Thursday, September 9, 2010

ဗမာ့တပ်မတော်ရန်ပုံငွေပါဝင်ကြပုံ

ဗမာ့တပ်မတော်ရန်ပုံငွေပါဝင်ကြပုံ

                   ၁၉၅၁-ခုနှစ်၊ မေလတွင်ဖြစ်သည်။
          နေ့ရက်ကိုကား အသေအချာမမှတ်မိတော့ပေ။ သမတအိမ်တော်တွင် ဗမာ့တပ်မတော်ရန်ပုံငွေ ကောက်ခံပွဲတစ်ခုပြုလုပ်သည်။ ရန်ကုန်အရေးပိုင်က ကြီးမှူးကောက်ခံသည်။ ဤရန်ပုံငွေကောက်ခံပွဲသို့ တရုပ်၊ မြန်မာ၊ အိန္ဒိယအမျိုးသားများ တက်ရောက်ကြလေသည်။
         
တရုပ်အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးဖြစ်သူ ကျန်စွန်ရှုတ်၊ သူသည် တရုပ်ကုန်သည်ကြီးများ အသင်း၌ ဒုတိယဥက္ကဋ္ဌဖြစ်သည်။ ဂျပန်ခေတ်တွင်လည်း ကျွန်ုပ်တို့၏ဗြန်ဟတ်ဘွေအသင်းကြီး၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်သည်။ ကျန်စွန်ရှုတ်နှင့်ကျွန်ုပ်သည် နှစ်ရှည်လများ ပေါင်းသင်းဆက်ဆံလာကြ၍ သူ၏စိတ်သဘောထားမွန်မြတ်ပုံကို သိရှိနေလေသည်။ သူသည် ငွေကြေးအလွန် လွယ်သူတစ်ဦးဖြစ်သည်။ အထူးသဖြင့် ငွေမရှိသောဆင်းရဲသားများက အကူအညီတောင်းလျှင် မဆိုင်းတခဏအတွင်း၌ အကူအညီပေးတတ်သည်။ ပြီးနောက်ထပ်တဖန် တရုပ်အမျိုးသားချင်း အကြောင်းကြီးငယ်များရှိလေလျှင်လည်း ပြေလည်အောင်ဖြေရှင်းပေးနိုင်သူတစ်ဦးဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် တရုပ်အမျိုးသားများ၏ ယုံကြည်လေးစားမှုကိုလည်း ခံရသူဖြစ်သည်။ ဘရုတ်သုက္ခ ဂျပန်ခေတ်ဆိုးကြီးဝယ် ဗမာ့တပ်မတော်ကိုလူအား၊ ငွေအား၊ ပစ္စည်းအားဖြင့် အကူအညီပေးနိုင်ခဲ့ခြင်းများသည် ကျန်စွန်ရှုတ်၏ကျေးဇူးမကင်းခဲ့ပေ။ သူရှိနေခြင်းအတွက်ကြောင့် ကျွန်ုပ်တို့တတွေ ဗမာ့တပ်မတော်ရန်ပုံငွေ ပါဝင်ကူညီရေးတွင် မျက်နှာပန်းလှခဲ့ရသည်။ တရုပ်အမျိုးသားဘက်မှ သူနှင့် သူ့သားကျန်စိန်ဝှက်၊ ကျွန်ုပ်တို့တတွေလည်း ဗမာ့တပ်မတော်ရန်ပုံငွေ ပါဝင်ကူညီရန် တက်ရောက်ကြသည်။ ပထမမူလမှာ ကျန်စွန်ရှုတ်နှင့် ကျွန်ုပ်တို့သည် ဂျပန်ခေတ်က လေလံဆွဲသကဲ့သို့ ဗမာ့တပ်မတော်ရန်ပုံငွေကို ထည့်ဝင်ကြရန် စီစဉ်ထားပြီးဖြစ်၏။

          သမတအိမ်တော်သို့ ရောက်လေသောအခါ စိန်ဘရားသားဦးထွန်းစိန်နှင့်တွေ့လေသည်။ သူကလည်း ကျွန်ုပ်တို့၏ ဗမာ့တပ်မတော်အပေါ်ထားရှိသော စိတ်စေတနာကိုသိရှိထား၍ ““ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဗမာ့တပ်မတော်အပေါ် နိုင်ငံခြားသားက ငွေပိုပြီးပါဝင်ကူညီတယ်ဆိုတာ လက်မခံနိုင်ဘူး””ဟူ၍ ပြောလေတော့သည်။
ဤသို့ ဗမာ့တပ်မတော်အပေါ် သူ့ထက်ငါသာအောင် ရန်ပုံငွေထည့်ဝင်ခြင်းကြောင့် တရုပ်ဗမာ ချစ်ကြည်ရေးကိုထိခိုက်လာတော့မည့်အရေးအခင်းကိုမြင်လေသည်။ ကျန်စွန်ရှုတ်နှင့်တဖန်ကျွန်ုပ်က တိုင်ပင်ရပြန် လေသည်။ ပြီးနောက်မှ တစ်ဦးတစ်ယောက်ချင်းပါဝင်သည့်အနေဖြင့် ရန်ပုံငွေထည့်ဝင်ကြရသည်။
          ကျန်စွန်ရှုတ်၏သားကျန်စိန်ဝှက်က မဟာဗန္ဓုလလမ်းရှိ စီဝှက်ကုမ္ပဏီအနေဖြင့် ငွေ ၅၀၀၀ (ငါးထောင်ကျပ်) ပါဝင်ကူညီခဲ့သည်။ ထိုသို့တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ဗမာ့တပ်မတော်ရန်ပုံငွေကို ထည့်ဝင်ကြရပြီး (ဗမာကုန်သည်ကြီးများအသင်း)ကို အနိုင်ပေးလိုက်ရလေသည်။
          ဂျပန်ခေတ်က ဗမာ့တပ်မတော်ရန်ပုံငွေကို ပါဝင်ကူညီဖူးသည်။ လွတ်လပ်ရေးရရှိပြီးနောက် သုံးနှစ်အကြာတွင် ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဗမာ့တပ်မတော်ရန်ပုံငွေထည့်ဝင်ကြခြင်းပင်ဖြစ်သည်။ ဗမာပြည်ရှိတရုပ်အမျိုးသားများသည် ဗမာ့တပ်မတော်အပေါ် မည်ရွေ့မည်မျှ စိတ်စေတနာရှိကြောင်းကို ဤနေရာ၌ ပေါ်လွင်ထင်ရှားပေ၏။
          ကျွန်ုပ်နှင့်အတူ ဗမာ့တပ်မတော်ရန်ပုံငွေ ထည့်ဝင်ကူညီခဲ့သော မိတ်ဆွေကြီး တရုပ်ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ ကျန်စွန်ရှုတ်နှင့် ဗမာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ စိန်ဘရားသားဦးထွန်းစိန်တို့ ယခုအခါတွင် လူ့လောက၌မရှိကြတော့ပြီ။ သူတို့၏အမည်နှင့် သူတို့နှင့်ပတ်သက်ခဲ့သော အကြောင်းအရာသာ လူအများမှတ်မိနေလေသည်။

No comments:

Post a Comment