Friday, September 3, 2010

နုနှင့်ရီမင်္ဂလာဆောင်

နုနှင့်ရီမင်္ဂလာဆောင်

မောင်နုနှင့် မမြရီတို့မင်္ဂလာဆောင် လက်ထပ်သည့်နေ့ကျတော့ မြို့အုပ်ဦးဘအုန်းဟာ သူ့မော်တော်ကို သတို့သား သတို့သမီး ၂-ဦးစီးဖို့ပေးလိုက်တယ်။ နောက် သူတို့နှစ်ဦးဟာလည်း မော်တော်ကို မြန်မြန်မောင်းပြီး၊ ပန်းတနော်နားမှာရှိသည့် ဆွီလွင်ဆိုသည့် ရွာတစ်ရွာကို မောင်း၍သွားကြတယ်။ ဒါကြောင့် မောင်နုဟာ ၀န်ကြီးချုပ်ဖြစ်သည့်အခါ ဟိုစဉ်ကမမြရီ လက်ထပ်ပြီးစီး သည့်နေ့မှာ မော်တော်ကိုစီးပြီး လည်ပတ်သွားလာခဲ့သလို ဦးနုဟာ သူနိုင်ငံခြားသွားသည့်အခါ ဖြစ်စေ၊
ဗမာပြည်ထဲတွင်သွားသည့်အခါဖြစ်စေ၊ မော်တော်နှင့်သွားလာလျှင် မမြရီနှင့် ဟိုတုန်းက ရခါစမှာ မော်တော်စီးပြီးသွားလာတာကို သိပ်သတိရအောက်မေ့သည့်အတွက် ချစ်လည်းသိပ်ချစ်သည့် အတွက်ကြောင့် ဒါကြောင့်မို့ ဦးနုဟာ ဒေါ်မြရီကို ဘယ်သွားသွားသူနှင့်တစ်ပါတည်း ခေါ်သွားခြင်း ဖြစ်ပါသည်။

ကျွန်ုပ်၏ဘကြီးသမီး မမြရီဟာ အိမ်ထောင်မှုရေးရာကို လိုလေသေးမရှိအောင် ဦးနုအပေါ် ပြန်ပြီးတော့ ပြုစုယုယတယ်။ ကျွန်ုပ်၏နှမ မမြရီဟာလည်း အစစအရာရာလိမ္မာရေးခြားရှိပြီး ကိုနုကို စိတ်ချမ်းသာကိုယ်ချမ်းသာအောင် အမြဲပြုစုယုယပေးတယ်။ ကိုနုဟာလည်း မမြရီမရှိရင် မနေနိုင်လောက်အောင် ဖြစ်ပေါ်၍နေပါပြီ။ ကျွန်ုပ်၏ဘကြီး ဦးအောင်ငြိမ်းမှား သားအကြီး ကိုအုန်းမောင်၊ သမီးအကြီး မသိန်းမိဆိုတဲ့ မမြရီအပြင် အကြီးနှစ်ယောက်ရှိသေးသည်။ မမြရီအငယ်ဆုံးဖြစ်တယ်။ မသိန်းမိကို ကိုစိုးမောင်ဆိုသူနှင့် လက်ထပ်ပေးစားလိုက်တယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဟာ ၁၀-နှစ် ၁၀-မိုးဝန်ကြီးချုပ်ဖြစ်သွားသည်။ သူ့ယောက်ဖအရင်းကိုအုန်းမောင်ဟာ တစ်ခါမှ ကိုနုထံကို မလာပါဘူး။ ကျွန်ုပ်ဟာ ၀န်ကြီးချုပ်အိမ်ကိုရောက်၍ ဒေါ်မြရီကိုမေးကြည့်တယ်။ ကိုအုန်းမောင် တစ်ယောက်မလာဘူးလားလို့မေးကြည့်တော့ သူဟာတစ်ခါမှ မလာပါဘူး။ သူ့ယောက်ဖ၀န်ကြီးချုပ် ဖြစ်နေလို့ တစ်ခါမှမလာတာပါ။ သူလာလို့ သူများတကာမြင်ရင် သူ့ယောက်ဖ၀န်ကြီးချုပ်ထံလာတာကို အထင်အမြင်သေးမှာကြောက်လို့ မလာတာပါလို့ပြန်ပြောပါသည်။

ဒီကိုအုန်းမောင်ဟာ အင်မတန်မှသီလသမာဓိနဲ့ပြည့်စုံတဲ့သူလည်းဖြစ်ပါသည်။ သူ့ယောက်ဖ ၀န်ကြီးချုပ်ထံကိုသွားပြီးတော့ ဘာမှအကူအညီမတောင်းဘူး။ သူ့ဟာသူပဲ လုပ်ကိုင်စားသောက်တယ်။ ကျွန်ုပ်ဦးစပ်စုလည်း ၀န်ကြီးချုပ်နှင့် ယောက်ဖတစ်ဝမ်းကွဲတော်တာပါပဲ။ ကျွန်ုပ်ဟာ ၁၉၅၀-၅၁ ခုနှစ်တုန်းက ဦးနုကခိုင်းတော့ ကျွန်ုပ်ဟာလည်း စေတနာနှင့် လုပ်ပေးဖို့ပဲရှိပါတယ်။ ယောက်ဖအရင်း ကိုအုန်းမောင်ပင်လျှင် ဖာသိဖာသာနေတတ်သလို ကျွန်ုပ်ကလည်း ယောက်ဖတစ်ဝမ်းကွဲတော်သည့် ကိုနုထံမှာ တစ်ခါမှ ဘာမျှအကူအညီမတောင်းခဲ့ပါဘူး။ လူသိနတ်ကြား တိုင်းသိပြည်သိဖြစ်အောင် တင်ပြရခြင်းသာဖြစ်ပါသည်။

ကိုယ်၏ယောက်ဖလုပ်သူက အာဏာများရှိနေခဲ့ပါလျှင် အထက်ပါစံနမူနာကို အတုခိုးမှတ်သား နာယူကြဖို့ အင်မတန်မှကောင်းပါသည်။ ကျွန်ုပ်တို့မြန်မာအမျိုးသားတွေထဲမှာလည်း အကျင့်ဆိုးတွေ အများကြီးတွေ့ကြုံမြင်ရဖူးပါသည်။ ကိုယ့်ယောက်ဖဟာ အထက်တန်းရောက်နေပြီဆိုမှဖြင့် ကိုယ့်ယောက်ဖလုပ်သူထံမှာ ဟိုဟာတောင်းဒီဟာတောင်း ဆက်ကာဆက်ကာတောင်းတော့ ယောက်ဖ လုပ်သူကလည်း သူ့နှမကိုချစ်ခင်နေတော့ ပြောရမှာလည်းအခက်ဖြစ်နေရရှာတယ်။ ဒါတင်မကသေးဘူး။ ယောက်ဖထံမှတောင်းပြီးအားမရသေးလို့ နှမလုပ်သူထံမှလည်း ခဏခဏလှည့်တောင်းလိုက် လုပ်နေသည့်လူစားမျိုးတွေကို ကျွန်ုပ်ဟာ တွေ့ဖူးကြုံဖူးဆုံခဲ့မိဖူးပါသည်။ ဒီအကျင့်ဆိုးတွေကိုလည်း ကျွန်ုပ်တို့မြန်မာပြည်မှာ ပယ်ဖျက်ဖို့ကောင်းပါပြီ။ ကျွန်ုပ်တို့တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်း ကြီး၏ နှစ်ပတ်လည်ကျင်းပပွဲမှာ နိုင်ငံခြားရေးဝန်ကြီး သခင်နုကို ပထမဦးဆုံး ဆက်သွယ်ခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ဟာ သခင်နုကို ညနေ ၄-နာရီလောက်အချိန်မှာ မော်တော်ကားပေါ်အထိ လိုက်ပို့ပြီး၊ သခင်နုဟာလည်း ကော်မီတီလူကြီးတွေအားလုံးကို နှုတ်ဆက်၍ပြန်သွားပါသည်။ ကျွန်ုပ်တို့တတွေဟာလည်း ဤနှစ်ပတ်လည်ကျင်းပပွဲကို ချောမောအောင်မြင်စွာ ပြုလုပ်ပြီးစီး၍ ညနေအချိန်မှာ ရုပ်သိမ်းလိုက်ပါသည်။

No comments:

Post a Comment