Friday, September 3, 2010

စော်ဘွားစပ်စု။ ဂျပန်အဖမ်းခံရသည့်စော်ဘွား၆-ဦး

စော်ဘွားစပ်စု

လွန်လေပြီးသော ၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၂၆-ရက်နေ့၊ ဂျပန်ကင်ပေတိုင်ချုပ် မတ်ဆူအိုကာ တပည့်တစ်ဦး၊ ဖေါ်မိုဆာစကားပြန်တစ်ဦး သူတို့နှစ်ဦးဟာ ကျွန်ုပ်၏ဟော်တယ်မှာ နေ့တိုင်း ၀င်ထွက်သွားလာပြီးတော့ စားသောက်နေကြပါတယ်။ ကျွန်ုပ်ဟာလည်း သူတို့နှစ်ဦးကို အထူးဂရုစိုက်၍ ဧည့်ခံကျွေးမွေးပါသည်။ ကျွန်ုပ်ဟာ မေးပါများစကားရဆိုသည့် မောင်ပေါက်ကျိုင်း ထုံးလိုသုံးသည့်အတွက်ကြောင့် ကျွန်ုပ်ကို သူတို့နှစ်ဦးကပြောပြပါသည်။ ရှမ်းပြည်တောင်ကြီးက စစ်ဗိုလ်ချုပ် အီးစီဘူလာဟာ မနက်ဖြန်ကာ စော်ဘွားကြီး၆-ဦးကို ရန်ကုန်သို့ခေါ်လာမည်။ ဒီစော်ဘွား ၆-ဦးကို ဂျပန်ကင်ပေတိုင် မသင်္ကာစရာအချက်တစ်ခုခုတော့ရှိလိမ့်မယ်လို့ထင်တယ်ဆိုတာကို ပြောသွားတယ်။
သူတို့ပြောသွားပြီးတော့၊ ကျွန်ုပ်ဟာ စိတ်ထဲမှာပူမိတယ်။ ဒီဂျပန်ကင်ပေတိုင် တွေဟာ လူကြီးလူကောင်းမှန်းမသိ အရမ်းကာရောလုပ်တတ်တယ်။ ဒီစော်ဘွာ ၆-ဦးကို ဂျပန်ကင်ပေတိုင်က အရမ်းကာရောစော်ကားမှာ စိုးရိမ်မိသည့်အတွက် ကျွန်ုပ်ဟာ အမျိုးမျိုးလိုက်လံ စုံစမ်းတယ်။ သူတို့တစ်တွေဟာ စက်တင်ဘာလ ၂၇-ရက်နေ့ကျတော့ ကမ်းနားလမ်း စထရင်းဟော်တယ်မှာ လာပြီးတည်းခိုနေကြပါသည်။

ဂျပန်အဖမ်းခံရသည့်စော်ဘွား၆-ဦး

၁။ ရှမ်းအမျိုးသားခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွားစ၀်စမ်ထွန်း။ ၎င်းဟာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂-ရက်နေ့ပြုလုပ်သည့် ပင်လုံညီလာခံကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးသော စော်ဘွားကြီးဖြစ်ပါသည်။

၂။ သထုံစော်ဘွား စ၀်ခွန်ကြည်၊ သူလည်း ပင်လုံညီလာခံတွင် အားကြိုးမာန်တက် အစီအစဉ် ပေးသူဖြစ်ပါသည်။ သူလည်း ၉၆-ပါးရောဂါဝေဒနာနှင့် ကွယ်လွန်အနိစ္စရောက်သွားပါပြီ။

၃။ ယခုလက်ရှိ လူမျိုးစုလွှတ်တော် နာယကကြီး ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်။

၎။ ယခုလက်ရှိ ရှမ်းပြည်နယ်ဥက်္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး သိန်္နီစော်ဘွား စ၀်ဟုံဖ။

၅။ မိုးနဲစော်ဘွား စ၀်ပိ၊ ရှမ်းပြည်နယ် ပြည်ထဲရေးဝန်ကြီးဟောင်း။

၆။ သမခန်းစော်ဘွား စ၀်ထွန်းအေး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်းတို့ ဖြစ်ပါသည်။

ဟိုစဉ်အချိန်က စထရင်းဟော်တယ်မှာ အထက်ပါစော်ဘွား ၆-ဦးကို ကျွန်ုပ်ဟာ သွားတွေ့ ပါတယ်။ ဒီစော်ဘွား ၆-ဦးဟာ အကုန်လုံးမျက်နှာမကောင်းကြပါ။ ကျွန်ုပ်ဟာ ထမင်းခေါ်ကျွေးမည် ဟု ပြောသောအခါ သူတို့ဟာလက်ကာပြ၍ ““နေပါစေ ကိစ္စမရှိပါဘူး””ဆိုပြီး သူတို့ဟာ မျက်နှာ ပျက်နေကြပါသည်။ ကျွန်ုပ်ဟာ ဒီအချိန်အခါမှာ စော်ဘွားများနဲ့အတူ တောင်ကြီးကပါလာသည့် ဂျပန်စစ်ဗိုလ်ကြီး အီစီဘူလာထံကို ကျွန်ုပ်ဟာ ချစ်ခင်ရင်းနှီးတဲ့သူနှင့်အတူတူသွားပြီးတော့ စုံစမ်း မေးမြန်းပါသည်။

““ဒီစော်ဘွား ၆-ဦးဟာ ကျွန်ုပ်၏မိတ်ဆွေဟောင်းတွေဖြစ်ပါသည်၊ စိတ်သဘောထားလည်း အင်မတန်ရိုးသားပါတယ်၊ အင်္ဂလိပ်နှင့်နီးစပ်တာကတော့ ဟိုတုန်းက အင်္ဂလိပ်အုပ်စိုးတာကို၊ ဒီစော်ဘွား ၆-ဦးအပေါ်အထင်မလွဲပါနှင့်၊ ယခုရှမ်းပြည်နယ်မှာ ဗိုလ်ကြီးဟာ အေးအေးချမ်းချမ်းနှင့်အုပ်ချုပ်ဖို့ရာ ရှမ်းစော်ဘွားများနှင့် တိုင်ပင်ဆွေးနွေး၍ ပေါင်းသင်းဆက်ဆံပါ။ ဒီလိုရှမ်းအမျိုးသားတွေ ရှမ်းစော်ဘွား တွေကိုကြည်ညိုတာဟာ ဘာနှင့်တူသလဲဆိုတော့ ဂျပန်အမျိုးသားဟာ ဂျပန်ဘုရင်ကိုကြည်ညိုတာနဲ့ အတူတူဖြစ်ပါတယ်””လို့ ပြောလိုက်တယ်။ နောက်ပြီးဂျပန်အမျိုးသားများဟာ အခြားလူမျိုးများထက် လက်ညှိုးထိုးအပြစ်ပြောရင် မကျေနပ်မခံနိုင်၍ ၀ိုင်းဝန်းပြီးတိုက်ကြသလို ရှမ်းလူမျိုးများဟာလည်း အလားတူဝိုင်းဝန်းပြီး အားလုံးကအပြုတ်တိုက်ကြမှာပါပဲလို့ပြောဆိုပြီး၊ ကျွန်ုပ်က ကင်ပေတိုင်ဗိုလ်ချုပ် ဂျင်နရယ်မတ်စူအိုကာထံကျရင် ကောင်းကောင်းမွန်မွန် ပြေပြေပြစ်ပြစ်ဖြစ်ဖို့ကို ပြောဆိုပေးပါလို့ တောင်းပန်ပါတယ်၊ သူကလည်းကောင်းပါပြီလို့ ကတိပေးပါသည်။

၁၉၄၃-ခုနှစ်၊စက်တင်ဘာလ ၂၉-ရက်နေ့ ည ၇-နာရီအချိန်မှာ ကန်တော်မိတ် အိုရီယင့်ကလပ်၌ ကျွန်ုပ်ဟာ ထမင်းစားပွဲကြီးတစ်ခုကျင်းပပါသည်။ တောင်ကြီးမှစစ်ဗိုလ်ကြီး အီစီဘူလာ၊ ကင်ပေတိုင်ချုပ်ဂျင်နရယ် မတ်ဆူအိုကာ၊ ဗိုလ်အောင်ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ ပျော်ဘွယ်ဦးမြ၊ ဦးလှဖေ၊ ဗြန်ဟပ်ဘွေအသင်းကြီး ဥက္ကဋ္ဌ ပီကေချောင်း၊ ကော်မတီလူကြီးများ၊စကားပြန်လူကြီးများနှင့်တကွလူကြီးလူကောင်းများစုံညီစွာတက်ရောက်

ကြသည်နှင့်တပြိုင်နက် မြန်မာ့ဇာတ်သဘင်ဝန်ဘုရားဒကာကြီး ၀ဏ္ဏကျော်ထင်ဦးဘိုးစိန်၏ ဇာတ်သဘင်အဖွဲ့ကြီး၏ တခဲနက် တူရိယာအသံသည်ငြိမ့်ညောင်းသာယာစွာပေါ်ထွက်လာလေတော့သည်။ နာမည်ကျော်နာမည်ကြီးလူထုအသဲစွဲ ကောလိပ်စိန်ထွက်လာသည်။ ကောလိပ်စိန်၏အကနှင့်အလှသည်

ဂျပန်ကင်ပေတိုင် အရာရှိကြီးငယ်တို့အား ပထမဦးစွာစိတ်ဝင်စားစေသည်။ ထို့နောက် ဂျပန်အရာရှိများ

မမျှော်လင့်သော ဦးဘိုးစိန်၏သမီး အသက် ၁၄-နှစ်ရှိ မြင့်မြင့်စိန်သည် ဂျပန်အကကို စနစ်တကျကပြရုံမျှမက ဂျပန်တစ်ပြည်လုံး ဂျပန်အမျိုးသားအားလုံး အကြိုက်ဆုံးဖြစ်သည့် နာဂါဆာဂီ-မောနောဂတာရီနှင့် ဗျာကုရနောအူတ သီချင်းနှစ်ပုဒ်ကို သီဆိုကပြရာဂျပန်အရာရှိများနှင့်ပရိတ်သတ်ကြီး၏ တခဲနက်သြဘာသံဟာဟိန်းသွားလေတော့သည်။

နာဂါဆာဂီမြို့တော် အကြောင်းနှင့် မြင်းလှည်းကလေးဖြင့် အမျိုးသမီးကချစ်သူကို လွမ်းတသောတေးသီချင်းဖြစ်သည်။

ဒီအချိန်တွင် ကျွန်ုပ်ဦးစပ်စုဟာ အချက်ကောင်းယူကာ ဂျပန်ကင်ပေတိုင်ကြီးအား စကားစ ပါတော့သည်။

“ဘယ်နဲ့လဲ မာစတာ သဘောကျပါရဲ့လား” လို့မေးလိုက်သည့်အခါမှာ ဂျပန်ကင်ပေတိုင်ကြီးဟာ အလွန်သဘောကျကြောင်း အားရပါးရပြောပြနေစဉ် ကျွန်ုပ်က “ဒါဟာမြန်မာအမျိုးသမီးကလေး တစ်ယောက်ဖြစ်ပါသည်။ ဂျပန်လိုဝတ်လိုက်တော့ ဂျပန်နှင့်တစ်ပုံစံတည်း ဖြစ်နေပါပြီ၊ သို့ဖြင့် ဂျပန်နှင့် မြန်မာ၊ ရှမ်း၊ တရုပ်များသည်လည်း အာရှတိုင်းသားချင်း အသွေးတူအရောင်တူတွေ ဖြစ်ကြပါတယ်။”

ဒီတွင် ကင်ပေတိုင်ကြီးဟာ သဘောပေါက်သွား ပါတော့သည်။ သြဘာသံများ

ချီးကျူးသံတို့ဖြင့် ထမင်းစားပွဲကြီးသည် ၁၉၄၃-ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ညတွင် ထမြောက်အောင်မြင်စွာ ပြီးစီးသွားပြီးနောက် ကျွန်ုပ်သည် အခွင့်ကောင်းယူကာ “မာစတာ အာရှတိုင်းသားချင်း တူသဖြင့် အမျိုးတူလူချင်းကိုမခွဲခြားပါနှင့်၊ ယခု မာစတာတို့ ခေါ်ယူထားသော ရှမ်းစော်ဘွားကြီး ၆-ဦးတို့မှာ ရန်ကုန်ကို ရောက်ရှိနေပါသည်။ သူတို့သည် ဂျပန်ကိုတော်လှန်ရဲသူမဟုတ်ပါ။ အင်္ဂလိပ်နှင့်ပေါင်းသင်းတယ်ဆိုတာကတော့ ဟိုအချိန်တွေတုန်းက အသင့်အတင့်ဆက်ဆံတာပါ။ ယခုခင်ဗျားတို့ရောက်လာပြီး အုပ်စိုးပြန်တော့လဲလေးစားရမှာဘဲ” ဟု ပြောပြရာ ဂျပန်ကင်ပေတိုင်ကြီးသည် ကျေနပ်မှုရရှိသွားလေတော့သည်။

၁၉၄၃-ခုနှစ် စက်တင်ဘာ ၃၀-ရက်နေ့ ညပိုင်းတွင်စော်ဘွားကြီးများအပါအ၀င် ညစာထမင်းစားပွဲကြီးတစ်ခုကို ဆင်ယင်ကျင်းပခွင့်ရခဲ့ပြန်သည်။ အတိတ်နိမိတ်အရ ၆-ဂဏန်းသည် အတိတ်မကောင်း ၉-ဂဏန်းဖြစ်အောင် ယခုလက်ရှိ စော်ဘွားကြီးခြောက်ယောက်အပြင်နောက်ထပ်သုံးယောက်ထပ်ဖြည့်ရန်သဘောတူပါသော်လည်း စော်ဘွားအ၀တ်အစားနှင့် ဂျပန်ရှေ့မှာ ပြဝံ့သူမရှိသဖြင့် ကျွန်ုပ်ဦးစပ်စုတယောက်တည်းပင် စော်ဘွားအဝတ်အစားများ ဝတ်ရန် သဘောတူပြီး၊ မိုင်းပွန်စော်ဘွားကြီးက ကျွန်ုပ်ဦးစပ်စုအား စော်ဘွားခေါင်းပေါင်းနှင့် အ၀တ်အစားများကို ၀တ်ဆင်ပေးသည်။ သို့ဖြင့်ညစာထမင်းစားပွဲကြီးအချိန်ကို ရောက်ရှိပြီဆိုမှဖြင့် ဂျပန်အရာရှိကြီးများ၊ မြန်မာခေါင်းဆောင်ကြီးများ၊ အစုံအညီရှေ့တွင် စော်ဘွားကြီး ၆-ဦး အစီစဉ်လိုက် ၀င်လာကြသည်။ ၎င်းတို့နောက်မှ ကျွန်ုပ်ဦးစပ်စုဟာလည်း စော်ဘွားအ၀တ်အစားနှင့်ပါလာသည်။ ပရိတ်သတ်ကြီးကလည်း စော်ဘွား ၆-ယောက်ဆိုပြီး ဘယ်ကတစ်ယောက်ပိုလာသလဲ၊ ထိုစော်ဘွားသည် မည်သူမည်ဝါ ဖြစ်ပါသလဲ၊ စသည်ဖြင့် အသေအချာကြည့်နေကြစဉ် အတန်ကြာမှ စော်ဘွားစပ်စုမှန်းသိကြသဖြင့် ဂျပန်ရောမြန်မာပါ ၀ိုင်းဝန်းသြဘာပေးနှုတ်ဆက်ကြပြီး၊ ဒီအချိန်မှစ၍ ကျွန်ုပ်ဦးစပ်စုသည် စော်ဘွားစပ်စု အဖြစ်သို့ ရောက်ရှိလာပါတော့သည်။ စော်ဘွားစပ်စု၏ ပြောပြဖျောင်းဖျမိတ်ဆက်ပေးမှုတွေကြောင့် တရုပ်အမျိုးသားများနှင့် ရှမ်းအမျိုးသားများတို့သည် ဂျပန်တို့၏ငြိုငြင်ခြင်းရန်ဘေးမှ ကင်းလွတ်ရ ကုန်သည်။ ဤတွင်စော်ဘွားစပ်စု ဖြစ်ရပ်ဖြစ်ပုံတို့ကို ဖေါ်ပြပြီးဖြစ်ခဲ့ပေသည်။

No comments:

Post a Comment