Thursday, September 9, 2010

ဦးနုနှင့် ဦးကျော်မင်း / ဦးနုကိုဦးကျော်မင်းစိတ်မဆိုးသင့်တဲ့

ဦးနုနှင့် ဦးကျော်မင်း

          ၁၉၅၇-ခုနှစ်၊ အောက်တိုဘာလ ၁၀-ရက်နေ့တွင် လွှတ်တော်၌ပြဿနာပေါ်သည်။
          အဘယ်အကြောင်းကိုအခြေခံ၍ ပြဿနာပေါ်သည်ကိုကား သေသေချာချာမမှတ်မိတော့၊  အဓိက ဦးနုနှင့်ရခိုင်အမျိုးသားခေါင်းဆောင် ဦးကျော်မင်းတို့ မသင့်မသင့်ဖြစ်ကာ စကားများကြသည်ကားမှန်၏။ ထို့ကြောင့်ရခိုင်ခေါင်းဆောင်ဦးကျော်မင်းသည် လွှတ်တော်အတွင်းမှစိတ်ဆိုးကာထွက်သွားလေသည်။ ဤတွင် ဦးနုသည် ကိုယ့်မိတ်ဆွေတစ်ဦးယင်းကဲ့သို့စိတ်ဆိုးပြီးထွက်သွားသောကြောင့် စိတ်မချမ်းမသာဖြစ်နေသည်ဟု ကျွန်ုပ်ကြားရသည်။
         
ယင်းသို့သောအကြောင်းမျိုးကို ကျွန်ုပ်ကြားမိလေ၍ စိတ်မချမ်းမသာဖြစ်ရသည်။ လွန်လေခဲ့သော နှစ်များက ကျွန်ုပ်၏လန်ထောင်ဟော်တယ် မဖျက်သိမ်းမီ ဦးနုယောက္ခမဦးအောင်ငြိမ်း လူတိုင်းချစ်ခင်လေးစား ခြင်းကိုခံရသော ဦးဘအုံး၊ ရခိုင်ခေါင်းဆောင်ဦးကျော်မင်း၊ ဤသုံးယောက်သည် ဟော်တယ်သို့ မကြာမကြာ လာရောက်စားသောက်ကြသည်။ ကျွန်ုပ်နှင့်ဆိုပါမူ အားလုံးလေးယောက်ဖြစ်သည်။ ကျွန်ုပ်နှင့်လည်း တစ်ဦးကိုတစ်ဦး ဆဲမနာဆိုမနာဖြစ်လောက်အောင် ခင်မင်ရင်းနှီးနေကြ၍ တစ်ယောက်ကိုတစ်ယောက် စကြနောက်ကြသည်။ ယင်းမိတ်ဆွေများသည်ကား နှစ်ပေါင်းသုံးဆယ်ကပေါင်းဖေါ်လာသော မိတ်ဆွေများဟု ဆိုပါလျှင်မမှားပါပေ။
          ထိုစဉ်က ဦးနုနှင့် ရခိုင်ခေါင်းဆောင်ဦးကျော်မင်းတို့ တစ်ဦးနှင့်တစ်ဦး သဘောကွဲလွဲသည့်ကိစ္စကြောင့် အရေးပါ အရာရောက်သော ဒု-၀န်ကြီးချုပ်သခင်တင်နှင့် ရခိုင်ခေါင်း ဆောင်ဦးကျော်မင်းကိုဆုံတွေ့ပေးရန် ကျွန်ုပ်စီစဉ်လေသည်။ ဤအချိန်၌လည်း ကျွန်ုပ်နှင့်သိကျွမ်းခင်မင်သော အမေရိကန် ပြည်မှ အလုပ်အကိုင်ကြီးလုပ်သူ တရုပ်အမျိုးသား သူဌေး တစ်ဦးလည်း ရန်ကုန်မြို့သို့ရောက်ရှိနေပြီးအလုပ်လုပ် နေသည်။ ဖိလစ်ပိုင်မှ တရုပ်အမျိုးသားသူဌေးလည်း ရန်ကုန်မြို့သို့ ရောက်ရှိနေချိန်ဖြစ်သည်။ စင်္ကာပူနှင့် ဟောင်ကောင်မြို့မှ တရုပ်သူဌေးသည်လည်း ရန်ကုန်မြို့၌ ရောက်ရှိနေချိန်ဖြစ်သည်။
          အမှန်အတိုင်းသာဝန်ခံရလေသော်၊ သည်အချိန်က ယခုကျွန်ုပ်နေထိုင်ရာ မဟာဗန္ဓုလလမ်း မှတ် ၇၄၆-ပေါ်ဆုံးထပ်တွင် ကလပ်ဖွင့်ထားလေသည်။ ကျွန်ုပ်၏မိတ်ဆွေ တရုပ်အမျိုးသားသူဌေးများသည် ကလပ်၌လာရောက်ပြီး စုရုံးနေထိုင်ကာ ပျော်ပျော်ပါးပါး ပင်စားသောက်နေထိုင်ကြလေသည်။
          ကျွန်ုပ်သည် ဦးနုနှင့် ရခိုင်အမျိုးသားခေါင်းဆောင် ဦးကျော်မင်းတို့ ညီညွတ်မှုရရှိလေအောင် မည်သို့မည်ပုံပြုလုပ်ရမည်နည်းဟုအကြံထုတ်ကာ ဒု-၀န်ကြီးချုပ်သခင်တင်နှင့် ဦးကျော်မင်းတို့ကို ဆုံဆည်းပေးရန် ထမင်းစားပွဲပါတီတစ်ခုပြုလုပ်ရလျှင်ကောင်းမည်ဟုစိတ်ကူးမိသည်။ ပြီးနောက်တွင်ကား ရွှေလိပ်ပြာအငြိမ့်ဖြင့် ကပြအသုံးတော်ခံမည်။ ရွှေလိပ်ပြာမအေးကြည်အငြိမ့်ကလည်း ငွေဖြင့်ငှားခြင်းမဟုတ်၊ ဆုပေးပွဲဖြစ်သည်။
          ကျွန်ုပ်သည် သခင်တင်ကိုထမင်းစားပွဲသို့တက်ရောက်ပါရန်သွား၍
ဖိတ်ကြားသည်။ သခင်တင်ကလည်းလာခဲ့ပါမည်အကြောင်းကိုပြောလေသည်။                                                                                       သခင်တင်ကိုဖိတ်၍ပြီးလေသော်၊ ကိစ္စတစ်ခုကပြီးမြောက်သွား၏။ ထို့ကြောင့်လမ်းမတော်အထက်လမ်းတွင်နေထိုင်သော ရခိုင်ခေါင်းဆောင်ဦးကျော်မင်းနှင့်ကားမတွေ့၊ သူ့ဇနီး ဒေါ်စိန်ဇာဖြင့်သာတွေ့၍ ကျွန်ုပ်က ...
““အိမ်မှာ ထမင်းလည်းကျွေးမယ်၊ အငြိမ့်လည်းခံမယ်၊ ဦးကျော်မင်းကိုကြွရောက်ဖို့ဖိတ်ကြားထားတဲ့ အကြောင်းကိုပြောလိုက်ပါ၊ မင်းကတော်တော့မပါဘူးနော် ဟဲ .. ဟဲ ..””
          ကျွန်ုပ်၏မင်းကတော်မပါဘူးဟူသောစကားကို သိပ်သဘောမကျလှ၊ ထို့ကြောင့် ဒေါ်စိန်ဇာက .
          ““ဒီလိုဆိုရင် ဦးစပ်စုက စောစောပြန်လွှတ်နော်””
          ““စောစောဆိုရင် မနက် ၅-နာရီမှပြန်လွှတ်ပါ့မယ်၊ ဒီထက်စောရအုံးမလား ..””
          ဤအခါကျလေမှ ကျွန်ုပ်နောက်နေမှန်းသိသွား၏။ ဒေါ်စိန်ဇာက ဘာမျှပြန်၍မပြောတော့ ပြုံးပြီးတော့သာနေလေသည်။
          ဆယ့်ငါးရက်နေ့ညတွင်ကား ကျွန်ုပ်အိမ်အပေါ်ဆုံးထပ်တွင် ဧည့်ပရိတ်သတ်စုံလင်စွာရောက်ရှိ နေကြသည်။ ဒုဝန်ကြီးချုပ်သခင်တင်နှင့် ရခိုင်ခေါင်းဆောင်ဦးကျော်မင်းလည်း အသင့်ရောက်ရှိနေကြသည်။ ပြီးနောက် အမေရိကန်၊ ဖိလိပိုင်၊ စင်္ကာပူ၊ ဟောင်ကောင်း၊ ရန်ကုန်ရှိတရုပ်သူဌေးများနှင့်တကွ၊ ဟောင်ကောင် ကောင်စစ်ဝန်ချုပ်ဦးကျင်ပို့တို့သည်တိုင်းရင်းမြန်မာဝတ်စုံများဝတ်ဆင်ကာရောက်နေလေသည်။ ကျွန်ုပ်၏ မိတ်ဆွေများစုံလင်သောအခါ တပျော်တပါးကြီးစုဝေး၍စားသောက်ကြလေသည်။
          ကပြအသုံးတော်ခံအမည့် ရွှေလိပ်ပြာမအေးကြည်တို့အဖွဲ့က အချိန်စော၍ ကျွန်ုပ်အိမ်သို့ရောက်ရှိ နေကြသည်။ သူတို့အဖွဲ့သည် အိမ်အလယ်ထပ်တွင်ရှိနေကြသည်။ ကျွန်ုပ်သည် အငြိမ့်မင်းသမီးများထံသို့သွား၍ ယခုကြွရောက်လာသောဧည့်သည်တော်များ၏ဓါတ်ပုံကိုပြသပြီး လူအမည်ကိုပါပြောထားရသည်။ အငြိမ့်ကပြ စဉ်အတွင်း သူဌေးများ၏အမည်ကိုထုတ်ဖေါ်ခေါ်ကာ ဆုချရန်အတွက်စကားဆွယ်ရန်ဖြစ်လေသည်။
          
ထမင်းစားသောက်ပြီးသောအခါ ကျွန်ုပ်၏အိမ်အပေါ်ဆုံးထပ်တွင် အငြိမ့်ကြည့်ကြသည်။ ပထမဦးစွာ ရွှေလိပ်ပြာ၏လက်ထောက်မင်းသမီးဒဂုံသောင်း ထွက်ပြီးကပြအသုံးတော်ခံသည်။ ကြွရောက်သူများက ရာတန်များဖြင့် ဆုတော်ငွေချလေသည်။ ပြီးနောက်တွင်ကား ရွှေလိပ်ပြာထွက်လာချိန်မူ သခင်တင်နှင့် ဦးကျော်မင်းတို့သည် ပြုံးပြုံးရွှင်ရွှင်နှင့် အငြိမ့်ပွဲကိုကြည့်ရင်း သူ့ထက်ငါယှဉ်ပြိုင်၍ ဆုတော်များချီးမြှင့်ကြသည်။ နိုင်ငံခြားမှလာသော တရုပ်အမျိုးသားသူဌေးကြီးများကလည်း ဆုတော်ငွေချသည်။ ရွှေလိပ်ပြာ၏ရင်ဘတ် ပေါ်ဝယ် ရာတန်များဖြင့်သာ ပြည့်နှက်သွားပါတော့သည်။ ဆုတော်ငွေချသူများကို ရွှေလိပ်ပြာကဆုမွန်ကောင်း တောင်းလေသည်။
          ဤတစ်ပွဲတည်းဖြင့် ရွှေလိပ်ပြာတို့အငြိမ့်အဖွဲ့သည် ဆုတော်ငွေ ၂၀၀၀-ကျော် ၃၀၀၀-နီးနီး ရရှိသွားလေသည်။ မင်းသမီးရွှေလိပ်ပြာက ကျွန်ုပ်၏နားနားသို့တိုးကပ်၍ ““အခုခေတ်ဆန်း လက်ကောက် နာရီတစ်လုံးလိုချင်တယ် .. အဲဒါ ဟောင်ကောင်သူဌေးကိုပြောပေးပါ””ဟူ၍ ပူဆာလေသည်။
          အနှီကဲ့သို့ ရွှေလိပ်ပြာကပြောကြားသဖြင့် ကျွန်ုပ်သည် ဟောင်ကောင်သူဌေးကို ရွှေလိပ်ပြာ အစီရင်ခံသကဲ့သို့ပြောလိုက်သည်။ ဟောင်ကောင်သူဌေးသည်လည်း တော်တော်လေးမပေးချင်ရှာပေ။ ချက်ခြင်းပင် အိမ်သို့ထပြန်သွားပြီး၊ ရွှေလိပ်ပြာအတွက် လက်ကောက်နာရီတစ်လုံးကိုယူပြီး ပြန်လာခဲ့သည်။ ထိုစဉ်က ဤလက်ကောက်နာရီတစ်လုံး၏တန်ဖိုးသည်မသေးငယ်လှ၊ ငါးရာခန့်တန်လေသည်။ ဟောင်ကောင် သူဌေးကိုယ်တိုင် ရွှေလိပ်ပြာကို နာရီပတ်ပေးလိုက်လေသည်။
          အခန်းအနားရုတ်သိမ်းသွားသောအခါ၊ ကြွရောက်လာကြသောဧည့်သည်တော်များ ပြန်ကုန်ကြပြီ ဖြစ်၏။ ဟောင်ကောင်သူဌေးကား မပြန်သေး၊ ကျွန်ုပ်နှင့်အတူ စကားတပြောပြောနှင့် အရက်သောက်လျက် ရှိ၏။
          ထိုစဉ်ဝယ် အိမ်အပေါ်ဆုံးထပ်ဝယ် ဆူညံဆူညံအသံများကြားရ၏။ ရွှေလိပ်ပြတို့အငြိမ့်အဖွဲ့သည် တစ်ယောက်တစ်ခွန်းစကားများနေကြသည်။ အကြောင်းကား ရွှေလိပ်ပြာသည် သူဆုအဖြစ်ရရှိထားသော လက်ကောက်နာရီကိုတစ်ဖွဲ့သားလုံးအညီအမျှခွဲဝေယူမည် ရွှေလိပ်ပြာကလည်း “သူတစ်ဦးတည်းကိုသာရွေးပြီး ဆုပေး၍သူသာရသင့်သည်”ဟုဆို၏။ ယင်းသို့တစ်ဦးနှင့်တစ်ဦး အချီအချစကားများမှုကြောင့်ရွှေလိပ်ပြာသည်၊ ဆုအဖြစ်ရရှိထားသော လက်ကောက်နာရီကိုမယူတော့၊ ဟောင်ကောင်သူဌေးထံတွင် ပြန်ချွတ်ပြီးပေးအပ်ခဲ့သည်။သူ့အားပေးလိုပါလျှင်သူ့အိမ်တွင်လာပေးပါရန်မှာကြားခဲ့လေသည်။
          နောက်တစ်နေ့တွင်ကား ကျွန်ုပ်နှင့် ဟောင်ကောင်သူဌေးသည် မြေနီကုန်းရှိ ရွှေလိပ်ပြာနေအိမ်သို့ သွားရှာကြသည်။ မတွေ့ကြပေ။ အနီးပတ်ဝန်းကျင်တွင် တဲအိမ်ငယ်များသာ ပြွတ်သိပ်နေပြီး အရှာရအလွန်ခက်ပေသည်။
          ထို့နောက်ပိုင်းတွင်မူ ဟောင်ကောင် သူဌေးလည်းသူ့နေရပ်သို့ ပြန်သွားလေပြီ။ ရွှေလိပ်ပြာလည်း လက်ကောက်နာရီကို ဆုအဖြစ်မရလိုက်ပေ။ ဤသည်တို့ကား ကိုယ့်တိုင်းနိုင်ငံသဘင်ပညာသည်အချင်းချင်း စည်းလုံးညီညွတ်မှုလျော့နည်းမှုကြောင့် အခွင့်ကောင်းတစ်ခုလွတ်သွားခြင်းပင်ဖြစ်သည်ဟု ကျွန်ုပ်ယူဆ၏။
          ၁၆-ရက်နေ့တွင် ဟံသာဝတီသတင်းစာမှ နိုင်ငံရေးဂျပိုးနှင့်ကျွန်ုပ်တွေ့သည်။ မနေ့က ဒုတိယ၀န်ကြီးချုပ် သခင်တင်နှင့် ဦးကျော်မင်းတို့ကိုတွေ့ဆုံပြီး စေ့စပ်ပေးသည့်အကြောင်းကို ပြောပြလိုက်မိသည်။
          ၁၉၅၇-ခုနှစ် အောက်တိုဘာလ ၁၇-ရက်နေ့ထုတ် ဟံသာဝတီသတင်းစာကြီးတွင် ဤအတိုင်းပါလာလေ၏။

ဦးနုကိုဦးကျော်မင်းစိတ်မဆိုးသင့်တဲ့
ကွယ်လွန်သူတို့မျက်နှာထောက်ဖို့ကောင်းပုံ 
ပြည်ထောင်စုသား တရုပ်ဦးစပ်စုဝင်၍စပ်စုလိုက်ပုံများ
(နိုင်ငံရေးဂျပိုး-ရေးသည်)

နိုင်ငံရေး ဦးဂျပိုး ခင်ဗျား။        ။
          “ခင်ဗျားတို့ ရခိုင်ပြည်အကြောင်းရေးလိုက်တဲ့ဆောင်းပါးဟာ အလွန်ကောင်းတယ်။ ဖဆပလ အနေနှင့် စစ်တွေသားတွေကို တစ်ဘက်စီးနင်းလုပ်ပုံ၊ ကျောက်ဖြူကိုအသားပေးပုံ၊ ဦးကျော်မင်းတို့လူစုက ရခိုင်ပြည် တောင်းရာမှ အချိန်မကျသေးပုံ၊ ယခုလိုအချိန်မျိုးမှာ ရခိုင်ပြည်နယ်ပေးလိုက်ရင် လူမျိုးရေးစိတ်တွေပေါ်ပေါက်ပြီး မေတ္တာပျက်စရာအကြောင်းရှိပုံ စသည်တို့ဟာမှန်လှသဗျာ။ ၀န်ကြီးချုပ်ဦးနုက ပါလီမန်မှာ ကျွန်တော့်မိတ်ဆွေကြီးဦးကျော်မင်းဟာ စိတ်ဆိုးသွားလို့ စိတ်မကောင်းဖြစ်ရပုံများဟာ အမှန်ပဲစိတ်မကောင်းဖြစ်ရပါလိမ့်မယ်။ ဦးကျော်မင်းနှင့်ဦးနုတို့ ဘယ်ကလောက်ရင်းရင်းနှီးနှီးဖြစ်ပြီး၊ ယခုလိုရခိုင်ပြည်အရေးပေါ်လာမှစိတ်ဆိုးရခြင်းကို စပ်စုစိတ်မကောင်းလွန်းလို့ ကွယ်လွန်သွားကြတဲ့လူတွေရဲ့မျက်နှာကို ထောက်ကြဖို့ကောင်းတဲ့အကြောင်း ခင်ဗျားကိုပြောချင်လွန်းလို့ လာပါမည့်အကြောင်းကို ဖိတ်ကြားပါတယ်။” ခင်ဗျား……..ဆိုတဲ့စာတစ်စောင် ရောက်ရှိလာတော့ ဦးစပ်စု ဘယ်လောက်စပ်စုနိုင်ဦးမလဲဆိုပြီး ဦးစပ်စုရှိရာအရပ်သို့ရောက်လာခြင်းဖြစ်သဗျ။
          ဦးစပ်စုသည် နိုင်ငံရေးဂျပိုးကိုတွေ့လိုက်သည်နှင့်တပြိုင်နက်၊ ““အားကီးကောင်းလယ်၊ လာပါလာပါ၊ ဟောလာဘယ်သူလဲ၊ ဦးအောက်ငြိမ်း၊ အဆက် ၇၄-နှစ်ရှိပြီ။ လွန်ခဲ့တဲ့ စုံးစက်လေးနှစ် (၃၄-နှစ်)လောက်က ပန်းတနော် သမာဓိမြို့ဝန်ဖြစ်လယ်။ ၁၃၁၈-ခု တပို့တွဲလဆုတ် ၁-ရက်နေ့မှာစေတယ်၊ မီဟုတ်ဘူးလေ၊ ကွယ်လွန်အနိစ္စရောက်တယ်”” ဟောဒီပုံက လွန်ခဲ့တဲ့ စုံးစက်လေးနှစ်လောက်က ပန်းတနော်မြို့အုပ်မင်း ဦးဘအုန်းဖြစ်တယ်။ အစက် ၆၆-နှစ်၊ ၁၃၁၄-ခုနှစ်မှာ ကွယ်လွန်အနိစ္စရောက်လယ်၊ ဟော်ဒီပုံက ဦးကယော်မင်း (ဦးကျော်မင်း)ပေါ့၊ ဟော်လာက ကေဘာကြီး၊ ဟောလာကစပ်စု၊ စူလို့ ၅-ယောက်ဟာ အလွန်ချစ်ကြလယ်၊ စပ်စုမှာ ဟော်တယ်အပိုင်ရှိတော့ စူလို့ ၅-ယောက်ကို မကြာခဏ ထီမင်းစားဖိတ်ကျွေးလေ့ရှိတယ်။ စသည်ဖြင့် တရုပ်အသံအများဆုံးပါပြီး မပီကလာပီကလာနှင့် ပြောရှာသဗျ ...။
          ဂျပိုးအဖို့မှာ သူပြောသောစကားများကို တရုပ်သံပါရှိအောင် ရေးရမယ်ဆိုလျှင်၊ အချိန်ကုန် လူပမ်းမည်ဖြစ်သောကြောင့် မရေးလိုတော့၊ သူပြောသောစကားများကို ဂျပိုးနားလည်သလောက် ပြန်၍ရေးသားပ၊ ““အဲဒါဘာဖြစ်သလဲဗျာ သူတို့ ၅-ယောက်ခင်ကြတာနဲ့ ဘာဖြစ်လို့သေသူတွေမျက်နှာကိုထောက်ရမှာလဲလို့”” မေးလိုက်သည့်အခါမှာ ဦးစပ်စုက ““မဟုတ်ဘူးလေ၊ ဦးအောင်ငြိမ်းဟာ ဦးနုရဲ့ယောက္ခမ ဖြစ်ရလေတော့၊ ဦးနုဟာ ၀န်ကြီးချုပ်အနေနဲ့ တိုင်းပြည်အတွက်လုပ်တဲ့အခါ မှားတာလည်းရှိတယ်၊ မှန်တာလည်းရှိတယ်။ မှားတာရှိမယ်ဆိုရင် ဒီလူငါးယောက်တွေ့ဆုံပြီး စားရင်းသောက်ရင်းနှင့် ဦးနုလုပ်ခဲ့တဲ့အလုပ်ဟာ မှန်တာမှားတာ တွေကိုပြောတာနှင့် ယောက္ခမဖြစ်သူဦးအောင်ငြိမ်းက သူ့သမီးဒေါ်မြရီကို ပြန်ပြောနိုင်တယ်မဟုတ်လားဗျာ။ ဒေါ်မြရီမှတဆင့် ဦးနုကိုပြောတော့ အချိန်မကုန်ပဲ ဦးနုသိတယ်မဟုတ်လားဗျ ..””
          ကေဘာကြီး၊ ဦးအောင်ငြိမ်း၊ ဦးဘအုန်း၊ ဦးကျော်မင်းက မအူပင်ဘက်မှာနယ်ပိုင်လုပ်တော့ အလွန်ခင်မင်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ဟေ့ကိုယ့်လူလို့ပြောကြတယ်။ ထမင်းစားဝိုင်းကျပလား ဆိုရင် ဦးအောင်ငြိမ်းကို မောင်နုတစ်ယောက် နေကောင်းရဲ့လား၊ သူလုပ်တာတွေ မှန်တယ်မှားတယ်ဆိုတာတွေကို ရှင်းရှင်းပဲ၊ ဦးဘအုန်းနဲ့ ဦးကျော်မင်းတို့က ဝေဖန်ပြောဆိုကြတယ်။ ““ဟေ့ကိုယ့်လူ မောင်နုတစ်ယောက် ဘယ့်နဲ့ နေကောင်းရဲ့လားလို့မေးခြင်းဟာ ခင်လို့မဟုတ်ဘူးလားဗျာ””
          ဦးစပ်စုအနေနဲ့ဆိုရင် ဦးနုနဲ့ဒေါ်မြရီတို့ ညားကြတာဟာ ဦးဘအုန်းကြောင့်ညားကြတာပဲလို့သိတယ်။ ထိုအခါ ဂျပိုးဦးသန့်လည်း ဒီကိစ္စထဲမှာပါတယ်လို့ပြောနေကြပါကလားလို့ မေးလိုက်တဲ့အခါမှာ ဦးစပ်စုက ““ပန်းတနော်ဦးသန့်က ဦးနုဘက်ကပါ၊ ဦးဘအုန်းက ဒေါ်မြရီဘက်က လှော်ပေးပါလိမ့်မည်။ သူတို့နှစ်ယောက် စတွေ့တာကတော့ ၀ါဆိုပန်းကပ်ပွဲမှာ တစ်ယောက်နှင့်တစ်ယောက်စမြင်လိုက်တဲ့အခါမှာ ဦးနုစိတ်၌ ကမ္ဘာပေါ်မှာ ဒေါ်မြရီတစ်ယောက်ထဲပဲရှိတယ်လို့ထင်မယ်။ ဒေါ်မြရီကလည်း ကမ္ဘာပေါ်မှာ ဦးနုတစ်ယောက်ပဲရှိတယ်လို့ ထင်မယ်။ ဒါဟာ နိယာမတရားကိုးဗျ ဟဲ.. ဟဲ.. ဟဲ...
          သို့ကလို ရင်းရင်းနှီးနှီး ချစ်ခင်လာကြတဲ့သူတွေဟာ “ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိချေ၏” ဆိုတဲ့ဆုံးမစကားကို အခုဦးအောင်ငြိမ်းလည်း ကွယ်လွန်သွားခဲ့ပြီ။ ဦးဘအုန်းလည်း သေဆုံး သွားခဲ့ပြီ။ သူတို့ရဲ့မျက်နှာတွေကို ထောက်ချင့်လို့ ဦးနုနှင့်ဦးကျော်မင်း ရန်မဖြစ်စေချင်ဘူးဗျ၊ စပ်စုအနေနှင့် ကတော့ ဦးနုနှင့်ဒေါ်မြရီတို့ဟာ ဦးအောင်ငြိမ်းအတွက် တပို့တွဲလဆွမ်းကျွေးတဲ့အခါမှာ ဦးကျော်မင်းဟာ ဦးနုကိုပြန်လည်ချစ်ခင်လာလိမ့်မယ်လို့စပ်စုထင်တယ်။ ဟောဒီ့ပုံကိုကြည့်ပါဦး။ သခင်တင်နှင့် ဦးကျော်မင်းတို့ ဖြစ်တယ်။ အငြိမ့်မင်းသမီးကို အပြိုင်အဆိုင်ဆုချတယ်။ ကြည့်ကြစမ်းဘယ့်ကလောက်တဲ့ကြသလဲ။
          အချင်းချင်းရန်ဖြစ်ရင်မကောင်းဘူးလေ၊ ရန်မဖြစ်အောင် စပ်စုက သူတို့ရဲ့ နှောင်းကချစ်ခင်ပုံတွေကို ဖွင်ပြောနေခြင်းဖြစ်တယ်။ ထွန်းဒေလီကဦးထွန်းဖေကိုလည်း ဦးနုနှင့် ပြန်တည့်စေချင်တယ်။ ဟောဒီ့ပုံကိုကြည့်ရင် ဦးနုနှင့်ဦးထွန်းဖေတို့ တစ်ခါတုန်းကဘယ်ကလောက်တည့်ကြမလဲဗျာဟုပြောကာ ဓါတ်ပုံကိုထုတ်ပြလိုက် သောအခါတွင် ဦးထွန်းဖေသည် အားရပါးရရယ်မော၍၊ ဦးနုနှင့်စကားပြောနေသည်ကို တွေ့ရသဗျ။
          ထို့နောက် ဦးစပ်စုကဆက်၍ အသက်တွေလည်းကြီးလာကြပါပြီ။ ဦးအောင်ငြိမ်းဟာ အသက် ၇၄-နှစ်မှာသေတယ်။ ဦးဘအုန်းကလည်း ၆၀-တော့ကျော်ပါပြီ။ ဦးနုဟာ အသက် ၅၀-ကျော်လာပြီ၊ ပိုပြီး အသိတရားရလာမှာဖြစ်လို့ မသေခင်မှာချစ်ချစ်ခင်ခင်နှင့် ပေါင်းသင်းဖို့ပဲ။ ချစ်ခင်ကြဖို့ကောင်းကြောင်းနှင့် ပြောပြလိုက်ရကြောင်း။
          နိုင်ငံရေးဂျပိုးက ဟံသာဝတီသတင်းစာ၌ရေးသားပြီးနောက် များမကြာမီအချိန်အတောအတွင်း ဦးနုနှင့် ဦးကျော်မင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် သဘောချင်းကိုက်ညီပြီး တည့်သွားကြလေသည်ဟု ကျွန်ုပ် သတင်းစကားကြားရသည်။ သူတို့နှစ်ယောက် တည့်ရခြင်းအကြောင်း၌ သခင်တင်လည်း ပါဝင်လေသည်။

No comments:

Post a Comment