Thursday, September 9, 2010
ကျင်လည်ခဲ့ရသော စီးပွားရေးလောက
ကျင်လည်ခဲ့ရသော စီးပွားရေးလောက
          ဗမာပြည်လွတ်လပ်ရေးရပြီးချိန်ဖြစ်သည်။
          ၁၉၄၉-ခုနှစ်တွင် ကျွန်ုပ်ပိုင်လန်ထောင်ဟော်တယ် အခြေအနေကလည်းမကောင်း၊ ယိုင်၍ပင် နေလေသည်။ နှစ်တော်တော်ကြာအောင်ပင် ဟော်တယ်ဖွင့်ခဲ့သော်လည်း ကျွန်ုပ်အဖို့ကား အမြတ်မရှိ အရှုံးပင်ပေါ်နေလေသည်။ ကျွန်ုပ်၏ပေါင်းသင်းဆက်ဆံရေးလောက တစ်ခုတည်းသာလျှင် ကျယ်ပြန့်လာ၍ အမြတ်ဟုပင်ဆိုရချေမည်။
          ကျွန်ုပ်၏ဟော်တယ်သည် ဖွင့်ထားသော်လည်း လာ၍စားသောက်သူဦးရေ လွန်စွာမှနည်းပါးလေ၏။ ဟော်တယ်တစ်ခု၏ တစ်နေ့တစ်နေ့ကုန်ကျစရိတ်က မသေးငယ်လှ၊ ပစ္စည်းများ အသင့်ဝယ်ယူထားပါလျက်နှင့် လာရောက်စားသောက်သူမရှိချေက အရှုံးပင်ဖြစ်၏။ ဤအထဲ အလုပ်စရိတ်နှင့်ဟော်တယ်မယ်များ လုပ်ခကလည်း ရှိသေးသည်။ ကျွန်ုပ်တွင်ကား မိတ်ကောင်းဆွေကောင်းများ အတော်အတန်ရှိလေသည်။  ဤမိတ်ဆွေများ ကျွန်ုပ်၏ဟော်တယ်၌ လာရောက်စားသောက်လျှင် ကျွန်ုပ်သည် စားသောက်ခကုန်ကျငွေကို တစ်ပြားတစ်ချပ်မှမယူပေ။ ကျွန်ုပ်သည် စေတနာဖြင့်သာ ကျွေးမွေးလိုက်ခြင်းဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် ဤမိတ်ဆွေများက ကျွန်ုပ်ကိုခင်မင်ပါလျက်နှင့် ဟော်တယ်တွင်လာရောက်စားသောက်ရမည်ကို အားတုံ့အားနာ ဖြစ်နေကြဟန်တူ၏။ သည့်နောက်ပိုင်းတွင်မူ သူတို့သည် ကျွန်ုပ်ထံသို့လာရောက်ပြီး မစားတော့ပေ။ ပြီးနောက်တဖန် ဤအချိန်က ရန်ကုန်မြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် ဟော်တယ်များ အများအပြားဖြစ်နေ ကြသည်။
ထိုအချိန်တွင် အင်ပို့လိုင်စင်ခေတ်ထနေသည်။ အင်ပို့လိုင်စင်ရရှိ၍ သူဌေးသူကြွယ်များ ဒုနှင့်ဒေး ရှိနေချိန်ဖြစ်သည်။ ကျွန်ုပ်တစ်ယောက်တည်းသာလျှင် အပေါင်းအသင်းရှိပါလျက်နှင့် အင်ပို့လိုင်စင် မလျောက်ပဲ နေခဲ့လေသည်။
          ယင်းသို့နေလာခဲ့သည်မှာလည်း အကြောင်းရှိ၏။
          ဂျပန်ခေတ်ကာလဆိုးကြီးဝယ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အလုပ်တွဲလုပ်ခဲ့ဖူးသောကျွန်ုပ်သည် ဗမာ့တပ်မတော်ရန်ပုံငွေထည့်ဝင်ရန် ဗိုလ်ချုပ်အောင်ဆန်းက လာခေါ်လေသောအခါတိုင်း ““ရှေ့တွင် တောင်ကြီးပြိုပြီး နောက်၌ ကျားကြီးလိုက်သည့်တိုင်အောင် မရောက်မနေ””ဟူသော ဇွဲလုံ့လ၀ီရိယဖြင့် ဗုံးအလုံးပေါင်းမြောက်များစွာချနေသည့်ကြားမှ ရောက်အောင်သွားပြီး အကူအညီပေးခဲ့ဖူးသည်။ မိတ်ဆွေကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ုပ်အား ““ကိုယ့်တိုင်းပြည်ကြမ္မာဆိုးနေတဲ့အခါမှာ ရှေ့တန်းကပါဝင်ပြီး၊ ကူညီရမယ်။ တိုင်းပြည်ကောင်းစားဖို့ အခွင့်ကောင်းရရှိစရာရှိရင် နောက်တန်းကနေရမယ်””ဟူ၍ ပြောဖူးသည်။ ယင်းစကား တစ်ခွန်းသည် ယနေ့တိုင်အောင် ကျွန်ုပ်၏နားထဲမှမထွက်နိုင်သေး။ အစဉ်ထာဝရမှတ်မိနေသေးသည်။ ထို့ကြောင့်သာလျှင် ကျွန်ုပ်သည် အင်ပို့လိုင်စင်မလျှောက်ပဲ ဇွတ်ပေနေခဲ့မိသည်။
          ကျွန်ုပ်ဟော်တယ်၏နေ့စဉ်ကုန်ကျစရိတ် ထွက်ငွေကလည်းမသေးငယ်လှ၊ ကြာလျှင် လုံးပါးပါးမည် ကိုလည်းစိုးရိမ်ရသေးသည်။ ဤအတွက်စရိတ်ကာမိရန်အရေးကိုလည်း တစ်ဖက်မှ စဉ်းစားရပြန်သေးသည်။ ရှာရ ဖွေရပြန်သေးသည်။ ထို့ကြောင့်လည်း ဟော်တယ်၏အောက်ထပ်ခန်းတွင် ““ဦးစပ်စု၏လန်ထောင်စတိုး””ဟု ဆိုင်းဘုတ်ချိတ်ဆွဲ၍ ရောင်းရသော်လည်း ထင်သလောက်အကျိုးမရှိခဲ့ပေ။ နောက်ဆုံးတွင် ကိုယ့်အိတ်ထဲမှ စိုက်ထုတ်ပြီး မရှုံးလေသော်တော်သေးသည်ဟုတွက်ထားကာ ကိုယ့်အလုပ်ကိုလုပ်မြဲတိုင်း လုပ်နေရလေသည်။
          အကြောင်းတစ်ခုကပေါ်လေတော့ပြီ။
          တစ်နေ့သ၌မိတ်ဟောင်းဆွေဟောင်းကြီးတစ်ဦးဖြစ်သူ ဦးသံဒိုင်(ဆူးလေဘုရားလမ်းရှိဦးဘိုးငြိမ်း ကုမ်္ပဏီပိုင်ရှင်)သည် ကျွန်ုပ်ထံသို့လာလေသည်။ သူလာရရင်းကိစ္စကို ကျွန်ုပ်အားပြောပြသည်။ သူသည် နိုင်ငံခြားအရက် အင်ပို့လိုင်စင်တစ်ခုရရှိထား၏။ ထို့ကြောင့်အရက်များမှာယူပြီး ဂိုဒေါင်တွင်း၌သိုလှောင်ထားရာမှ အရက်သေတ္တာများခြစားပြီး လွှတ်ပစ်ရတော့မည့်အခြေအနေဆိုးသို့ ဆိုက်နေလေသည်။ ဤခြစားထားသော အရက်များကို ဦးစပ်စုကတာဝန်ယူ၍ ရသည့်ဈေးဖြင့်ရောင်းပေးပါရန် အကူအညီတောင်းလေတော့ပြီ။ ကျွန်ုပ်သည်လည်း အလုပ်ဟူသမျှ မငြင်းတမ်းလုပ်ပြီး စီးပွားရေးလောကထဲဝင်စဖြစ်နေချိန်ဝယ် ဦးသံဒိုင်၏ ခြတက်နေသောနိုင်ငံခြားအရက်များကို ကျွန်ုပ်ကတာဝန်ယူလိုက်တော့သည်။
          ကျွန်ုပ်တို့သည် ခြကိုက်ထားသော အရက်သေတ္တာများကို ဖျက်ဆီးပြီး အရက်ပုလင်းများကို ယူ၍ကြည့်ကြသည်။ အချို့အရက်ပုလင်းများက သုံးပုံတစ်ပုံ သုံးပုံနှစ်ပုံ၊ တချို့အရက်ပုလင်းများကား ပုလင်းဘူးဆို့သော ဖေါ့ဘူးနှင့် ပုလင်းတံဆိပ်သာလျှင်ခြစားပြီး အရက်မှာလည်း ဒီအတိုင်းကျန်နေသည်လည်း ရှိ၏။ ကျွန်ုပ်သည်ကား တာဝန်ယူထားသည့်အတိုင်း ဤခြကိုက်ထားသော အရက်ပုလင်းများကို ရသည့်ဈေးဖြင့် မကုန်ကုန်အောင် ရောင်းထုတ်ရလေသည်။
          ထိုစဉ်က ကျွန်ုပ်ဟော်တယ်ကလည်း မပိတ်သေး။ ရှိနေသေး၍ အချို့အရက်ပုလင်းများကို ဟော်တယ်၌ပင် အသုံးပြုပြီး ရောင်းချနေရလေသည်။ ထို့ကြောင့်လည်း ဦးသံဒိုင်သည် ကျွန်ုပ်အား ကျေးဇူးအထူးပင် တင်ရှိသည်။ သူရရှိထားသော နိုင်ငံခြားအရက်လိုင်စင်ကိုလည်း ကျွန်ုပ်အား လွှဲပြောင်း ပေးပါရန် ယစ်မျိုးမင်းကြီးထံသို့ စာတင်လေသည်။ ပြီးနောက် သတင်းစာအသီးသီးမှ သူရရှိထားသော နိုင်ငံခြားအရက်လိုင်စင်ကိုလည်း ကျွန်ုပ်အားပေးကြောင်း ကြော်ငြာသည်။ ထိုမျှသာမက ကျွန်ုပ်အား အရက်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန်လည်း ငွေအရင်းအနှီးထုတ်၍ ကူညီလေသည်။ ဤသို့သော ဦးသံဒိုင်၏ ကောင်းမှုတော်အစလုပ်မှုကြောင့် ကျွန်ုပ်သည် အရက်ကုန်သည် ဖြစ်မှန်းမသိ၊ ဖြစ်လာရတော့သည်။
          ပတ်ဝန်းကျင်အခြေအနေက ဤသို့ဖန်တီးမှုကြောင့် ကျွန်ုပ်သည် အရက်လုပ်ငန်းကို လုပ်ရတော့သည်။ နောက်များမကြာမီ ကုန်သွယ်မှုဝန်ကြီးဌာနက အရက်လိုင်စင်ထုတ်ပေးတော့မည်။ ယင်းကြောင့် အရက်လိုင်စင် ရရှိထားသူများကို ယစ်မျိုးမင်းကြီးက စာရင်းတင်ပါရန် မိန့်ဆိုလိုက်လေသည်။
          ထိုအခါက တစ်နှစ်လျှင် ယစ်မျိုးခွန် ခြောက်ထောင်အခွန်ဆောင်နေသော ကျွန်ုပ်ကို ယစ်မျိုးမင်းကြီးက ကုန်သွယ်မှုဝန်ကြီးဌာနသို့ စာတစ်စောင်တင်လိုက်လေသည်။ နောက်များမကြာမီ ရက်ပိုင်းအတောအတွင်း၌ ကျွန်ုပ်အမည်ဖြင့် အရက်လိုင်စင်ကျလာလေတော့မည်။ အမှန်ကား ကျွန်ုပ်အဖို့ အရက်လိုင်စင်သည် မလျှောက်ပဲနှင့် ရခြင်းပင်တည်း။
          ၁၉၅၀-ခုနှစ်၊ ဤအချိန်က ဗမာပြည်ဝယ် ၀ီစကီအရက်များ လွန်စွာပေါများသလောက် ဟက်နက်စတီ “ပေါက်ဆိတ်တံဆိပ်”ပြင်သစ်ပြည်လုပ် ဘရန်ဒီအရက် လွန်စွာမှရှားပါးနေချိန်ဖြစ်သည်။ ယင်းကြောင့် ကျွန်ုပ်ကိုယ်တိုင် ဟောင်ကောင်သို့သွားကာ ငွေလေးသောင်းဘိုး “ပေါက်ဆိန်တံဆိပ်”ဘရန်ဒီများ သွားဝယ်ရလေသည်။
          ကျွန်ုပ်သည် ဟောင်ကောင်မြို့သို့ရောက်၍ တရုပ်မိတ်ဆွေတစ်ယောက်နှင့်တွေ့လေသောအခါ အရက်ဝယ်မည့်အကြောင်းကို ပြောပြလိုက်သည်။ ထိုအခါ တရုပ်မိတ်ဆွေက ““အရက်ဝယ်ရင် ဟောင်ကောင် မြို့ပေါ်မှာမ၀ယ်နဲ့၊ ဈေးကြီးတယ်၊ အခွန်မကောက်ရသေးတဲ့ အစိုးရဂိုထောင်ထဲကဟာကိုဝယ်””ဟူ၍ ပြောကြားပြီး သူကိုယ်တိုင် အရက်ရောင်းသူများနှင့် လိုက်ဆက်သွယ်ပေးသည်။
          ဤတရုပ်မိတ်ဆွေ၏ကျေးဇူးကြောင့်ပင် အရက်တစ်ပုလင်းလျှင် ငွေငါးကျပ်ခန့် သက်သာလေသည်။ ကျွန်ုပ် ဟက်နက်စတီဘရန်ဒီအရက်များဝယ်၍ ဗမာပြည်သို့ပြန်လာချိန်တွင်မူ နိုင်ငံခြားအရက်လိုင်စင်ရထားသော တရုပ်တစ်ယောက်ကလည်း ဟက်နက်စတီကို စင်္ကာပူမြို့ရှိ သူ့ကိုယ်စားလှယ်ထံသို့ အမြန်မှာကြားလိုက် လေသည်။
          ရန်ကုန်မြို့ ဆိပ်ကမ်းသို့ရောက်လေသောအခါ ဤတရုပ်အရက်ကုန်သည် မှာကြားထားသောအရက်နှင့် ကျွန်ုပ်ဝယ်ယူလာသောအရက်သည် တစ်ပြိုင်တည်းရောက်လေတော့သည်။ တစ်ခုသာ ကွာခြားနေလေသည်။ အရက်အမျိုးအစားချင်းက တူညီသော်လည်း ၀ယ်ယူလာခဲ့သောဈေးချင်း ကွာခြားနေလေသည်။ ကျွန်ုပ်ဝယ် ယူလာခဲ့သော အရက်တစ်သေတ္တာလျှင် မြန်မာငွေ ငါးဆယ်၊ ခြောက်ဆယ်ခန့် ကွာခြားနေသည်ကို တွေ့ရ၏။
          ဤသို့ ပစ္စည်းများဈေးနည်းပါးနေ၍ အကောက်တော်ဌာနက ကျွန်ုပ်အပေါ်သိပ်ပြီး သင်္ကာမကင်း ဖြစ်နေလေသည်။ ကျွန်ုပ်ကိုခေါ်၍မေးသည်။ အမှန်အတိုင်းဖွင့်ဆို၍ ကျွန်ုပ်ကပြောလေသည်။ သို့သော် သူတို့ကမယုံကြည်ကြပေ။ ထို့ကြောင့် ဟောင်ကောင်မြို့သို့တဖန် သံကြိုးရိုက်ပြီး အရက်ဈေးမေးရလေသည်။ 
          ယင်းကြောင့် အကောက်တော်ဌာနက ကျွန်ုပ်အပေါ် မည်သို့မျှအပြစ်ရှာ၍မရတော့ပေ။ သူတို့သည် ကျွန်ုပ်ကို စုံစမ်းစစ်ဆေး၍ သဘောကျသွားလေသည်။ ပြီးနောက်တဖန် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဘက် တရုပ် အရက်ကုန်သည်ကိုလည်း အကောက်တော်ဌာနက စစ်ဆေးပြန်သည်။ သူသည်လည်း အကောက်တော်ဌာန ကျေနပ်လောက်အောင်ပြောတတ်သောကြောင့် တော်ပေသေးသည်။ သို့မဟုတ်ပါက ဤတရုပ်အမျိုးသား အတွက်လည်း တစ်ခက်ဖြစ်နေလိမ့်မည်။
          နောက်ဆုံးတွင် အရက်သေတ္တာများကိုဖွင့်၍ကြည့်လေသောအခါ သူက စင်္ကာပူမြို့မှ ၀ယ်ယူလာခဲ့သော အရက်များဖြစ်နေသည်။ ပြီးတဖန် ““ယစ်မျိုးခွန်””တံဆိပ်ကပ်ထားသည်ကိုလည်း တွေ့ရသည်။ ကျွန်ုပ် ဟောင်ကောင်မြို့မှဝယ်ယူလာသော အရက်များကား ““ယစ်မျိုးခွန်””မပါရှိသေးပေ။ ထို့ကြောင့်သာပင် ကျွန်ုပ်ဝယ်ယူလာခဲ့သောအရက်များသည် ဈေးသက်သာနေခဲ့လေသည်။
          ဤကား ကျွန်ုပ်ကုန်သည်ဘ၀သို့ရောက်လေသော ပထမတွေ့ရသည့် အတွေ့အကြုံပင် ဖြစ်လေသည်။ ကုန်သည်လုပ်လိုသောသူသည် တစ်ဘက်တည်း၌ထူးချွန်၍မရ။ ပါးနပ်မှု၊ ဗဟုသုတရှိမှု၊ ကြိုတင်တွေးဆမှုများ ရှိရပေမည်။ ဤအချိန်အခါက ကျွန်ုပ်သည် လိမ္မာပါးနပ်၍ ဗဟုသုတရှိမှုကြောင့် လူပေါ်လူဇော်လုပ်နိုင်ခဲ့ပြီး “တော်”ခဲ့သော်လည်း ကျွန်ုပ်မသိနားမလည်မှုကြောင့် “ရှော်”ခဲ့ရသည်အဖြစ်ကလည်း ရေးပြပါဦးမည်။
          ၁၉၅၂-ခုနှစ်တွင် နိုင်ငံတော်အစိုးရက ကြေညာသည်။ ဆိုင်တိုင်းတွင် ဘောက်ချာပေါ်၌ ငွေတစ်ဆယ်ကို တစ်ကျပ်နှစ်ဆယ့်ငါးပြား ရောင်းခွန်တော် ကောက်ရန်မလိုပေ။ နိုင်ငံခြားမှ ကုန်သွင်းသည့် အခါ၌ အကောက်တော်ဌာနမှ အခွန်တော်နှင့် အရောင်းအ၀ယ်ခွန်ကို တစ်ပါတည်းတွဲပြီး ကောက်ခံမည်ဟူ၍ ဖြစ်သည်။
          ထို့ကြောင့်လည်း ကျွန်ုပ်၏လက်တွင်းဝယ်ရှိနေသော လက်ကျန်အရက်များကို (ငွေတစ်ဆယ်ဖိုး ရောင်းရလေတိုင်း တစ်ကျပ်နှစ်ဆယ့်ငါးပြား အခွန်တော်ငွေကိုထည့်၍မရေးသားပဲ) ဘောက်ချာဖွင့်၍ ရောင်းလေတော့သည်။ ကျွန်ုပ်သည် ဈေးကိုလည်းတင်၍မရောင်း၊ သူများရောင်းသည့်ဈေးဖြင့်သာ ရောင်းလေ၏။ တခြားဆိုင်များတွင်လည်း ကျွန်ုပ်ကဲ့သို့ပင် ရောင်းဝယ်နေကြသည်ကိုလည်း တွေ့မြင်ရလေသည်။
          ၁၉၅၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၈-ရက်နေ့စွဲဖြင့် အရောင်းအ၀ယ်ခွန်ဌာနမှ ချလန်တစ်စောင်ရောက် ရှိလာလေသည်။ ဤချလန်ထဲတွင် ၁၉၅၁-၅၂ခုနှစ်က ကျွန်ုပ်ရောင်းမိသောအရက်များအတွက် ကုန်သွယ် လုပ်ငန်းအရောင်းအ၀ယ်ခွန် သုံးသောင်းတစ်ထောင်ခုနှစ်ကျပ်နှင့် ကိုးဆယ့်လေးပြား (၃၁၀၀၇-ကျပ်၊ ၉၄-ပြား)ကို တစ်လအတွင်း ပေးသွင်းရမည်ဟုပါရှိလေသည်။
          ကျွန်ုပ်အဖို့တွင်ကား ရင်ဘတ်ကွဲလေတော့ပြီ။
          ထိုအချိန်ကလည်း ကျွန်ုပ်သည် ငွေအလွန်ကြပ်တည်းနေချိန်ဖြစ်သည်။ ကျွန်ုပ်၏ လုပ်ငန်းဆောင်တာ များကလည်း သိပ်မကောင်းလှပေ။ အစစအရာရာအခြေအနေသည် ယုတ်လျော့ကျဆင်းနေချိန်ဖြစ်သည်။ ဤအတွက်ကြောင့်လည်း ကျွန်ုပ်အဖို့ ဦးခေါင်းမီးတောက်လုမတတ် စဉ်းစားရကျပ်နေမိသည်။
          အမှန်အတိုင်း မရှက်မကြောက်ပဲဝန်ခံရလျှင် ကုန်သွယ်လုပ်ငန်းဌာနသို့ပေးဆောင်စရာရှိသော ငွေများကို ကျွန်ုပ်သည် တစ်လုံးတစ်ခဲတစ်ပါတည်းပေးအပ်စရာမရှိပေ။ ယင်းကြောင့်လည်း ကျွန်ုပ်တတ်နိုင်သလောက် ငွေများသွား၍ ပေးသွင်းရတော့သည်။ ကျန်နေသေးသောငွေများကိုလည်း ခေတ္တခဏဆိုင်းငံ့ပါရန်လည်း မေတ္တာရပ်ကာ အသနားခံထားရလေသည်။
          ၁၉၅၇-ခုနှစ်တွင်မူကား ကုန်သွယ်ရောင်းဝယ်ရေးဌာနက မဆိုင်းတော့ပေ။ ပေးအပ်စရာရှိသော ငွေများကို အခွန်တော်ငွေများကိုလည်း ပေးအပ်ရမည်။ သို့တည်းမဟုတ်ပါလေက တရားဥပဒေအရအရေးယူ တော့မည်ဟု စာရောက်ရှိလာ၏။ ထိုအချိန်တွင် ကျွန်ုပ်ဆိုင်၏အခြေအနေသာ ပြုတ်ပြုတ်ပြုန်းတော့မည့် အခြေအနေသို့ဆိုက်နေတော့သည်။
          သည်တွင် ကျွန်ုပ်၏မိတ်ဆွေကောင်းတစ်ဦးဖြစ်သူ ဗွီစီးကရက်သူဌေး မစ္စတာကျန်ကီအင်ထံမှ ငွေလေးသောင်းကိုယူ၍ အခွန်တော်ပေးဆောင်စရာရှိသည်များကိုပေး၊ ကျန်ရှိသောငွေကြေးအနည်းငယ်ဖြင့် ယိုင်၍နေသော ကျွန်ုပ်ဆိုင်လုပ်ငန်းကို တဖန်ပြန်၍ထူထောင်ရန်ကြိုးစားရပါတော့သည်။
          ၁၉၄၇-ခုနှစ်မှ၊ ၁၉၅၇-ခုနှစ် ဤဆယ်နှစ်ဆယ်မိုးတည်းဟူသောအချိန်ကာလသည် ရွှေမိုးငွေမိုး ရွာသောနှစ်ဖြစ်သည်ဟု စီးပွားရေးလောကတွင် ပြောစမတ်ပြုနေကြသည်။ ထိုသမယပိုင်းသည် မည်သို့သော အကြောင်းကံဖန်လာ၍လောမသိ။ ကျွန်ုပ်အဖို့စီးပွားရေးပျက်ကပ်ဆိုက်နေချိန်ဖြစ်လေသည်။
          ၁၉၅၀-ခုနှစ်၊ စက်တင်ဘာလ ၂၅-ရက်နေ့တွင် သုံးသောင်းရှစ်ထောင် (၃၈၀၀၀-ကျပ်)ဖိုး နိုင်ငံခြား အရက်လိုင်စင်တစ်ခု ရရှိသည်။
          ၁၉၅၉-ခုနှစ်၊ ဇူလိုင်လ ၂၄-ရက်နေ့၌ သုံးသောင်း(၃၀၀၀၀-ကျပ်)ဖိုး လိုင်စင်တစ်ခုရရှိသည်။
          ၁၉၆၀-ခုနှစ်၊ နိုင်ဝင်ဘာလ ၂၆-ရက်နေ့တွင် နှစ်သောင်းငါးထောင်(၂၅၀၀၀-ကျပ်)ဖိုး လိုင်စင်တစ်ခု ထပ်ရပြန်သည်။
          ထိုစဉ်အခါက တန်ဖိုးငွေတစ်ရာရှိသော ၀ီစကီအရက်ကို အစိုးရက ငွေငါးရာအကောက်ယူနေ လေသည်။ အရောင်းအ၀ယ်ခွန်က ဆယ့်ငါးကျပ်၊ ထို့အပြင် လိုင်စင်ခဆိုပြီး ငါးကျပ်ပေးရသေးသည်။
          ထိုအချိန်က နိုင်ငံခြားအရက်လိုင်စစ်ရရှိထားသူများကလည်း အတော်များပြားနေလေ၏။ တစ်ပြည်လုံးတွင်ရှိသောနိုင်ငံခြားအရက်များသည် လိုအပ်သည်ထက်ပို၍နေလေ၏။ အခွန်တော်ကလည်း လွန်စွာမှကြီးမြင့်နေသည်။ နိုင်ငံခြားအရက်များသည် အခွန်ကြီး၍ ဈေးကလည်းခေါင်ခိုက်နေ၏။ ထိုအထဲ အရက်သောက်သုံးသူလူဦးရေကလည်း နည်းပါးနေသည်။
          ဤအထဲ အရက်များကို ဗိုလ်တစ်ထောင်အစိုးရဂိုဒေါင်ထဲတွင်ထားကြရသည်။ သို့ကလိုမထားပြန် လျှင်လည်းမဖြစ်ပေ။ ဂိုဒေါင်ခကုန်ကျသည်။ သို့သော် မည်သို့မှမတတ်နိုင်ပေ။ ကိုယ့်ပစ္စည်းနိုင်ငံခြားမှ မှာယူ၍ ရောက်ရှိနေသော်လည်း အားလုံးထုတ်ယူလောက်အောင် အခွန်တော်ပေးဆောင်စရာက အဆင့်သင့် မရှိသေးပေ။ ထို့ကြောင့် အရက်ဆယ်သေတ္တာကိုအခွန်ဆောင်ပြီးထုတ်၍ယူ၊ ပြီးနောက်ဖေါက်ရောင်း၊ ကုန်ပြန်လေလျှင် နောက်ထပ်တစ်ဖန်သွားထုတ်ကာ အလုပ်လုပ်ဆောင်နေရလေသည်။
          ထိုသို့ အစိုးရဂိုထောင်ထဲမှ အရက်ကိုထုတ်ယူပြီးရောင်း။ နောက်ထပ်နိုင်ငံခြားမှရောက်ရှိလာသော အရက်များကို အစိုးရဂိုထောင်ထဲတစ်ဖန်ပြန်သွင်းလိုက်နှင့် သံသရာလည်နေလေသည်။
          ကျွန်ုပ်သည် အစိုးရဂိုထောင်ထဲ၌ထားရှိသောအရက်များကို သိပ်စိတ်မချလှပေ။ စိတ်မချသည်မှာလည်း အကြောင်းရှိသည်။ ၁၉၅၀-ခုနှစ်တွင် ဦးသံဒိုင်၏နိုင်ငံခြားအရက်သေတ္တာများ အထားအသိုမတတ်မှုကြောင့် သေတ္တာများခြကိုက်ကာ နစ်နာဆုံးရှုံးခဲ့ဖူးသည်မှာ ကိုယ်တွေ့ဖြစ်သည်။ ထို့ကြောင့် သတိကြီးစွာထားနေရသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ဤသို့ဖြစ်မည်ကိုလွန်စွာမှစိုးရိမ်မိသည်။ ထို့ကြောင့် ကျွန်ုပ်ကိုယ်တိုင် အစိုးရဂိုထောင်သို့ မကြာခဏသွားရောက်ကာ ကြည့်ရှုစစ်ရလေသည်။
          ၁၉၆၁-ခုနှစ်၊ ဇူလိုင်လဆန်းတွင် ကျွန်ုပ်ကိုယ်တိုင် ဗိုလ်တထောင်ရှိ အစိုးရဂိုဒေါင်တွင်းသို့ သွားရောက်ကြည့်ရှုလေသည်။ ကျွန်ုပ်၏အရက်သေတ္တာများကို သည့်အရင်က ထားနေကျနေရာတွင် မတွေ့မြင်ရပေ။ ဂိုဒေါင်းတွင်း၌ပင် အခြားတစ်နေရာစီသို့ပြောင်းရွှေ့ထားသည်ကို တွေ့မြင်ရပေသည်။ ထားရှိသောနေရာက စိုထိုင်းနေ၍ အရက်သေတ္တာကသစ်သားသည်လည်း အကောင်းစားမဟုတ်ပေ။ ခြအလွန်ကြိုက်သော သစ်သားပွမျိုးဖြစ်လေသည်။ ပြီးနောက်ထားရှိရမည့်နေရကလည်း ကြာမည်ဖြစ်၍ ကျွန်ုပ်သည် ခြကိုက်မည်ကိုစိုးရိမ်ကြောင်းကို ဂိုဒေါင်စောင့်သောအလုပ်သမားတို့အားပြောပြသောအခါ ““သူကခြစားမှာကြောက်ရင် ခြသတ်တဲ့ ဒီ-ဒီ-တီ (D.D.T) ဆေးမှုန့်ဖြူးထားပေါ့””ဟူ၍ပြောသည်။ ထိုအခါ ကျွန်ုပ်က ခြသတ်သော ဒီ-ဒီ-တီ (D.D.T) ဆေးမှုန့်များကို အရက်သေတ္တာပေါ်သို့ ဖြူးထားပါရန်မှာကြားပြီး စိတ်ချလက်ချနှင့် နေထိုင်လာခဲ့လေသည်။
          နောက်များမကြာမီ သြဂုတ်လ ၂၀-ရက်နေ့တွင် အရက်သေတ္တာဆယ်လုံးကို အခွန်ငွေထမ်းဆောင်ပြီး ထုတ်ယူလာခဲ့သည်။ အရက်သေတ္တာများကိုဖွင့်၍ကြည့်လေသောအခါ ဘီဟိုက်(ဗ်)ဘရန်ဒီပုလင်းပေါ်၌ပတ် ထားသောခဲပတ်တွင် ဆားများပေါက်နေပြီးစားထားသည်ကိုတွေ့ရလေသည်။ တချို့ အဖုံးဖြစ်သောဖေါ့များ ပင်လျှင်ပျက်စီးပြီး၊ လေပေါက်ဝင်ကာ အရက်တစ်ပုလင်းလျှင် ၄-ပုံတစ်ပုံ၊ ၅-ပုံတစ်ပုံလျော့နေသည်ကို တွေ့မြင်ရသည်။
ထိုအခါကျွန်ုပ်အဖို့ရင်ကျိုးရပြန်ပြီ
အစိုးရဂိုဒေါင်ထဲတွင်ရှိသော ကျွန်ုပ်၏အရက်များသည် တန်ဖိုးငွေ ၅၀၀၀၀၊ ၆၀၀၀၀-ဖိုး ရှိလေသည်။ ဤအရက်များအတွက် ပေးဆောင်ရမည့်အခွန်ငွေများကလည်း မနည်းလှ၊ အောက်ဖေါ်ပြပါအတိုင်းဖြစ်လေသည်။
          အကောက်တော်ခွန်။   ။ ငွေ ၂, ၀၃၅၃၂ ကျပ်၊ ပြား ၂၀။
                                       (နှစ်သိန်း သုံးထောင့် ငါးရာ သုံးဆယ့်နှစ်ကျပ် ပြားနှစ်ဆယ်)
          အရောင်းအ၀ယ်ခွန်။    ။ ငွေ ၃၆၁၄၆ကျပ်
                                       (သုံးသောင်း ခြောက်ထောင့် တစ်ရာ လေးဆယ့်ခြောက်ကျပ်)
          ဤနှစ်ရပ်ပေါင်းကား။   ။ ၂,၃၉၆၇၈ ကျပ်၊ ပြား ၂၀-ဖြစ်၏။
          ယင်းဒုက္ခကမသေးငယ်လှပေ။ အစိုးရဂိုထောင်ထဲတွင် ထိုအတိုင်းသာ အရက်များထားရှိပါလျင်မူ၊ ကျွန်ုပ်ငွေအရင်း ၅၀၀၀၀၊ ၆၀၀၀၀-သည်လည်း ဆုံးရှုံးနစ်နာပေမည်။ သိန်းနှင့်ချီ၍နေသော အခွန်တော် ငွေများကလည်း အကြွေးတင်နေမည်။ ကျွန်ုပ်ပိုင်သောဆိုင် ရောင်းပြီးပေး။ လူထောင်ကျခံသည့်တိုင်အောင် ပြဿနာကပြီးဆုံးသွားမည်မဟုတ်ပါပေ။ ဤဒုက္ခပြဿနာအဖြာဖြာကို ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေရပြန်သည်။
          တရုပ်ပြည်ဘဏ် (ယခုပြည်သူဘဏ်အမှတ် ၁၂)မှ မန်နေဂျာ(Y.F,Wu) နှင့် သိကျွမ်းခဲ့သည်မှာ နှစ်အတော် ကြာခဲ့ပြီဖြစ်၏။ သူ၏လက်ထောက် ကိုအင်နားနှင့်လည်း သိကျွမ်းထားလေသည်။ ကျွန်ုပ်သည် ကြုံတွေ့နေရသော ဒုက္ခအဖုံဖုံကို သူတို့အားပြောပြကာ အကူအညီတောင်းသည်။ ပြီးနောက်တွင်ကား ကျွန်ုပ်ပိုင်အရက်များကို အပေါင်ထား၍ (တစ်နှစ်လျှင် ငွေတစ်သိန်းကို ငွေ ၇၀၀၀-ကျပ် အတိုးပေးပါမည်)ဟု ကတိစာချုပ်ချုပ်ဆိုထားသည်။ ဘဏ်မှယူထားသောငွေများကိုလည်း အရက်ရောင်းချ၍ လစဉ်ပေးသွင်းပါမည်။ ယင်းသို့ပေးသွင်း၍ ပေးရမည့်အတိုးငွေများ လျော့နည်းသွားမည်ကိုလည်း ဘဏ်ကလက်ခံလိုက်လေသည်။  အခွန်ပေးစရာရှိသောငွေမှာ ၂,၃၉၆၇၈-ကျပ်၊ ပြား ၂၀၊ (နှစ်သိန်း သုံးသောင်း ကိုးထောင့် ခြောက်ရာ ခုနှစ်ဆယ့်ရှစ်ကျပ်နှင့် ပြားနှစ်ဆယ်)ကို ဘဏ်အုပ်ချုပ်သူများက အော်ဒါချက်တစ်စောင်ရေးပေးလိုက်ပြီး အကောက်တော်ဌာနမှ သက်ဆိုင်ရာလူကြီးမင်းကို ၁၉၆၁-ခုနှစ်၊ သြဂုတ်လ ၃၁-ရက်နေ့တွင်သွားပေး လိုက်သည်။ ဤသို့ ဘဏ်တိုက်မှငွေများကို ကျွန်ုပ်ကိုယ်တိုင် အပေါင်နှင့်ချေးသည်မှန်သော်လည်း တစ်ပြား တစ်ချပ်မှ မကိုင်လိုက်ရပေ။
          သည့်နောက်ပိုင်းတွင်မူ အစိုးရဂိုထောင်ထဲမှ ကျွန်ုပ်၏အရက်သေတ္တာများထုတ်ယူကာ တရုပ်ပြည် ဘဏ်ပိုင် အမှတ် ၁၅၉၊ ၃၉-လမ်းရှိ ဂိုဒေါင်တစ်ခုမှတစ်ခုပြောင်းရွှေ့သောအခါ အချို့အရက်သေတ္တာများသည် အရက်များယိုထွက်နေပြီး ပျက်စီးနေသည်ကို တွေ့မြင်ရသည်။ ဤပျက်စီးသောအရက်သေတ္တာများကို နဘေး၌ ဖယ်ထားရသည်။ ကောင်းသောအရက်သေတ္တာများကိုသာ ဂိုထောင်ထဲ၌ထားရလေသည်။
          အရက်များအပြင်သို့ယိုထွက်နေသော သေတ္တာများကိုဖွင့်၍ကြည့်လိုက်သောအခါ ကျွန်ုပ်အတော်ပင် စိတ်ပျက်သွားမိသည်။ အရက်ပုလင်းများသည် ၄ပုံ၁ပုံ လျော့နည်းနေသည်။ တချို့ ၃ပုံ ၁ပုံလျော့နည်းနေသည် လည်းရှိသည်။ ယခင် ၁၉၅၁-ခုနှစ်က ဦးသံဒိုင်၏အရက်များကဲ့သို့ ဖြစ်ပျက်နေသည်ကိုတွေ့ရ၏။ သည်အရက်များကို လျှော့ဈေးဖြင့်ရောင်းရလေသည်။ တချို့ သိကျွမ်းသော ဟော်တယ်ဆိုင်များကိုလည်း အကြွေးပေးကာ တဖြေးဖြေးခြင်းရောင်းရလေတော့သည်။
          ၁၉၆၃-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃-ရက်နေ့တွင်ကား ဗမာပြည်ရှိ ဘဏ်တိုက်များ၏အခြေအနေသည် တစ်မျိုးတစ်ဖုံပြောင်းလဲသွားပေတော့သည်။ ရှိရှိသမျှသောဘဏ်များကို ပြည်သူပိုင်သိမ်းလိုက်တော့သည်။  တရုပ်ပြည်ဘဏ်သည်လည်း ပြည်သူဘဏ်အမှတ် ၁၂-ဖြစ်သွားတော့သည်။ ဤသို့ ပြည်သူ့ဘဏ်တိုက်များ ဖြစ်သွားလေရာ ဖေဖေါ်ဝါရီလ ၂၆-ရက်နေ့၌ ကျွန်ုပ်သည် ပြည်သူ့ဘဏ် ၁၂-သို့သွားသည်။ ဘဏ်တိုက်၌ ကိုအင်နားနှင့်တွေ့၍ ကျွန်ုပ်က ..
          ““ကျွန်တော် အပေါင်နဲ့ ငွေချေးယူထားတဲ့ကိစ္စ ဘယ်လိုလုပ်ရမလဲ””ဟူ၍မေးသည်။ ဤအခါတွင် သူကပြောသည်မှာ..
          ““ခင်ဗျားဆီမှာ များများစားစားကျန်တော့တာမှမဟုတ်ပဲ။ ငွေ ၅၀၀၀-ကျန်တာကို အမြန်လာပြီးဆပ်ပါ။ ဒါမှ ကျုပ်ခေါင်းပေါ်သယ်ပိုးထားရတဲ့ ၀န်ပစ္စည်းတစ်ခုလျော့သွားမှာပဲ””ဟူ၍ဆိုလေသည်။
          ထိုအခါ ကျွန်ုပ်သည် ငွေ ၅၀၀၀၊ (ငါးထောင်)ကို အမြန်ရှာဖွေကာ၊ ၁၉၆၃-ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၇-ရက်တွင် ပေးဆပ်လိုက်လေသည်။ ယခုအခါတွင် ကိုယ်အင်နားအဖို့ တာဝန်တစ်ခုအေးငြိမ်းသွားပြီ ဖြစ်၏။ ကျွန်ုပ်အဖို့လည်း တရုပ်ပြည်ဘဏ်(ယခုပြည်သူ့ဘဏ်အမှတ် ၁၂)သို့ ပေးအပ်စရာငွေကြေးများ တစ်ပြားတစ်ချပ်မှမရှိတော့ပေ။
          ဖြတ်သန်းကျော်လွန်လာခဲ့ရသော ကျွန်ုပ်ဒုက္ခခရီးစဉ်ကို သတ္ထုချ၍ အရှုံးအမြတ်တွက်ကိန်းချလိုက် ပါလေသော် ...
          ဘဏ်သို့ပေးအပ်သော အတိုးငွေ၊ ဘဏ်ဂိုဒေါင်ခ၊ မီးပေါင်ထားခ၊ စုစုပေါင်း ၁၀၅၃၂ကျပ်၊ ၂၉ ပြား (တစ်သောင်းငါးရာသုံးဆယ့်နှစ်ကျပ်၊ နှစ်ဆယ့်ကိုးပြား)။
          လျှော့ဈေးဖြင့်ရောင်းရသော အရက်ငွေများမှာ ၁၅၀၀၀ (တစ်သောင်းငါးထောင်ကျပ်)။
          ၁၉၅၅-ခုနှစ်က ဘောက်ချာများပေါ်တွင် အရောင်းအ၀ယ်ခွန်ထည့်မရေးမိ၍ ကိုယ့်အိတ်ထဲမှ စိုက်ထုတ်ပြီးပေးလိုက်ရသောငွေ ၃၁၀၀၇၊ ၉၄ပြား (သုံးသောင်းတစ်ထောင့်ခုနှစ်ကျပ်၊ ကိုးဆယ့်လေးပြား)။
          အားလုံးစုစုပေါင်း ၅၆၅၄၀-ကျပ်၊ ၂၃ပြား (ငါးသောင်းခြောက်ထောင့်ငါးရာလေးဆယ်ကျပ်နှင့် နှစ်ဆယ့်သုံးပြား)အရှုံးပေါ်ခဲ့ပေသည်။
          ကျွန်ုပ်အဖို့ အမြတ်လိုချင်မှုကြောင့် စီးပွားရေးလောကထဲဝင်ခဲ့၏။ သို့သော် မအောင်မြင်ခဲ့ပေ။
          ရှင်တော်ဗုဒ္ဓက ““ကံ၊ ဉာဏ်၊ ၀ီရိယ”” အကြောင်းသုံးပါးညီညွတ်လေမှ အလုပ်တစ်ခု ဖြစ်ထွန်း အောင်မြင်နိုင်သည်ဟု အမိန့်ရှိသည်။ ကျွန်ုပ်အဖို့တွင်ကား ဉာဏ်ရှေ့ပြေးပြီး၊ ၀ီရိယနောက်ကလိုက်ခဲ့သော်လည်း ကံမရှိလေသောကြောင့်သာ နစ်နာဆုံးရှုံးခဲ့ရသည်ဟု ကိုယ့်စိတ်ကို နှစ်သိမ့်ခဲ့ရပါတော့သည်တကား။
No comments:
Post a Comment