Friday, September 3, 2010

သခင်နုနှင့်ဗြန်ဟတ်ဘွေ

သခင်နုနှင့်ဗြန်ဟတ်ဘွေ

၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၁၅-ရက်နေ့မှာ ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီး နှစ်ပတ်လည်ကျင်းပပွဲတစ်ခု ပြုလုပ်ပါသည်။ ဒီကျင်းပပွဲပြုလုပ်ဖို့ကို ကျွန်ုပ်တို့အသင်းကြီးမှ ကော်မီတီများကို ကြိုတင်၍ စည်းဝေးခေါ်လိုက်ပါတယ်။ ဒီလိုနှစ်ပတ်လည် ကျင်းပပွဲပြုလုပ်သည့်အခါမှာ မြန်မာထဲမှ ၀န်ကြီးတစ်ဦးဦးကိုဖိတ်ခေါ်ပြီး၊ မိန့်ခွန်းစကား အနည်းငယ်ပြောဖို့ကောင်းပါတယ်။
ဒီလိုကျင်းပပွဲပြုလုပ်သည့်အခါမှာ ဘယ်ဝန်ကြီးက စကားပြောပိုကောင်း ပါသလဲဆိုတော့ ကျွန်ုပ်က အဆိုတင်သွင်းလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီး သခင်နုဟာ စကားပြောကလည်းကောင်းတယ်၊ အချက်အလက်လဲမိတယ်။ သူ့ကိုလာဖို့ဖိတ်ခေါ်ရင် သိပ်ကောင်းမှာပဲလို့ ပြောလိုက်တယ်။ ကျွန်ုပ်ဟာလည်း ဒီကော်မီတီလူကြီးတွေထဲမှာ ပေါင်းသင်းဆက်သွယ်ရေးလူကြီးတစ်ဦးဖြစ်နေတယ်။ ကျွန်ုပ်အဆိုတင်သွင်းတာကို ကော်မီတီလူကြီးတွေ အားလုံးက သဘောတူဆုံးဖြတ်လိုက်ကြတယ်။ နောက်ပြီး ကျွန်ုပ်တို့ဗြန်ဟတ်ဘွေ တရုပ်အမျိုးသား အသင်းကြီးက ကျွန်ုပ်ကိုစာတစ်စောင်ပေးလိုက်ပါသည်။

ကျွန်ုပ် ဒီစာကိုယူပြီးတော့ ပြည်လမ်း ၆-မိုင် ပတေးခြံ၊ နိုင်ငံခြားရေးဝန်ကြီးရုံး အတွင်းဝန် ဦးရွှေဘော် ကို၊ ပထမသွားတွေ့တယ်။ နောက်ပြီးမှ နိုင်ငံခြားရေးဝန်ကြီး သခင်နုကို သွားတွေ့ သည့်အခါ ကျွန်ုပ်ဟာ ဗြန်ဟတ်ဘွေအသင်းကြီးမှ ပေးလိုက်သည့်စာကို သခင်နုသို့ပေးလိုက်ပါသည်။ သခင်နုဟာ ကျွန်ုပ်ပေးလိုက်သည့်စာကိုဖတ်ပြီးသည့်အခါ ဒီလိုမိန့်ခွန်းပြောတာတွေကို ကျွန်ုပ်ဟာ မကျွမ်းကျင်ပါဘူး။ အဲဒီတော့ ကျွန်ုပ်ကပြန်ပြောလိုက်တယ်။ ဆရာနုဟာ မိန့်ခွန်းပြောတာ အင်မတန်မှတော်တယ်။ အချက်အလက်လည်းမိတယ်။ ယခုဝန်ကြီးတွေ မိန့်ခွန်းစကားပြောသည့် အထဲမှ ဆရာနုထက်တော်သည့်ဝန်ကြီး တစ်ယောက်မှမရှိပါဘူး။ သူကလည်း တစ်အောင့်လောက် ကြာမှ လက်ခံလိုက်ပါသည်။ ကောင်းပါပြီ လာပါမည်ဆိုတဲ့ကတိကိုလည်း ပေးလိုက်တယ်။

နောက် ကျွန်ုပ်တို့နှစ်ပတ်လည်ကျင်းပသည့်နေ့မှာ လေယာဉ်ပျံလာ၍ ဥသြဆွဲတာနှင့် သွားတိုးနေတယ်။ သခင်နုကလည်း မပျက်မကွက် နာရီပြန် ၂-ချက်ခွဲလောက်မှာ ကျွန်ုပ်တို့ ဗြန်ဟတ်ဘွေအသင်းကြီးတည်ရာ လတ္တာလမ်းအောက်လမ်း ဗြန်ဟတ်ဘွေအသင်းကြီးသို့ အ၀ါရောင် ကားပုပုကိုစီးပြီး၊ ခေါင်းပေါင်းသက္ကလပ်အင်္ကျီအနက်၊ လေးထောင့်အကွက်လုံချည်တို့ကို ၀တ်ဆင်၍ လက်ထဲမှာ တုတ်ကောက်တစ်ချောင်းကိုင်ထားပြီး သူနှင့်အတူ အဖေါ်တစ်ယောက်လည်းပါလာပါသည်။ သူ၏အဖေါ်ရဲ့နာမည်ကို ကျွန်ုပ်ဟာ မေ့နေပါပြီ။ ကျွန်ုပ်ကိုယ်တိုင်ပဲ မော်တော်ကားတံခါးကို သွားဖွင့်ပေးပြီး၊ ကျွန်ုပ်တို့ ဗြန်ဟတ်ဘွေအသင်းကြီး ဒုတိယအထပ်ဧည့်ခံပွဲသို့ရောက်အောင် ခေါ်ဆောင်လာခဲ့ပါတယ်။ ဒီနှစ်ပတ်လည်ကျင်းပပွဲသို့ တက်ရောက်ကြွလာသည့် ကော်မီတီတွေရော၊ ဥက္ကဋ္ဌတွေရော၊ လူကြီးလူကောင်းတစ်ယောက်မကျန် အကုန်လုံးတို့နှင့်မိတ်ဆွေဖွဲ့ပေးပါသည်။

နောက်ပြီး လက်ဖက်ရည်ပွဲနှင့် ဧည့်ခံတယ်။ အဲဒီလိုဧည့်ခံပြီးသည့်အခါကျမှ ကျွန်ုပ်က သခင်နုကိုသွားပြောတယ်။ ဆရာနုမိန့်ခွန့်ပြောပါတော့လို့ဆိုတော့ သခင်နုဟာ မိန့်ခွန်းစကားပြောမည့် စင်မြင့်ပေါ်သို့တက်သွားပြီး မိန့်ခွန်းစကားပြောတယ်။ ဟိုစဉ်အခါက သူမိန့်ခွန်းပြောတာတွေဟာလည်း ရီစရာစကားတွေအများကြီးပါပါတယ်။ ကျွန်ုပ်တို့ နှစ်ပတ်လည်ကျင်းပပြုလုပ်သည့် ကျင်းပပွဲအတွက် လည်း သခင်နုပြောသည့် မိန့်ခွန်းစကားများနှင့် အဓိပ္ပါယ်တိုက်ဆိုင်၍ညီညွတ်ပြီးတော့လည်း နေပါတယ်။ အသံကလည်းကောင်းတယ်၊ ကျွန်ုပ်သည် ဒီအချိန်မှာ အကဲခတ်မိပါသည်။ အသံကလည်းကောင်း မိန့်ခွန်းစကား တရားဟောပြောသည့်အခါမှာလည်း အချက်အလက်ထိတယ်၊ ပြတ်လည်းပြတ်သားတယ်၊ ဒီအချိန်အခါဟာ ၁၉၄၃-ခုနှစ်ဖြစ်နေတယ်။ ကျွန်ုပ်ဟာ သေချာစွာအကဲခတ်တယ်၊ ဟိုစဉ်အခါမှာ သခင်နုဟာ ၃၆-နှစ်ပဲရှိပါသေးတယ်။ ပိန်ပိန်ဖြူဖြူခပ်ချောချော ရုပ်ရည်သနားကမား၊ သူ့ကို အကဲခတ်ခန့်မှန်းကြည့်ရင် အသက် ၂၀-ကျော်လောက်ပဲရှိမယ်လို့ ထင်ရပါတယ်။

ကြွရောက်လာကြသည့်ကော်မီတီလူကြီးတွေက ကျွန်ုပ်ကိုဝိုင်းဝန်း၍လာမေးကြတယ်။ သခင်နုဟာ စကားပြောအင်မတန်တော်တယ်။ ချီးကျူးစရာသိပ်ကောင်းတယ်။ သူဟာ မိန်းမယူပြီးပြီလား၊ လူပျိုလားဆိုတာကို ကျွန်ုပ်ကိုလာမေးကြတယ်၊ ကျွန်ုပ်ကပြန်ပြောလိုက်တယ်၊ သခင်နုဟာ မိန်းမယူပြီးပါပြီ၊ သမီးတစ်ယောက်လည်းမွေးပြီးပြီ၊ သူယူထားသည့်မိန်းမဟာ ပန်းတနော်က သမာဓိမြို့ဝန် မြေပိုင်ရှင်ဦးအောင်ငြိမ်း၏သမီးအငယ် မမြရီဖြစ်ပါသည်။

ဒီဦးအောင်ငြိမ်းဟာ ကျွန်ုပ်၏မိတ်ဆွေကြီး ပန်းတနော်မြို့အုပ် ဦးဘအုံးနှင့်လည်း သိကျွမ်း ခင်မင်ရင်းနှီးပြီး ကျွန်ုပ်တို့ ၃-ဦးဟာ အင်မတန်မှချစ်ခင်ကြပါတယ်။ ဦးအောင်ငြိမ်းဟာ အသက်ကြီး၍ ကျွန်ုပ်တို့အဖေလောက်ရှိပါတယ်။ ကျွန်ုပ်တို့တတွေ သူ့ကိုခေါ်တာဟာ ဘကြီး-ဘကြီးလို့ပဲ ခေါ်ကြပါသည်။ တစ်ခါက ဦးအောင်ငြိမ်းဟာ မျက်စိနာလို့ဆေးရုံမှာလာကုတယ်။ ကျွန်ုပ်နှင့် ဦးဘအုန်းတို့ကလည်း ခဏခဏသွားရောက်ကြည့်ရှုမေးမြန်းတယ်။ အဲဒီလို သွားရောက်ကြည့်ရှု မေးမြန်းသည့်အခါကျတော့ ဘကြီးဦးအောင်ငြိမ်းက ပြောပြတယ်။ ဘယ်လိုပြောပြသလဲဆိုတော့ ထမင်းထုပ်ကို ခေါင်းပေါ်မှာတင်ပြီး ဒီလိုသမက်မျိုးကိုလိုက်ရှာပါ၊ ထမင်းထုပ်ဟာ ခေါင်းပေါ်က ကျရင်ကျသွားမယ်၊ မောင်နုလိုသမက်မျိုး ဒီတစ်သက်မှာ မရနိုင်ပါဘူး။ မောင်နုဟာ အင်မတန် တော်တယ်။ ငါ့ကိုလည်း အားကြီးရိုသေလေးစားတယ်။

ငါဟာလည်းသူ့ကို အများကြီးပြန်ချစ်တယ်လို့ ပြောပြတယ်။ ဒီတော့ ဦးဘအုန်းဟာ ဘာပြန်ပြောသလဲဆိုတော့ ဟိုတုန်းက ဘာဖြစ်လို့ဂျီးများတာလဲ လို့မေးလိုက်တယ်။ ““မောင်နုကို နိုင်ငံရေးလုပ်တာတစ်ခုပဲ သဘောမကျပါဘူး””လို့ ဦးအောင်ငြိမ်းက ပြန်ပြောလိုက်ပါသည်။

No comments:

Post a Comment