Saturday, September 11, 2010

““အင်းစိန် အောင်ပွဲ””


““အင်းစိန် အောင်ပွဲ””

          ကျွန်ုပ်၏ ၀ါသနာအကြောင်းကို ရေးရပေဦးမည်။ ကျွန်ုပ်၏၀ါသနာကား အဘယ်မည်သော အလုပ်မျိုးကိုမဆို စပ်စပ်စုစုလုပ်တတ်သည်။ ထို့ကြောင့်လည်း လူအများမသိသေးသော အကြောင်း အရာများကို စပ်စပ်စုစုပင် သိတတ်လေသည်။
          အထူးသဖြင့် ပွဲလမ်းကြီးများ၊ ဧည့်ခံပွဲကြီးများလိုလိုပင် ကျွန်ုပ်တက်ရောက်သည်က များပါ၏။ တတ်နိုင်သမျှ လူအများစုဝေး၍ပြုလုပ်သော လုပ်ငန်းတိုင်းလိုလို အားပေးကူညီခဲ့ပေသည်။ ဤကား ကျွန်ုပ်၏၀ါသနာဟုဆိုလျှင် မမှားပေ။
          ၁၉၄၉-ခုနှစ်၊ ဇွန်လ ၁-ရက်နေ့တွင် ကျွန်ုပ်၏ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌကြီး စိန်ဘရားသား ဦးထွန်းစိန်၊ ဦးဆင်- ဒေါ်ဌေး (သား) ဦးမောင်မောင်၊ ဦးသံတိုင်၊ ဦးမြရင်တို့ ရောက်လာကြပါသည်။ သူတို့ ကျွန်ုပ်အိမ်သို့ လာရခြင်းအကြောင်းကို စုံစမ်းကြည့်သောအခါ ““အင်းစိန်အောင်ပွဲ တပ်ပေါင်းစုံဂုဏ်ပြုပွဲအတွက် တပ်မတော်သားပေါင်း ၁၅၀၀ အပြင် ဧည့်သည်တော် လူ ၃၀၀ ခန့် တက်ရောက်မည့်ပွဲကို ဦးစပ်စုက တာဝန်ယူပြီး ကူညီစေချင်ပါတယ်”” ဟူ၍ဆိုလာ၏။ ကျွန်ုပ်ကလည်း မိတ်ဆွေအများပေးအပ်သော တာဝန်ကို လက်ခံလိုက်လေသည်။
          “အန်းစိန်အောင်ပွဲ” အထိန်းအမှတ်ပွဲသဘင်ပြုလုပ်သော နေရာကား ၈-မိုင် ပဲရော့ဦးဆံနီ၏ ခြံ၌ ဖြစ်လေသည်။ နေ့ရက်ကား ၁၉၄၉-ခုနှစ်၊ ဇွန်လ ၅-ရက်နေ့၌ ဖြစ်လေသည်။

          ကြွရောက်လာကြမည့် ပုဂိ္ဂုလ်အပေါင်း ၂၀၀ နီးပါးကို ကျွေးမွေးရေးတာဝန်မှာ မသေးငယ်လှပါ။ အလုံးစုံ ချောချောမောမောဖြစ်ရလေအောင်လည်း တာဝန်ကြီးလှပေသည်။ ကျွန်ုပ်အနေဖြင့် ပွဲတိုင်းကျော် တာဝန်ကို ထမ်းဆောင်ခဲ့ဖူး၍ တော်ပေသေးသည်ဟုဆိုရပေမည်။ ဤပွဲသဘင်ကြီးဖြစ်မြောက်ရေးအတွက် အိန္ဒိယအမျိုးသား တော်တော်များများကလည်း သူတို့တက်နိုင်သည့်ဘက်မှ ကူညီအားပေးကြပါသည်။ ယင်းကြောင့်ပင် များစွာအခက်အခဲနှင့်မတွေ့ရပဲနှင့် အောင်မြင်ပြီးစီးသွားလေသည်။
          လာရောက်ကြသော ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံမှ စစ်ဗိုလ်ကြီးငယ်တို့ဖြစ်ပါသည်။
          စုစုပေါင်း ၁၅၀၀ ရှိပါသည်။

          သည့်နောက်ပိုင်းတွင် ကျွန်ုပ်က စိန်ဘရားသား ဦးထွန်းစိန်အား ဗမာကုန်သည်ကြီးအသင်း နည်းတူ ကျွန်ုပ်တို့ကလည်း တပ်ပေါင်းစုံအပေါ် မေတ္တာထားသူများဖြစ်ပါ၍ တပ်ပေါင်းစုံကိုလည်း တရုပ်အမျိုးသားများအနေဖြင့် ထမင်းစားသောက်ပွဲကြီးတစ်ခု ကျင်းပလိုကြောင်းကို ပြောကြည့် ပါသေးသည်။
          ဦးထွန်းစိန်က သူလည်း စစ်ဗိုလ်များကိုမေးကြည့်ပြီးမှ အကြောင်းပြန်ပါမည်ဟု ဆိုပါသည်။ ထို့နောက်ပိုင်းတွင်ကား စစ်ဗိုလ်များသည် ကိုယ့်တပ်ရင်းရှိရာသို့ ပြန်ကုန်ကြပြီဖြစ်ပါ၍ ဤကျွန်ုပ်တို့ တရုပ်အမျိုးသား ထမင်းစားပွဲကြီးမှာ မဖြစ်လာခဲ့ပေ။

No comments:

Post a Comment