Saturday, September 11, 2010

““ကျွန်ုပ်နှင့် ဂျပန်””

““ကျွန်ုပ်နှင့် ဂျပန်””

          ၁၉၄၅-ခုနှစ် မတ်လ ၂၇-ရက် (ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့)။
          ဤနေ့ဤရက်ကား ဗမာပြည်ဝယ်ရှိသော ဂျပန်များအား တစ်တိုင်းပြည်လုံးရှိ ပြည်သူ လူထုက တော်လှန်ပုန်ကန်သော နေ့ကြီးပင်ဖြစ်ပါသည်။ ယင်းသို့လိုတော်လှန်ပြီးနောက် မတ်လ ၂၉-ရက်နေ့ (တော်လှန်ပြီးနောက် ၂-ရက်အကြာ)တွင် ဖြစ်ပါသည်။ ရန်ကုန်မြို့ဝယ် ဗမာ၊ တရုပ်၊ အိန္ဒိယအမျိုးသား တော်တော်များများပင် ဂျပန်အစိုးရက ဗိုလ်အောင်ဆန်းတော်လှန်မှု ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးမှုများပြုနေချိန် ဖြစ်၏။ တရုပ်ဘုံလူကြီး ဦးအီခွက်နှင့် နာမည်ကြီး ဒေါက်တာဟတ်မော်ကိုလည်း ဖမ်းဆီးထား၏။ သတ်ပစ်သင့်သူများကို သတ်ပစ် နေချိန်ဖြစ်လေသည်။
          ကျွန်ုပ်နေအိမ်ရှေ့သို့ ဂျပန်စစ်ကားတစ်စီးဆိုက်လာ၏။ ပြီးနောက် ဂျပန်စစ်သားများ အိမ်ပေါ်သို့တက်လာကာ ကျွန်ုပ်အား မေးမြန်းစရာရှိသည်ဟုဆိုပြီး ခေါ်သွား၏။ ကျွန်ုပ်အား ခေါ်သွားသောနေရာမှာ ကုက္ကိုင်း ပေတိုင်ရုံး (ယခု ဂွတ္တလိပ်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်) သို့ ခေါ်ဆောင်၍သွားလေတော့သည်။
         
ကုက္ကိုင်းကင်ပေတိုင်ရုံး။ သည်နေရာကို မြန်မာများက လောကငရဲဟု အသိအမှတ် ပြုထား၏။ ဤဌာနသို့ရောက်သွားလျှင် ပြန်လမ်းမရှိ။ ဖက်ဆစ်တို့၏ နှိပ်စက်ညှင်းပမ်းခြင်းကို ခံရမည်။ ဖက်ဆစ်တို့၏ လူမဆန်သောနည်းမျိုးစုံဖြင့် နှိပ်စက်ခြင်းခံရသောသူသည် အသက်မသေ သည့်တိုင်အောင် လူစဉ်မမှီသောဘ၀ဆိုးကြီးနှင့် ရင်ဆိုင်ရပေတော့မည်။ ဂျပန်များနှင့် နီးနီးကပ်ကပ် ဆက်ဆံပေါင်းသင်းခဲ့သော ကျွန်ုပ်က သူများတကာတွေထက် ဂျပန်၏အကြောင်းကို ပို၍သိပါ၏။
          ကျွန်ုပ်ကို ကားဖြင့်တင်ခေါ်သွားပြီး ကုက္ကိုင်းကင်ပေတိုင်ရုံးသို့ရောက်လေတော့သည်။ ဂျပန်ကင်ပေတိုင်ဗိုလ်က ကျွန်ုပ်အား သူ့ရှေ့တွင် နေရာထိုင်ခင်းပေး၏။ ထိုအချိန်ဝယ် တစ်ဖက်ခန်းမှဂျပန်တို့သည် မည်သို့နှိပ်စက်နေလေသည်မသိ၊ လူတွေသည် ““အမလေးဗျ၊ ကယ်တော်မူကြပါ””ဟူ၍ သံကုန်ဟစ်အော်နေကြသော အသံဆိုးကြီးများကို နားကွဲလုမတတ်ပင် ကြားနေရ၏။ ကျွန်ုပ်၏စိတ်ထဲဝယ် .. ““လူအရှင်လတ်လတ် ငရဲပြည်ကိုရောက်နေတယ်ဆိုတာ ဒါပါလား””ဟု မှတ်ချက်ချမိသည်အထိ ဖြစ်ပါ၏။
          ဂျပန်ကင်ပေတိုင်ဗိုလ်က ကျွန်ုပ်၏မျက်နှာကို စေ့စေ့ကြည့်၏။ ပြီးနောက် တင်းမာသော မျက်နှာထားနှင့် ..
          ““ဦးစပ်စုဟာ ဗမာ့တပ်မတော်ကို အလွန်ကူညီသူတစ်ယောက်ဖြစ်တယ်လို့ ကျုပ်တို့ ကြားထားတယ်။ ခင်ဗျားကိုယ်တိုင်က တရုပ်အမျိုးသားတစ်ယောက် ဖြစ်လျက်သားနဲ့ ဘာကြောင့် ဒီလိုကူညီမှုမျိုးကို ပေးရသလဲ””
          ကျွန်ုပ်က ဂျပန်ကိုမကြောက်ရွံ့ပါ။ ကင်ပေတိုင်ဗိုလ်ထက်ပင်ပို၍ မျက်နှာထားတင်းတင်း ထားလိုက်ပြီး ..
          ““ဒါကတော့ ဒီလိုဖြစ်ပါတယ်။ ကျွန်ုပ်ဟာ ၁၄-နှစ်သားထဲက ဗမာပြည်ကိုရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ တရုပ်မှာ စကားရှိပါတယ်။ ကိုယ်ရေသောက်တဲ့အခါမှာ ဒီရေဘယ်ကလာသလဲ ဆိုတဲ့ ကျေးဇူးတရားကို သိတတ်ဖို့လိုပါတယ်။ ကျွန်တော်နဲ့ဗမာတွေ ပေါင်းလာတာဆိုရင် .. ခု ခင်ဗျားတို့ဗမာပြည်မရောက်ခင်ကပဲ... ကိုယ့်မိတ်ဆွေတွေမှန်သမျှဟာ ဗမာတွေပဲများတယ်။ ဒါကြောင့်သူတို့ကို ကူညီတာ..၊ ကျွန်တော်ကူညီတာဟာလည်း လူအများမသိအောင် လျှို့ဝှက်ပြီး အကူအညီပေးတာမဟုတ်ဘူး။ သတင်းစာအသီးသီးမှာ ဓါတ်ပုံနဲ့တကွ တိုင်းသိပြည်သိ အကူအညီပေးခြင်းဖြစ်ပါတယ်။””

          ကျွန်ုပ်၏စကားကြောင့် ကင်ပေတိုင်ဗိုလ်ကပြုံးသည်။ ပြီးနောက် ဆက်၍....
          ““ခင်ဗျား.... ဗိုလ်အောင်ဆန်းကိုသိမှာပေါ့””
          ““သိပါတယ်””
          ““ဒါဖြင့် .. သူ ခုဘယ်မှာလဲဆိုတာ ပြောပါ””
          ““ဟာ.. ဒါကတော့ဘယ်သိနိုင်မလဲ၊ ကမ္ဘာပေါ်မှာ စုံစမ်းစစ်ဆေးရေးဘက်တွင် အလွန် နာမည်ကျော်ကြားတဲ့ ဂျပန်ကင်ပေတိုင်အဖွဲ့တောင်မှ မသိနိုင်ရင်.. ကျွန်တော့်လို အညတြတစ်ယောက်က ဘယ်လိုလုပ်ပြီးသိနိုင်မှာတုန်း””
          ဤ ကျွန်ုပ်၏စကားကြောင့် စုံစမ်းစစ်ဆေးနေသော ဂျပန်ကင်ပေတိုင်ဗိုလ်သည် တ၀ါးဝါးနှင့် ရယ်မောနေပါသည်။
          ဂျပန်နှင့်တွေ့ရသည်မှာ နာနာဘ၀သရဲသဘက်ကို တွေ့ရသကဲ့သို့ဖြစ်၏။ သရဲသဘက်က လူကို လျှာ ၂-လက်မထုတ်ပြ၍ ချောက်လှန့်သည်ဆိုအံ့။ ထိုအခါ အချောက်ခံရသူသည် လျှာ ၃-လက်မခန့်ထုတ်ပြလိုက်လျှင် သရဲသဘက်သည် ““ငါ့ထက်ဆိုးတဲ့ကောင်ပဲ””ဟု ထင်မှတ်ပြီး ကြောက်၍ ထွက်ပြေးသွားပေလိမ့်မည်။


          ထို့အတူ ဂျပန်နှင့်တွေ့ရခြင်းကလည်း ဤနည်းအတိုင်းပင်ဖြစ်ပါ၏။ ဂျပန်က မျက်နှာထား တင်းတင်းနှင့်မေးလျှင် ကိုယ်ကလည်း မျက်နှာထားတင်းတင်းဖြင့် ပြန်၍ဖြေရမည်။ ဂျပန်ဟူသည်မှာ “ကြောက်မှန်းသိလျှင် ဖြဲချောက်” တတ်သောလူမျိုးဖြစ်၏။ စစ်ကာလအတွင်းတွင် ဂျပန်နှင့် ဆက်ဆံရာတွင် ဤနည်းကိုသိထားရန် များစွာလိုအပ်သည်။ ထိုသဘောမသိ၍ မသေသင့်ပဲ သေရသူအများအပြားရှိပါ၏။
          သည့်နောက်ပိုင်းတွင် ဂျပန်သည် ကျွန်ုပ်အား ဘာမျှဆက်၍မမေးတော့ပေ။ လဖက်ရည်၊ စီးကရက်များဖြင့် ဧည့်ခံကာ ပြန်၍လွှတ်လိုက်လေသည်။
          ကျွန်ုပ်ကို ဂျပန်ကခေါ်သွားပြီး စစ်ဆေးမေးမြန်းသည်ဟု ကြားသည်နှင့်တစ်ပြိုင်နက် ဗြန်ဟတ်ဘွေအသင်းဥက္ကဋ္ဌကြီး ပီကေကြောင်းသည် ချက်ခြင်းလိုက်လာပါသည်။ သူသည်လည်း ကျွန်ုပ်၏မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါပေသည်။
          ဤသို့ ဂျပန်လက်တွင်းမှ ဘာကြောင့် လွတ်မြောက်လာခဲ့ရသနည်း။ အကြောင်းမူကား သတ္တိရှိရှိ၊ မတုန်လှုပ်သောဟန်အမူအရာဖြင့် ဆက်ဆံခဲ့ခြင်းကြောင့်ဖြစ်လေသည်။ သတ္တိရှိမှု ဆိုသည်မှာ သူ့နေရာနှင့်သူ ရှိသင့်ရှိအပ်ပေသည်။ သတ္တိရှိခြင်းကြောင့် မှန်သည်လည်းရှိ၏။ မှားသည်လည်းရှိ၏။ သူ့နေရာနှင့်သူ ခွင်ကျလေအောင် အသုံးပြုတတ်ပါက လူ့ဘ၀တွင် လွန်စွာမှအသုံးဝင်သော ပစ္စည်းမျိုးဖြစ်လေသည်။
          ဗမာပြည်၏နိုင်ငံရေးအခြေအနေကား သမိုင်းတစ်ခေတ်မှတစ်ခေတ်သို့ ပြောင်းနေသော အချိန်ကာလဖြစ်လေသည်။ ၁၉၄၅-ခု၊ ဧပြီလတွင်မူ ကျွန်ုပ်၏မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာ ဘို့(စ်)သည် တရုပ်ပြည် တိုင်ဝမ် ဖေါ်မိုဆာကျွန်းသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ပြောသံကြား ရလေသည်။ ထိုနောက်ပိုင်းတွင်မူ ဆူဘတ်ချန်ဒရာဘို့(စ်)၏အကြောင်းနှင့် ပတ်သက်၍ ဘာမျှ မကြားရတော့ပါ။
          စကားစပ်မိ၍ရေးရပေဦးမည်။ 

          ၁၉၅၁-ခုနှစ်၊ ဇူလိုင်လ ၂၂-ရက်နေ့တွင် သခင်နုသည် လမ်းမတော်ပါလီမန်မဲ အနိုင်ရရှိ၍ ကျွန်ုပ်သည် ဂုဏ်ပြုပွဲပြုလုပ်ပါသည်။ ပြုလုပ်သောနေရာကား လမ်းမတော်ထိပ် ပလက်ဖေါင်းပေါ်၌ မဏ္ဍပ်ထိုး၍ပြုလုပ်လေသည်။ ဧည့်ခံမဏ္ဍပ်သို့ လူကြီးလူကောင်း ၆၀၀-၇၀၀ခန့် ကြွရောက်ကြ ပါသည်။ ဧည့်ခံမဏ္ဍပ်အပင်ဘက်၌ရပ်၍ နားထောင်နေသောလူများမှာ ၅၀၀၀-၆၀၀၀ခန့် ရှိပါသည်။ ထိုစဉ်က ကျွန်ုပ်သည် မိန့်ခွန်းပြောကြားခွင့်ရ၍ အထက်ဖေါ်ပြပါ ကုကိ္ကုင်း ဂျပန်ကင်ပေတိုင်က စစ်ဆေးပြီး ကျွန်ုပ်လွတ်မြောက်လာပုံကလေးကိုပါ ထည့်သွင်း၍ပြောကြား လေသည်။

          ထိုနှင့်တစ်ဆက်တည်း ““ယခု ကမ္ဘာအရပ်ရပ်က နိုင်ငံခေါင်းဆောင်ကြီးများဟာ ဗမာပြည်ကိုရောက်ရင် ဗိုလ်ချုပ်အောင်ဆန်းကို လွမ်းသူ့ပန်းခွေချပြီး အလေးပြုကြပါတယ်။ ကျွန်တော့်ကို ကုကိ္ကုင်း ဂျပန်ကင်ပေတိုင် ခေါ်ယူစစ်ဆေးစဉ်ကသာ ကြောက်ရွံ့မျက်နှာပျက်သွားမိရင် ဂျပန်က သတ်ပစ်မှာသေချာပါတယ်။ အဲဒီလို ဂျပန်သတ်လို့ သေရင် ကျွန်တော့်မိတ်ဆွေကြီး ဗိုလ်ချုပ်အောင်ဆန်းဟာလည်း နေမှာမဟုတ်ပါဘူး။ ကျွန်တော့် ဂူရှေ့မှာ လွမ်းသူ့ပန်းခွေလာချပါလိမ့်မယ်။ အဲဒီတုန်းကသာသေခဲ့ရင် အာဇာနည်ကုန်းလို နေရာမျိုးမှာ ကျွန်တော့်အတွက် တစ်နေရာတော့သေချာပါတယ်။ ကျွန်တော့်မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ရှိတဲ့ ဂျပန်ပြည်ကိုတောင် အလွန်ချမ်းအေးတဲ့ရာသီမှာ ငွေတစ်သောင်း အကုန်ခံပြီးသွားရောက်ကာ ကိုယ့်မိတ်ဆွေတစ်ယောက်အနေနဲ့ အလေးပြုသေးရင် ကျွန်တော့် မိတ်ဆွေကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း မနေဘူးလို့ထင်ပါတယ်။ လူဆိုတဲ့ သတ္တ၀ါဟာ တစ်သက်မှာတစ်ခါပဲသေပါတယ်။ နှစ်ခါသေရိုးထုံးစံမရှိပါဘူး။ ကုကိ္ကုင်း ဂျပန်ကင်ပေတိုင်က ခေါ်စစ်ဆေးတုန်းက ယောက်ျားမပီသလို့သေရင်လည်း အကောင်းသား။ လူတွေဟာသေမျိုးတွေချည်းဖြစ်ပေမယ့်၊ သေသင့်တဲ့အခါမှာ သေရဲဖို့လိုအပ်ပါတယ်”” ဟူ၍ ကျွန်တော်က မိန့်ခွန်းပြောလိုက်ပါသည်။ ထိုအခါ နားကွဲလုမတတ်ကျယ်လောင်သော သြဘာသံကြီးကို ကြားလိုက်ရပါ၏။
           
ထိုစဉ်က နာမည်ကျော် ဒေါက်တာဟတ်မော်သည် ဗမာ့တပ်မတော်တွင် အမှုထမ်းနေ၏။ ဂျပန်ကင်ပေတိုင်က ဖမ်းဆီးချုပ်နှောင်ထား၏။ သူကလည်း သေရမည့်နေ့ရက်ကို စောင့်နေရှာ ပါ၏။ သူနှင့်အတူ ဦးအီခွက်(ကုန်သည်ကြီးအသင်းဥက္ကဋ္ဌ)ကိုလည်း ဂျပန်ကဖမ်းဆီးထား၏။ သူတို့နှင့်အတူ ဗမာအိန္ဒိယအမျိုးသား တော်တော်များများကိုလည်း ဂျပန်က သင်္ကာမကင်း၍ ဖမ်းဆီးစစ်ဆေးနေသော ကာလဖြစ်လေသည်။
          ကျွန်ုပ်လည်း ဂျပန်သေတွင်းမှ လွတ်မြောက်၍လာခဲ့ပြီးနောက် ဗြန်ဟတ်ဘွေအသင်း ဥက္ကဋ္ဌကြီး ပီကေကြောင်းနှင့်အတူ ဖမ်းဆီးထားသူများ လွတ်မြောက်ရေးအတွက် ကြိုးစားရပြန် သည်။ ကျွန်ုပ်တို့၏ကြိုးစားချက်ကြောင့် ဖမ်းဆီးထားသူအားလုံး လွတ်မြောက်ခွင့်ရပါသည်။ ထို့ကြောင့်ပင် အပင်ပန်းခံရပြီး ကြိုးစားရကျိုးနပ်ပါ၏။
          ၁၉၄၅-ခုနှစ် ဧပြီလတွင် အိန္ဒိယခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)သည် ဖေါ်မိုဆာ (Taiwan)  ကျွန်းသို့ ထွက်ခွာသွားပြီးဖြစ်ကြောင်းကြားရသည်။ ထို့နောက်တွင်ကား ကျွန်ုပ်သည် သူတို့နှင့် ပတ်သတ်သောသတင်းဟူ၍ ဘာမျှမကြားရတော့ပါ။

No comments:

Post a Comment