Tuesday, September 7, 2010

တရုပ်ပုံပြင်မှဟိုင်စင်

တရုပ်ပုံပြင်မှဟိုင်စင်

ယခုတဖန် သည်းခံ၍ အနိုင်ရမှုဆိုသည့် တရုပ်ရာဇ၀င်ပုံပြင်ကလေးတစ်ခုကို ရှင်းလင်းတင်ပြ ဥပမာပေး ပြော၍ ရေးသားပါရစေဦး၊ စာရှုသူ.. ဒီရာဇ၀င်တရုပ်ပုံပြင်ကလေးကတော့..
လွန်ခဲ့သည့် အနှစ် ၂၄၀၀-လောက်က မြို့တစ်မြို့မှာ ပွဲတစ်ခုကျင်းပကပြတယ်။ လူပေါင်း များစွာလာကြည့်ကြတယ်။ ဒီလိုလာကြည့်ကြသည့်လူတွေထဲမှာ လူတစ်ယောက်၏နာမည်က ဟိုင်စင် လို့ခေါ်တယ်။ သူဟာ ပိန်ပိန်ပါးပါး၊ လူကလည်းခပ်ပျော့ပျော့၊ လမ်းလျှောက်သည့်အခါမှာလည်း ဟိုယိုင်ဒီယိုင်ဖြစ်နေသည့်အတွက်ကြောင့် ဒီလိုလူစားမျိုးဟာ ကြက်တစ်ကောင်တောင်နိုင်မှာ မဟုတ်ပါဘူးလို့ ရွာသူရွာသားအများအပြားဟာ ကဲ့ရဲ့ပြောဆိုကြတယ်။ ပွဲကိုလာကြည့်ကြသည့်
သူတွေထဲမှာလည်း အားကလည်းကောင်း၊ အရွယ်လည်းကောင်း၊ ဗလကလည်းကောင်းသည့် လူမိုက်တစ်ဦးဟာပါဝင်နေသည်။ ဒီလူမိုက်ဟာ ဟိုင်စင်ကိုသွားပြီးတော့တွေ့တဲ့အခါ ဆဲလည်းဆဲတယ်၊ စော်လည်းစော်ကားတယ်။ အဲဒီလို လူမိုက်ဟာ ဟိုင်စင်ကိုစော်ကားဆဲဆိုနေသည့်အချိန်မှာ သူတို့နှစ်ယောက်ကို လူပေါင်းများစွာကလာပြီးတော့ဝိုင်းရံပြီးကြည့်ရှုနေကြတယ်။

ဒီလူမိုက်ကပြောတယ်၊ ““ဟိုင်စင်... မင်းပြန်ချင်လျှင် ငါဘယ်နည်းနဲ့မှပြန်မလွှတ်နိုင်ဘူး၊ မင်းဟာ သတ္တိရှိလျှင် ငါနှင့်ထိုးရမည်၊ ငါ့ကိုနိုင်အောင်ထိုးနိုင်လျှင် မင်းပြန်ရမယ်””

အဲဒီတော့ဟိုင်စင်ကပြောတယ်။ ““ခင်ဗျားတစ်ချက်ထိုးလျှင် ကျွန်ုပ်ဟာ လဲ၍သေသွားမှာပါပဲ၊ ကျွန်ုပ်ဟာ ခင်ဗျားကိုရှုံးပြီးသားပါ””လို့ လူမိုက်ကို အသနားခံပြီးတောင်းပန်၍ ““ကျွန်ုပ်ကိုလွှတ်ပါ””လို့ ပြောရှာတယ်။ လူမိုက်ကလည်းဟိုင်စင်ကိုမလွှတ်ဘူး။ နောက်ပြီးဟိုင်စင်ကလည်း ရှိခိုးဒူးထောက်၍ တောင်းပန်ပြန်တယ်။ ဒီတုန်းက လူမိုက်ဟာလည်း ခြေထောက်နှစ်ခုကိုဖက်ထားတယ်။ မင်းပြန်ချင်လျှင် ငါ့ရဲ့ခြေထောက်အောက်ကငုံ့ပြီးတော့ပြန်တော့လို့ လူမိုက်ကပြောလိုက်တယ်။

ဒီဟိုင်စင်ဟာ ဘယ်လောက်အထိသည်းခံနိုင်သလဲဆိုလျှင် လူပေါင်းများစွာဝိုင်းအုံ ကြည့်ရှုလျက်ရှိသည့်လူအုပ်ကြီးကို မရှက်မကြောက်ပဲ လူမိုက်ပြောသည့်အတိုင်း ခြေထောက်အောက်က ငုံ့ပြီးထွက်သွားတယ်။

““လူမိုက်က များပြားလှတဲ့ထောင်ပေါင်းများစွာလူတွေထဲမှာ ခေါ်ပြီးတော့ ငါ့ကိုအရှက်ခွဲတယ်၊ အဲဒီအချိန်တုန်းက ငါဟာသည်းမခံပဲ လူကြားထဲမှာ လူမိုက်ဟာ ငါ့ကိုအရှက်ခွဲရမလားဆိုပြီး၊ လူမိုက်ကိုပြိုင်သတ်ရင် ငါဟာသေဖို့ပဲရှိမှာပါပဲ၊ ငါဟာ အခုသည်းခံ၍နေခဲ့၍ အသက်မသေတာပဲ””လို့ သူ့စိတ်ထဲမှာယူဆအောက်မေ့မိတယ်။

ဒါနဲ့ဟိုင်စင်ဟာ သူ့ဟာသူစဉ်းစားတယ်။ ““ငါ့ကို လူမိုက်ကလည်း ထောင်ပေါင်းများစွာ လူကြားထဲမှာအရှက်ခွဲတယ်။ ရွာသူရွာသားများဟာလည်း ငါ့ကို ကြက်တစ်ကောင်တောင်မနိုင်ဘူးလို့ မမြဲကဲ့ရဲ့နောက်ပြောင်ပြောဆိုကြတယ်””။

အဲဒီလိုဟိုင်စင်ဟာ သူ့ကိုယ်သူစဉ်းစားပြီးသည့်အချိန်ကစပြီး တရုပ်ရာဇ၀င်တွင် နာမည်ကျော်ကြားသည့် စစ်သူကြီးစွန်ဘွန်စူးရေးသားထားသည့် ၁၃စောင်ရှိသော ဥပဒေကျမ်းစာအုပ်များကို နေ့စဉ်ညစဉ်အချိန်မရွေး အမြဲမှတ်သားလေ့လာတယ်။ နေ့ညအချိန်မရွေး မှတ်သားလေ့လာလို့ ဟိုင်စင်ဟာ ၁၀-နှစ်လောက်အတွင်းမှာပဲ အကုန်လုံးကို သဘောပေါက် နားလည်သွားတယ်။ စစ်သူကြီးစွန်ဘွန်စူးရေးသားထားသည့် ဥပဒေကျမ်းစာအုပ်ကြီးများကို ဟိုင်စင်ဟာ သဘောပေါက်နားလည်ပြီးသည့်အခါမှာ အင်မတန်ကြီးကျယ်လှသည့်စစ်ပွဲကြီးတစ်ခုဟာ ပေါ်ပေါက်လာတယ်။

ဒီစစ်ပွဲမှာ ရှင်ဘုရင်ကိုယ်တိုင် သူ့ဟာသူစစ်သေနာပတိချုပ်လုပ်တယ်။ ဒီရှင်ဘုရင်နာမည်ကတော့ “ချောဘအုံ”လို့ခေါ်သည်။ ဒီရှင်ဘုရင်ဟာ တရုပ်ပြည်တစ်ပြည်လုံးမှာ အင်မတန်မှအင်အားကြီးတယ်။ ဘယ်ရှင်ဘုရင်မှသူ့ကို စစ်တိုက်လို့မနိုင်ဘူး။ ဒီဘုရင်ကိုစစ်ပြိုင်တိုက်၍ရှုံးသည့်ဘုရင်များက ““ဒီရှင်ဘုရင် ချောဘအုံ၏စစ်အင်အားဟာ တောင်ကြီးတစ်တောင်လုံးကိုတောင် လှည့်ပတ်ပစ်နိုင်ပါတယ်””လို့ ပြောဆိုနေကြတယ်။ အခြားနိုင်ငံများကိုတိုက်ခိုက်ပြီး အနိုင်ရရှိလာတာကလည်းအများကြီးရှိပါသည်။

ယခုလည်းဟိုင်စင်တို့နေထိုင်သည့်တိုင်းပြည်ကို တိုက်ခိုက်စပြုနေပါပြီ။ ဟိုင်စင်နေထိုင်သည့် တိုင်းပြည်၏ ရှင်ဘုရင်အမည်ကတော့ “ဟန့်ကော်ကျို့”လို့ခေါ်တယ်။ သူ၏နန်းရင်းဝန်နာမည်က “ရှောင်ဟို”ဖြစ်တယ်။ ချောဘအုံရှင်ဘုရင်ဟာ ဟန့်ကော်ကျို့ရှင်ဘုရင်၏တိုင်းပြည်ကိုလည်း တိုက်ခိုက်၍ လာနေပြီ။ ဟန့်ကော်ကျို့ရှင်ဘုရင်ရဲ့တိုင်းပြည်၏မြို့တွေဟာ တစ်နေ့တစ်မြို့ပါကုန်တယ်။ ဟိုကတစ်မြို့၊ ဒီကတစ်မြို့နှင့် တစ်မြို့ပြီးတစ်မြို့ပါကုန်ပြီ။ ဟန့်ကော်ကျို့ဘုရင်၏နန်းရင်းဝန် ရှောင်ဟိုဟာ ယူကျုံးမရဖြစ်ပြီးစိတ်ပူနေတယ်။ သူ့တိုင်းပြည်မှာအင်မတန်ကျော်ကြားနေတဲ့ ပထမတန်းစစ်ဗိုလ်၊ ဒုတိယတန်းစစ်ဗိုလ်၊ တတိယတန်းစစ်ဗိုလ်တို့သွားရောက်ပြီးတော့ ခုခံတိုက်ခိုက်နေတဲ့အခါမှာလည်း တတိယတန်းစစ်ဗိုလ်လိုဟာမျိုးဟာ တစ်ရက်အတွင်းပဲပြုတ်သွားတယ်။ ဒုတိယတန်းစစ်ဗိုလ်များ သွားရောက်တိုက်ခိုက်တဲ့အခါမှာလည်း ၂-ရက် ၃-ရက်အတွင်းပြုတ်သွားတယ်။ သူ၏တိုင်းပြည်မှာ ဟိုစဉ်အခါက နာမည်ကျော်ကြားသည့်ပထမအဆင့်စစ်ဗိုလ်များကိုလည်း သွားရောက်၍တိုက်ခိုက် ခိုင်းတယ်။ ဒီစစ်ဗိုလ်ကြီးများသွားရောက်တိုက်ခိုက်တာဟာလည်း နိုင်ဖို့အကြောင်းကို မြှော်လင့်စရာ မရှိဘူးလို့ဖြစ်နေပါတယ်။ ရက်အနည်းငယ်အတွင်းပို၍ခုခံနိုင်တာတစ်ခုပဲရှိတယ်။ သိပ်မကြာခင် ရှုံးတော့မှာပါပဲ။ ဒီတုန်းအချိန်မှာ နန်းရင်းဝန်ရှောင်ဟိုဟာ ယူကျုံးမရဖြစ်၍ အင်မတန်မှလည်း ဦးနှောက်ခြောက်စိတ်ရှုပ်နေပါတယ်။

အဲဒီတော့ နန်းရင်းဝန်ရှောင်ဟိုဟာ သူတို့တိုင်းပြည်မှာ ချောဘအုံရှင်ဘုရင်၏တပ်တွေကို တိုက်ခိုက်ဖို့ရာ စစ်ပညာအတတ်ကိုကျွမ်းကျင်သည့်သူများ ရှိလေမလားလို့ လိုက်လံစုံစမ်းမေးမြန်းတယ်။ အင်မတန်မှနာမည်ကျော်ကြားတဲ့ ပထမတန်းစစ်ဗိုလ်ကြီးတွေ သွားပြီးတိုက်ခိုက်တာတောင် နိုင်အောင် မတိုက်နိုင်ဘူး။ တစ်နေ့ကျရင်ရှုံးမှာပါပဲလို့ စိတ်ထဲမှပူပင်ပြီး စစ်ပညာအတတ်ကျွမ်းကျင်တဲ့သူကို လိုက်လံရှာဖွေစုံစမ်းနေတဲ့ နန်းရင်းဝန်ရှောင်ဟိုဟာ တရုပ်စစ်သူကြီးစွန်ဘွန်စူးအကြောင်းကို ၁၀နှစ်လုံးလုံး လေ့လာမှတ်သားနေသည့် ဟိုင်စင်ကိုသွားပြီးတော့သတိရမိတယ်။ သတိရတာနဲ့တစ်ပြိုင်နက် နန်းရင်းဝန်ဟာ ဟိုင်စင်ထံကိုသွားတယ်။ နန်းရင်းဝန်ရှောင်ဟိုဟာ ဟိုင်စင်ထံသို့ရောက်တော့ တစ်ခါထဲ ဆွေးနွေးတိုင်ပင်ပါတော့တယ်။

““တတိယဆင့်စစ်ဗိုလ်တွေလည်းပြုတ်ပြီး၊ ဒုတိယအဆင့်စစ်ဗိုလ်တွေလည်းပြုတ်တာပဲ၊ ယခု ပထမဆင့်စစ်ဗိုလ်တွေဟာလည်း ဘယ်စစ်ကြောင်းဘယ်နေရာမှာ ချောဘအုံဘုရင်၏တပ်တွေကို ခုခံတိုက်ခိုက်နေတယ်။ ဒါဟာလည်း မကြာခင်ပြုတ်ပြီး ရှင်ဘုရင်နေထိုင်သည့် တို့မြို့ကိုရောက်တော့မယ်”” လို့နန်းရင်းဝန်ကပြောပြလိုက်တယ်။ ဟိုင်စင်ကိုပြောပြပြီးတော့ နန်းရင်းဝန်ဟာ ရှင်ဘုရင်၏အမိန့် တော်နှင့် ဟိုင်စင်ကို စစ်သေနာပတိချုပ်ခန့်အပ်လိုက်တယ်။ ဟိုင်စင်ကလည်း နန်းရင်းဝန်နှင့်အတူ တစ်ပါတည်းရှင်ဘုရင်ထံကိုလိုက်သွားတယ်။ ရှင်ဘုရင် ဟန်ကော်ကျို့ကလည်းဟိုင်စင်အား စစ်သေနာပတိချုပ်ခန့်အပ်လိုက်ပြီးဆိုတာကိုလည်း အားလုံးသိအောင်တိုင်းပြည်ကိုကျေညာလိုက်တယ်။

တိုင်းသူပြည်သားအားလုံးနှင့် တပ်မတော်သားအားလုံးကလည်း ““ဒီဟိုင်စင်ဆိုသည့်အကောင်ဟာ ကြက်တစ်ကောင်မှ မနိုင်သည့်အကောင်၊ သူများခြေထောက်အောက်က ငုံ့ပြီးထွက်လာသည့်အကောင်၊ လူကလည်းလမ်းသွားသည့်အခါ ဟိုယိုင်ဒီယိုင်နှင့်ဘာများအသုံးကျလို့လဲ ဒီရှင်ဘုရင်နှင့် နန်းရင်းဝန်ဟာ မျက်စိမပါဘူးလား””ဆိုပြီး ရှင်ဘုရင်နှင့်နန်းရင်းဝန်ကိုဆဲဆို၍ အပြစ်တင်ကဲ့ရဲ့ကြတယ်။

ဟိုင်စင်ကလည်း လူပါးတစ်ယောက်ပါပဲ၊ သူ့ကိုစစ်သူကြီးနှင့်စစ်သေနာပတိချုပ်ခန့်အပ်တဲ့ အတွက် တိုင်းသူပြည်သားများနှင့် တပ်မတော်သားအားလုံးဟာ ရှင်ဘုရင်နှင့်နန်းရင်ဝန်ကို အပြစ်တင် ပြောဆိုနေကြတာကိုကြားသိထားတယ်။ ဟိုင်စင်ဟာ သူ့ကိုစစ်သူကြီးနှင့် စစ်သေနာပတိချုပ်ခန့်ပေမယ့် တိုင်းပြည်လူထုနှင့်တပ်မတော်သားအားလုံးကပါမယုံကြည်နေတော့ ဟိုင်စင် ညကြီးသန်းခေါင်အချိန်မှာ ထွက်ပြေးတယ်။ ဟိုင်စင်ထွက်ပြေးသွားတာကို သူ၏အစောင့်စစ်သားကမြင်တယ်။ မြင်တာနှင့် တစ်ပြိုင်နက်နန်းရင်းဝန်ကိုချက်ချင်းသွားပြောတယ်။ နန်းရင်းဝန်ကလည်း ချက်ချင်းမြင်းစီး၍ ဟိုင်စင်နောက်ကိုလိုက်သွားတယ်။ ဒီအချိန်တုန်းက လရောင်အောက်မှာ ဟိုင်စင်နောက် မြင်းစီးပြီး လိုက်သည့်နန်းရင်းဝန်ကိုမြင်ကြရပါတယ်။ တရုပ်ခေတ်ဟောင်းရာဇ၀င်ကိုဖတ်ဖူးသူတိုင်း လရောင် အောက်မှာဟိုင်စင်နောက်ကိုမြင်းစီးပြီးလိုက်နေတဲ့ နန်းရင်းဝန်အကြောင်းကိုသိကြပါလိမ့်မည်။

နန်းရင်းဝန်ဟာ မြင်းနှင့်လိုက်၍ ဟိုင်စင်ကိုမှီတဲ့အခါဟိုင်စင်ကိုပြောပြတယ်။ ““ခင်ဗျား မတိုက်လျှင်လည်း တိုင်းပြည်ဟာ ပြုတ်ပြုတ်ပြုန်းမှာပါပဲ၊ ခင်ဗျားနှင့်တကွလူအားလုံးဟာလည်း ကျွန်ဖြစ်မှာပါပဲ၊ ခင်ဗျားမပြေးပါနှင့် အတူပြန်လိုက်ခဲ့ပါ””လို့ခေါ်တယ်။

ဟိုင်စင်ဟာ ဒီတော့နန်းရင်းဝန်စကားကိုနားထောင်ပြီး မြို့တော်ကိုပြန်လိုက်လာခဲ့တယ်။ မြို့တော်ကိုပြန်ရောက်လာသည့်အခါ သတင်းဆိုးကြီးတစ်ခုကိုကြားလိုက်ရတယ်။ ““ယခု ပထမတန်း ပထမဆင့် စစ်သေနာပတိချုပ်စစ်ဗိုလ်ကြီးကျသွားပြီ၊ စစ်ရှုံးတော့မယ်၊ ချောဘအုံ၏တပ်တွေဟာ ယခုရက်အနည်းငယ်အတွင်းမှာပဲ ဒီမြို့တော်ကိုရောက်လာတော့မယ်။ အင်မတန်မှ အရေးကြီးသည့် အချိန်ရောက်နေပါပြီ””။

ဒီတော့ရှင်ဘုရင်နှင့်နန်းရင်းဝန်ဟာ တိုင်ပင်ပြီးချက်ချင်းအမိန့်တစ်ခုချလိုက်တယ်၊ ““နက်ဖြန်ခါ မွန်းလွဲချိန်ကျလျှင် တပ်မတော်သားအားလုံးနှင့် ဗိုလ်မှူးများပါဗိုလ်ရှုသဘင်ကို တစ်ယောက်မကျန် လာရမယ်၊ မရွယ်ရောက်သည့် မောင်မယ်များလည်းလာရမယ်၊ နောက်ပြီး တိုင်းသူပြည်သား အားလုံးလည်းလာရောက်ရမယ်””လို့ အမိန့်ချမှတ်ထုတ်ပြန်လိုက်တယ်၊ ရှင်ဘုရင်အမိန့်ထုတ်ပြန် ကြေညာလိုက်သည့် မွန်းလွဲပိုင်းအချိန်ကိုရောက်သည့်အခါ ရှင်ဘုရင်ရော၊ နန်းရင်းဝန်တွေရော၊ စစ်ဗိုလ်ကြီးတွေရော၊ တိုင်းသူပြည်သားအားလုံးနှင့် အရွယ်ရောက်သည့်မောင်မယ်မှန်သမျှဟာလည်း ဘုရင့်အမိန့်အတိုင်း ဗိုလ်ရှုသဘင်ညီလာခံကို အားလုံးစုဝေးပြီးရောက်ရှိလာကြတယ်။

ဒီအချိန်အခါမှာ ရှင်ဘုရင်ဟန့်ကော်ကျို့က ““တိုင်းပြည်မှာ ဘယ်လောက်ရန်သူနှင့် နီးကပ်နေတယ်၊ ဘယ်လောက်အရေးကြီးနေပြီဆိုတာကို ကျုပ်အထူးပြောနေဖို့ မလိုတော့ပါဘူး၊ တိုင်းသူပြည်သားအားလုံးသိပြီးသားပါပဲ။ ယခုဟိုင်စင်ကို စစ်သေနာပတိချုပ်ခန့်ထားလိုက်ပါပြီ။ ဟိုင်စင်၏အမိန့်ကိုနာခံတာဟာ ကျုပ်၏အမိန့်ကိုနာခံတာနဲ့ အတူတူပါပဲ””လို့ပြောပြီး ရှင်ဘုရင်ဟာ သူ၏ခါးထဲမှာအမြဲချိတ်ထားသည့် အင်မတန်အဖိုးတန်တဲ့ နှစ်ဖက်သွားဓါးကို ဟိုင်စင်အားပေးလိုက်သည်၊ သူပေးထားသောအာဏာကို မနာခံတဲ့သူရှိလျှင် သူပေးထားတဲ့ဓါးနှင့်လည်ပင်းကိုဖြတ်ပါလို့ ရှင်ဘုရင်ဟာ ပြောပြီးတာနှင့်တစ်ပြိုင်နက် ဟိုင်စင်ဟာ ရှင်ဘုရင်ပေးအပ်လိုက်သည့်ဓါးကို ခါးမှာချိတ်ပြီး၊ မတ်တပ် ရပ်၍မိန့်ခွန်းစကားထပြောတယ်။

““ကျွန်ုပ်ဟာ ကျွန်ုပ်၏ခေါင်းထဲမှာရှိတဲ့ဦးနှောက်နှင့်ဗိုက်ထဲမှာရှိတဲ့ အူအသည်းနှလုံးတွေဟာ မြေကြီးကိုထိပြီး ကျွန်ုပ်သေတဲ့အထိ ရန်သူကိုနိုင်အောင်တိုက်ခိုက်ပါမည်ဆိုတဲ့စိတ်ကို ကျွန်ုပ်၏စိတ်ထဲမှာ ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ တပ်မတော်သားတွေဟာလည်း တညီတညွတ်တည်းရှေ့ကိုတက်၍ ရန်သူကိုတိုက်ပါ။ စစ်ပြီးဆုံးတဲ့အခါကျလျှင် ကျွန်ုပ်ဟာ ချီးမြှင့်ရမယ့်သူကိုချီးမြှင့်မည်။ အပြစ်ရှိတဲ့သူကို အပြစ်ရှိသလိုအရေးယူပါမည်၊ ဘယ်သူ့ကိုမှလည်းမျက်နှာမလိုက်ပါဘူး””လို့ ပြောပြီးတာနှင့်တစ်ပြိုင်နက် စစ်မျက်နှာ ၁၀ ကြောင်းကို တစ်ခါတည်းဖွင့်လိုက်တယ်။

စစ်မျက်နှာ ၁၀-ကြောင်းကိုဖွင့်လိုက်တဲ့အခါမှာ တစ်ခါတည်းနှင့် တပ်ရင်း ၁-စစ်ဗိုလ်ချုပ်ကြီးက ဘယ်သူ၊ ဒုတိယစစ်ဗိုလ်ချုပ်ကြီးကဘယ်သူ၊ ဗိုလ်ကြီးကဘယ်သူ၊ ဒုတိယဗိုလ်ကြီးကဘယ်သူဆိုတာကို စစ်သေနာပတိချုပ်ဟိုင်စင်ဟာ အမိန့်ပေးလိုက်တယ်။ ဒီကနေဘယ်နေရာ ဘယ်နှစ်မိုင်ဝေးတဲ့နေရာကို သွားပြီးတော့စစ်စခန်းသွားချရမယ်၊ စစ်သားဘယ်လောက်ခေါ်သွားရမယ်။ ဘယ်တပ်ကဘယ်နေရာကို သွားနေရမယ်၊ စားသောက်စရာရိက္ခာပစ္စည်းကဘယ်လောက်ယူသွားရမယ်။ အလံဝါကိုအမြဲထူထားရမယ် ဆိုတာတွေကို စစ်သေနာပတိချုပ်ဟိုင်စင်ဟာတစ်ခါတည်းချက်ချင်းအမိန့်ပေးလိုက်တယ်။

တပ်ရင်း ၂-ကလည်း အလံနီထူပြီး ဗိုလ်မှူးကြီးကဘယ်သူ၊ ဘယ်နေရာ၊ ဘယ်စခန်းကို သွားနေရမယ်ဆိုတာတွေနှင့် ကျန်သည့်တပ်ရင်းတွေကလည်း အလံစိမ်း၊ အဖြူအပြာများကိုထူပြီး အထက်ပါအလားတူကဲ့သို့ ဘယ်နေရာဘယ်စခန်းမှာသွားရောက်၍နေရမယ်လို့ စစ်သေနာပတိချုပ် ဟိုင်စင်ကအမိန့်ချမှတ်ပေးလိုက်ပါသည်။

ဆက်ရန်ရှိသေးသည်။
ဒုတိယတွဲမျှော်ပါ။


(ဦးစပ်စု၏ ထူးတဲ့စပ်စု ပထမတွဲ ဤနေရာတွင်ပြီး။)

No comments:

Post a Comment