Saturday, September 11, 2010

““ကြုံခဲ့ရသည်””


““ကြုံခဲ့ရသည်””

          အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးသည် အိန္ဒိယပြည်သို့ ပြန်၍သွားလေပြီ။ သည့်နောက် ၂-ရက်အကြာတွင် ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)၏အရိုးပြာအိုး အိန္ဒိယပြည်သို့ ယူဆောင်လာရေးကိစ္စနှင့်ပတ်သက်၍ ဗမာပြည်ရှိအိန္ဒိယသံရုံးသို့ သွားရောက်မေးမြန်းစုံစမ်းကြည့် လေသည်။
          ထိုအခါ အိန္ဒိယသံရုံးရှိ ပထမအတွင်းဝန် (D.Muruge San) က ကျွန်ုပ်အား စကားပြန်နှင့် ပြန်လည်၍ ပြောကြားသည့်စကားမှာ ““ကျွန်တော်တို့ခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို အလေးထားတဲ့မိတ်ဆွေအား အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို သွားရောက်ယူငင်တဲ့အခါမှာ မိတ်ဆွေလည်း လိုက်ပါရန် ကြိုတင်ပြီး အကြောင်းကြားပါ့မယ်”” ဟူ၍ ပြန်ပြောပါသည်။
          လွန်စွာခင်မင်ရင်းနှီးသော မိတ်ဆွေကြီးဆူဘတ်ချန်ဒရာဘို့(စ်)နှင့် ပတ်သက်၍ ကျွန်ုပ်ထင်မြင် ယူဆချက်တစ်ခုကို တင်ပြလိုပါသည်။
          အကယ်တန္တု ထိုစဉ်က ဆူဘတ်ချန်ဒရာဘို့(စ်)သည် ဗမာပြည်၌သော်လည်းကောင်း၊ သို့မဟုတ် နယ်ချဲ့အင်္ဂလိပ် သြ၀ါဒလွှမ်းမိုးသော နေရာတစ်နေရာ၌သော်လည်းကောင်း အသက်ရှင်လျက်ရှိနေပါမူ ဧကန်ဧကအဖမ်းခံရမည်မှာ သေချာပါ၏။ ယုတ်စွအဆုံး အမေရိကန်ရှိသော နေရာ၌ပင်လျှင် အင်္ဂလိပ်၏သြဇာပေးမှုနှင့် အချုပ်ခံရမည်မှာ အသေအချာဖြစ်ပါသည်။ တစ်ချိန်တုန်းက ဗမာပြည်၏ အဓိပတိကြီး ဒေါက်တာဘမော်ပင်လျှင် အင်္ဂလိပ်အစိုးရက အမေရိကန်အား ဖမ်းဆီးခိုင်းသည့် သာဓကရှိပါသည်။ ထို့ကြောင့် အနှီကဲ့သို့ အိန္ဒိယ၏လွတ်လပ်ရေးကို ကြိုးပမ်းနေသော ခေါင်းဆောင် ကြီးတစ်ဦးကို အဘယ်မှာလျှင် ကြည့်၍နေပါမည်နည်း။
          ဆူဘတ်ချန်ဒရာဘို့(စ်)သည် ဂျပန်ပြည်သို့ လေယာဉ်ပျံဖြင့် ထွက်၍ပြေးသည်ကား သဘာဝ ကျသည်။ လမ်း၌ လေယာဉ်ပျက်ပြီး မီးလောင်၍သာသေဆုံးခဲ့ရသည်။ အကယ်၍သာ အသက်နှင့် ခန္ဓာမြဲနေပါမူ ရန်သူ့ထံ၌ အညံ့ခံဒူးထောက်ပြီး အဖမ်းခံမည့်လူစားမျိုး မဟုတ်ဟု ကျွန်ုပ်ယူဆပါသည်။
          ထိုသို့သော ခေါင်းဆောင်အရည်အချင်းနှင့် ပြည့်စုံသူတစ်ယောက် ကျွန်ုပ်တို့အာရှတိုက်၌ ရှိနေခြင်းသည် အိန္ဒိယပြည်အတွက်လည်းကောင်း၊ ကျွန်ုပ်ကဲ့သို့ ရင်းနှီးခင်မင်သော သူတစ်ယောက် အတွက်လည်းကောင်း များစွာ ဂုဏ်ယူစရာ မဟုတ်တုံလော။
          တရုပ် ရှေးဟောင်းရာဇ၀င်တွင် စကားပုံတစ်ခုရှိလေသည်။ ဤစကားပုံသည်ကား စိန်ကို ထုခွဲလျှင် ကြေမွပျက်စီးနိုင်သော်လည်း သူ၏ သဘာဝအဖြူရောင်ကား မပျောက်ပေ။ ၀ါးလုံးကို မီးရှို့လျှင် ပြာဖြစ်မည်မှန်သော်လည်း ၀ါးဆစ်ကကျန်နေပေမည်။ ထို့အတူ တိုင်းပြည်၏သူရဲကောင်းတို့ မည်သည် သတ်၍သေလျှင်သာသေပေမည်။ သို့သော် သူ၏လုပ်ဆောင်ချက်များက ကောင်းကင်၌ ငွေစန္ဒာလကြီး ရှိနေသကဲ့သို့ အမြဲတမ်း ထင်ထင်ရှားရှားရှိနေပေလိမ့်မည်။ ကျွန်ုပ်၏မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)သည်လည်း ဤသို့သော လူစားမျိုးဖြစ်ပေသည်။
          များလှစွာသော အိန္ဒိယအမျိုးသားများသည် ဗမာပြည်၌မွေးဖွားပြီး ဗမာပြည်၌သေကြမည့် သူများဖြစ်ကြပါသည်။ သူတို့၏အိန္ဒိယခေါင်းဆောင်ကြီးများနှင့်အတူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပါ ကြည်ညိုလေးစားသည်ကို တွေ့မြင်ရ၍ များစွာပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ဗမာ၊ တရုပ်၊ အိန္ဒိယအမျိုးသားများသည် လူမျိုးအားဖြင့်သာ ကွဲပြားခြားနား နေသော်လည်း အမှန်စင်စစ်အားဖြင့် ကိုယ့်အာရှတိုက်သားများပင် မဟုတ်ပါလော။
          မှတ်မိပါသေးသည်။ ကျွန်ုပ်သည် တစ်ခါက ဂျပန်ပြည်မှ အပြန်တွင် မာကောင်း (Macau) သို့ ခေတ္တ၀င်၏။ ထိုမှတဆင့် ကျွန်ုပ်စီးနင်းလာသော သင်္ဘောသည် ဟောင်ကောင်မြို့ (အင်္ဂလိပ် အုပ်ချုပ်နေသော ဆိပ်ကမ်းမြို့)သို့ ၀င်ပြန်လေသည်။
          ဟောင်ကောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အခွန်တော်ဌာနက သင်္ဘောပေါ်သို့တက်၍ စစ်ဆေးလေသည်။ ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော သင်္ဘောပေါ်ရှိ ခရီးသည်တိုင်းကို တစ်ယောက် မကုန် သေချာစွာစစ်ဆေးလေသည်။ လူတိုင်းကိုလည်း ရှာဖွေပါသည်။ ပါလာသော သေတ္တာကိုလည်း ဖွင့်၍ပြရပါသည်။ ပြီးနောက် သေသေချာချာ ဂရုတစ်စိုက်ပင်ရှာဖွေပါသည်။ စစ်ဆေးသော အရာရှိမှာ မုတ်ဆိတ်မွေးဖားဖားနှင့် ပန်ချာပီအိန္ဒိယအမျိုးသားများ ဖြစ်လေသည်။
          ပန်ချာပီအမျိုးသားနှစ်ယောက်သည် ကျွန်ုပ်၏သေတ္တာကို စစ်ဆေးရန်ဖွင့်ခိုင်းပါသည်။ ကျွန်ုပ်ကလည်း သေတ္တာကို အသာတကြည်ပင် ဖွင့်ပြလိုက်ပါသည်။ ကျွန်ုပ်၏သေတ္တာကို မွှေနှောက် ရှာဖွေလေရာ ပစ္စည်းတစ်ခုကိုတွေ့သွား၍ တအံ့တသြဖြစ်နေကြပါသည်။ သူတို့တွေ့သွားသော ပစ္စည်းသည် အခြားမဟုတ်။ ကျွန်ုပ်နှင့် မစ္စတာနေရူး တွဲရိုက်ထားသော ဓါတ်ပုံပင်ဖြစ်လေသည်။ ပြီးနောက် ဓါတ်ပုံတစ်ခုမှာ မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ပုံ ဖြစ်လေသည်။
          သူတို့သည် ကျွန်ုပ်အား အုပ်ချုပ်သူအရာရှိအခန်းသို့ ခေါ်ဆောင်သွားသည်။ ကျွန်ုပ်၏ စိတ်အထင်ဝယ် အစိုးရဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများဖြစ်လိမ့်မည်ဟု ထင်မိပါသည်။
          ကျွန်ုပ်သည် အုပ်ချုပ်သူအရာရှိ၏ အခန်းအတွင်းသို့ ရောက်ရှိသွားပါသည်။ အုပ်ချုပ်သူ အရာရှိကလည်း ပန်ချာပီအမျိုးသားဖြစ်၏။ သို့သော် သူကား တရုပ်စကားကို တရုပ်အမျိုးသား တစ်ယောက်ကဲ့သို့ ကောင်းမွန်ကျင်လည်စွာ တတ်ထားသူဖြစ်ပါသည်။ ဤအရာရှိက ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ပန်ချာပီအမျိုးသားနှစ်ယောက်ယူလာသော ဓါတ်ပုံများကို စေ့စေ့ကြည့်၏။ ပြီးလျှင် ၀မ်းမြောက်ဝမ်းသာဖြစ်နေသော ဟန်ဖြင့် ရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်ကာ ..
          ““ခင်ဗျားက ဘယ်ကလာပါသလဲ””
          ““ကျွန်တော်ဟာ ဂျပန်ပြည်မှာရှိတဲ့ ခေါင်းဆောင်ကြီးဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို အလေးပြုပြီး ပြန်လာခြင်းဖြစ်ပါတယ်””
          ထိုစကားကြောင့် သူက ပို၍၀မ်းသာသွားဟန်ဖြင့်...
          ““ကောင်းပါတယ်၊ အခုလိုသတင်းကြားသိရတာ အများကြီးပဲ ၀မ်းသာပါတယ်။ အိန္ဒိယ ခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ ဆူဘတ်ချန်ဒရာဘို့(စ်)၊ နေရူးတို့ဟာ ကျွန်ုပ်တို့ရဲ့မိဘဆိုရင်လည်း မမှားပါဘူး။ သူတို့နဲ့မိတ်ဆွေဖြစ်တဲ့ ခင်ဗျားကိုလည်း ချစ်ကြည်လေးစားပါတယ်””ဟူ၍ ပြောပါသည်။ ပြီးနောက် ကျွန်ုပ်ကို စီးကရက်၊ လက်ဖက်ရည်၊ မုန့်များတိုက်ကျွေးပြီး ဧည့်ခံလေသည်။
          သည့်နောက်ပိုင်းတွင်ကား ကျွန်ုပ်၏သေတ္တာကို လုံးဝမရှာတော့ပေ။ ဤသည်တို့ကား အိန္ဒိယအမျိုးသားများသည် သူတို့၏ခေါင်းဆောင်ပေါ်ထားရှိသော ချစ်ကြည်ညိုသောစိတ်ဓါတ်၏ သရုပ်ဖြစ်လေသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ယင်းကဲ့သို့သော ထင်ရှားကျော်ကြားသည့် ခေါင်းဆောင် ကြီးများနှင့် အတူတွဲ၍ ဓါတ်ပုံရိုက်ထားခြင်း၏ အကျိုးကျေးဇူးတရားကို ပထမဆုံးအကြိမ် သိရှိရခြင်း ဖြစ်ပါသည်။
          နောက်များမကြာမီ ကျွန်ုပ်သည် အိန္ဒိယပြည်သို့ တစ်ခေါက်သွားပေဦးမည်။ ထိုအခါတွင် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးများနှင့် တွဲ၍ရိုက်ကူးထားသော ဓါတ်ပုံမျာကို တွေ့မြင်လျှင်လည်း ထိုအတိုင်းပင် နေပေဦးမည်ဟု ကျွန်ုပ်ထင်မိပါသည်။

No comments:

Post a Comment