Thursday, September 9, 2010

ပြည်တွင်းငြိမ်းချမ်းရေး


ပြည်တွင်းငြိမ်းချမ်းရေး

          ဇွန်လ ၁၁-ရက်နေ့ညပိုင်း ဗမာ့အသံရေဒီယိုမှ တော်လှန်ရေးကောင်စီ၏ ပြည်တွင်းငြိမ်းချမ်းရေး ကမ်းလှမ်းချက် ကြေညာသံကို ကြားလိုက်ရသည်။ ကျွန်ုပ်စိတ်ဆန္ဒအတွင်းဝယ် လွန်စွာမှ နှစ်ထောင်းအားရ ဖြစ်သွားမိသည်။
          စဉ်းစားမိ၏။ သည့်ရင်က နိုင်ငံရေးအစိုးရလက်ထက်တွင် တောတွင်းရှိအဖွဲ့အစည်းများကို ဖိတ်ခေါ်ဖူးသည်။ ထိုစဉ်က အစိုးရသည် လက်နက်ချပြီးအလင်းဝင်ရေးသာ အဓိကထား၏။ ယခုတော်လှန်ရေး ကောင်စီအစိုးရက ကမ်းလှမ်းသကဲ့သို့ တွေ့ဆုံဆွေးနွေးရေးမပါခဲ့ပေ။ ဤတစ်ချက်တည်းနှင့်ပင်လျှင် နိုင်ငံရေး အစိုးရနှင့်တော်လှန်ရေးအစိုးရသည် ကွာခြားနေလေသည်။
          ကျွန်ုပ်နှလုံးသားဝယ်ရှိသော သစ္စာဆန္ဒကို သတင်းထောက်များကိုဖိတ်ခေါ်ပြီး ရှင်းပြမည်ဟု ရည်ရွယ်သည်။ သတင်းစာထက် အသံလွှင့်ခြင်းကပိုပြီးကျယ်ပြန်လိမ့်မည်ဟုယူဆသည်။
          ထို့ကြောင့် .....
          ၁၅-ရက်နေ့ နေ့လည်ဆယ့်တစ်နာရီတွင် ပြည်လမ်းရှိအသံလွှင့်ရုံသစ်ကြီးသို့ ကျွန်ုပ်သွားသည်။ ဤအသံလွှင့်ဌာနသို့ တစ်ခါမျှမရောက်ဖူးပေ။ အသံလွှင့်ရုံသို့ရောက်သောအခါ ဗမာပိုင်းအစီအစဉ်ရေးမှူး ဦးသန်းမြင့်နှင့်တွေ့လေသည်။ သူက ကျွန်ုပ်ကိုတွေ့လျှင်တွေ့ချင်း ရင်းရင်းနှီးနှီးဆက်ဆံသည်။ ကာဖီခေါ်တိုက်၊ စီးကရက်တည်လေသည်။
          ကျွန်ုပ်က ၁၉၅၉-ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်ကထုတ်ဝေခဲ့သော ဦးစပ်စု၏ထူးတဲ့စပ်စု (ပထမတွဲ)တစ်အုပ်နှင့် ၁၉၆၃-ခုနှစ်ထုတ်ဝေသော ၇၅-နှစ်အကြား၊ ၄၉-နှစ်အမြင် (ဗမာပြည်)စာအုပ် တစ်အုပ်ကို မေတ္တာလက်ဆောင်ပေးလိုက်သည်။
          ဦးသန်းမြင့်က ကျွန်ုပ်အားပြော၏။
          ““တော်လှန်ရေးကောင်စီရဲ့ ကမ်းလှမ်းချက်ကိုဘယ်လိုထင်သလဲ””
          ကျွန်ုပ် ...
          ““ဒါမျိုး တစ်ခါမျှ မကြုံသေးပါဘူး။ ဒီတစ်ခါ တော်လှန်ရေးကောင်စီက ကမ်းလှမ်းတာက တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော့်အထင်ကတော့ ဒီတစ်ကြိမ် အောင်မြင်မှာပဲ””
          တဖန် ဦးသန်းမြင့်က ဆက်၍ ...
          ““တောတွင်းမှာရှိတဲ့ သခင်သန်းထွန်း၊ သခင်ချစ်၊ ဗိုလ်ဇေယျတို့တစ်တွေဟာ ဂျပန်ခေတ်က ဗိုလ်အောင်ဆန်းနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့တဲ့သူတွေပဲ၊ ဦးစပ်စုအကြောင်းကို ကောင်းကောင်းသိတယ်””
          ““ဦးသန်းမြင့်သိတဲ့အတိုင်းပဲ ဂျပန်ခေတ်တုန်းက ဒီလူစုတွေပဲ အတူလက်တွဲပြီး လွတ်လပ်ရေးကို တည်ဆောက်လာခဲ့ကြတာ ... ခုတစ်ကြိမ်လည်း ပြည်တွင်းငြိမ်းချမ်းရေးရအောင် ၀ိုင်းဝန်းကူညီပြီးတည်ဆောက်ဖို့ အဆင်သင့်ပါပဲ””
          ကျွန်ုပ်တို့နှစ်ဦးသား အချီအချစကားကောင်းနေစဉ် ဦးချင်းစိန်ရောက်လာသည်။ ဦးချင်းစိန်သည် မြ၀တီမဂ္ဂဇင်းအယ်ဒီတာဟောင်း (စာရေးဆရာမောင်ကြည်ရှင်)ဖြစ်သည်။ ယခု ဗမာ့အသံ စာအုပ်စင် ဝေဖန်ခန်း၌ အမှုထမ်းနေသူဖြစ်သည်။ သူက ကျွန်ုပ်ကိုတွေ့လျှင်တွေ့ချင်း လက်ဆွဲနှုတ်ဆက်ကာ ..
          ““အရင်က မြ၀တီမဂ္ဂဇင်းမှာ အလုပ်လုပ်ဖူးတယ်။ ဦးရန်အောင်ရဲ့ တပည့်ဖြစ်ပါတယ်။ ဦးစပ်စု ထုတ်တဲ့စာအုပ်တွေ ဖတ်ဖူးပါတယ်””ဟူ၍ပြော၏။
          ဦးသန်းမြင့်က ...
          ““ကောင်းပြီ .. ဦးချင်းစိန်နဲ့ စကားပြောနေပါ။ ဦးစပ်စုနဲ့ အမေးအဖြေပြောဖို့ သွားစီစဉ်ပါ့မယ်။ နောက်ဆယ်မိနစ်လောက်ကြာမှ အသံသွင်းပါမယ်””
          သို့ကလိုပြောပြီး ဦးသန်းမြင့်သည် ကျွန်ုပ်တို့အနားမှ ထွက်ခွာသွားသည်။
          ဆယ့်ငါးမိနစ်ခန့်သာကြာပေမည်။
          ကျွန်ုပ်ကို အသံဖမ်းသောအခန်းထဲသို့ ခေါ်သွားသည်။ ဤအခန်းကို မှန်များဖြင့်ကာရံထားသည်။ နားကျပ်တပ်ထားသောလူတစ်ယောက်ကို မြင်တွေ့ရသည်။ သူက အလုံးစုံစီစဉ်ပြီးနေ၍ လက်ယပ်ပြကာ အချက်ပေးလိုက်စဉ် ...
          ဦးသန်းမြင့်ကစပြီး ...
          ““အခုကြွရောက်လာတဲ့လူကတော့ ထူးခြားတဲ့ပုဂိ္ဂုလ်တစ်ဦး ..  ဒီထူးခြားတဲ့ပုဂိ္ဂုလ်က တခြားလူမဟုတ် ဘူး။ ဦးစပ်စုပါ။ ဒီလူဟာ တော်လှန်ရေး လွတ်လပ်ရေးတလျှောက် ခေါင်းဆောင်ပိုင်းနဲ့အတူတူ လွတ်လပ်ရေးကို ၀ိုင်းဝန်းကူညီပြီး တည်ဆောက်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၆၃-ခု၊ ဇွန်လ ၁၁-ရက်နေ့ တော်လှန်ရေး ကောင်စီက တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာကို ဦးစပ်စု ဘယ်လို သဘောရပါသလဲ””
          ကျွန်ုပ်။  ။ ““အင်မတန်သဘောကျပါတယ်။ ဒါမျိုးတစ်ခါမှမကြုံဖူးပါဘူး။ ဒီအသံလွှင့်ဌာနလည်း တစ်ခါမှ မလာခဲ့ဖူးပါဘူး။ လွန်ခဲ့တဲ့နိုင်ငံရေးအစိုးရက လက်နက်ချအလင်းဝင်ပါ၊ အခုထူးခြားချက်ကတော့ တော်လှန်ရေးကောင်စီက တွေ့ဆုံဆွေးနွေးဖို့၊ ကျွန်တော်ယူဆတာက ဒီတစ်ခါ မုချအောင်မြင်မှာပဲ၊ ကျွန်တော်တို့ ဗမာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးရမှ တိုင်းပြည်ကြီးပွားတိုးတက်နိုင်မယ်””
          ဦးသန်းမြင့်။  ။ တောထဲမှာရှိတဲ့ခေါင်းဆောင်တွေကို ဦးစပ်စု အောင့်မေ့သလား””
          ကျွန်ုပ်။ ။ ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းဟာ  ဂျပန်ခေတ်တစ်ခေတ်လုံး ကျွန်တော်နဲ့ အတူတူစားပြီး အတူတူသောက်တဲ့လူ၊ ကုကိ္ကုင်းလမ်း (အခုကမ္ဘာအေးလမ်းမှာ) သခင်မြနေတဲ့အိမ် ဗုံးကျတယ်။ ဂိုးဒင်းဘယ်လီကိုပြောင်းသွားတယ်။ သခင်သန်းထွန်းလည်း ဂိုးဒင်းဘယ်လီ အိမ်နံပါတ် (၅၆) မှာနေတယ်။ သခင်မြအိမ်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတယ်။ ကျွန်တော် သခင်မြအိမ်သွားတဲ့အခါမှာ သခင်သန်းထွန်း အိမ်ကိုလည်းဝင်တယ်။ သခင်မြကို ဂျပန်ခေတ်မှာ ရှားပါးတဲ့ပစ္စည်းလေးတွေကိုရှာပြီး လက်ဆောင်ပေးတဲ့ အခါမှာ သခင်သန်းထွန်းကိုလည်း ပေးခဲ့ပါတယ်။ နောက် ထမင်းကျွေးတဲ့အခါမှာ သခင်မြလာရင် သခင်သန်းထွန်းပါ ပါလာတယ်။ နောက်တစ်ခါ အိုရီယင့်ကလပ် မြို့တော်ခန်းမမှာ ထမင်းကျွေးပါတယ်။ သူတစ်ယောက်တည်းသာမက သူ၏ဇနီးဒေါ်ခင်ကြီးလည်း ပါလာပါတယ်။ သခင်သန်းထွန်းဟာ ဂျပန်ခေတ်မှာ ကုန်စည်ကြီးကြပ်ရေးဝန်ကြီး၊ ဟိုစဉ်က ကျွန်တော် လန်ထောင်ဟော်တယ်ဖွင့်ထားပါတယ်။ ကျွန်တော့် ဟောတယ်မယ် မသောင်း၊ ဆရာမမခင်ရွှေ၊ ကုလားမ ချိုင်းဟုံ ဒီသုံးယောက်ဟာ အလွန်နာမည်ကျော်ကြား ပါတယ်။ ဟော်တယ်မယ်မသောင်းနဲ့ သခင်သန်းထွန်းဟာ အလွန်ချစ်ခင်ကြပါတယ်။
          ဂျပန်တော်လှန်ရေးနီးကပ်ချိန်မှာ သခင်တင်၊ သခင်စံဝေနဲ့ ဂျပန်ကင်ပေတိုင် ကာနယ်ကူးမဲ တပည့်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဟော်တယ်မယ်အမျိုးသမီးတွေအတွက် စကားများကြပြီး ခြောက်လုံးပြူးနဲ့ ပစ်ခတ်ကြတယ်။ ကံကောင်းထောက်မလို့ ကျွန်တော်ဟာ အလယ်မှာဝင်ပြီး ဖြေရှင်းပေး နိုင်ခဲ့လို့၊ မဖြေရှင်းနိုင်ခဲ့ရင် ဂျပန်တော်လှန်ရေးဟာ ရေထဲမှာမျောသွားနိုင်တယ်။ နောက် ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သခင်ချစ်ဟာလည်း ကျွန်တော်နဲ့ တော်တော်နီးစပ်ခဲ့တယ်။။ နောက်တစ်ခါ ဗိုလ်ဇေယျဟာလည်း ဗြန်ဟတ်ဘွေအသင်းကြီးက ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မတီ ခန့်အပ်တဲ့အကြောင်း ခန့်စာကို ကျွန်တော်ကယူသွားပြီး ဦးဝိစာရ စစ်ဝန်ကြီးရုံး၊ ဟိုစဉ်က စစ်ဝန်ကြီးဗိုလ်အောင်ဆန်းကတစ်ခန်း၊ ဗိုလ်ဇေယျကတစ်ခန်း၊ ဗိုလ်ဇေယျရဲ့ပီအေက ဗိုလ်မှူးကြီးထွန်းစိန် (အိမ်စောင့်အစိုးရလက်ထက်က မြူနီစပါယ် မင်းကြီးဖြစ်ဖူးသူ) ဗိုလ်မှူးထွန်းစိန်က ကျွန်တော့်ကိုခေါ်သွားပြီး ဗိုလ်ဇေယျနဲ့တွေ့ပေးတယ်။ ကျွန်တော်လည်း ဗြန်ဟတ်ဘွေအသင်းကြီးမှ ခန့်အပ်စာကိုပြလိုက်တော့ ဗိုလ်ဇေယျကကြည့်ပြီး သူ့စာအုပ်ထဲမှာ ရေးမှတ် ထားလိုက်ပါတယ်။ နောက်ပြီးမှ ဗိုလ်ဇေယျက ကလကာအပြာကိုလည်းဖွင့်လိုက်ပါရော ဗိုလ်အောင်ဆန်းရဲ့ ပီအေ ဗိုလ်မင်းခေါင်ကိုတွေ့ရပါတယ်။ ပြီးမှ ဗိုလ်အောင်ဆန်းနဲ့တွေ့ရပါတယ်။ ဗိုလ်အောင်ဆန်းက တွေ့လျှင်တွေ့ချင်း ကျွန်တော့်အားအလွန်ကျေးဇူးတင်ကြောင်းပြောပါတယ်။
          နောက်မကြာခင် ဦးဝိစာရရုံးက ဗမာ့တပ်မတော်ရန်ပုံငွေကောက်ခံဖို့ မြို့လုံးကျွတ်အစည်းအဝေး ခေါ်တယ်။ ဒီအစည်းအဝေးတက်ကြတဲ့သူတွေထဲမှာ အမျိုးသမီးက တော်တော်များပါတယ်။ ကျွန်တော်လည်း စကားပြောခွင့်ရလို့ တရုပ်သုံးပြည်ထောင်ရာဇ၀င်ထဲမှ မိဖုရားနဲ့ စစ်ဗိုလ်ကြီးအကြောင်းကို ပြောပြတယ်။ အဓိပ္ပါယ်ကတော့ အမျိုးသမီးများဟာ တိုင်းပြည်ကိုချစ်ရင် ကူညီကြပါဆိုတဲ့သဘောပဲ။ ဒီတစ်ကြိမ် ရန်ပုံငွေ အတော်ရပါတယ်။
          မြင့်။  ။ ““ဦးစပ်စုကတောတွင်းထဲကခေါင်းဆောင်တွေကို အောင့်မေ့သလား””
          ကျွန်ုပ်။  ။ ““အောင့်မေ့တယ်။ တောတွင်းထဲမှာရှိတဲ့ခေါင်းဆောင်တွေဟာ နောက်လိုက်လူတွေနဲ့ လက်တွဲပြီးပြန်လာကြပါ။ ကျွန်တော်လည်း အခု ၆၂-နှစ်ရှိပါပြီ။ ဒီတစ်ကြိမ်မတွေ့လိုက်ရရင် နောက်နောင်ကို တွေ့နိုင်တော့မှာ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ ၁၉၅၉-ခုနှစ်က၊ ဦးသန်းမြင့်ကိုပေးတဲ့ ဦးစပ်စု၏ထူးတဲ့စပ်စု စာမျက်နှာ (၆၉)မှာ တောတွင်းကထိပ်သီးခေါင်းဆောင်သခင်သန်းထွန်းနဲ့ ဗိုလ်ဇေယျတို့ဟာ ကျွန်တော်နဲ့ ဘယ်လိုဆက်ဆံတယ်ဆိုတာကို ရေးထားပါတယ်””
          ပြောသောစကားသံမှာ မူ မမှန်တော့၊ ၀မ်းနည်းသံပါနေသည်။ မျက်လုံးအစုံမှာလည်း မျက်ရည်များ ၀ိုင်းနေသည်။ ကျွန်ုပ်သည် နောက်ထပ်စကားပြော၍မရတော့ပေ။ အချိန်ကလည်း စေ့သွားလေပြီ။
          သည့်နောက်ပိုင်းတွင်မူ ကျွန်ုပ်သည် ကိုယ့်နေအိမ်သို့ပြန်လာ၏။ လမ်းတလျှောက်လုံးဝယ် ကျွန်ုပ် တွေးမိသည်မှာ
          ““ပျားရည်တစ်စက်ကြောင့် ဗာရာဏသီပြည်ကြီးပျက်ခဲ့ရသည်။ မင်း “၇” ပါးဆုံကြရာဝယ် စားသောက် ဆွေးနွေးကြရာတွင် မင်းတစ်ပါးခြေပေါ်သို့ ပျားရည်တစ်စက်ကျ၍ပုရွက်ဆိတ်တက်သဖြင့် ခြေယားကာ ခြေထောက်ဆောင့်မိရာဝယ် တပည့်က အချက်ပြသည်ထင်ပြီး ၀ိုင်း၊ ထိုး၊ ခုတ်ကြရာ ဗာရာဏသီပြည်ကြီး ပျက်စီးခဲ့ရသည်။
          ထို့ကြောင့် ““သံသယသည် ဘယ်အခါမှ ကြိုတင်မရှိသင့်ချေ၊ သံသယကင်းလျှင် ငြိမ်းချမ်းရေး အောင်မြင်မည်...””
          ဤအကြောင်းကိုသာ ကျွန်ုပ်အတွေးသံသရာဝယ် ချားရဟတ်လည်ပြီး လာခဲ့လေတော့သည်။ ။


ဦးစပ်စု
၁၅-၆-၆၃

No comments:

Post a Comment