Tuesday, September 7, 2010

လမ်းမတော်ဦးစပ်စု

လမ်းမတော်ဦးစပ်စု


ကျွန်ုပ်တို့နေထိုင်သော လမ်းမတော်ရပ်ကွက်တွင် နှစ်စဉ်နှစ်တိုင်း ရှင်ဥပဂုတ်ပူဇော်ပသပွဲကို ပြုလုပ်လေ့ရှိသည်။ ဖက်ဆစ်ဂျပန်ခေတ်ဆိုးကြီးဝယ် အခြေအနေအရမပြုလုပ်နိုင်ခဲ့ပေ။
၁၉၄၅-ခု ဒီဇင်ဘာလ ၂၅-ရက်နေ့တွင် လမ်းမတော်ရပ်ကွက်ရှိ လူကြီးလူကောင်းများဖြစ်ကြသော ဦးပွား၊ ဦးမောင်ကြီး၊ ဦးသောင်း၊ ဦးချစ်ထွန်း၊ ဦးညွန့်တင်၊ ဦးသာမောင်၊ ဦးဘိုးဆွေ၊ ဦးကျော်ခင်၊ ဦးဘချစ်တင် (ရုပ်ရှင်မင်းသားဗဂျီအောင်စိုး၏ဖခင်)၊ ဦးကျစ်ဘိန်တို့လာရောက်ကြသည်။ သူတို့က အကူအညီ တောင်း၍ ငွေငါးရာပါဝင်ကူညီလိုက်ရလေသည်။ သူတို့သည် ရှင်ဥပဂုတ်ပူဇော်ပွဲ၌ ရာမဇာတ်ပွဲကို စပြီးကပြ လေပြီ။

ထိုစဉ်က ပုလိပ်မင်းကြီးဖြစ်သူမှာ ကာနယ်အောဆိုသူဖြစ်သည်။ ရာမပွဲကရန် ပါမစ်ကားရလေ၏။ သို့သော် ပွဲကသောအခါ လမ်းပိတ်ထားရန်ပါမစ်ကိုကား ထုတ်မပေးချေ။ လမ်းမကြီးပေါ်၌ ဆယ်ပေခန့် ယာဉ်မျိုးစုံသွားလာနိုင်ရန်ချန်လှပ်ထားရမည်။ ဤဆယ်ပေကားသွားရန်နေရာကား ဖျာလည်းမခင်းရ၊ လူကိုယ် တိုင်လည်း ရပ်၍မကြည့်ရဟု အမိန့်ထုတ်ထားလေသည်။

ထို့ကြောင့် ကျွန်ုပ်ကတွေးသည်။ ညကိုးနာရီခန့်တွင် ရာမဇာတ်ပွဲစ က လေတော့မည်။ ဤတွင် ဖျာပေါ်၌အိပ်ချင်သောသူများကလည်း အိပ်ကြပေတော့မည်။ ထိုစဉ်က ဆယ်တန်စစ်ကားကြီးများကလည်း အရှိန်ပြင်းစွာနှင့်မောင်းနှင်လာတတ်သည်။ မောင်းနှင့်လာသောစစ်သားကိုယ်တိုင်ကလည်း အရက်များမူးနေ တတ်သည်။ ဤအတွက်ကြောင့် ဖျာပေါ်ဝယ်အိပ်နေသောသူများအတွက်ကား ဘေးရန်မကင်းလှပေ။ သူတို့အတွက်စိုးရိမ်မိသည်။

ပုလိပ်မင်းကြီးသည် အင်္ဂလိပ်လူမျိုး ကာနယ်အောဖြစ်နေ၍အလွန်အပြောရခက်လှသည်။ ထို့ကြောင့် ကျွန်ုပ်သည် တစ်မျိုးတဖုံစဉ်းစားပြီး၊ အလွန်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသော ဦးစောလှဖြူ၊ ဖျာပုံဦးအုံးခင်၊ အင်္ဂလိပ်အစိုးရနှင့်အတူပါသွားသူ ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော်၊ ဦးသာယာဝတီမောင်မောင်၊ နေဗီလိုင် (capt,Lyle ဟုလည်းခေါ်သည်)။ သူတို့တတွေကိုခေါ်၍ ကျွန်ုပ်၏လန်ထောင်ဟော်တယ်၌ ညနေဘက် ထမင်းစားဧည့်ခံကျွေးမွေးပွဲတစ်ခုကျင်းပသည်။ ကျွန်ုပ်၏ဖိတ်ကြားချက်အရမဟုတ်၊ မိတ်ဆွေကြီးဦးစောလှဖြူ အခေါ်ဖြင့် အင်္ဂလိပ်လူမျိုးပုလိပ်မင်းကြီးကာနယ်အောနှင့် နေဗီလိုင်တို့လည်း ကျွန်ုပ်၏ထမင်းစားဧည့်ခံ ဂုဏ်ပြုပွဲသို့ ကြွရောက်လာကြလေသည်။

ကျွန်ုပ်သည်လည်း ကြွရောက်လာကြသော လူကြီးလူကောင်းများကို ဖွယ်ဖွယ်ရာရာဟင်းမျိုးစုံဖြင့် လိုလေသေးမရှိရလေအောင်ပြုစုကျွေးမွေးလေသည်။ သူတို့တတွေသည် ပျော်ပျော်ရွှင်ရွှင်နှင့်စားသောက်ကြသည်။ အဆင်သင့်နေ၍ကျွန်ုပ်သည် ဤလူစုကို ရှင်ဥပဂုတ်ပွဲရှိရာ ရာမဇာတ်သို့ခေါ်ဆောင်သွားလေတော့သည်။

သူတို့တတွေသည် ပွဲခင်းထဲရှိကုလားထိုင်ပေါ်တွင်ထိုင်၍ ရာမပွဲကိုအာရုံဝင်စားစွာကြည့်နေခိုက် ဆယ်တန်စစ်ကားကြီးများသည် ဆယ်ပေခန့်လစ်လပ်နေသောကားလမ်းပေါ် တအားတအားမောင်းနှင်သွား သည်ကိုမြင်ရလေသည်။ ထိုစဉ်ဝယ်ကျွန်ုပ်သည် မိတ်ဆွေကြီးဦးစောလှဖြူကိုကြည့်၍...

““ဒီစစ်ကားကြီးတွေကိုမောင်းလာတဲ့သူကလည်း အရက်မူးမူးနဲ့မောင်းလာတယ်။ မတော်တဆများ ဒီဘက်တိမ်းလိုက်မယ်ဆိုရင် အိပ်ပျော်နေကြတဲ့ လူကြီး၊ ကလေးတွေတော့ဒုက္ခပဲ။ ဒါကြောင့် ပုလိပ်မင်းကြီး ကာနယ်အောကို လမ်းပိတ်ပေးဖို့ပြောဆိုပေးပါ””ဟူ၍ပြောလိုက်သည်။ ဦးစောလှဖြူကလည်း ချက်ချင်းပင် ကာနယ်အောကိုပြောလိုက်လေသည်။ အင်္ဂလိပ်လူမျိုး အလွန်အပြောရခက်သော ပုလိပ်မင်းကြီးကာနယ် အောသည် ချက်ချင်းပင်လမ်းပိတ်ရန်အမိန့်ပေးလေသည်။ ကျွန်ုပ်တို့သည်လည်း လမ်းပိတ်ရန်အမိန့်ရရှိသည် နှင့်တပြိုင်နက် ချက်ချင်းပင်လမ်းပိတ်ဆို့လိုက်သည်။ ဤအခါကျလေတော့မှ လမ်းမတော်ရပ်ကွက်ရှိ ရွှေပွဲလာပရိတ်သတ်သည် စိတ်ချလက်ချနှင့်ပျော်ရွှင်စွာကြည့်နိုင်လေတော့သည်။

လမ်းမတော်ရပ်ကွက်၌ပြုလုပ်သော ရှင်ဥပဂုတ်ပွဲတော်နှင့် ပွဲလမ်းမှန်သမျှ ကျွန်ုပ်သည် ကူညီအားပေး ခဲ့သည်မှာများသည်။ ဤရပ်ကွက်ရှိလူကြီးလူငယ်မှန်သမျှကလည်း ကျွန်ုပ်နှင့်သိကျွမ်းခင်မင်သည်သာ များသည်။ တစ်ခါကကလည်း ကျွန်ုပ်တို့လင်မယားသည် ဗွီစီးကရက်မဏ္ဍပ်သို့သွားနေခိုက်အိမ်သို့သူခိုးဝင်လေသည်။ ဤသူခိုးကို ရပ်ကွက်ရှိလူငယ်များက ၀ိုင်းဖမ်းပေးလေသည်။ ထိုမျှအထိ လူကြီးလူငယ်များ ညီညွတ်လျက်ရှိသော လမ်းမတော်ပင်ဖြစ်လေသည်။

လွန်ခဲ့သောခေတ်အခါသမယက ကျွန်ုပ်တို့နေထိုင်ရာ လမ်းမတော်ရပ်ကွက်သည် ရာဇ၀တ်မှု၌ လွန်စွာမှများပြားခဲ့လေသည်။ လမ်းမတော်သည် တစ်ခေတ်တစ်ခါက လမ်းမတော်ဖိုးတုတ်တို့ ခေတ်ထခဲ့ ဖူးသည်။ မကြာခဏ ရမ်းကားမှု၊ ဓါးထိုးမှု၊ လူမိုက်မှု လွန်စွာများခဲ့သော လူမိုက်လမ်းမတော်ဖြစ်ခဲ့ဖူး၏။ သို့သော် ယနေ့လမ်းမတော်ပိုင်းသည် အသွင်တစ်မျိုးပြောင်းလေပြီ။ သည့်အရင်ကဆိုးသွမ်းခဲ့သော်လည်း ယခုအချိန်သည်ကား လူကြီး၊ လူရွယ်၊ လူငယ်ညီညွတ်နေသည့် အံ့သြစရာကောင်းသောလမ်းမတော်ပင် ဖြစ်၍နေလေတော့သည်။

No comments:

Post a Comment