Thursday, September 9, 2010

အပြန်ပြန်အလှန်လှန်

အပြန်ပြန်အလှန်လှန်

          ၁၉၄၇-ခုနှစ် မတ်လ ၁-ရက်နေ့ ။
          မော်လမြိုင်မြို့အနီးရှိ ကိုလိုတွက်ရွာတွင် တရုပ်အမျိုးသား တန်ကျွိယင်နေအိမ်သို့ ဓါးပြများ ၀င်တိုက်သည်။ ဓါးပြများသည် ပစ္စည်းများသာ ယူသည်မဟုတ်၊ အိမ်ရှိကလေးလူကြီးများကို တစ်ယောက်မကျန် သတ်ဖြတ်သွားလေသည်။ ထို့ကြောင့် မော်လမြိုင်ရှိတရုပ်လူကြီးလူကောင်းများက ကျွန်ုပ်အား လာ၍ပြောကြား လေသည်။
         
ကျွန်ုပ်သည် တရုပ်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ကျန်စွန်ရှုတ်ကို တိုင်ပင်ပြောဆိုပြီး၊ သူနှင့်အတူ မော်လမြိုင်မှရောက်ရှိလာသော တရုပ်အမျိုးသား လူကြီးလူကောင်းများအပါအ၀င် ပြည်လမ်းရှိ MR.T.W, Ma(တရုပ်ကောင်စစ်ဝန်)နှင့်သွားတွေ့ကာ၊ ယင်းကိစ္စအကျိုးအကြောင်းကို လိမ့်ပတ်လည်အောင် သေသေချာချာရှင်းလင်းပြောဆိုပြရလေသည်။ ပြီးတဖန် ကျွန်ုပ်တို့လူသိုက်နှင့်အတူ MR.T.W, Ma (တရုပ်ကောင်စစ်ဝန်) အပါအ၀င် မော်လမြိုင်မြို့သို့သွာရောက်၍ အခြေအနေကြည့်ရန် စီစဉ်ကြလေ၏။
          မော်လမြိုင်မြို့တွင်ရှိသော မိတ်ဆွေဟောင်းကြီးတစ်ဦးဖြစ်သူ တိုင်းမင်းကြီးဦးခင်မောင်ရင် (I.C.S) ထံသို့ ကျွန်ုပ်တို့တတွေလာမည့်အကြောင်းကို သံကြိုးရိုက်ပြီးအကြောင်းကြားရလေ၏။
          မတ်လ ၃-ရက်နေ့နံနက် ခုနှစ်နာရီလေးဆယ့်ငါးမိနစ်အချိန်တွင် နှစ်ဘက် ခုနှစ်ယောက်စီးသော ဒက်ကိုတာလေယာဉ်ပျံဖြင့် ကျွန်ုပ်တို့တတွေသည် မော်လမြိုင်မြို့အနီး(တောင်ပိုင်း)လေဆိပ်တွင် ဆိုက်ရောက် ကြလေသည်။ တိုင်းမင်းကြီးဦးခင်မောင်ရင်၊ ပုလိပ်မင်းကြီး၊ အစိုးရအရာရှိအရာခံများ၊ မြို့ပေါ်ရှိ တရုပ် လူကြီးလူကောင်းများ အစိုးရအမှုထမ်းများကကြိုဆိုကြသည်။ ကျွန်ုပ်တို့လူသိုက်အတွက် နံနက်စာကို မုဒုံမြို့ပေါ်ရှိ တရုပ်လူကြီးလူကောင်းများက ဧည့်ခံကျွေးမွေးလေသည်။
          ပြီးနောက်မှ တရုပ်အမျိုးသား တန်ကျွိယင်တို့မိသားစုတစ်ပြုံလုံးအသတ်ခံရသော အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ ယင်းသို့ကြည့်ပြီးနောက် တာဝန်ရှိသောရဲမင်းကြီးအား တရားခံများကို အမြန်ဆုံးဖမ်းပြီး အရေးယူပေးပါရန်လည်း တိုင်ကြားပြောဆိုခဲ့ရသည်။ နောက်နောင်ကိုလည်း ဤကဲ့သို့မကောင်းသည့်အမှုအခင်းမျိုးမဖြစ်ရလေအောင်လည်း ကာကွယ်စောင့်ရှောက်ပါရန် သတိပေးပြောကြား ခဲ့ရသေးသည်။
          ကျွန်ုပ်တို့တတွေကို မော်လမြိုင်တိုင်းမင်းကြီးဦးခင်မောင်ရင်က ထမင်းစားပွဲဖြင့်ဂုဏ်ပြုလေသည်။ မြို့ပေါ်ရှိလူကြီးလူကောင်းအတော်ပင်တက်ရောက်ကြသည်။ ထို့နောက် မော်လမြိုင်မြို့ တရုပ်ပွေစစ်ကျောင်းကွင်း တွင်လည်း လူပေါင်း ၂၀၀-ကျော်၊ ၃၀၀-ခန့်တက်ရောက်သော ထမင်းစားပွဲကြီးဖြင့် ဂုဏ်ပြုကျွေးမွေးပြန် လေသည်။ ဤထမင်းစားပွဲကြီး၌ ကျွန်ုပ်တို့မိဘလက်ထက်က သိကျွမ်းခင်မင်လာခဲ့သော ဒေါ်မမကြီးနှင့်လည်း တဖန်ပြန်၍တွေ့ကြပြန်သည်။
          နောက်တစ်နေ့တွင်ကား ဒေါ်မမကြီးသည် သူ့အိမ်၌ ရန်ကုန်မြို့မှရောက်ရှိလာသောကျွန်ုပ်တို့ကို ထမင်းတစ်နပ်ကျွေးပြန်၏။
          ဒေါ်မမကြီးဆိုလေလျှင် မော်လမြိုင်မြို့ပေါ်ရှိ မသိသူအတော်ရှားလောက်အောင် နာမည်ကြီးနေသူ တစ်ဦးဖြစ်လေသည်။ သူသည် ကျွန်ုပ်ထက် အသက် ၂-နှစ်ကြီးသူဖြစ်သည်။ သူနှင့် ဒိုင်းဝန်ကွင်းမှ (ကွယ်လွန်သွားသော)သူဌေးကြီးဦးတိုးလုံသည် ကျွန်ုပ်နှင့်တရုပ်အမျိုးသားသူဌေးကြီးဦးကေဘာကြီး၏ အောင်သွယ်ပေးမှုကြောင့် အကြောင်းပါလာခဲ့သော အိမ်ထောင်စုတစ်ခုဖြစ်လေသည်။ ဒေါ်မမကြီး၏ဖခင်သည် ကုန်ဈေးတန်းသင်္ကန်းတိုက်ဦးဘိုးအောင်ဖြစ်သည်။ သူ၏မောင်များမှာ မောင်မောင်ကြီး၊ မောင်မောင်လတ်နှင့် မောင်မောင်တင်တို့ဖြစ်ကြသည်။
ဤထမင်းစားပွဲ၌ ဒေါ်မမကြီးသည် သူ၏ကျောက်စိမ်းကြယ်သီးတစ်စုံကို ထုတ်၍ပြရင်း ““လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀-ကျော်က ဦးစပ်စုနိုင်ငံခြားက၀ယ်လာပြီး လက်ဆောင်ပေးခဲ့တဲ့ပစ္စည်း””ဟူ၍ ပြောပြီးအမှတ်တရ ထုတ်ကာပြသည်။
          ကျွန်ုပ်နှင့်အတူတကွပါလာသော တရုပ်အမျိုးသားမိတ်ဆွေများက ““ဒေါ်မမကြီးဟာ သိပ်မှတ်ဉာဏ် ကောင်းတာပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀-ကျော်က လက်ဆောင်ပေးခဲ့တဲ့ပစ္စည်းကို ကောင်းကောင်းကြီး မှတ်မိနေတယ်””ဟူ၍သာ အပေါ်ယံအသိဖြင့် ထင်မြင်ချက်ပေးကြလိမ့်မည်။ ကျွန်ုပ်အဖို့တွင်ကား ဤသို့ မဟုတ်ပါပေ။
          ဒေါ်မမကြီးသည် ဤသို့ကျောက်စိမ်းကြယ်သီးကိုထုတ်ပြသည့်အတွက် နှောင်းအတိတ်က ဟောင်းခဲ့သော ဖြစ်ရပ်လေးများသည် နေ့မှလကူး၊ လမှ နှစ်သို့ကျူးလာသည့်တိုင်အောင် အသည်းဆိုင်ဝယ် မေ့မရနိုင်အောင် တဖန်ထပ်၍အသစ်ရတော့သည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့၏ဖြစ်စဉ်လေးများသည် ကျွန်ုပ်မမေ့သေးသကဲ့သို့ ဒေါ်မမကြီးသည်လည်း မမေ့နိုင်သေးဟု ထင်သည်။ ယခုအချိန်တွင်ကား ဒေါ်မမကြီး သည်လည်း ဇရာပိုင်းသို့ရောက်ရှိ၍နေလေပြီ။ သူ့ယောက်ျားဦးတိုးလုံးမှ ပါလာလေသော သမီးနှစ်ဦးပင်လျှင် အိမ်ထောင်သည်များဖြစ်နေကြပြီဖြစ်၏။
          သမီးဖြစ်သူဒေါ်အေးကြွယ်မှာ ယခုတော်လှန်ရေးအစိုးရလက်ထက် အထွေထွေစာရင်းစစ်မင်းကြီး စံလွင်နှင့် အကြောင်းပါနေလေ၏။ ကျန်တစ်ယောက် ဒေါ်အေးကြည်မှာမူ စစ်ထောင်စော်ဘွား စ၀်ခွန်ကြည်နှင့် အကြောင်းပါလေသည်။
          သည့်နောက်ပိုင်းတွင်မူ မော်လမြိုင်မြို့အနီးတစ်ဝိုက်၌ ဤသို့တရုပ်အမျိုးသားတစ်အိမ်ထောင်လုံး အသတ်ခံရသောကိစ္စမျိုး မဖြစ်ပွားတော့ပေ။ တန်ကျွိယင်အိမ်ထောင်စုကိုသတ်သော လူသတ်ဓါးပြများလည်း မကြာခင်မိ၍ အပြစ်ပေးခြင်းခံရလေတော့သည်။
          ကျွန်ုပ်၌ ထူးခြားချက်တစ်ခုရှိသည်။ ကိုယ့်အပေါင်းအသင်းမိတ်ဆွေမှန်သမျှ တခြားမကူညီနိုင်၍ မကူညီခြင်းကိုအပထား မိတ်ဆွေမှန်သမျှကို အနည်းဆုံးကျွေးမွေးခြင်းအမှုကို ပြုခဲ့လေသည်။ ကျွန်ုပ်သည် ရက်ရက်ရောရောပင် ကျွေးမွေးလေသည်။ ကျွန်ုပ်နှင့်သိကျွမ်းခင်မင်သူတိုင်းသည် ကျွန်ုပ်၏ကျွေးမွေးခြင်း စိတ်စေတနာကို သိကြပေသည်။
          ထို့ကြောင့်ပေလောမသိ။ ကျွန်ုပ်သွားလေရာအရပ် တွေ့လေသူတိုင်းက ကျွန်ုပ်ကိုစေတနာ ထက်သန်စွာဖြင့် ကျွေးမွေးကြသည်။ ကျွန်ုပ်သည်ပင်လျှင် စိတ်စေတနာရောင်ပြန်ဟတ်မှုဟု ဆိုရချေမည်ထင့်...။
          ၁၉၄၈-ခုနှစ်၊ မတ်လ ၂၁-ရက်နေ့တွင် မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ တိုင်းခရိုင်အစိုးရအမှုထမ်း ကြီးများသည် စည်းဝေးရန် ရန်ကုန်မြို့၌ လာရောက်စုံစည်းကြသည်။ တန်ကျွိယင်တစ်အိမ်ထောင်လုံး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့တတွေ မော်လမြိုင်သို့ရောက်စဉ်ဝယ်၊ တိုင်းမင်းကြီး ဦးခင်မောင်ရင် (I.C.S) က စေတနာထက်သန်စွာ ထမင်းစားပွဲနှင့် ဂုဏ်ပြုဧည့်ခံကျွေးမွေးခဲ့လေသည်။
          ယခုတဖန် တိုင်းမင်းကြီးဦးခင်မောင်ရင် ရန်ကုန်မြို့သို့ခေတ္တရောက်စဉ်ဝယ်၊ အမှတ် ၂၄၊ အင်းယားလမ်းရှိ တရုပ်သံအမတ် (Dr.Tu Yuen Tan) က ဂုဏ်ပြုဧည့်ခံကျွေးမွေးလေသည်။ ပြီးတဖန် ပွဲတိုင်းကျော်ကျွန်ုပ်ကလည်း ဦးခင်မောင်ရင်ကို ဂုဏ်ပြုထမင်းစားပွဲဖြင့် ဧည့်ခံပြန်လေ၏။ 
ဤဂုဏ်ပြုပွဲသို့ မြို့မကျောင်းဆရာကြီး ဦးလွင်၊ မော်လမြိုင်တိုင်းမင်းကြီး ဦးခင်မောင်ရင်၊ တရုပ်ကောင် စစ်ဝန်ချုပ် ရှောင်ဆောင် T.W,Ma မြိတ်အရေးပိုင် ဦးသီ၊ ဧရာဝတီတိုင်းမင်းကြီး ဦးဖေတို့သည် တစ်ယောက်နှင့်တစ်ယောက် အပြန်ပြန်အလှန်လှန် တရုပ်ဗမာချစ်ကြည်ရေးမိန့်ခွန်းများ မြွက်ကြား ပြောဆိုကြလေသည်။

No comments:

Post a Comment