Tuesday, September 7, 2010

ဦးဗဆွေဂျပန်လက်မှလွတ်မြောက်လာပုံ

ဦးဗဆွေဂျပန်လက်မှလွတ်မြောက်လာပုံ


၁၉၄၅-ခုနှစ် ဖေဖေါ်ဝါရီလတွင်ဖြစ်သည်၊ တိုင်းပြည်ကသိသောဂျပန်တော်လှန်ရေးကမပြုလုပ်ရသေး။ ထိုစဉ်က ဦးဗဆွေ(ယခု ဖ-ဆ-ပ-လ ဥက္ကဋ္ဌကြီး)သည် ကေဗိုတိုင်ချုပ်ဖြစ်လေသည်။ ကျွန်ုပ်က ဦးဗဆွေ၏ လက်ထောက်ဖြစ်ခဲ့ရသည်။ ဦးဗဆွေကိုဂျပန်များကမသင်္ကာ၍ ဖမ်းဆီးချုပ်နှောင်ထားလေသည်။

ဦးဗဆွေဂျပန်လက်ကလွတ်မြောက်ရန် အရေးကြီးနေသည်။ အဓိပတိဒေါက်တာဘမော်၊ ဗိုလ်ရန်နိုင်၊ သခင်မြ(ဒုတိယ၀န်ကြီးချုပ်)၊ သခင်နု(နိုင်ငံခြားရေးဝန်ကြီး)နှင့်ပီကေချောင်း (ဗြန်ဟတ်ဘွေအသင်းကြီး၏ ဥက္ကဋ္ဌနှင့်ဒုတိယကေဘိုတိုင်ချုပ်) ဤသူများက ဦးဗဆွေလွတ်မြောက်ရန်အတွက် အမျိုးမျိုးကြိုးပမ်းနေချိန် ဖြစ်လေ၏။

ထိုစဉ်ကကျွန်ုပ်သည် လန်ထောင်ဟော်တယ်ဖွင့်ထားချိန်ဖြစ်သည်။ ကျွန်ုပ်ပိုင် လန်ထောင် ဟော်တယ်သည် အစားအသောက်အလွန်ကောင်းသည်ဟု နာမည်ကျော်ကြားနေလေ၏။ ဟော်တယ်၏ အောက်ထပ်တွင် အရက်ဆိုင်၊ အလယ်ထပ်တွင်ကား စားသောက်ခန်း၊ အပေါ်ဆုံးထပ်တွင်ကား အိပ်ခန်း(လောဂျင့်)ဖြစ်လေသည်။ ကျွန်ုပ်၏ဟော်တယ်ဝယ် ဂျပန်စကားတတ်သောဟော်တယ်မယ် ချောချော လှလှများကို အထူးရွေးချယ်၍ခန့်ထားသည်။

သို့ကြောင့်လည်း အစိုးရအဖွဲ့ဝင်လူကြီးများ၊ ဂျပန်တပ်မတော်မှကြီးကြီးမာစတာများ အပြင်လောကမှ လူကုန်တန်များလာကြသည်။ လူမျိုးစုံဆုံးဆည်းသောနေရာဖြစ်နေ၍ သတင်းအထွေထွေရရှိနိုင်သော နေရာဋ္ဌာနမျိုးဖြစ်လေသည်။

ကျွန်ုပ်၏ဟော်တယ်သို့ ဂျပန်ကာနယ် ဟီယာအိုက၏တပည့် တိုင်ဝမ်းတရုပ်စကားပြန်သည် နေ့စဉ်နေ့တိုင်း ရောက်ရှိလာတတ်သည်။ ကြာ၍လာလေသော် အနှီထိုင်ဝမ်းကျွန်းမှစကားပြန်နှင့်ကျွန်ုပ်သည် အလွန်ခင်မင်ရင်းနှီးသောဘ၀သို့ ရောက်လာလေတော့သည်။

ဤဂျပန်ခေတ်ဝယ် ဂျပန်ကာနယ်ဟီယာအိုကသည် အလွန်တန်ခိုးကြီးထွားနေလေ၏။ သူနေသော အိမ်မှာ အလံပြဘုရားလမ်း အမေရိကန်ဆေးရုံနှင့်ကပ်လျက်ရှိသော တရုပ်သူဌေး စင်ဘိန်ဝှီးပိုင်သော နေအိမ်ဖြစ်လေသည်။ ယခုအခါတွင် ဒဂုန်ရိပ်သာဖြစ်နေသောနေရာဖြစ်သည်။ ကာနယ်ဟီယာအိုကသည် ကာယဗလကောင်းကောင်း အရပ်ထောင်ထောင်မောင်းမောင်း၊ စစ်ဝတ်စစ်စားနှင့်ဆိုလေလျှင် အလွန်ကြည့်ကောင်းသောသူတစ်ယောက်ဖြစ်လေသည်။ သူ့အသက်မှာ လေးဆယ်ခန့်ရှိပြီဟု ခန့်မှန်းရလေသည်။ သူသည် မိန်းမနှင့်ပျော်ပါးခြင်းကို အလွန်ဝါသနာထုံသူတစ်ဦးဖြစ်သည်။

(ဖ-ဆ-ပ-လ ဥက္ကဋ္ဌကြီး ဦးဗဆွေ)

တစ်နေ့သောအခါတွင် သူ၏တပည့် တိုင်ဝမ်တရုပ်စကားပြန်က ကျွန်ုပ်အားပြောသည်မှာ ... ““ယခု ဦးဗဆွေလွတ်မြောက်ဖို့အရေးဟာ ကာနယ်ဟီယာအိုက လက်ထဲမှာတည်နေတယ်။ ပြီးတော့ သူက မိန်းမသိပ်လိုက်စားတယ်။ တရုပ်၊ ဗမာမတွေကို မကြိုက်နှစ်သက်ဘူး။ အင်္ဂလိပ်ကပြားမဆိုရင် အသေအလဲ စွဲတယ်။ သူ့စိတ်ကဒီမှာပဲရှိတယ်””ဟူ၍ ပြောပြလေသည်။ ဤစကားကိုကြားမိသည့်အချိန်မှစ၍ ကျွန်ုပ်သည် ဟော်တယ်သို့ကြွရောက်လာသူများကို သေသေချာချာလေ့လာအကဲခတ်နေလေသည်။

မကြာလှပါပေ။ တွေ့လေတော့ပြီ။ ကျွန်ုပ်၏ဟော်တယ်သို့ မကြာခဏလာသူတစ်ဦးသည် ပျက်စီးနေသော အင်္ဂလိပ်ကပြားမတစ်ဦးနှင့်တွဲလာတတ်သည်။ သူသည်ကား ဂျပန်ခေတ်ဝယ် အလွန် နာမည်ထင်ရှားသော ဗမာဝန်ကြီးတစ်ဦးဖြစ်လေသည်။ ကျွန်ုပ်၏လွန်စွာမှရင်းနှီးခင်မင်သူဖြစ်နေ၍ သူ့အမည်ကို ထုတ်ဖေါ်၍မရေးသားလိုပေ။ သူသည်ဖြတ်ထိုးဉာဏ်အလွန်ကောင်းသည်။ နိုင်ငံရေးစိတ်ဓါတ်လည်းရှိသည်။ မိန်းမလည်းအလွန်လိုက်စားသည်။

တစ်ညသောအခါတွင် ကျွန်ုပ်၏ဟော်တယ်အခန်း အမှတ်(၁)သို့ ဤ၀န်ကြီးသည် သူနှင့်အချစ်နလံ ထလေ့ရှိသော အင်္ဂလိပ်ကပြားမနှင့် လာရောက်ပြီးစားသောက်နေကြသည်။ သူ့နဘေးဝယ်ပါလာသော အင်္ဂလိပ်ကပြားမလေးသည် ဖိုသတ္တ၀ါတို့စွဲမက်စရာကောင်းလောက်အောင် လှမျိုးကြွယ်သူလေးဖြစ်သည်။ အနှီအင်္ဂလိပ်ကပြားမလေးသည် ဗမာစကားတတ်သော်လည်း မပြော၊ အင်္ဂလိပ်စကားကိုသာပြောလေ့ရှိသည်။ ကျွန်ုပ်သည်လည်း သူတို့အနားသို့သွားရောက်ပြီး ထွေရာလေးပါးစကားများပြောနေရာမှ...

““အော်..ဒါနဲ့ ၀န်ကြီးကို တရုပ်ရာဇ၀င်တစ်ခုပြောရဦးမယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၂၀ က တရုပ်ပြည် မန်ချူးမင်းတစ်ပါးဟာကွယ်လွန်သွားတော့၊ သူ့မိဖုရားကျန်ရစ်ခဲ့တယ်။ အဲဒီမိဖုရားမှာ “စွန်တီ”လို့ခေါ်တဲ့ သားတော်တစ်ပါးကျန်ရစ်ခဲ့တယ်။ ဒီစွန်တီဟာ ဘုရင်ဖြစ်နေပေမယ့်၊ ငယ်လွန်းတဲ့ကလေးဖြစ်တာကြောင့် တိုင်းပြည်ကို မအုပ်ချုပ်တတ်သေးဘူး။ သူ့မိခင်ကပဲ ထီးနန်းကိုဆက်လက်ထိန်းသိမ်းပြီး အုပ်စိုးနေရတယ်။ ဒီမုဆိုးမဖြစ်တဲ့မိဖုရားဟာ ရုပ်ရည်အလွန်ချောလှပြီး၊ အကြံဉာဏ်လည်း အလွန်ကောင်းသူတစ်ဦးဖြစ်တယ်။ တစ်နေ့တော့မိဖုရားဟာ သူ့ရဲ့စစ်သေနာပတိချုပ် တိုနီကွန့်ကိုခေါ်ပြီး၊ တရုပ်ပြည်ရဲ့မြို့တော်ဖြစ်တဲ့ ပီကင်းကို တိုက်ခိုက်ဖို့အကြံပေးတယ်။ ဒီအချိန်တုန်းက ပီကင်းမြို့ကလည်း တရုပ်အမျိုးသားအချင်းချင်းကလည်း မညီညွတ်ဘူး။ သူတလူ ငါတမင်းဖြစ်နေပြီ။ အသင်းအဖွဲ့တွေကလည်းကွဲနေ၊ ပေါင်းစည်းလို့မရတဲ့ အချိန်အ ခါဖြစ်နေတယ်။ စစ်သေနာပတိချုပ်တိုနီကွန့်ဟာလည်း မိဖုရားစီမံပေးချက်အတိုင်း မနက်ဖြန်ပီကင်းမြို့ကို ၀င်ရောက်တိုက်ခိုက်ဖို့ စစ်ကြောင်းအသေအချာဖွင့်ပြီးပါမှ ညအခါမှာ ချက်ချင်းပဲကောက်ရသလို ဖျားနေတယ်လို့ သတင်းထွက်ပေါ်လာပါလေရော။ ဒီအခါမှာ မိဖုရားက သူ့စစ်သေနာပတိချုပ်ကြီးတိုနီကွန့်ကို သိပ်ပြီး သင်္ကာမကင်းတော့ဘူး။ တိုနီကွန့်ဟာ တစ်ခုခုအကြံအစည်ရှိနေလို့ ပရိယာယ်ဆင်တာဖြစ်မှာပဲလို့ တွေးတယ်။ ဒါကြောင့် ညမှာ မိဖုရားကိုယ်တိုင်တိုနီကွန့်ကို သွားပြီးပြုစုလိုက်တယ်။ ဘယ်လိုလုပ်ပြီးပြုစုလိုက်သလဲတော့ မပြောတတ်ဘူး။ မနက်ဖြန်လည်းကျရော စစ်သေနာပတိချုပ်တိုနီကွန့်ဟာ ချက်ချင်းပဲနေကောင်းလာပြီး ပီကင်းမြို့ကိုသွားသိမ်းလိုက်တာ ရခဲ့တယ်။ တရုပ်မှာ စကားတစ်ခွန်းရှိပါတယ်။ ဘယ်လောက်ပဲ ခွန်အား ဗလနဲ့ပြည့်စုံတဲ့သူပဲဖြစ်ဖြစ်၊ လှတဲ့ဟာကိုတော့ မကျော်လွန်နိုင်ဘူးတဲ့။ ဒါနဲ့တစ်ဆက်တည်း အခုဦးဗဆွေကို ဖမ်းထားတဲ့ ကာနယ်ဟီယာအိုက ဟာလည်း မိန်းမအလွန်လိုက်စားတယ်လို့ဆိုပါတယ်။ သူက အင်္ဂလိပ် ကပြားမကိုမှ ရွေးပြီးလိုက်စားလေ့ရှိပါတယ်။ ဦးဗဆွေရဲ့အသက်ဟာလည်း သူ့လက်ထဲမှာရှိတယ်။ သူသဘောတူလို့လွှတ်ရင်လည်းရတယ်။ သတ်ရင်လည်းသေမှာပဲ။ ဦးဗဆွေကိုကယ်ဆယ်ဖို့ ၀န်ကြီးနဲ့ ပါလာတဲ့ အင်္ဂလိပ်ကပြားမကလေးကိုပဲ ဟဲ..ဟဲ””

ကျွန်ုပ်ထံမှ မျှော်လင့်မထားသောစကားတစ်ခွန်းကြောင့် ၀န်ကြီးသည် အင်္ဂလိပ်ကပြားမကလေးနှင့် စားသောက်နေရာမှ မျက်လုံးပြူးသွားလေသည်။ ပြီးနောက်မှ မျက်နှာထားကိုပြုံးပြုံးရွှင်ရွှင်ထား၍ ““မင်းဆိုချင်တာက အခုငါနဲ့ပါလာတဲ့အင်္ဂလိပ်ကပြားမကို ကာနယ် ဟီယာအိုကကို တစ်ညနှစ်ညပေးဖို့ ပြောတာပေါ့..””

ကျွန်တော့အနေနဲ့ ဦးဗဆွေလွတ်မြောက်လာဖို့အတွက် အကူအညီတောင်းတာပါ။ ၀န်ကြီးလည်း ကူညီနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်””

ကျွန်ုပ်၏ဆွယ်တရားအပြောကောင်းမှုကြောင့် ၀န်ကြီးသည်ငိုင်သွားပြီးစဉ်းစားနေသည်။ သူ့အဖို့ ပေးသင့်မပေးသင့် စဉ်းစားနေဟန်တူလေ၏။ ပြီးတော့မှသူသည်...

““အေး.. ကောင်းပြီ၊ မင်းကြည့်ပြီးတော့သာစီစဉ်၊ ဒီအင်္ဂလိပ်ကပြားမကလေးကို ကာနယ်ဟီယာအိုက ဆီကိုထည့်လိုက်မယ်””ဟူ၍ပြောသည်။ ပြီးလျှင်ကား သူသည် အင်္ဂလိပ်ကပြားမကလေးကို အတော်ကြာအောင် ပြောနေသည်။ ကျွန်ုပ်ကား အင်္ဂလိပ်စကားတတ်သူတစ်ယောက်မဟုတ်၍ သူတို့ဘာတွေပြောနေကြသည်ကို မသိရပေ။ သည့်နောက်ပိုင်းဝယ် လှမျိုးကြွယ်နေသောအင်္ဂလိပ်ကပြားမကလေးကို ကျွန်ုပ်၏လက်ဝယ် အပ်နှံသွားလေသည်။ ကျွန်ုပ်အဖို့ကား လွန်စွာမှဝမ်းမြောက်နေမိသည်။

နောက်တစ်နေ့တွင် ထိုင်ဝမ်ကျွန်းမှစကားပြန် ကျွန်ုပ်၏ဟော်တယ်သို့လာလေသည်။ သူ့လက်သို့ အင်္ဂလိပ်ကပြားမကလေးကိုအပ်လိုက်၊ မှာကြားစရာရှိသည်များကို တိုးတိုးတိတ်တိတ်မှာကြားရပြီး ထည့်လိုက်လေသည်။ ထိုနေ့ည ကာနယ်ဟီယာအိုက၏လက်ဝယ် အင်္ဂလိပ်ကပြားမကလေးရောက်သွားသည်။ နောက်တစ်နေ့တွင်ကား ဦးဗဆွေကြီး ဂျပန်ဖမ်းဆီးထားသောဘ၀မှ လွတ်မြောက်လာသည်ကို တွေ့ရ၏။

ဦးဗဆွေကြီးဂျပန်လက်မှ လွတ်မြောက်လာမှုသည် ကျွန်ုပ်တစ်ဦးတည်း၏စွမ်းဆောင်ချက်ကြောင့်ဟု မဆိုလိုပါ။ အနှီအင်္ဂလိပ်ကပြားမကလေးကို အကူပေးသော အမည်မဖေါ်လိုသည့်ဝန်ကြီး၏ ကျေးဇူးသည် အများကြီးပါဝင်လေသည်။

တစ်ဖက်မှလည်း ဗမာ့နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် ဦးဗဆွေအပေါ်သို့သံယောဇဉ်ရှိသော တရုပ်အမျိုးသားများကလည်း ဦးဗဆွေဂျပန်လက်မှလွတ်မြောက်ရန်အတွက် ငွေအား၊ လုပ်အား၊ အကြံအားနှင့် ပြုလုပ်နေကြသည်မှာလည်း ကျွန်ုပ်အသိပင်ဖြစ်သည်။ သူတို့၏ကြိုးပမ်းမှုက မည်သို့မည်ပုံဖြစ်နေကြမည်ကို ကားမသိ၊ ကျွန်ုပ်၏ကြိုးပမ်းမှုကိုသာ ထုတ်ဖေါ်၍ရေးသားဖေါ်ပြခြင်းဖြစ်ပေသည်။

မည်သူ၏စွမ်းဆောင်မှုကြောင့်ဖြစ်စေ၊ ကျွန်ုပ်၏မိတ်ဆွေကြီးဦးဗဆွေ ဖက်ဆစ်ဂျပန်လက်မှ လွတ်မြောက်လာသည့်အတွက် များစွာဝမ်းသာနေသူကား ကျွန်ုပ်ပင်ဖြစ်လေတော့သည်တကား။

No comments:

Post a Comment