်အခါမှာ ကျွန်ုပ်၏တစ်ကိုယ်လုံးနှင့် အင်္ကျီရော၊ ဘောင်းဘီရော၊ ရွှံ့တွေနှင့် တိရိစ္ဆန်ရုံထဲမှာရှိသည့်ကြံ့ကြီးလို တစ်ကိုယ်လုံးပေကျံပြီး တစ်ခါတလေအိမ်ကိုအချိန်မရှိမှ ပြန်ရောက်လာတယ်။ အဲဒီလိုအချိန်မရှိမှပြန်ရောက်လာသည့်အခါအထိ ကျွန်ုပ်၏မိခင်နှင့်ဖခင်ဟာ မအိပ်နိုင်သေးပဲ ပြူတင်းပေါက်မှမျှော်ပြီးထိုင်စောင့်နေပါသည်။ ကျွန်ုပ်အိမ်ပေါ်ကိုပြန်ရောက်၍ အ၀တ်အစားလဲလှယ်ပြီးအိပ်ယာထဲကိုဝင်တော့မှ မိခင်နှင့်ဖခင်ဟာ ငါ့သားပြန်လာပြီဆိုပြီး စိတ်ချလက်ချနှင့် အိပ်ယာထဲကိုဝင်အိပ်ရှာတယ်။ သို့အတွက်ကျွန်ုပ်ဟာ မိခင်နှင့်ဖခင်ကို သိပ်ပြီး သနားမိပါသည်။ မျက်ရည်လည်း အလိုလိုတစ်ပေါက်ပေါက်ကျလာမိပါသည်။
ကျွန်ုပ်တို့ဟာ တရုပ်ဆုတောင်းပြည့်ဘုရားကျောင်းမှထွက်လာပြီး ကုကိ္ကုင်းဘက်ကို ပြန်လာပါသည်။ ကုကိ္ကုင်းဟာမစ်တစ်လမ်းထဲကိုရောက်တော့ (ချွေးတပ်-ဒုတိယအတွင်းဝန်)ဦးမြင့်ထံကို ၀င်ပြီးကန်တော့တယ်။ ၎င်းထံမှထွက်လာပြီး ရွှေဂုံတိုင်အ၀ိုင်း ညာဘက်ကိုချိုးဝင်ပြီး ဆန်းဦးညွန့်၊ ဒေါ်မြညွန့်ကိုကန်တော့သည်။ ၎င်းတို့နှင့်မျက်နှာချင်းဆိုင်မှာနေသည့် ကျွန်ုပ်၏ကျေးဇူးရှင် ဦးသံဒိုင်၊ မမတင်ထံကို ၀င်၍ကန်တော့ပြီး၊ ၎င်းမှနေ၍ကျောက်မြောင်းဈေးကိုသွားသည်။ ကျောက်မြောင်းဈေး (ယခုကြေးမုံသတင်းစာတိုက်နှင့်မျက်နှာချင်းဆိုင်တိုက်) (ပြည်ထဲရေးဝန်ကြီးအတွင်းဝန်) (I.C.S) ဦးကာစီအိမ်ကို ၀င်၍ကန်တော့သည်။ ဒီတော့ကျွန်ုပ်မှာပြဿနာတစ်ခုပေါ်လာတယ်။
ကျွန်ုပ်ဟာ လင်ပန်းတစ်ခုထဲမှာ ဘဲသားကင်၊ ကြက်ဥမုန့်၊ လဖက်ခြောက်၊ လမ္မော်သီး၊ ဆပ်ပြာ၊ သကြား၊ စီးကရက်နှင့်ကန်တော့စရာအမျိုးစုံတို့ကိုထည့်၍ လင်ပန်းတစ်ချပ်ကိုကိုင်ပြီး ကျွန်ုပ်၏တပည့်တစ်ယောက်က ထိုနည်းတူစားစရာများကိုထည့်ထားသောလင်ပန်းတစ်ချပ်ကို နောက်မှကိုင်၍အပေါ်ထပ်သို့လှေကားမှတက်သွားသောအခါ ဦးကာစီကတော်ကမြင်ပါသော်လည်း တံခါးကိုဖွင့်မပေးပဲ တံခါးအတွင်းမှနေ၍ ““ဒါတွေဘာလုပ်ဖို့လဲ””ဟု ကျွန်ုပ်ကိုမေးပါသည်။
ကျွန်ုပ်ကလည်း ““ဒါတွေဟာ ကျွန်ုပ်တို့၏ထုံးတမ်းစဉ်လာအရ တရုပ်အမျိုးသားနှစ်သစ်ကူး၍ လာပြီးကန်တော့တာပါ””လို့ပြောတော့ ““ကိစ္စမရှိပါဘူး၊ နေပါစေ””ဆိုပြီး ဒီပစ္စည်းတွေကိုမယူပဲ ငြင်းဆန်နေပါသည်။ နောက်ပြီးတော့ ““ဦးကာစီကမှာထားတယ်၊ ဘယ်ပစ္စည်းမှလက်ဆောင်မယူရဘူးလို့ ပြောထားတယ်””။ ဒီအချိန်မှာကျွန်ုပ်ဟာ လင်ပန်းကိုကိုင်ထားသည့်လက်ကလည်းညောင်းပြီ။ သို့အတွက် လင်ပန်းကိုတံခါးဝနားမှာအသာချထားလိုက်တယ်။ ဦးနှောက်လည်းခြောက်လာတယ်။ ဒါနဲ့ကျွန်ုပ်ဟာ လှေခါးမှခပ်မြန်မြန်ဆင်းလာ၍လျှောက်ပြီးကန်တော့သည့်စာရင်းကိုယူလိုက်သည်။
လျှောက်ကန်တော့သည့်စာရင်းကိုယူပြီး ဦးကာစီကတော်ကိုပြလိုက်သည်။ ဒီစာရင်းထဲမှာ ပါသည့်သူတွေဟာ ... ၁- နိုင်ငံတော်အဓိပတိဒေါက်တာဗမော်၊ ၂- စစ်ဝန်ကြီးနှင့်စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း ၃- ဒုတိယ၀န်ကြီးချုပ်သခင်မြ ၄- ပြည်ထဲရေးဝန်ကြီးဦးဘ၀င်း (ဦးကာစီတို့၏ ၀န်ကြီး) ၅- ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပျော်ဖွယ်ဦးမြ၊ ၎င်း၏အတွင်းဝန် (I.C.S) ဦးညွန့်၊ ဦးကာစီတို့ရုံးနှင့်အတူတူတစ်ရုံးထဲပဲ ဦးကာစီအခန်းနှင့်လည်းမျက်နှာချင်းဆိုင်ဖြစ်ပါသည်။ နောက်ပြီး နိုင်ငံခြားရေးဝန်ကြီးသခင်နု၊ (I.C.S) ဦးရွှေဘော်၊ (I.C.S) ဦးပိုင်တို့လည်းပါပါတယ်။ ယခုမင်းကတော်ကို ကန်တော့စရာများပေး၍ကန်တော့ပြီးလျှင် ယခုနီးနီးကပ်ကပ်ဦးထွန်းမြတ်လမ်းမှာ ရှိသည့် (I.C.S) ဦးတင်ကိုသွားပြီးကန်တော့ရမယ်လို့ပြောလိုက်ပါသည်။
ဒီအချိန်တုန်းကကျွန်ုပ်ဟာ စကားပြောအခါအသံကလည်းကျယ်တယ်။ မင်းကတော် နားဝင်အောင်မျက်နှာကလည်းချိုချိုပြုံးပြုံးနှင့် စကားကိုတစ်ခွန်းစီတစ်ခွန်းစီ နားရှင်းအောင် ဖြေရှင်း ပြောပြလိုက်သည့်အခါကျမှ မင်းကတော်ဟာ တစ်အောင့်လောက်စဉ်းစားနေပြီးမှ သဘောပေါက် နားလည်ပြီး ခေါင်းညိတ်၍တံခါးကိုဖွင့်ပေးတော့တယ်။ မင်းကတော်တံခါးဖွင့်ပေးမှ ကျွန်ုပ်တို့ဟာ အိမ်ထဲကိုဝင်ကြရပြီး စားစရာများကို လင်ပန်းထဲမှနေ၍ စားပွဲပေါ်ကို တစ်ခုစီတစ်ခုစီယူပြီးတော့ တင်လိုက်တယ်။ ဒီတော့မှမင်းကတော်ဟာ ကျေးဇူးတင်ပါတယ်လို့ပြောပါသည်။ ကျွန်ုပ်တို့ဟာလည်း ကန်တော့စရာများကို ကန်တော့၍ပေးခဲ့ပြီး ဦးထွန်းမြတ်လမ်းဘက်ကို ထွက်လာပါသည်။
နောက်ပြီး ဦးထွန်းမြတ်လမ်းမှာနေထိုင်သည့် ဆရာဝန်ကြီးဦးမောင်လေး၊ (ပုလိပ်မင်းကြီး) ဦးထွန်းအုံ၊ (I.C.S) ဦးညွန့်၊ (I.C.S) ဦးတင်၊ (မြူနီစပါယ်အင်ဂျင်နီယာ) ဦးလှသွင် ဒေါ်မေမေလှ အိမ်တို့ကို သွားရောက်၍ကန်တော့ပါသည်။
ကျွန်ုပ်ဟာ ဒီမှတ်တမ်းအတ္ထုပ္ပတ္တိကိုရေး၍ ဒီနေရာကိုရောက်လာသောအခါ အင်မတန်မှ စိတ်မကောင်းပြီး အောက်မေ့လွမ်းဆွတ်သတိရမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးလှသွင် ဒေါ်မေမေလှ၊ ဦးအုန်းမောင် ဒေါ်မေမေမြ၊ ယခုလက်ရှိမီးရထားမင်းကြီး ဦးကြည်ဝင်း ဒေါ်မေမေသင်းတို့ ၆-ဦးဟာ ကျွန်ုပ်နှင့်အင်မတန်ချစ်ခင်ရင်းနှီးကြပါသည်။ ယခုအခါမီးရထားမင်းကြီးဦးကြည်ဝင်း တစ်ယောက်ထဲပဲ ကျန်းကျန်းမာမာနှင့်ရှိပါသည်။ ကျန်တဲ့လူ ၅-ဦးဟာ ကွယ်လွန်အနိစ္စရောက်ကုန် ကြပါ၍ လူ့ပြည်မှာမရှိတော့ပါဘူး။ အင်မတန်မှပဲ လွမ်းဆွတ်အောက်မေ့သတိရစရာကောင်းလှပါတယ်။ ကျွန်ုပ်တို့လျှောက်ကန်တော့သည့်အကြောင်းများဟာ ဒီနေရာလောက်ရောက်လျှင် တော်သင့်ပြီလို့ ကျွန်ုပ်ထင်မိပါသည်။
ကျွန်ုပ်သည် နောက်ကို တရုပ်အမျိုးသားနှစ်သစ်ကူးလျှင် လျှောက်မကန်တော့တော့ပဲ ကျွန်ုပ်၏ ဟော်တယ်မှာ လူကြီးလူကောင်းများကိုဖိတ်၍ ကန်တော့ဆုတောင်းပြီးတော့ ထမင်းစားဧည့်ခံပွဲကို ကျင်းပပြုလုပ်တယ်။ ကျွန်ုပ်ဧည့်ခံကျွေးမွေးဖိတ်ကြားပြုစုသူများဟာလည်း အထက်ပါအလားတူ လူကြီးလူကောင်းများသာဖြစ်ကြပါသည်။ ဟိုအချိန်တုန်းက ကုန်စည်ကြီးကြပ်ရေးဟာ ယခုတပ်မတော် ရေချိုငါးစီမံကိန်းနှင့်တူပါသည်။ ယခုကြီးမှူးသည့်သူဟာ ဗိုလ်ကြီးမျိုးတင့်၊ ဗိုလ်ကြီးခင်လှ၊ ဗိုလ်ကြီးကျင်တိတ်၊ ဗိုလ်ကြီးထွန်းအောင်ကျော်တို့ ၄-ဦးဟာ သူတို့၏ခါးထဲမှာ ခြောက်လုံးပြူး ထိုးထားတာကို တစ်ခါမှမတွေ့မြင်ရသေးပါဘူး။

No comments:

Post a Comment