Sunday, September 5, 2010

ဖိနပ်စပ်စု

ဖိနပ်စပ်စု

ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ရန်ပုံငွေ ၅-သိန်းကိုပေးပြီး တာဝန်ကြီးတစ်ခုပေါ့သွား၍ အေးမယ်မှမကျန်သေးဘူး၊ ဖိနပ်စပ်စုအနေဖြင့် နောက်ထပ်အပူလုံးကြီးတစ်ခုဟာ ပေါ်ပေါက်လာပြန်ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ပုံငွေအတွက်မဟုတ်ပဲ နောက်ထပ်ကျွန်ုပ်ကိုခေါ်ပြီးတိုင်ပင်တယ်။ တော်လှန်ရေးဟာလည်း နီးကပ်နေပြီ။ တပ်မတော်သားများဟာ ဂျပန်နှင့်တိုက်ဖို့အတွက် ချုံတော ကိုင်းတောများကိုသွားရတော့မယ်။ သို့အတွက် ဖိနပ်မရှိလျှင်မဖြစ်နိုင်၍ ဦးစပ်စုဟာ ဖိနပ်ရဖို့ ဒီတစ်ခုတော့ထပ်ပြီးအကူအညီပေးပါဦးလို့ပြောတယ်။

အဲဒီလိုပြောဆိုပြီးနောက် ဗိုလ်အောင်ဆန်းဟာ သူ့လက်အောက်ရှိ သူ့တပည့် စစ်လက်နက်ဌာန စစ်ဝတ်စားဌာနမှူး ဗိုလ်ကြီးဗတင်ကိုခေါ်လာပြီး ကျွန်ုပ်နှင့်ဗိုလ်ဗတင်ကို ဖိနပ်ရရှိရေးတာဝန်အကုန်လုံးကို တာဝန်ပေးလွှဲအပ်လိုက်တယ်။ ဒီတုန်းကဗိုလ်ကြီးဗတင်နှင့်အတူ မုတ်ဆိတ်မွေးဗိုလ်သိန်းဟန်လည်း ပါလာသည်။ ကျွန်ုပ်ဟာ ကျွန်ုပ်၏စိတ်ထဲမှာ တော်လှန်ရေးလည်းနီးကပ်နေပြီ၊ ရဲဘော်တွေမှာ ဂျပန်နှင့်တိုက်ဖို့ရန် ဖိနပ်မရှိရင်ဘယ်ဖြစ်မလဲ၊ အင်မတန်မှအရေးကြီးတာပဲလို့ အောက်မေ့ယူဆမိတယ်။
အဲဒီတော့ကျွန်ုပ်ဟာ ဖိနပ်ချုပ်တတ်သည့်တရုပ်အားလုံးကို ချုပ်ခ ၃-ဆပေးပြီးချုပ်ခိုင်း လိုက်သည်။ စက် ၂-ခုရှိရင်လည်းတစ်ခုကိုငှားလိုက်တယ်။ အဲဒီလိုချုပ်လို့ ရက် ၂၀-လောက်လဲ ကျရော သားရေကုန်သွားတယ်။ ချုပ်တဲ့လူလည်းရှိ စက်လည်းရှိပြီး သားရေမရှိလို့မချုပ်ရသည့် ဘ၀ကို ရောက်ရှိသွားပါသည်။ ဘာနှင့်တူသလဲဆိုတော့ အိုးလည်းရှိပြီး၊ ထင်းလည်းရှိ၍၊ ဆန်မရှိတဲ့ ဘ၀နှင့်တူနေတော့တာပါပဲ။ ဒီတော့ကျွန်ုပ်ဟာ ထပ်ပြီးအကြံဉာဏ်ရရှိလာပါတယ်။ ဂျပန်တွေရဲ့ ဂိုထောင်တွေထဲမှာရှိသည့်သားရေတွေကို ပိုက်ဆံများများပေး၍ယူခိုင်းတယ်။ ပိုက်ဆံများများပေးလို့ သားရေတွေလည်းရရော၊ ဖိနပ်တွေကိုလုံလုံလောက်လောက်ချုပ်ပေးနိုင်၍ ဖိနပ်များကို ၁၉၄၅-ခုနှစ်၊ မတ်လ ၂၇-ရက်နေ့ တော်လှန်ရေးမတိုင်မီ ရဲဘော်တွေဟာလုံလုံလောက်လောက်စီးနိုင်ပြီး ဂျပန်ကို ရဲဝံ့စွာနှင့်တော်လှန်နိုင်ခဲ့ပါသည်။
တော်လှန်ရေးအချိန်မနှောင်းမီ ကျွန်ုပ်ရှာဖွေချုပ်လုပ်ပေးသည့်ဖိနပ်တွေကို တပ်မတော်သားတွေ စီးပြီး၊ ကိုင်းတော လယ်တောချုံတောတွေကို လျှောက်နိုင်ဖို့နှင့် ဂျပန်ကိုတော်လှန်နိုင်ဖို့အရေးကို အားကြိုးမာန်တက် မရမနေပင်ပင်ပန်းပန်းနှင့် ရအောင်ရှာဖွေလုပ်ကိုင်ပေးခဲ့တယ်။ ကျွန်ုပ်ဦးစပ်စု ရှာဖွေလုပ်ကိုင်ပေးခဲ့သည့် ဖိနပ်တွေကြောင့်လည်း တပ်မတော်သားတွေဟာ ဂျပန်ကိုရင်ဆိုင်ပြီး တိုက်ကြသည့်အခါမှာ ဂျပန်ကို အပြန်အသတ် အပွဲပွဲမှာအနိုင်ရခဲ့ပါသည်။
၁၉၄၅-ခုနှစ်၊ မေလ ၁-ရက်နေ့မှာ ဗိုလ်နေ၀င်းဟာ ဖျာပုံခရိုင်ဘက်မှနေ၍ ရန်ကုန်မြို့ကို လာပြီး အပြီးအပိုင်သိမ်းလိုက်ပါသည်။ ၁၉၄၅-ခုနှစ်၊ မေလ ၁-ရက်နေ့မှာ ဗိုလ်နေ၀င်းဟာ ရန်ကုန်ကိုသိမ်းပြီး၊ ၁၉၄၅-ခုနှစ် မေလ ၃-ရက်နေ့မှာ ရန်ကုန်မြို့ကို ဗမာ့တပ်မတော်ကသိမ်းလိုက် ပြီးဆိုတာကို တစ်ကမ္ဘာလုံးသိအောင်ကြေညာလိုက်သည်။ ဒါကြောင့်လည်းဗမာ့တပ်မတော်ကို အခြားတိုင်းပြည်များဟာ အထင်ကြီးပြီးလေးစားလာကြရပါသည်။ အဲဒီလိုအချိန်အခါမှာဆိုရင်လည်း ဂျပန်ကလည်းအထွက်၊ အင်္ဂလိပ်စစ်သင်္ဘောကြီးတွေဟာလည်း စစ်လက်နက်ပစ္စည်းအစုံအညီနှင့် ရန်ကုန်မြို့ကို မ၀င်ရဲမသိမ်းရဲသေးပဲ ချောင်းဝမှာရှိနေကြတယ်။ ဒီအချိန်မှာဗမာ့တပ်မတော်ဟာ သက်စွန့်ကြိုးပမ်း ရွပ်ရွပ်ချွန်ချွန်နှင့်ရန်ကုန်မြို့ကိုဝင်သိမ်းလိုက်သည်။ အဲဒီတော့ အင်္ဂလိပ်စစ်ဗိုလ်များဟာ ဗမာ့တပ်မတော်ကို အထင်မကြီးပဲမနေနိုင်အောင် အထင်ကြီးလာခဲ့ကြရတယ်။ ဗမာ့တပ်မတော်ဟာ ကမ္ဘာသိအောင်ကြေညာနိုင်ခဲ့လို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၂၇-ရက်နေ့ချုပ်ဆိုသည့် အောင်ဆန်း အက်တလီစာချုပ်မှာ တင်းပြည့်ကျပ်ပြည့်လိုအင်ဆန္ဒကို အင်္ဂလိပ်များဟာလိုက်လျောလာခဲ့ရတယ်။ လေးစားလာခဲ့ရတယ်။ ဗမာ့လွတ်လပ်ရေးတောင်းသောအခါမှာလည်း ဒီအတွက်ကြောင့်အများကြီး အခွင့်အရေးပိုမိုရရှိခဲ့ပါသည်။
၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ ၄-ရက်နေ့မှာ ဗမာပြည်ကြီးတစ်ပြည်လုံး လွတ်လပ်ရေးရ၍ လွတ်လပ်ရေးကျောက်တိုင်များ စိုက်ထူကြရတာဟာ လွန်ခဲ့သော ၃-နှစ်ကျော် ၁၉၄၅-ခုနှစ်က ဖိနပ်စပ်စုကျွန်ုပ်ဟာ ကြိုတင်ပြီး လွတ်လပ်ရေးကျော်တိုင်အုတ်မြစ်ကြီးကို ချလာခဲ့တာနှင့်အတူတူပဲ မဟုတ်ပါလား။ တူကောတူမနေဘူးလား။ အသေအချာဆန်းစစ်ဝေဖန်ကြည့်လိုက်ပြန်ရဦးမည်ဆို လျှင်လည်း ကျွန်ုပ်တစ်ဦးတည်းကောင်း၍မဟုတ်ပါ။ ဖိနပ်ချုပ်တတ်သည့်ဆရာကြီးတွေ၊ ၀ိုင်းဝန်း အားပေးကြသည့်သူတွေ၊ ဂျပန်ကရေနွေးပူပက်၊ လက်သည်းခွံခွာ၍ညှင်းပန်းနှိပ်စပ်မှာကို မကြောက်မရွံ့ပဲ ရဲရဲဝံ့ဝံ့နှင့် သားရေများရရှိအောင်ယူပေးသည့်သူတွေ၊ ဗမာ့တပ်မတော်စစ်လက်နက်ဌာန၊ စစ်ဝတ်စား ဌာနမှူးဗိုလ်ဗတင်၊ ဗိုလ်သိန်းဟန်တို့တစ်တွေလည်းပါပါသည်။ ကျွန်ုပ်တို့တစ်စုဟာ ဘာနဲ့သဏ္ဍာန် အလားတူသလဲဆိုတော့ နာရီကြီးတစ်ခုနဲ့အင်မတန်တူလှပါသည်။ ဥပမာပြရမည်ဆိုလျှင် ကျွန်ုပ်က နာရီကြီး၊ ဗိုလ်ဗတင်နှင့်ဗိုလ်သိန်းဟန်တို့ဟာ လက်တံတိုနှင့်လက်တံရှည်လို ညွှန်ကြားမှုပေးပြီး၊ ကျန်သည့်လူများကတော့ စက်ပစ္စည်းအစစအရာရာအားလုံးနှင့် တူညီပါပေသည်။ ဒီပစ္စည်းအားလုံးစုံညီလို့ နာရီကြီးဟာအချိန်မှန်လည်ပတ်သွားနိုင်သလို ကျွန်ုပ်တို့တစ်တွေဟာ တစ်ဦးကောင်းမဟုတ်ပဲ အားလုံးလူညီတက်ညီကောင်းမွန်လှပါသောကြောင့် ဖိနပ်ကိစ္စမှန်သမျှအားလုံးဟာ ချောမောပြေပြစ်စွာဖြင့်အောင်မြင်လာခဲ့ပါသည်။ သို့အတွက်ကျွန်ုပ်တစ်ဦးတည်းသာ ဖိနပ်စပ်စုလို့ နာမည်ထင်ပေါ်လာပါသော်လည်း ကျွန်ုပ်နှင့်အတူဝိုင်းဝန်းအားပေးကူညီလုပ်ကိုင်ပေးသူမှန်သမျှ ဖိနပ်စပ်စုများဟာလည်း အများကြီးရှိပါသေးသည်။
ကျွန်ုပ်ဟာ စော်ဘွားစပ်စုဖြစ်လာခဲ့တာလည်း အလားတူကျွန်ုပ်တစ်ဦးတည်းကောင်းမွန်လို့ မဟုတ်ပါ။ ဂျပန်ကင်ပေတိုင်ချုပ် မတ်ဆူအိုကာ၊ သူ့တပည့် ဖေါ်မိုဆာလူမျိုး စကားပြန်သတင်းပေး သူနှင့် ဘုရားဒါယကာ ၀ဏ္ဏကျော်ထင်ဦးဖိုးစိန်၊ သူ့သား ကနက်စိန်၊ ကောလိပ်စိန်၊ သမီးမြင့်မြင့်စိန်၊ ဂျပန်သီချင်းသင်ပေးသည့်ဆရာကြီးများ၊ ဂျပန်သီချင်းတီးဝိုင်းသင်ပေးသော ဆရာကြီးတွေနှင့် ကြွရောက်လာကြပြီး အားပေးသည့်လူကြီးလူကောင်းများဟာလည်း စော်ဘွားစပ်စုလို့ ကျွန်ုပ်အမည်တွင်သလို သူတို့ဟာလည်းစော်ဘွားစပ်စုတွေဖြစ်ကြပါတယ်။ ဒီကိစ္စတွေဟာ ကျွန်ုပ် စော်ဘွားစပ်စုတစ်ဦးတည်းနှင့်ပြီးသည့် အလုပ်တွေမဟုတ်ပါ။
မြန်မာပြည်မှလူကြီးလူကောင်းများဟာ အများအားဖြင့် တရုပ်ပြည်ပီကင်းမြို့ကိုသွားရောက် သည့်အခါ အင်မတန်မှနာမည်ကျော်ကြားသည့် မိုင်ပေါင်း ၁၀၀၀၀ ရှိတဲ့မြို့ရိုးကိုသွားမကြည့်ပဲ မနေနိုင်ပါဘူး။ ဒီမြို့ရိုးကိုလွန်ခဲ့သည့်နှစ်ပေါင်း ၂၇၀၀ လောက်က ကျင်စိရောင်ဆင်ဘင်ရှင်ဘုရင်က တည်ဆောက်ပြုလုပ်ခဲ့တယ်။ ဒီမြို့ရိုးဟာ ကမ္ဘာပေါ်မှာအင်မတန်မှနာမည်ကျော်ကြားသည့် အဆောက် အဦးထဲမှာ တစ်ခုအပါအ၀င်ဖြစ်တယ်။ နာမည်တပ်ထားတာကတော့ ကျင်စိရောင်ဆင်ဘင်တည်ဆောက် ခဲ့တဲ့မြို့ရိုးဖြစ်လို့ ကျင်စိရောင်ဆင်ဘင်မြို့ရိုးလို့ခေါ်ကြတယ်။ ဤမြို့ရိုးကြီးကိုလည်း တကယ်တန်း ဆန်းစစ်ကြည့်လိုက်ပြန်တော့ သန်းပေါင်းများစွာ မထင်ရှားတဲ့ ကျင်စိရောင်ဆင်ဘင်၏လူတွေ၊ သွေးတွေ၊ ချွေးတွေအများကြီးပါဝင်ခဲ့ပါတယ်။ အမည်မထင်ပေါ်ခဲ့သည့် သန်းပေါင်းများစွာ လူတွေဟာလည်း ကျင်စိရောင်ဆင်ဘင်တွေဖြစ်ကြပါတယ်။
မျက်မြင်ကိုယ်တွေ့မြန်မာပြည်တစ်ပြည်လုံး လူထုအားလုံးတွေ တွေ့ရှိကြရသည့် ကမ္ဘာအေး ဘုရားနှင့် လှိုင်ဂူတော်ကြီးဟာ မြန်မာပြည်မှာနာမည်ကျော်ကြားသည့် အဆောက်အဦတစ်ခုဖြစ်ပါသည်။ ဒီဘုရားနှင့်လှိုင်ဂူတော်ကို နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနုကပဲ တည်ဆောက်ဖို့အကြံဉာဏ်ပေးပါတယ်။ အမှန်တော့မြန်မာပြည်တစ်ပြည်လုံးမှာရှိသည့်လူတွေဟာ လူအားငွေအားအများအပြားအကူအညီ ပေးကြတယ်။ ကျောက်ထုသူကထု၊ ဘိလပ်မြေသယ်သူကသယ်၊ အုတ်မြစ်ချသူကချနှင့် အားလုံးဝိုင်းဝန်းဆောင်ရွက်၍ ကမ္ဘာအေးဘုရားနှင့်လှိုင်ဂူတော်ဟာ ထမြောက်အောင်မြင်ပြီးစီးခဲ့ပါတယ်။ ဒီလိုဝိုင်းဝန်းကူညီပြုလုပ်ဆောင်ရွက်ပေးခဲ့သည့် သိန်းပေါင်းများစွာလူထုမှာလည်း မထင်ရှားသည့် ဦးနုများဖြစ်ကြပါသည်။
၁၉၄၅-ခုနှစ်မှာ ဂျပန်စစ်ရှုံးတော့မည်ဆိုတာကို လူတိုင်းသိနေကြပါပြီ။ မြန်မာပြည်တစ်ပြည် လုံးမှာရှိသည့် တရုပ်အမျိုးသားများဟာလည်း စိတ်ပူနေကြပါသည်။ မြန်မာပြည်တစ်ပြည်လုံးမှာရှိသည့် တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းများ၏ကိုယ်စားလှယ်များဟာလည်း ကျွန်ုပ်တို့ဗြန်ဟတ်ဘွေ အသင်းကြီးသို့ရောက်ရှိလာကြပြီး၊ အသင်းဥက္ကဋ္ဌပီကေချောင်းနှင့် ကျွန်ုပ်ဦးစပ်စုကိုလာ၍တိုင်ပင်နေကြ ပါတယ်။ ဂျပန်စစ်ရှုံးလို့ထွက်ပြေးသည့်အခါကျလျှင် ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့၏အသက်အိုးအိမ် ပစ္စည်း စည်းစိမ်မှန်သမျှလုံခြုံမှုမရှိသည့်အတွက် အင်မတန်မှစိတ်ပူပင်နေရပါပြီ။ ဂျပန်ထွက်ပြေးတဲ့ အခါမှာ တရုပ်အမျိုးသားများကို ဇက်ဖြတ်သွားမလားဆိုတာကတစ်ကြောင်း၊ လူမသမာလူဆိုး လူယုတ်မာတို့ကလည်း ပစ္စည်းဥစ္စာကိုလုယက်တိုက်ခိုက်ကုန်မှာ စိုးရိမ်ပူပန်ရတာကတစ်ကြောင်း၊ ဤအကြောင်းများနှင့် ဒီလိုအခါမှာ မြန်မာနှင့်တရုပ်စိတ်ဝမ်းမတော်တဆကွဲလာရင် ချစ်ကြည်ရေး ပျက်ပြားပြီး၊ စိတ်မချမ်းသာစရာကိစ္စတွေပေါ်ပေါက်လာမှာ သိပ်စိုးရိမ်ရတယ်။ အဲဒီကိစ္စတွေဟာ ကျွန်ုပ်နှင့်ပီကေချောင်းတို့အဖို့ အင်မတန်မှဦးနှောက်ခြောက်စရာဖြစ်လာတယ်။ ညကျလျှင်လည်း ကျွန်ုပ်ဟာ မအိပ်နိုင်တော့ပဲ နဖူးပေါ်မှာလက်တင်ပြီး အမြဲစဉ်းစားနေပါသည်။

No comments:

Post a Comment