Thursday, September 9, 2010
ဖ-ဆ-ပ-လ အကွဲအပြဲ
ဖ-ဆ-ပ-လ အကွဲအပြဲ
          ၁၉၅၈-ခုနှစ်၊ ဇန်န၀ါရီလ ၂၉-ရက်နေ့မှ ဖေဖေါ်ဝါရီလ ၃-ရက်နေ့အထိ၊ ကမ္ဘာဧတွင် တတိယ အကြိမ်မြောက် ပြည်လုံးကျွတ် ဖ-ဆ-ပ-လညီလာခံကြီးကို ၆-ရက်တိုင်တိုင်ပြုလုပ်သည်။ ဤအချိန်က ကျွန်ုပ်သည် ဗွီစီးကရက်မဏ္ဍပ်ဆောက်လုပ်ပြုပြင်ရေးအတွက် ကမ္ဘာဧတွင်သွားရောက်နေရလေသည်။
          လူစည်ကားစွာတက်ရောက်သောပွဲတော်ကြီးများတိုင်းတွင် ဗွီစီးကရက်မဏ္ဍပ်သည် ဆောက်လုပ်ပြီးပါဝင်ဆင်နွှဲခဲ့သည်မှာ လူထုအသိပင်၊ သို့သော် တစ်ကြိမ်တစ်ခါမျှ ဤ၍ဤမျှအထိ ဆိုင်နေရာခ မပေးရဖူးပေ။ ယခုတစ်ကြိမ်တွင်ကား ဆိုင်နေရာခသည် အဆမတန်ပေးရလေသည်။
ဆိုင်တစ်နေရာအတွက် ငွေတစ်သောင်းအထိပေးရသည်။ ဆိုင်နေရာခသာမဟုတ်သေး၊ လျှပ်စစ်မီးခလည်း နင့်နေအောင်ကောက်ခံ လိုက်သေးသည်။
          ဆိုင်နေရာနှင့်လျှပ်စစ်မီးခလာရောက်ကောက်ခံသူကလည်း ကျွန်ုပ်တို့အား ““ဒီတစ်ကြိမ်ပဲ””ဟူ၍ အဆစ်ထည့်ပြီးပြောဆိုသွားသေးသည်။ ထိုစကားသည် ပြောဆိုအပ်သောစကားမျိုးမဟုတ်ပေ။ မကောင်းသော နိမိတ်အတွက်ဖြစ်၍နေသည်ကိုကျွန်ုပ်သိလိုက်၏။
          ကျွန်ုပ်တွေးမိသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၂၀-က တရုပ်ရာဇ၀င်တွင်မန်ချူးဘုရင် “၁၀”ပါးသည် နှစ်ပေါင်း ၂၆၈-နှစ်အုပ်စိုးပြီး တန်ခိုးကြီးခဲ့ဖူးသည်။ နောက်ဆုံးနန်းတက်သောမန်ချူးဘုရင်မှ “သုံး”နှစ်သာ ရှိသေးသည့်ကလေးငယ်သာဖြစ်၏။ ဤသုံးနှစ်သားလေးကို သူ့ဖခင်ကချီပွေ့ပြီး ဘိတ်သိက်မြှောက်လေသည်။ ထိုအခါ ဘုရင်ငယ်လေးသည် အလွန်ငိုကြွေးလေသည်။ ဤတွင်သူ့ဖခင်က ကလေးငယ်ကို “မငိုနဲ့ ခဏလေးပြီးသွားမှာပဲ”ဟူ၍ချော့လေ၏။
          သုံးနှစ်သားဘုရင်လေးသည် ခြောက်နှစ်သားအရွယ်၌ တရုပ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာ စွန်ယက်စင်သည် ၁၉၁၁-ခုနှစ်၊ အောက်တိုဘာလ ၁၀-ရက်နေ့တွင် တော်လှန်ပြီးဖြုတ်ချလိုက်လေသည်။ ယင်းဘုရင်ကလေးနန်းဘိတ်သိက်ခံစဉ်က သူ့ဖခင်ပြောခဲ့သော “မငိုပါနဲ့ ခဏလေးပြီးသွားမှာပဲ”ဟု ပညတ်စကား သူ၏နန်းစံသက်မှာလည်း သုံးနှစ်သုံးမိုးသာခံလေသည်။ ဤနောက်ဆုံးမန်ချူးဘုရင်၏အမည်မှာ ““ဖုတ်ရီ”” ဟူ၍ခေါ်သည်။ တိုင်းပြည်ကအသိအမှတ်ပြုထားသောဘုရင့်အမည်ကား ““စွမ်ထုံ့””ဖြစ်လေ၏။ သူသည် ပီကင်းမြို့၌ ယနေ့ထက်တိုင်အသက်ရှင်လျက်ရှိသည်။ သူ၏အသက်မှာ ငါးဆယ့်ရှစ်နှစ်ရှိလေပြီ။
          ဤသို့တရုပ်ရာဝင်မှနိမိတ်မကောင်းသောစကားကို ကြားထား၊ သိထားသည်။ ခုတစ်ကြိမ်တွင်လည်း မမျှော်လင့်သော ““ဒီတစ်ကြိမ်နောက်ဆုံးပဲ””ဟူသည့်စကားကို ကြားလိုက်ရပြန်သည်။ ကျွန်ုပ်သည် မနှစ်မျို့ပေ၊ ဤစကားလေးတစ်ခွန်းအတွက် များစွာပင် စိတ်မကောင်းဖြစ်မိသည်။
          ဇန်န၀ါရီလ ၂၈-ရက်နေ့တွင်ကား ကျွန်ုပ်သည် ကမ္ဘာအေးတွင်အိပ်လေ၏။ ဗွီစီးကရက်မဏ္ဍပ်ထဲ၌ ပက်လက်ကုလားထိုင်တစ်လုံးနှင့်အိပ်နေမိသည်။ နံနက်လေးနာရီကျော် ငါးနာရီခန့်တွင်နိုးလာသည်။ ဤရက်က ၂၉-ရက် (ညီလာခံပြုလုပ်မည့် ပထမနေ့)တွင်နိုးလာ၏။ ကျွန်ုပ်၏မျက်လုံးနှစ်လုံးဖွင့်ပြီးနိုးလာချိန်၌ အဘယ်မဏ္ဍပ်က အသံချဲ့စက်ဖြင့်ဖွင့်လေသည်မသိ၊ နားထဲသို့ဝင်လာသောအသံသည် အလွန်လွမ်းဆွတ် ဖွယ်ကောင်းသောတေးသီချင်းသံဖြစ်နေလေသည်။
ကျွန်ုပ်မျက်လုံးပြူးသွားမိသည်။
          တရုပ်ပြည်တွင်နောက်ဆုံး ထီးနန်းအုပ်ချုပ်သော မန်ချူးဘုရင် “စွမ်ထုံ့” မပြုတ်ကျမီတစ်နှစ်တွင် ကျွန်ုပ်သည် တရုပ်ပြည်ကြီး၌ရှိနေလေသည်။ ဤအခါက ““ပေါင်းကျု့တျောင်””ဟူသော တေးဂီတတစ်မျိုး ပေါ်ထွန်းလာဖူးသည်။ ထိုဂီတသံသည် အလွန်ပင် လွမ်းဆွတ်ဆွေးမြေ့ဖွယ်ကောင်းပြီး၊ နားမချမ်းမသာ ဖြစ်ရလေ၏။ အတိတ်နိမိတ်ကောက်တတ်သောပညာရှင်များက ““မန်ချူးဘုရင်ပြုတ်ကျခါနီးပြီ””ဟူ၍ ပြောဆိုစမှတ်ပြုကြကုန်သည်။ သည်ပညာရှင်များ၏စကားသည် တိုင်းပြည်ဝယ်ခေတ်စားပြီးနောက် နှစ်နှစ် ကြာလေသော်၊ မန်ချူးဘုရင်သည် ပြုတ်သွားလေ၏။ ဤဖြစ်ရပ်များကိုသိနှင့်ထားသောကျွန်ုပ်သည် ညီလာခံပြုလုပ်နေသောဖဆပလအဖွဲ့ကြီးသည် ဧကန်ဧကကွဲပေတော့မည်ဟု ယူဆထားလိုက်လေသည်။
          ၂၉-ရက်နေ့သည်ကား တတိယအကြိမ်မြောက် ဖဆပလအဖွဲ့ကြီး၏ ပထမဆုံးနေ့။ ဖဆပလ အလံတော်အောက်ရှိ လူထုလူတန်းစားအသင်းအဖွဲ့များသည် တစ်ခဲနက်တက်ရောက်သည်ကို မြင်တွေ့ရသည်။ ပြုလုပ်ထားသောမဏ္ဍပ်ကြီးကလည်း အလွန်ပင်ကြီးလေသည်။ စင်မြင့်ပေါ်ဝယ် နိုင်ငံရေးခေါင်းဆောင်ကြီးများက မိန့်ခွန်း မြွက်ကြားနေကြသည်။
          အလွန်အပြောကောင်းသော ဥက္ကဋ္ဌကြီးဦးနု မိန့်ခွန်းမြွက်ကြားနေခိုက် နားသောတဆင်နေသည့် ပရိတ်သတ်သည် ငြိမ်ငြိမ်သက်သက်နားထောင်နေကြခြင်းကိုမတွေ့ရ၊ ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ဤသဘောသည် ခေါင်းဆောင်လုပ်သူအဖို့မကောင်းပေ။ သိက္ခာကျခြင်းပင်ဖြစ်သည်။ တိုင်းပြည်ခေါင်းဆောင် တို့မည်သည် ကိုယ့်ပရိတ်သတ်ရှေ့၌ စကားပြောလျှင် မီးကိုရေနှင့်သတ်လိုက်ဘိအလားငြိမ်သက်သွားရ ပေမည်။
          ကျွန်ုပ်၏ကိုယ်တွေ့ကားမဟုတ်။ သို့သော်ကြားဖူးသည်။
          တရုပ်ပြည်ပီကင်းမြို့တွင် အောက်တိုဘာလ ၁-ရက်နေ့၊ (အောက်တိုဘာတော်လှန်ရေး)နေ့၌ တိုင်းပြည်ခေါင်းဆောင်များက လူထုကိုမိန့်ခွန်းမြွက်ကြားသည်။ လူထုသည် လေးငါးသိန်းရှိသည်။ ဤ၍ဤမျှ များပြားလှစွာသောလူထုကြီးသည် ခေါင်းဆောင်ကြီးမိန့်ခွန်းစကားပြောသောအခါ၊ တုတ်တုတ်မျှမလှုပ်ကြ၊ အားလုံးငြိမ်သက်စွာနားထောင်နေကြသည်ဟု ကြားဖူးပေ၏။
          ယခု ကျွန်ုပ်မျက်ဝါးထင်ထင်တွေ့မြင်နေရသော ဖဆပလအဖွဲ့ညီလာခံကြီးကား ဤသို့မဟုတ်ပါပေ။ အပ်ကျသံမဆိုထားနှင့် စကားပြောသူ၏ရှေ့မှ ဖန်ခွက်ကျ၍ကွဲသည့်တိုင်အောင် အသံကြားရမည်မဟုတ် လောက်အောင် ဆူညံနေသည်ကို ၀မ်းနည်းဖွယ်ရာတွေ့မြင်ရလေသည်။
          ၁၉၅၈-ခုနှစ်၊ ဧပြီလ ၂၂-ရက်နေ့ နံနက်ပိုင်း၊ ဗမာ့ခေတ်သတင်းစာမျက်နှာဖုံး၌ မျက်မှန်တပ်ထားသော ကြက်ဖနှစ်ကောင်ခွတ်နေသည့်ကာတွန်းပုံ ပါ၍လာလေသည်။ တစ်ဖက် ဦးကျော်ငြိမ်းပုံနှင့်တူ၏။ အခြားတစ်ဖက်က သခင်ကျော်ဒွန်းပုံနှင့်တူလေသည်။ တိုက်ကြက်သဖွယ် တစ်ယောက်နှင့်တစ်ယောက် တွယ်ကြတော့မည်ဟူသောအဓိပ္ပါယ်ပင်တည်း။
          သည့်နောက်ပိုင်းတွင်မူ သတင်းစာများ၏ရေးသားချက်များသည် ကြမ်း၍လာတော့သည်။ နိုင်ငံရေး အခြေအနေကလည်း သိပ်မကောင်းလှပေ။ တစ်နေ့တစ်ခြား ဆိုးသွမ်းလာလေသည်။ ကောလဟလသတင်း များကလည်း အမျိုးမျိုးအဖုံဖုံထွက်နေချိန်ဖြစ်၏။ တွေးတတ်သူအဖို့အခြေအနေသည် ရင်တုံစရာဖြစ်နေတော့ သည်။
          သည်အထဲ မေလ ၁-ရက်(မေဒေးနေ့)တွင် ပြည်လမ်းရှိ ဗိုလ်ရှုသဘင်မဏ္ဍပ်တွင် နု-တင်၊ ဆွေ-ငြိမ်းအုပ်စုခေါင်းဆောင်များအကုန်လုံးတက်ရောက်ကြသည်။ အလုပ်သမားများလည်းချီတက်ကြသည်။ သတင်းထောက်များကလည်း နု-တင် ဆွေ-ငြိမ်းနှစ်ဦးနှစ်ဘက်ခေါင်းဆောင်များကို အမှတ်တရယှဉ်တွဲ၍ ဓါတ်ပုံရိုက်ကြလေသည်။ ခေါင်းဆောင်ကြီးများကလည်း “သည်တစ်ကြိမ်နောက်ဆုံးပဲ”ဟုဆိုလေ၏။ ဤပွဲ၌ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသွင်ကို ဖ-ဆ-ပ-လ ဦးဗဆွေက ““မင်းခြေလှမ်းပျက်နေပြီ၊ ငါတို့ဂရုမစိုက်ပါဘူး””ဟူ၍ ကြိမ်းသေး၏။
ယင်းအချိန်သည်ကား ဗမာပြည်နိုင်ငံရေး ဒီရေတက်ချိန်ဖြစ်သည်။ နိုင်ငံရေးရာအခြေအနေ အရပ်ရပ်သည် အလွန်လှုပ်ရှားနေချိန်လည်းဖြစ်၏။ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ပျိုးထောင်သွားခဲ့သော ဖဆပလအဖွဲ့ကြီးတွင် နု-တင်-ဆွေ-ငြိမ်းဟူ၍ အုပ်စုကြီးနှစ်စုခွဲကာ သူ့ဘက်ကိုယ့်ဘက် အပြိုင်ကျဲကာ အမတ်များကို မဲဆွယ်နေချိန်ဖြစ်လေသည်။ ဤသည်တို့ကား ကမ္ဘာ့ပါလီမန်ဒီမိုကရေစီ ထုံးတမ်းစဉ်လာခံယူချက်အတိုင်း အမတ်မဲခွဲ၍ တိုက်ယူရမည့်တိုက်ကွင်းတစ်ခုပင်တည်း။
          သတင်းစာများကလည်း နု-တင်ဘက်မှလိုက်ရေးကြသည်လည်းရှိသည်။ ဆွေ-ငြိမ်းဘက်မှရှေ့ပြေလိုက်ရေးသောသတင်းစာလည်းရှိသည်။ သိက္ခာရှိသောသတင်းစာအချို့သာလျှင် သူ့ဘက် ကိုယ့်ဘက်မျှ၍ ကြားနေသောသတင်းစာများလည်းရှိလေသည်။ ပါတီလက်ကိုင်တုတ် သတင်းစာကြီးများမှ တစ်ဘက်နှင့်တစ်ဘက် ထုကြ၊ နှက်ကြ၊ ဆဲကြ၊ ကလော်ကြသောသတင်းများကလည်း မဖတ်ချင်မှအဆုံး ဖြစ်နေတော့သည်။ ဤအထဲ ဗေဒင်ဆရာများကလည်း ကြားထဲမှဝင်၍ အမြတ်ထုတ်လိုက်သေးသည်။
          ကျွန်ုပ်၏အိမ်သည် လူစည်ကားသော လမ်းမတော်ထောင့်တွင်တည်ရှိသည်။ မနက်မိုးလင်းသည် နှင့်တစ်ပြိုင်နက် သတင်းစာအစုံစုံထွက်လေသည်။ နေ့စဉ်ထုတ်သတင်းစာများကို တစ်မျိုးတစ်စောင် အိမ်သို့ပို့ရန် သတင်းစာရောင်းသောသူငယ်လေးအားမှာကြားထားရသည်။ ကျွန်ုပ်အိပ်ယာထ၍ ပြူတင်းပေါက်မှ ကြည့်လိုက်လေသောအခါ လမ်းမတော်ထောင့်ရှိ သတင်းစာရောင်းသူထံသို့ လူအများတိုးဝှေ့ဝယ်ယူနေကြ သည်ကို နေ့စဉ်တွေ့ရချိန်ဖြစ်လေသည်။
          ကျွန်ုပ်အိပ်ယာမှထ မျက်နှာသစ်ပြီး၍ လဘက်ရည်နှင့်မုန့်စားသောက်သောအခါ၊ စာမတတ်သည့်ကျွန်ုပ်ကို ဇနီးမကျင်မြိုင်က ဗမာသတင်းစာများဖတ်ကြားပြသည်။ ကျွန်ုပ်သည် နားဖြင့် နားထောင်ပြီးနေစဉ် ဖြစ်ပျက်နေသောအခြေအနေအလုံးစုံကို လေ့လာမှတ်သားရသည်။
          မေလ ၂၆-ရက်နေ့တွင် ကျွန်ုပ်သည် သတင်းတစ်ခုကြားမိသည်။
          ကြားရသောသတင်းသည် သတင်းကောင်းမဟုတ်၊ သတင်းဆိုးဖြစ်နေသည်။ မေလ ၂၈-ရက်နေ့တွင် ပီကင်းမြို့မှ ဗိုလ်မှူးအောင်ပြန်လာမည်။ ကွမ်းတုံမြို့မှတဆင့် ဗမာပြည်သို့ပြန်၍လာမည်။ နု-တင်နှင့် ဆွေ-ငြိမ်း နှစ်ဘက်သောအုပ်စုဝင်များသည် ဟောင်ကောင်းမြို့နှင့် ကွမ်းတုံမြို့သို့သွားရောက်ပြီး ဗိုလ်မှူးအောင်ကို ကြိုဆိုနေကြသည်။ ဖြစ်ပေါ်လာသောသတင်းစကားစသည်ကား ဗိုလ်မှူးအောင် မင်္ဂလာဒုံ လေဆိပ်သို့ရောက်လေလျှင် သွေးချောင်းစီးမည်ဟူသော သတင်းဆိုးကြီးပင်ဖြစ်၏။ ဤသတင်းကို ကြားလေသူ အပေါင်းသည် စိတ်မချမ်းမြေ့ကြပေ။
          တစ်နေ့သောအခါတွင်ကျွန်ုပ်သည် ဟံသာဝတီသတင်းစာအယ်ဒီတာ ဦးဘဦးထံသို့သွားသည်။ ကျွန်ုပ်၏ဆန္ဒအာသီသနှင့် ထင်မြင်ယူဆချက်ကိုပြောပြသည်။ မေလ ၂၈-ရက်နေ့တွင် ဗိုလ်မှူးအောင် ပြန်လာမည်။ သူပြန်လာသောနေ့အမှီ ကျွန်ုပ်၏ ဆန္ဒအာသီသစိတ်ထားအမှန်ကို သတင်းစာထဲထည့်ပေးပါရန် ပြောကြားရသည်။ ထိုအခါ ဦးဘဦးက ....
          ““ဒါဟာ ကောင်းတဲ့အလုပ်ပဲ၊ သံဃာထဲကလွဲလို့ လူပုဂိ္ဂုလ်ထဲက မေတ္တာရပ်ခံသူမပေါ်သေးပါဘူး၊ စိတ်သာချ ထည့်ပေးပါ့မယ်””ဟူ၍ပြန်ပြောသည်။
          မေလ ၂၈-ရက်နေ့ထုတ် ဟံသာဝတီသတင်းစာထွက်လာသောအခါ ကျွန်ုပ်၏မေတ္တာရပ်ခံချက် ပါလာသည်ကိုတွေ့မြင်ရလေ၏။
          ဦးစပ်စုခေါ် စော်ဘွားစပ်စုမေတ္တာရပ်လိုက်ပြီ၊ တပည့်လက်သားတို့ကို စိတ်လိုက်မာန်ပါ မမှားစေရန် ဆုံးမပေးပါတဲ့
          ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့သော လွတ်လပ်ရေးပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လက်ရှိဗမာ့နိုင်ငံခေါင်းဆောင်ကြီးများဖြစ်သော ၀န်ကြီးချုပ်ဦးနု၊ ၀န်ကြီးသခင်တင်၊ ဗိုလ်မင်းခေါင်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို အထူးရင်းနှီးစွာ သိကျွမ်းသည့်ပြင် တစ်ဦးနှင့်တစ်ဦး ကျေးဇူးမကင်း၊ နှစ်ရှည်လများပေါင်းသင်းဆက်ဆံလာခဲ့သော ဦးစပ်စုခေါ် စော်ဘွားစပ်စုသည် လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး၊ ၎င်း၏စိတ်သဘောထားနှင့်စိတ်မကောင်းဖြစ်နေပုံအကြောင်းကို ကျွန်ုပ်တို့ဟံသာဝတီ သတင်းစာတိုက်သို့ ကိုယ်တိုင်လာ၍ဖွင့်ဟပြောဆိုသွားပေသည်။
ဆရာတပည့်
          ဦးစပ်စုခေါ် စော်ဘွားစပ်စုသည် ဒုဝန်ကြီးချုပ်ဦးဗဆွေအား သိကျွမ်းခဲ့သည်မှာ ဂျပန်ခေတ်ကပင် ဖြစ်သည်။ ထိုစဉ်အခါက ၀န်ကြီးဦးဗဆွေသည် ကေဗိုတိုင်အရာရှိတစ်ဦးဖြစ်ခဲ့ပြီး ဦးစပ်စုက လက်ထောက် အရာရှိတစ်ဦးဖြစ်ခဲ့ပေသည်။ မည်သည့်ဆောင်ရွက်မှုဖြစ်စေ တစ်ဦးနှင့်တစ်ဦး တိုင်တိုင်ပင်ပင်ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။ တစ်ခါတစ်ရံအသက်ဘေးမှ ပွတ်ကာသီကာတစ်ဦးနှင့်တစ်ဦး ကူညီစောင့်ရှောက်ခဲ့ကြ သူများဖြစ်ပေသည်။
အသက်ဘေးမှ
          ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းနှင့်ဆိုလျှင်လည်း ရင်းနှီးစွာဆက်ဆံခဲ့ဖူးသည်။ တစ်ကြိမ်က ကလော်မြို့ ကလော်ဟော်တယ်တွင် ဦးစပ်စုတို့အဖွဲ့သားများ အချိန်မှီသာစည်မြို့သို့ပြန်နိုင်စေရန်အတွက် လဘက်ရည် ဧည့်ခံပွဲကို တစ်နာရီစော၍ ကျင်းပနိုင်ရန် ၀န်ကြီးဦးကျော်ငြိမ်းက ဆောင်ရွက်ပေးခဲ့ဖူး၏။ တစ်နာရီစော၍ ပြန်ရခြင်းအားဖြင့် ဦးစပ်စုတို့လမ်းမှ လုပ်ကြံရန် စောင့်ဆိုင်းနေသည့်ရန်သူများလက်ချက်မှ လွတ်ခဲ့ဖူး၏။ အမှန်ပင် ယနေ့စော်ဘွားစပ်စု လူ့ပြည်တွင် ရှိမည်မဟုတ်ကြောင်း။ ဦးကျော်ငြိမ်းသည် ဦးစပ်စုတို့ လူစုကို အသက်ကယ်လိုက်သူဖြစ်လေသည်။
ဖြေဖျဉ်ခဲ့ခြင်း
          ဗမာ့တော်လှန်ရေးရာဇ၀င်တွင်လည်း ဦးစပ်စုက အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သဖြင့် ဗမာ့တော်လှန်ရေး တပ်မတော်က ဦးစပ်စုကို ဖိနပ်စပ်စုဟုပင် ကင်ပွန်းတပ်ပေးခဲ့၏။ တော်လှန်ရေးမစမီ ရက်အနည်းငယ်အတွင်း ဗမာ့မျိုးချစ်တော်လှန်ရေးတပ်မတော်ကြီးအတွက် အားလုံးအသင့်ပြင်ဆင်ပြီးသော်လည်း အထူးပင်အရေးကြီးသော တပ်မတော်သားများအတွက် ဖိနပ်မရှိသဖြင့် အခက်အခဲတွေ့ခဲ့ရ၏။
ဆောင်ရွက်ပေးခဲ့ပုံ
          အဆိုပါအခက်အခဲကို ပြေလည်အောင်ဆောင်ရွက်ပေးစေရန် ဦးစပ်စုအား ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ခေါ်ယူတိုင်ပင်ဆွေးနွေးပြီးနောက် အခက်အခဲအမျိုးမျိုးကြားထဲမှ ငွေကုန်လူပန်းခံပြီး အသက်စွန့်၍ တပ်မတော်သားများအတွက် ဘိနပ်များကို အချိန်မှီရအောင် ရှာဖွေဆောင်ရွက်ပေးခဲ့ပေသည်။ ထို့ကြောင့်လည်း ဦးစပ်စုခေါ် စော်ဘွားစပ်စုခေါ် ဖိနပ်စပ်စုကို ဗမာမျိုးချစ်ပုဂိ္ဂုလ်ကြီးတစ်ဦးအနေနှင့် ယနေ့တိုင် ပေါင်းသင်းဆက်ဆံလျက်ရှိကြလေသည်။
ဆုံးမပေးကြပါ
          လက်ရှိဗမာနိုင်ငံရေးအခြေအနေအရ ၎င်းနှင့်အထူးရင်းနှီးစွာသိကျွမ်းခဲ့ဖူးသော ခေါင်းဆောင်ကြီးများ အချင်းချင်း မသင့်မတင့်ဖြစ်၍ကွဲပြဲနေသည်ကိုမြင်ရ၍ အထူးစိတ်ထိခိုက်လျက်ရှိကြောင်း။ တစ်ဦးနှင့်တစ်ဦး ပြန်လည်စေ့စပ်မပေါင်းသင်းနိုင်ပါက မိမိတို့၏လက်အောက်ငယ်သားများကို စိတ်လိုက်မာန်ပါအမှားများကို မပြုလုပ်ရန် ဆုံးမပေးရန် ဗမာ့ခေါင်းဆောင်ကြီးများဖြစ်သော ၀န်ကြီးချုပ်ဦးနု၊ ဒုဝန်ကြီးချုပ်သခင်တင်နှင့် ဒုဝန်ကြီးချုပ် ဦးဗဆွေ၊ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းတို့အား ဦးစပ်စုခေါ် စော်ဘွားစပ်စုခေါ် ဖိနပ်စပ်စုက မေတ္တာရပ်ခံပါကြောင့်ဖြင့် ပြောပြသွားပေသည်။
          ကျွန်ုပ်၏မေတ္တာရပ်ခံချက်ကို ဓါတ်ပုံများဝေေ၀ဆာဆာနှင့် ဟံသာဝတီသတင်းစာတွင် တွေ့မြင်ရလေသည်။
          ၂၈-ရက်နေ့တွင် နေ့လည် ၂-နာရီအချိန်တွင် P.A.A လေယာဉ်ပျံဖြင့် ဗိုလ်မှူးအောင်လာမည်။ ကျွန်ုပ်ကလည်း သွားရောက်၍ကြိုမည်။ အိမ်မှဇနီးမကျင်မြိုင်က သွား၍မကြိုရန် အမျိုးမျိုးအကြောင်းပြ၍ တားနေသည်။ သူက မင်္ဂလာဒုံ၌သွေးချောင်းစီးမည်ဟူသောသတင်းများကြောင့် စိတ်ပူပန်နေဟန်တူ၏။
          ဤမျှလောက်မဆိုထားလေနှင့် ဂျပန်ခေတ်တစ်ခေတ်လုံး ဗုံးသေနတ်များကြား၌ပင် ကိုယ်လိုရာခရီးသို့ အရောက်သွားခဲ့ဖူးသောကျွန်ုပ်အဖို့ ထိုသွေးချောင်းစီးမည်ဟူသောသတင်းကြောင့် အမျိုးမျိုးအကြောင်းပြ၍ တားနေမှုကိုလက်မခံပဲ မင်္ဂလာဒုံလေဆိပ်သို့ထွက်လာခဲ့ပေသည်။
          ကျွန်ုပ် မင်္ဂလာဒုံလေဆိပ်သို့ရောက်လေသောအခါ လေယာဉ်ပျံကွင်းကြီးတစ်ကွင်းလုံး ပြည့်လျှံ လောက်အောင် လူထုကြီးကိုတွေ့မြင်ရလေသည်။ အိုးစည်ဗုံမောင်းတီးခတ်သံများကလည်း တစ်ကွင်းလုံး ညံ၍ပင်နေလေသည်။ ကျွန်ုပ်သည် လေဆိပ်ပထမအထပ်သို့တက်၍သွားသောအခါ ကျွန်ုပ်နှင့်မျက်နှာချင်း ဆိုင်မိသူမှာ ရန်ကုန်ခရိုင် ဖဆပလအဖွဲ့အတွင်းရေးမှူး ဦးထွန်းအောင်တို့လူစုပင်ဖြစ်သည်။ သူတို့တစ်တွေက ကျွန်ုပ်အား ရင်းရင်းနှီးနှီးပင် ခေါ်ပြောဆက်ဆံကြသည်။ ပြီးနောက်တွင်ကား ““ဦးစပ်စုရဲ့ မေတ္တာရပ်ခံချက်ကို ဒီနေ့သတင်းစာမှာတွေ့တယ်။ အလွန်ကောင်းပါတယ်””ဟူ၍ ပြောလေသည်။ ကျွန်ုပ်ကိုလည်း စားသောက်ဖွယ်ရာ အမျိုးမျိုးဖြင့် ဧည့်ခံကျွေးမွေးလေသည်။
          ဤသို့ ဆွေငြိမ်းဘက်၌စားသောက်ပြီးနောက် တစ်ခြားခုံဘက်တွင်ရှိသော နုတင်ဘက် ဗိုလ်မင်းခေါင်တို့ကလည်း ကျွန်ုပ်ကို ကျွေးမွေးပြန်သည်။ ကျွန်ုပ်ကလည်း စားလိုက်ပြန်သည်။
          အုပ်စုနှစ်ဘက်ရှိ ခေါင်းဆောင်များမှာ တစ်ဦးနှင့်တစ်ဦး ပြုံးပြုံးရွှင်ရွှင်ရယ်ကာမောကာနှင့် ဆက်ဆံနေကြသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရ၏။ နု-တင် ဆွေ-ငြိမ်း အုပ်စုကြီးနှစ်ဘက်ရှိလူများသည် တစ်ဦးနှင့်တစ်ဦး တိုက်မည်၊ ခိုက်မည်၊ ဖြတ်မည်ဟူသော အရိပ်သဏ္ဍာန်များ မတွေ့မြင်ရပေ။ ထို့ကြောင့် တော်ပေသေးသည်ဟု ဆိုရပေမည်။ ကျွန်ုပ်သည် မင်္ဂလာဒုံ၌သွေးချောင်းစီးမည်ဟူသောသတင်းသည် ကောလဟဠသာ ဖြစ်နေပေသည်။ နှစ်ဦးနှစ်ဘက်သောခေါင်းဆောင်များမျက်နှာကို ကျွန်ုပ်မြင်တွေ့လိုက် ရသည်နှင့်တစ်ပြိုင်နက် ဤသတင်းစကားကို လုံးဝမယုံကြည်တော့ပေ။
          ညနေ ငါးနာရီလေးဆယ့်ငါးမိနစ်တွင် P.A.A လေယာဉ်ပျံသည် မင်္ဂလာဒုံလေဆိပ်သို့ ဆိုက်ကပ်လေသည်။ လေယာဉ်ပျံအမှတ်သည် N. 5025 ဖြစ်သည်။ လေယာဉ်ပျံဆိုက်၍ လှေကားထိုး လိုက်သောအခါ ဗိုလ်မှူးအောင်နှင့် ဇနီးဒေါ်တင်အေးပြီးနောက် စ၀်ရွှေသိုက်နှင့်မဟာဒေ၀ီ စ၀်အင်ခမ်းတို့ ဆင်းလာကြသည်ကို တွေ့မြင်ရလေသည်။ သူတို့နှင့်အတူ အခြားသူများလည်း လေယာဉ်ပျံပေါ်ကဆင်းလာ သည်ကို တွေ့မြင်သည်။ ဤသူများကိုကား ကျွန်ုပ်မသိကျွမ်းပေ။
          ဗိုလ်မှူးအောင် လေယာဉ်ပျံပေါ်မှ ဆင်း၍လာသောအခါ အိုးစည်ဗုံမောင်းသံများ ဆူညံလာပါတော့သည်။ လာကြိုကြသူများကလည်း ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။ လာ၍ကြိုဆိုကြသူ အထဲတွင် ဗိုလ်ခင်မောင်လေး၊ ဦးတင်ညွန့်တို့လည်းတွေ့မြင်လိုက်မိသည်။ အုပ်စုနှစ်ဘက်ရှိ ခေါင်းဆောင် များသည် ဗိုလ်မှူးအောင်ကို သွားရောက်၍လက်ဆွဲနှုတ်ဆက်ကြသည်။
          ခဏကြာလေသော် ဗိုလ်မှူးအောင်သည် သူ့ဇနီးသားသမီးများနှင့်အတူ သူ့ကားပေါ်သို့တက်သွား ကြသည်။ ကားထဲ၌ လူများပြည့်လျှံနေလေပြီ။ သို့တိုင်အောင် ဒရိုင်ဘာထိုင်သည့်ရှေ့တန်းတွင် ဗိုလ်မှူးအောင်၏ သက်တော်စောင့် မောင်ပုနှင့်အတူ အလုပ်သမားဝန်ကြီး ဦးတင်ညွန့်(ဆွေငြိမ်း)က တက်ထိုင်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။
          နောက်တန်းတွင်မူ ဗိုလ်မှူးအောင်၏ဇနီးဒေါ်တင်အေးတို့ကြားထဲတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မင်းခေါင်(နုတင်)က ကျပ်ကျပ်တည်းတည်းကြားမှ ၀င်ထိုင်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။ ကားလေးသည် တင်ဆောင်ထားရသော လူအလေးချိန်များမှာ များလွန်းနေ၍ မကြိုးရုံတမည် ဖြစ်နေရရှာ လေသည်။
          ဗိုလ်မှူးအောင်၏ကားသည် သူ့အိမ်သို့ရောက်နေပြီဖြစ်သော်လည်း နောက်မှ ကားတန်းရှည်ကြီးမှာ လိုက်၍လာနေတုန်းပင်။
          ဗိုလ်မှူးအောင် ဗမာပြည်သို့ပြန်ရောက်ပြီဖြစ်၏။ သည့်နောက်ပိုင်း ဇွန်လ ၄-ရက်နေ့တွင်မူ ဆွေငြိမ်းအုပ်စုဝင် ၀န်ကြီးများသည် ရာထူးမှနှုတ်ထွက်စာတင်လေသည်။ ၅-ရက်နေ့တွင်မူ အထူးပါလီမန်အစည်းအဝေးခေါ်သည်။
          ဇွန်လ ၉-ရက်နေ့ရောက်သောအခါ နံနက်ဆယ်နာရီမှစ၍ ဦးကျော်ငြိမ်း ဦးဗဆွေ ခေါင်းဆောင်ပြီး (အစိုးရကို အယုံအကြည်မရှိအဆို) တင်သွင်းလေသည်။ တစ်ဘက်နှင့်တစ်ဘက် အချီအချ ပြောဆိုနေကြ သည်မှာ တစ်နေ့လုံးပင်ဖြစ်သည်။ ဗမာ့အသံရေဒီယိုကလည်း တစ်နေ့လုံး ပါလီမန်မှမိန့်ကြားသည်များကို နားသောတဆင်သောလူထုအတွက်လွှင့်ပေးလေသည်။ ညနေပိုင်း ခြောက်နာရီနှင့် ငါးမိနစ်တွင် အမတ်မဲများ ခွဲကြသည်။ နုတင်ဘက်မှ ၁၂၇-မဲ၊ ဆွေငြိမ်းဘက်မှ ၁၁၉-မဲ၊ နုတင်အစိုးရဘက်မှ ၈-မဲသာ၍ အနိုင်ရရှိသွားလေသည်။
          ထိုစဉ်က ကျွန်ုပ်နေထိုင်ရာ အိမ်အပေါ်ဆုံးထပ်၌ ကလပ်ဖွင့်ထားလေသည်။ တစ်နေကုန် တစ်နေခန်း ရေဒီယိုကိုဖွင့်ထားလေ၏။ ဤနေ့ ဤရက်တွင်ကား ကလပ်၌ လူစုံစေ့စွာ ရောက်ရှိနေကြသည်။ ရေဒီယိုမှ လာနေသော ပါလီမန်မှပြောဟောချက်များ စိတ်ဝင်စားစွာဖြင့် နားထောင်နေသည်ကို တွေ့မြင်ရလေသည်။  မဲရေတွက်၍ ပါလီမန်မှ အရှုံးအနိုင်ကြေညာပြီးကာမှ ကျွန်ုပ်တို့တတွေသည် ထမင်းစားသောက်ကြသည်။
          ကလပ်ဟူသည်မှာ လူတန်းစားအမျိုးမျိုးစုံသောနေရာပင်ဖြစ်သည်။ ဤအထဲမှ လူတစ်ယောက်က အခန်း၏နံရံတွင်ချိတ်ဆွဲထားသော သခင်တင်နှင့် ရခိုင်အမျိုးသားခေါင်းဆောင်ဦးကျော်မင်းတို့ ပြုံးပြုံးရွှင်ရွှင် ဖြစ်နေသော ဓါတ်ပုံများကိုကြည့်ပြီး သူ့ထင်မြင်ယူဆချက်ကိုပြောပြသည်မှာ ....
          ““လွန်ခဲ့တဲ့ရှစ်လမှာ သခင်တင်နှင့်ဦးကျော်မင်းကိုသာ ဦးစပ်စုသာ စေ့စပ်မပေးဘူးဆိုရင်၊ ဦးကျော်မင်းရဲ့ ရခိုင်အမျိုးသား ၆-မဲဟာ ဆွေငြိမ်းဘက်သာ ပါသွားရင်တော့၊ နုတင်က ၁၂၁-မဲဖြစ်ပြီး၊ ဆွေငြိမ်းက ၁၂၅-မဲဖြစ်လာလိမ့်မယ်။ ဒီလိုဆိုရင်တော့ နိုင်ငံရေးအခြေအနေဟာ တစ်မျိုးတစ်ဖုံပြောင်းသွားမယ်””ဟူ၍ ပြောပြ၏။
          ကျွန်ုပ်သည် သူ၏ထင်မြင်ယူဆချက်ကို ဘာမျှမဝေဖန်လိုပေ။ စိုးတရွံ့ရွံ့နှင့်ဖြစ်နေသော တိုင်းပြည်အရေးသည် ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး ဖြစ်သွားသည်ကိုပင်လျှင် ကျေးဇူးတင် ၀မ်းမြောက်မိပါတော့သည်။
No comments:
Post a Comment