Tuesday, September 7, 2010

သူလျှိုတစ်ဦး

သူလျှိုတစ်ဦး


၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၈-ရက်။
ဤနေ့တွင် ကျွန်ုပ်အဖို့ အရေးကြီးသောကိစ္စတစ်ခုကြုံရပြန်သည်။ ဧပြီလ ၂၃-ရက်နေ့မှ ၂၈-ရက်နေ့အထိ ဤခြောက်ရက်အတောအတွင်း ဂျပန်စစ်သားများရန်ကုန်မြို့မှထွက်ခွာသည်မှာ ကုန်သလောက် ရှိနေချိန်ဖြစ်လေသည်။ နေ့စဉ်နေ့တိုင်း မဟာမိတ်လေယာဉ်ပျံများကပျံသန်းဝဲနေ၏။ သို့သော် ဗုံးကိုကား တစ်လုံးမျှမချပါပေ။
ဧပြီလ ၂၈-ရက်နေ့ ညနေသုံးနာရီနှင့် လေးနာရီအချိန်တွင် အင်္ဂလိပ်ဖက်မှ တရုပ်သူလျှိုတစ်ဦး ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးသို့ ရောက်ရှိလာလေသည်။ သူသည် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်နှင့် လုပ်ငန်းစဉ်ကိုသိနှင့်ထား၍လောမသိ ...

““ကျွန်တော်ဟာ အင်္ဂလိပ်သူလျှိုတစ်ဦးဖြစ်တယ်။ အခု ရန်ကုန်မြို့ထဲကိုလာပြီး ဂျပန်တွေရှိသေးတယ်၊ မရှိဘူးဆိုတာကို အရပ်သားများနဲ့ရောနှောပြီး လာရောက်စုံစမ်းတာဖြစ်ပါတယ်။ နက်ဖြန် ဧပြီလ ၂၉-ရက်နေ့ နေ့လယ်ဆယ့်နှစ်နာရီအချိန်တွင် မြစ်ဝမှာဆိုက်ကပ်ထားတဲ့စစ်သင်္ဘောကို အကြောင်းပြန်ဖို့ဖြစ်ပါတယ်။ အဲဒီလို မနက်ဖြန်ဧပြီလ ၂၉-ရက်နေ့ ဆယ့်နှစ်နာရီအချိန် ချောင်းဝဆိုက်ကပ်ထားတဲ့စစ်သင်္ဘောကို ကျွန်တော် သွားပြီးအကြောင်းမပြန်နိုင်ရင် စစ်သင်္ဘောမှာရှိတဲ့လူတွေဟာ ကျွန်တော့်ကို ဂျပန်သတ်လို့သေပြီ၊ ဂျပန်တွေ ရန်ကုန်မြို့မှာရှိဦးမယ်လို့ဆိုပြီး လေတပ်ကဗုံးတွေချ၊ စစ်သင်္ဘောကလည်းအမြောက်တွေပစ်ပြီး ဂျပန်များ တစ်ယောက်မှမရှိတော့ဘူးလို့ သူတို့စိတ်ထဲထင်တဲ့အခါမှာ အင်္ဂလိပ်တွေရန်ကုန်မြို့ကိုဝင်လာလိမ့်မယ်””ဟူ၍ အင်္ဂလိပ်ဘက်ကတရုပ်သူလျှိုသည် ကျွန်ုပ်အားပြောပြလေသည်။

တရုပ်သူလျှိုကဆက်၍ပြောသေးသည်။

““အင်္ဂလိပ်တွေဟာ ဂျပန်နဲ့မြို့တွင်းတိုက်ပွဲတိုက်ခိုက်ရမှာ အလွန်ပဲကြောက်ရွံ့နေပါတယ်။ ဒီနေ့ ဧပြီလ ၂၈-ရက်နေ့ရှိပြီ၊ မနက်ဖြန် ၂၉-နေ့ နေ့လယ်ဆယ်နာရီမှာ ကျွန်တော်ဟာ အကြောင်းမပြန်နိုင်ခဲ့ရင် ရန်ကုန်မြို့ကြီးကို ပြာဖြစ်သွားတဲ့အထိဗုံးတွေချ၊ အမြောက်တွေပစ်ပါလိမ့်မယ်။ ကျွန်တော့်မှာပါတဲ့ ၀ါယာလက် စကားပြောစက်ကလည်းပျက်နေလို့ အကြောင်းမပြန်နိုင်တော့ဘူး””ဟူ၍ ကျွန်ုပ်တို့အားနောက်ဆုံးပြောဆို လိုက်လေသည်။

ကျွန်ုပ်နှင့်ဥက္ကဋ္ဌကြီးပီကေချောင်းတိုင်ပင်၍ ဤသူလျှိုကို မြစ်ဝဆိုက်ကပ်ထားသည့်သင်္ဘောကြီးထံသို့ အချိန်မီရောက်ရှိရန်စီစဉ်ကြရပြန်သည်။ ထိုစဉ်က ရေလမ်းခရီးသွားရန် လှေ၊ သမ္ဗန်တို့ရှားပါးခက်ခဲနေချိန် ဖြစ်လေသည်။

ရန်ကုန်ကမ်းနားတစ်လျှောက်လုံးဝယ် ခြောက်သွေ့၍နေကြလေသည်။ လှေ၊ သမ္ဗန်မဆိုထားဘိ၊ ဘောက်တူကိုပင်မတွေ့ရပေ။ အင်္ဂလိပ်ဘက်က ဤတရုပ်သူလျှိုကို ချောင်းဝမှ စစ်သင်္ဘောကြီးများထံသို့ အရောက်ပို့ရန် ချက်ချင်းလှေ၊ သမ္ဗန်တို့ကို ကျွန်ုပ်တို့တတွေသည် ရှာရလေသည်။

ကံကောင်းထောက်မသည်ဟု ဆိုရပေမည်။ မမျှော်လင့်ပဲ ရွှေတောင်တန်း သင်္ဘောဘောတံတားသို့ ကန်စွန်းဥများတင်ဆောင်ထားသည့် သမ္ဗန်တစ်စင်းသည် ကမ်းသို့ကပ်ရန် မြစ်လယ်မှလှော်ခတ်လာသည်ကို တွေ့မြင်ရ၏။ ဤကန်စွန်းဥသမ္ဗန်သည် ရွှေတောင်တန်းဆိပ်သို့ဆိုက်ကပ်လိုက်သည့်အခါတွင် ကန်စွန်းဥ ၀ယ်မည့်သူ တစ်ယောက်မှမတွေ့ရပေ။ ထို့ကြောင့် ကန်စွန်းဥသယ်ယူလာသော သမ္ဗန်သမားသည် မျောက်ထိုင် ထိုင်၍ လဒမှိုင်မှိုင်နေတော့ပေသည်။

ဤတွင် ကျွန်ုပ်က ...

““ကန်စွန်းဥတစ်ပိဿာကို ဘယ်လိုရောင်းပါသလဲ၊ ဘယ်ဈေးလဲ””ဟူ၍မေးပြီး ““ကျွန်တော်တို့က အကုန်ယူမယ်၊ ဒါပေမယ့် ကျွန်တော်တို့လူတစ်ယောက်ကို မြစ်ဝအထိလိုက်ပို့ပေးရမယ်””ဟူပြီးပြောလေသည်။ ကဇွန်းဥသည်ကလည်း သူကဇွန်းများကိုရောင်းချင်ရှာလွန်း၍ လိုက်ပို့ပါမည်ဟု ဂတိခံပြီး စိတ်ကျေနပ်စွာဖြင့် သဘောတူလိုက်လေသည်။

ကန်စွန်းဥသည်နှင့် ဤကဲ့သို့ပြောဆိုကြပြီးလျှင် ပီကေချောင်းနှင့်ကျွန်ုပ်တို့သည် အသင်းမှလူများကို ခေါ်၍ ကဇွန်းဥများကို သမ္ဗန်ထဲမှချလိုက်လေသည်။ သို့ကလို ကဇွန်းဥများကို အကုန်လုံးဝယ်လိုက်ပြီး၊ တရုပ်သူလျှိုကို ကဇွန်းဥသမ္ဗန်နှင့် မြစ်ဝသို့ရောက်အောင် ပို့လိုက်ပြီးလေမှ ကျွန်ုပ်တို့တတွေသည် ၀မ်းထဲရှိ အပူလုံးကြီးသည် ကျသွားလေတော့သည်။ အမှတ်မထင်ကြည့်ပါလျှင်မူ ယင်းကိစ္စသည် အသေးအဖွဲဟုသာ မြင်မည်ဖြစ်၏။ အမှတ်တကယ်တွင်မူကား ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေးကို ကြိုတင်၍ကာကွယ် လိုက်ခြင်းပင်ဖြစ်လေသည်။ ဤကဇွန်းဥများကို ကျွန်ုပ်တို့တတွေသည် တရုပ်တန်းဝယ်ရှိသော ကင်းသမားများ နှင့် တပျော်တပါး တ၀စားကြလေသည်။

ကျွန်ုပ်တို့တရုပ်စာပေတွင် စကားပုံတစ်ခုရှိသည်။ ဤစကားပုံမှာ ““ကောင်းအားကြီးလျှင် ဆိုးတာတစ်ခု ပေါ်လိမ့်မယ်၊ ဆိုးအားကြီးလျှင် ကောင်းတာတစ်ခုပေါ်လိမ့်မယ်””ဟူ၍ဖြစ်သည်။ ဤတရုပ်စကားပုံသည် ယခုအခါ၌မှန်၍နေပေသည်။ ခေတ်ဆိုးကြီးတွင် ကောင်းသောသတင်းတစ်ခုကို နားစွန်နားဖျားကြားနေရသည်။ များမကြာမီ နှစ်ရက်သုံးရက်အတွင်း ဗမာ့တပ်မတော်သည် ရန်ကုန်မြို့သို့ရောက်လာပြီး အခြေအနေသည် အေးအေးဆေးဆေးဖြစ်တော့မည်ဟူ၍ဖြစ်ပေသည်။ ဤစကားကြောင့် ကျွန်ုပ်တို့တတွေသည် လွန်စွာမှ စိတ်ပျော်ရွှင်နေကြသည်။

၁၉၄၅-ခုနှစ်၊ မေလ ၁-ရက်နေ့ နံနက် ၁၀-နာရီအချိန်တွင် ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေ အသင်းကြီးသို့ ဗမာ့တပ်မတော်သားရဲဘော်နှစ်ဦးရောက်ရှိလာသည်။ ဤရဲဘော်နှစ်ယောက်သည် အနီရောင် ပေါ်၌ ဒေါင့်ကကြယ်ဖြူတစ်ပွင့်ပါသော တော်လှန်ရေးအလံတစ်ခုကို လာပေးသည်။ တော်လှန်ရေးအလံကို ပေးအပ်စဉ်ရဲဘော်နှစ်ယောက်က ““အခု ရန်ကုန်မြို့ကို ဗမာ့တပ်မတော်ကထိန်းသိမ်းလိုက်ပြီ၊ ကျွန်တော်တို့ရဲ့ ဗိုလ်မှူးကတော့ ဗိုလ်နေ၀င်းဖြစ်ပါတယ်။ ဒီအလံဟာ ဗမာ့တပ်မတော်ရဲ့ တော်လှန်ရေးအလံဖြစ်တယ်။ ဒါကြောင့်မို့ ဒီအလံကို ခင်ဗျားတို့အသင်းကြီးရဲ့အလံတိုင်မှာ လွှင့်ထူထားပါဟူ၍ပြောပြီးပေးအပ်၏။ ကျွန်ုပ်တို့လည်း ယုံကြည်စိတ်ချစွာဖြင့် တော်လှန်ရေးအလံကို လေးလေးစားစားနှင့်လက်ခံလိုက်လေသည်။ ပြီးနောက်တွင်ကား တရုပ်အမျိုးသားများ၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအတိုင်း ဗျောက်အိုးများဖေါက်၍ ထိုအလံကို အလံတိုင်ပေါ်သို့လွှင့်ထူလိုက်လေသည်။ ကျွန်ုပ်တို့စိတ်ထဲတွင်လည်း တမြူးမြူးတစွင့်စွင့် ဖြစ်နေရလေသည်။

၁၉၄၂-ခုနှစ်၊ မတ်လ ၇-ရက်နေ့၌ ရန်ကုန်မြို့ကြီးသည် အင်္ဂလိပ်လက်မှ ဂျပန်လက်သို့ ရောက်ခဲ့ရသည်။

၁၉၄၅-ခုနှစ် မေလ ၁-ရက်နေ့တွင် ရန်ကုန်မြို့ကို ဖက်ဆစ်ဂျပန်များလက်တွင်းက ဗမာ့တပ်မတော်က ပြန်လည်သိမ်းယူနိုင်ခဲ့ပေသည်။

၁၉၄၅-ခုနှစ် မေလ ၃-ရက်နေ့ ညနေပိုင်း ငါးနာရီအချိန်အထိ အင်္ဂလိပ်စစ်တပ်နှင့်စစ်သင်္ဘောများ သည် ပင်လယ်ဝ၌သာရှိနေသေးသည်။ ဗမာ့တပ်မတော်က ရန်ကုန်မြို့ကြီးကို သိမ်းပိုက်လိုက်ပြီးနှစ်ရက်ခွဲ အကြာတွင် စိတ်ချလက်ချနှင့်မော်တော်များတစ်စီးပြီးတစ်စီး ရန်ကုန်မြစ်ဝမှဝင်ရောက်လာပါတော့သည်။ မြစ်ဝမှဝင်လာသော စစ်သင်္ဘောငယ်များနှင့် လက်နက်တပ်ဆင်ထားသော မော်တော်ကလေးများကို ရွှေတောင်တန်းဆိပ်ကမ်းတွင်ကပ်ကာ ကုန်းပေါ်သို့တက်ရောက်လာပေသည်။ မော်တော်ပေါ်မှတက်လာသော လူမျိုးစုံပါဝင်သည့် မဟာမိတ်စစ်သားထံသို့လိုက်၍တောင်းလျှင် စီးကရက်၊ ချောကလက်၊ အင်္ဂလိပ် မူးစေ့ မတ်စေ့များ ပေးကြလေသည်။ ထို့နောက်ပိုင်းတွင်မူ သူတို့လိုချင်သောပစ္စည်းများတွေ့လေလျှင် အင်္ဂလိပ် တစ်ဆယ်တန်စက္ကူများနှင့်ဈေးဝယ်သည်ကိုလည်း တွေ့ရ၏။ ရန်ကုန်မြို့ကြီး၌ အခြေအနေသည်လည်း တစ်မျိုးတစ်ဖုံပြောင်းသွားလေပြီ။

ဗမာ့တော်လှန်ရေးတပ်မတော်ကို ဂျပန်ခေတ်တလျောက်လုံးအကူအညီပေးခဲ့သော တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးကို တိုင်းပြည်၏အခြေအနေအရ ဖျက်သိမ်းလိုက်ရလေသည်။ ကျွန်ုပ်၏ လုပ်ငန်း ကိုင်ငန်းဟူသမျှကိုလည်း ခေတ်နှင့်လျော်ညီစွာ တစ်မျိုးတစ်ဖုံ ပြောင်းရွှေ့လုပ်ရလေသည်။

ဖက်ဆစ်ဂျပန်များ ဗမာပြည်မြေပေါ်ဝယ် လာရောက်အုပ်ချုပ်နေထိုင်ခြင်းသည် အိပ်ပျော်သွားသော အခါ အလွန်ထိတ်လန့်စရာကောင်းသော အိပ်မက်ရှည်ကြီးကိုမြင်မက်ရသည်နှင့်သာ တူပါတော့သည်။

No comments:

Post a Comment