Thursday, September 9, 2010

ညီညွတ်ရေးထမင်းစားပွဲကြီး

ညီညွတ်ရေးထမင်းစားပွဲကြီး

          ကျွန်ုပ်သည် အပေါင်းအသင်းကျယ်ပြန့်သူပီပီ ကိုယ့်မိတ်ဆွေများစုစည်း၍ ““အမျိုးသားစည်းလုံး ညီညွတ်ရေးထမင်းစားပွဲကြီး”” တစ်ခုပြုလုပ်လိုသည်မှာ ကြာပြီဖြစ်၏။
၁၉၅၂-ခုနှစ် ဇူလိုင်လ ၈-ရက်နေ့ ညခုနှစ်နာရီတွင်ကား ကျွန်ုပ်၏ဆန္ဒအာသီသသည် ဖြစ်မြောက် သွားတော့သည်။ ဤနေ့ ဤအချိန်တွင်ကား ကျွန်ုပ်၏နေအိမ် မဟာဗန္ဒုလလမ်း အမှတ် ၇၄၆-တွင် ထမင်းစားပွဲကြီးတစ်ခုပြုလုပ်၍ ကိုယ့်မိတ်ဆွေများအား ကျွေးမွေးနိုင်ခဲ့ပေသည်။
         
ကျွန်ုပ်၏ထမင်းစားပွဲကြီးသို့ တက်ရောက်သူများမှာ ....
          ဗမာအမျိုးသားများ။   ။ ဆာဦးသွင်၊ တရားသူကြီးဦးသိန်းမောင်၊ တရားသူကြီးဦးစံမောင်၊ သံအမတ်ကြီးဦးဝင်းနှင့် ဇနီးဒေါ်မြမြ၀င်း၊ မြို့တော်ဝန်ဦးထွန်းတင်၊ ပျော်ဘွယ်ဦးမြ၊ ဗမာကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌဦးမြရင်နှင့် ဇနီးဒေါ်ခင်ထွေး၊ ဦးမောင်မောင်နှင့် ဇနီးဒေါ်သန့်၊ ဦးသံဒိုင်နှင့် ဇနီးမမတင်၊ ဦးရွှေတင်နှင့် ဇနီးဒေါ်ကြည်ကြည်ဒိုင်၊ ဦးဘသွင်နှင့် ဇနီးဒေါ်ညွန့်စိန်၊ မြန်မာ့အလင်းဦးမောင်ကြီးနှင့် ဇနီးဒေါ်ခင်လေး၊ မြန်မာ့အလင်းဦးခင်မောင်၊ ဦးမြင့်ထူး၊ (ကွယ်လွန်သူ) စိန်ဘရားသားဦးထွန်းစိန်၊ မြို့မကျောင်းဆရာကြီး ဦးဘလွင်၊ ဦးညွန့်တင်နှင့် ဒေါ်တင်ကြည်။
          ရှမ်းအမျိုးသားများ။   ။ ကွယ်လွန်သူ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာဒေ၀ီ စ၀်အင်ခမ်း၊ ဒုတိယဇနီး ဒေါ်ညွန့်မေ၊ သမီးတော်စ၀်စန္ဒာ၊ ကွယ်လွန်သူ သိန္ဒီစော်ဘွား စ၀်အောင်ဖ၊ စကားစော်ဘွားကြီး စ၀်ခွန်ကြည်၊ တောင်ပိုင်းစော်ဘွား ခွန်ပန်းစိန်၊ ကိုးကန်းစော်ဘွား ရန်ကျင်းဆိုင်၊ ရန်ကျင်းစိန် (ညီအစ်ကိုနှစ်ယောက်)၊ မိုးနဲစော်ဘွားစ၀်ပိ၊ သမခန်းစော်ဘွားစ၀်ထွန်းအေး၊ ဦးခင်မောင်ဖြူ၊ ပင်လုံဒေါ်နုရင်၊ ပင်လုံဒေါ်ကြည်ကြည်။
          ကချင်အမျိုးသားများ။   ။ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဒူးဝါးဇော်ရစ်။
          ချင်းအမျိုးသားများ။   ။ ဦးဝမ်းကော်ဟော(ယခုလက်ရှိ ပြင်သစ် သံအမတ်ကြီး)
ကရင် အမျိုးသားများ။            ။ ဦးဝင်းမောင်(သမ္မတဟောင်း)၊ ဦးစိန်မောင်၊ စောဘသန်း။
          ကယားအမျိုးသားများ။   ။ စ၀်ဝဏ္ဏ၊ ဦးစိန်။
          ရခိုင်အမျိုးသားများ။   ။ ဦးကျော်မင်း(I.C.S)နှင့် ဇနီးဒေါ်စိန်ဇာ၊ ဦးစောထွန်း၊ စသုံးလုံး တရားသူကြီး ဦးထွန်းညို၊ ဦးမြဦး၊ ဦးသာထွန်းအောင်၊ ဒေါ်ဏီ။
          တရုပ်အမျိုးသားများ။   ။ သူဌေးဦးကေဘာကြီး၊ ဦးအီခွက်၊ ဦးထွန်းတင်၊ ဗွီစီးကရက်ကုမ္ပဏီ သူဌေး ကျန်ကိဝှါး၊ ကျန်ကိအင်း (ညီအစ်ကိုနှစ်ယောက်)၊ တရုပ်ကောင်စစ်ဝန်ချုပ်အတိုင်ပင်ခံ လိဖိန်၊ တရုပ်ပြည် ဘဏ်မန်နေဂျာ Y.F.Wu ၊ လင်စေ့ကီ။ ဦးခွေးကြီး။
ဤလူကြီးလူကောင်းများ ကြွရောက်အားပေးကြသည်။ ကျွန်ုပ်မိတ်ဆွေ လူမျိုးအသီးသီး ခေါင်းဆောင် များကလည်း အမျိုးသားစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်ရေးစကားများ မြွက်ကြားပြောဆိုကြလေသည်။ ပြီးနောက်မှ ထမင်းစားကြလေသည်။
          နောက်ဆုံး ဟင်းတစ်ခွက်တည်းအကျန်တွင် ကြွရောက်လာကြသော ဧည့်သည်တော်များသည် ထိုင်ရာမှ မတ်တပ်ထ၍ ““အမျိုးသားစည်းလုံးညီညွတ်ရေး အဓွန့်ရှည်ပါစေ၊ ပြည်ထောင်စုကြီးတည်မြဲပါစေ”” ဟူပြီး ဆုမွန်ကောင်းတောင်းကြကာ ခွက်ထဲရှိအရက်များကို တစ်ကျိုက်တည်းနှင့် အကုန်သောက်လိုက်ကြ လေသည်။
          ယင်းသို့ အမျိုးသားစည်းလုံးညီညွတ်ရေး ထမင်းစားပွဲကြီးပြုလုပ်လိုက်ရ၍ ကျွန်ုပ်အဖို့များစွာ နှစ်ထောင်းအားရဖြစ်မိလေသည်။ အနှစ်နှစ်အလလက ကြံရွယ်၍လာခဲ့သော လုပ်ငန်းတစ်ရပ် ထမြောက် အောင်မြင်သွားသဖြင့် ကျွန်ုပ်အဖို့ ဆုတောင်းပြည့်သည်ဟု ဆိုရချေမည်။

No comments:

Post a Comment