Sunday, September 5, 2010

စစ်ဝန်ကြီးရုံးအစည်းအဝေးတွင် ဦးစပ်စုအစွမ်းပြလိုက်ခြင်း

ကျွန်ုပ်သည် တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးမှ ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် လည်းကောင်း၊ အခြားအသင်းအသီးသီးမှ ၀င်ရောက်၍လည်းကောင်း၊ ရန်ပုံငွေများကို အများဆုံး အတတ်နိုင်ဆုံးကူညီဆောင်ရွက်၍ ဗမာ့တပ်မတော်ကို ပေးခဲ့ပါသည်။ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်း ကြီးက အခြားအသင်းများထက် ရန်ပုံငွေကိုသာ၍ကူညီပါဝင်သည့်အတွက် အမြဲတမ်းထိပ်ဆုံးက ဖြစ်နေပါသည်။ ရန်ပုံငွေကို သူများထက်ပိုထည့်တာကတစ်ကြောင်း၊ အခြားအသင်းအဖွဲ့များထက် သာတာကတစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ုပ်အားမိန့်ခွန်းစကားပြောခိုင်းတာကတစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကြွရောက်လာကြသည့်လူကြီးမင်းများက ကျွန်ုပ်ကို အားလုံးသဘောကျကြ ပါ၍ လူထုဟာရန်ပုံငွေများကို ပိုထည့်ကြပါသည်။

၁၉၄၄-ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ဗိုလ်အောင်ဆန်းနှင့် ဗိုလ်ဇေယျတို့က ဗမာ့တပ်မတော်စစ်ရုံးချုပ်တွင် တပ်မတော်ရန်ပုံငွေကောက်ခံရန် လူထုအစည်းအဝေးတစ်ခု ဖိတ်ခေါ်သော အခါမှာ ကျွန်ုပ်လည်းတက်ရောက်သွားပါသည်။ အစည်းအဝေးစချိန်မှာ ဗိုလ်အောင်ဆန်းက ကျွန်ုပ်အား မိန့်ခွန်းစကားပြောခိုင်းပါသည်။ ကျွန်ုပ်ကလည်းဘာမှမသိဘူး။ ဗိုလ်အောင်ဆန်းဟာ ရိုးရိုးအစည်းအဝေး ခေါ်တယ်လို့အောက်မေ့တယ်။ ဟိုကျမှ ကျွန်ုပ်ကိုမိန့်ခွန်းစကားပြောခိုင်းတယ်ဆိုတာကိုသိရသည်။ ကျွန်ုပ်ဟာ ကြွရောက်လာကြသည့်လူအုပ်ကိုကြည့်လိုက်တော့ အမျိုးသမီးတွေခပ်များများပါတယ်။ ကျွန်ုပ်ဟာ အနှစ် ၅၀၀၀ က တရုပ်ရာဇ၀င်ကိုလေ့လာမှတ်သားထားတော့ ခဏလေးစဉ်းစားပြီး တရုပ်ရာဇ၀င်တစ်ခုကို မိန်းခွန်းအနေဖြင့်ပြောလိုက်တယ်။
ဟိုလအချိန်တုန်းက ကျွန်ုပ်ဟာ ဗမာစကားလည်းမပီတပီနှင့် ပြည်ကြီးသားသံပါနေတယ်။ လက်ဟန်ခြေဟန်ကလည်းပါတယ်။ အသံကလည်းပိုကျယ်နေတယ်။ (ယခုဗိုလ်မှူးကြီးထွန်းစိန် တရားဟောတာကို သွားရောက်နားထောင်သလို အူတက်မတတ်ရီစရာဖြစ်နေပါသည်။) ယခုဗိုလ်မှူးကြီး ထွန်းစိန်က ပီပီသသလည်လည်ပတ်ပတ်ပြောနိုင်ပါတယ်။ ကျွန်ုပ်ကတော့ ပြောချင်တယ် ပါးစပ်က မပြောတတ်ဘူး။ အသံဟာ ပီလည်းမပီသဘူး။ ဒါကြောင့် ဗိုလ်မှူးကြီးထွန်းစိန်ကို မိန့်ခွန်းစကား ပြောသည့်အခါ အများကြီးအရှုံးပေးလိုက်ပါသည်။ ကျွန်ုပ်ဟာ ဗိုလ်မှူးကြီးထွန်းစိန်ကို ဆရာတင်ပြီး တပည့်ခံဖို့ကောင်းပါသည်။ ကျွန်ုပ်စကားပြောမိန့်ခွန်းပေးတတ်အောင် ဗိုလ်မှူးကြီးထွန်းစိန်၏ ၁၀-ပုံ ၁-ပုံလောက်တတ်အောင်သင်ပေးပါလို့ ကျွန်ုပ်ဟာ အထူးတောင်းပန်ချင်တော့တာပဲ။ ကျွန်ုပ်ကလည်း ထိုအချိန်အခါကျတော့ မိန့်ခွန်းစကားအနေနှင့် တရုပ်ရာဇ၀င်ပုံပြင်လေးတစ်ခုကို ခင်းပြပြောဆို လိုက်ပါသည်။ ၎င်းရာဇ၀င်ပုံပြင်ကလေး၏အမည်မှာ မိဖုရားကြီးနှင့် စစ်သူကြီး တိုကျူလျောင်တို့ အတ္ထုပ္ပတ္တိဖြစ်ပါသည်။ ၎င်းအတ္ထုပ္ပတ္တိကလေးမှာ ...
လွန်ခဲ့သည့် အနှစ်၂၀၀၀-လောက်က တရုပ်ပြည့်ရှင်မင်း လောင်ဝိဘုရင်ကြီးနှင့်မိဖုရားသည် ဟိုစဉ်အခါက တိုင်းပြည်အနီးအနားတွင် စစ်မက်ဖြစ်ပွားချိန်ဖြစ်နေပါ၍ စစ်ရေးနိမ့်သောကြောင့် တိုင်းပြည်အတွင်းသို့ ရန်သူတပ်တွေနီးလာသည့်အခါ ဘုရင့်အမိန့်ဖြင့် မိဖုရားကြီးနှင့် အသက် ၂-နှစ်ရှိသားတော်ကလေးအသက်ဘေးမှလွတ်မြောက်ရန် စစ်သူကြီး တိုကျူလျောင်အားအပ်ပြီး ထွက်ပြေးခိုင်းပါတော့သည်။
မကြာမီအချိန်အတွင်းမှာပဲ ရန်သူ့တပ်တွေမှီလာသည့်အခါ ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်ရင်း မိဖုရားကြီးနှင့်သားတော်ကလေးကို စစ်ဗိုလ်ကြီးတို့လူစုဟာ ကွဲသွားကြတယ်။ ထိုအခါကျမှ စစ်သူကြီး တစ်ဦးတည်းမြင်းကိုစီး၍ မိဖုရားကြီးအားလိုက်လံရှာဖွေသည့်အခါမှာ မိဖုရားကြီးနှင့် သားတော် မင်းသားကလေးကို ရေတွင်းတစ်ခုဘေးမှာတွေ့မြင်၍ စစ်ဗိုလ်ကြီးသည် ထိုအခါမှာ သူစီးလာသောမြင်းကို မိဖုရားကြီးနှင့်မင်းသားလေးအားပေးအပ်ပြီး လွတ်ရာကိုပြေးခိုင်းပါတော့သည်။
ဒါပေမယ့် မိဖုရားကြီးက စစ်ဗိုလ်ကြီးပြောတဲ့စကားကို နားမထောင်သည့်အပြင် စစ်ဗိုလ်ကြီးအား ပြန်ပြောလိုက်သည်မှာ တိုင်းပြည်အတွက်အရေးကြီးသည်၊ တိုင်းပြည်အတွက် စစ်သူကြီးကာကွယ်ပါလော့ ဟုပြောဆိုပြီး နောက်မှလိုက်လာသောရန်သူတပ်တွေဟာ နီးကပ်လာပြီဖြစ်သောကြောင့် ရေတွင်းထဲကို မိဖုရားကြီးဟာ ခုန်ဆင်းသွားတယ်။ စစ်ဗိုလ်ကြီးမှာ ကြံရာမရပဲဖြစ်နေသည့်အပြင် ရန်သူတွေ ကလည်း နီးကပ်လာပြီဖြစ်၍ ထိုအချိန်ကျမှ မင်းသားကလေးကိုရင်မှာပိုက်ပြီး စစ်ဗိုလ်ကြီဟာ မိဖုရားကြီးနှင့်အတူတူသေဖို့ စိတ်ကိုဆုံးဖြတ်၍စိတ်အားမာန်တင်းလိုက်တယ်။ လက်နှစ်ဖက်မှာလည်း လက်တစ်ဖက်မှ လှံကိုကိုင်ပြီး တစ်ဖက်မှ ဓါးကိုကိုင်၍ ရန်သူနှင့်ရင်ဆိုင်ပါတော့သည်။ စစ်ဗိုလ်ကြီးသည် ရန်သူစစ်ဗိုလ် ၁၀-ဦးလောက်နှင့်ရင်ဆိုင်၍တိုက်ခိုက်ရင်း ရန်သူ့တပ်ကိုဖေါက်ထွက်လာရာ လမ်းခုလတ်တွင် ဘုရင့်စစ်ကူတွေရောက်လာပြီး မိဖုရားကြီးအတွက် ဂလဲ့စားချေပြီးရန်သူတပ်တွေကို တိုက်ခိုက်ရာ အောင်မြင်ပါတော့သည်။ ၎င်းပုံပြင် အတ္ထုပ္ပတ္တိကလေးဟာ မိဖုရားကြီးဟာ တိုင်းပြည်အတွက် အသက်ကိုစွန့်ပြီး ကာကွယ်သွားခြင်းဖြစ်ပါသည်။
ကျွန်ုပ်တိုမြန်မာပြည်နေထိုင်ကြသည့် လူပေါင်း ၁၇-သန်းကျော်တို့ဟာ ပုံပြင်ထဲမှာပါရှိတဲ့ မိဖုရားကြီးလို လူတိုင်းလူတိုင်း သိရှိနားလည်းထားကြမည်ဆိုပါလျှင် တိုင်းပြည်အတွက် အများကြီး အကျိုးရှိမှာပါပဲ။ (ဥပမာ-မိန်းမများက အ၀တ်အစားများကို ဆင်ခြင်ဝတ်စား၍ ယောက်ျားများကလည်း မဖြန်းသင့်သောငွေကိုမဖြုန်းပဲ နည်းနည်းပါးပါးလျှော့သုံးလျှင် ချွေတာသရွေ့ ငွေဟာ တပ်မတော် ရန်ပုံငွေတွေဖြစ်လာနိုင်ပါတယ်။ ) ဗိုလ်အောင်ဆန်းကလည်း တရားဟောရလွန်းလို့ ချွေးဒီးဒီးကျလှ ပါပြီလို့ပြောဆို၍ ကျွန်ုပ်လည်းတရားဟောပြီးရော လာရောက်နားထောင်ကြသည့်လူအုပ်ဟာ ချီးကျူးသြဘာပေးကြပြီး တပ်မတော်ရန်ပုံငွေအတွက်ကိုလည်း ပိုမိုထည့်ကြတယ်။ ဗိုလ်အောင်ဆန်း ဗိုလ်ဇေယျနှင့်တကွ ကြွရောက်လာကြသော လူကြီးလူကောင်းပုဂိ္ဂုလ်ကြီးများအားလုံးဟာ အများကြီး သဘောကျ၍ နှစ်သက်ကျေနပ်ကြပါသည်။
၁၉၄၄-ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော မြို့လုံးကျွတ်နေသူရိန်အစည်းအဝေးပွဲတွင်လည်း ကျွန်ုပ်သည် တရုပ်အမည်ဖြင့်ငွေတစ်ခါထည့်ပြီး မြန်မာအမည်နှင့်နောက်တစ်ခါရန်ပုံငွေထပ်ထည့် ပါသည်။ ကျွန်ုပ်သည် ရန်ပုံငွေအလှူငွေထည့်ရာ၌ အချိန်မရွေးစိတ်ရောကိုယ်ပါလှူတတ်သောကြောင့် ကျွန်ုပ်ကို ဗိုလ်အောင်ဆန်းကအများကြီးကျေးဇူးတင်ပါသည်။ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်း ကြီးကလည်း ရန်ပုံငွေ၊ အလှူငွေထည့်ရာမှာ အခြားအသင်းများထက် ဘယ်အခါမဆို ပိုပြီးတော့ များများပါဝင်ထည့်လိုက်ပါသည်။
ကျွန်ုပ်ဟာ ဒီအစည်းအဝေးမှာလည်း အမျိုးသားအမျိုးသမီးများသွေးကြွ၍ အလှူငွေ၊ ရန်ပုံငွေ အများကြီးထည့်အောင်ဟောပြောပြီး စိတ်ဓါတ်ကြွလာအောင် ဟောပြောပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ကျွန်ုပ်၏အသံဟာ လော်စပီကာအသံချဲ့စက်မပါပဲနှင့် လူပေါင်း ၅၀၀-၆၀၀ကျော်လောက်ရှိသည့်လူထုကို စိတ်ဓါတ်ကြွအောင်လုပ်လည်းလုပ်နိုင်တယ်။ ကြားလည်းကြားအောင်ပြောနိုင်သည်။ အမျိုးသား၊ အမျိုးသမီးတွေလည်းစိတ်ဝင်စားတယ်။ ကျွန်ုပ်၏အသံဟာ ဒီအချိန်မှာ ပိုမိုကျယ်တယ်လို့အောက်မေ့ မှတ်ထင်ရပြီး ကျွန်ုပ်ကိုယ်တိုင်လည်းစိတ်ဓါတ်ကြွ၍ မိန့်ခွန်းစကားဟောပြောနေသည့်အခါမှာလည်း လက်ဟန်ခြေဟန်ဖြင့် အင်မတန်မှအားရစရာကောင်းပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်ုပ်ဟာ ဘုရားဒါယကာ ၀ဏ္ဏကျော်ထင်ဦးဖိုးစိန်နှင့်မင်းသမီး ကောလိပ်စိန်တွဲတွဲပြီး လူထုပရိတ်သတ်ရှေ့မှာ ကပြအသုံးတော်ခံတာကိုသဘောကျသလို ဗိုလ်အောင်ဆန်း နှင့်ကျွန်ုပ်ဟာ ပရိတ်သတ်ရှေ့မှောက်မှာ အစည်းအဝေးရှိတိုင်းအမြဲတွေ့ကြပါတယ်။ လူထုဟာလည်း အင်မတန်မှသဘောကျကြပြီး ကောင်းချီးသြဘာပေးကြပါသည်။ ဗိုလ်အောင်ဆန်း၏ စိတ်သဘောဟာ အခြားနိုင်ငံရေးသမားများလိုမဟုတ်ပါဘူး။ အလုပ်တစ်ခုကို ထိထိရောက်ရောက်လုပ်ပေးကူညီနိုင်မှ သူ့စိတ်ထဲမှာသဘောကျတယ်။ နောက်ပြီး ဗိုလ်အောင်ဆန်းဟာ သူကိုယ်တိုင်လည်းမညာဘူး။ တကယ်လုပ်တယ်။ ဟိုစဉ်အခါက သတင်းစာဖတ်ပရိတ်သတ်ဟာလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်ုပ်ဦးစပ်စုတို့သတင်းကို သတင်းစာတိုင်းမှာ အမြဲတွေ့နိုင်ကြပါတယ်။ သတင်းစာဖတ်သူတိုင်း ကလည်းသိကြမှာပါပဲ။
ဤကိစ္စများပြီးပြတ်၍ ကျွန်ုပ်အဖို့နောက်တစ်ကြိမ် ဦးနှောက်ခြောက်စရာကိစ္စကြီးတစ်ခုနှင့် ရင်ဆိုင်ပေါ်ပေါက်တိုးလာရပြန်ပါသည်။ ဗမာ့တပ်မတော်မှရန်ပုံငွေကောက်ခံရန်အတွက် စာတစ်စောင် ထပ်မံရောက်ရှိလာပြန်ပါသည်။ ဒီစာကိုရလျှင်ရခြင်း ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကြီးဟာ အစည်းအဝေးတစ်ခုခေါ်လိုက်ပါသည်။ ကျွန်ုပ်ကလည်း ထောက်ပံ့ရေးလူကြီးဖြစ်သည့်အတွက် ဒီအစည်းအဝေးကို တက်ရောက်ခဲ့ရပါတယ်။ အစည်းအဝေးပွဲပြုလုပ်သောအခါ ဗြန်ဟတ်ဘွေအသင်းကြီး ဥက္ကဋ္ဌပီကေချောင်းက ရန်ပုံငွေလက်ကျန်စာရင်းကိုတွက်ကြည့်သည့်အခါ ၇-သိန်းပဲကျန်ပါတော့သည်။ အဲဒီတော့ ဗြန်ဟတ်ဘွေအသင်းကြီးဥက္ကဋ္ဌပီကေချောင်းက ဗမာ့တပ်မတော်ရန်ပုံငွေကို ဒီတစ်ကြိမ် ၅-သိန်းပဲထည့်မယ်လို့ဆံုးဖြတ်၍ အသင်းကြီး၏မှတ်တမ်းစာအုပ်ထဲမှာ ရေးသားပြီးဆုံးဖြတ်ထားပါသည်။ ကျွန်ုပ်လည်း ဒီငွေ၅-သိန်းကိုယူပြီး စစ်ဝန်ကြီးရုံးက အစည်းအဝေးကိုလာခဲ့တယ်။
လူထုတွေဟာလည်းတော်တော်များများတက်ရောက်ကြတယ်။ အခြားအသင်းများက ထည့်ဖို့ ရန်ပုံငွေဟာလည်း ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းငွေထက်များတယ်။ တစ်သင်းကို ၇-သိန်းလောက် ထည့်မယ်။ အခြားဘယ်အစည်းအဝေးမဆို ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းက ထိပ်ဆုံးကနေခဲ့တာပါပဲ။
ဒီတစ်ခါတော့ ရန်ပုံငွေနည်းနေ၍ ကျွန်ုပ်အဖို့မျက်နှာမလှဖြစ်နေပြီ။ ကျွန်ုပ်စိတ်ထဲမှာလည်း မကောင်းလှပါဘူး။ အခြားအသင်းများဟာလည်း ဘယ်အခါမဆို ရန်ပုံငွေထည့်သည့်အခါ နည်းပြီး ရှုံးနေသည့်အတွက် ဒီတစ်ခါ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကို အနိုင်ယူမည်ဆိုပြီး ၈-သိန်းတောင် ထည့်လိုက်တယ်။ ကျွန်ုပ်တို့ထက် ၃-သိန်းသာနေတယ်။ ကျွန်ုပ်တို့ ရှုံးနေပြီ။ ကျွန်ုပ်ဟာလည်း ဒါနဲ့ အစည်းအဝေးတက်ရောက်လာသည့် အမျိုးသား၊ အမျိုးသမီးထုကို တရားဟောပြီး ရန်ပုံငွေကိုစု၍ အခြားအသင်းများထက်သာအောင် ငွေ ၁၀-သိန်းကို မျက်လုံးမှိတ်၍ထည့်လိုက်ပါတယ်။ အနိုင်မခံ အရှုံးမပေးချင်သည့်အတွက်ကြောင့် အားကြိုးမာန်တက်တရားဟောရှာဖွေပြီး ချက်ခြင်းထည့်လိုက်ပါသည်။ ဒီအချိန်အခါကျတော့ အခြားအသင်းများဟာလည်း ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကြီးကို မပြိုင်ဆိုင်တော့ပဲ ငြိမ်ကျသွားပါသည်။ အမျိုးသား၊ အမျိုးသမီးများနှင့်တကွ ကြွရောက်လာသည့် လူထုပရိတ်သတ်က ကောင်းချီးသြဘာပေး၍ချီးကျူးကြတာဟာ ၅-မိနစ်လောက်ကြာပါတယ်။ ၅-မိနစ်လောက်ကြာအောင် ချီးကျူးသြဘာပေးသည့်အတွက်ကြောင့် ကျွန်ုပ်အဖို့ ဦးနှောက်ခြောက်ပါပြီ။ ဦးနှောက်ခြောက်ပြီး ၃-ရက်တိုင်တိုင် ဘာမျှစဉ်းစားလို့မရတော့ပါဘူး။ ဒီလို၃-ရက်ကြာပြီးမှ စဉ်းစားလိုက်သည့်အကြံဉာဏ်တွေဟာထွက်ပေါ်လာတယ်။
ဗြန်ဟတ်ဘွေအသင်းကြီးကလည်း ငွေ၅-သိန်းပဲထည့်ဖို့ဆုံးဖြတ်ပြီးပြီ။ ယခုမှ ငွေ၅-သိန်း ပိုနေတယ်။ ပိုနေသည့်ငွေ ၅-သိန်းဟာ ကျွန်ုပ်အဖို့လုံးလုံး အလွဲသုံးစားတာဝန်ကျရောက်နေပြီ။ ကျွန်ုပ် ပထမအကြံထွက်လာတာကတော့ ကျွန်ုပ်၏တပည့်များကို စားပွဲထိုးမိန်းကလေး ချောချောလှလှများရဖို့ ရှာခိုင်းပြီး၊ ဟော်တယ်မှာခါတိုင်းထက်ပိုမိုရောင်းကောင်းအောင် စီစဉ်ဖို့အကြံထွက်ပေါ်လာပါသည်။
ကျွန်ုပ်၏တပည့်များကြိုးစားရှာဖွေပေးမှုကြောင့် မိန်းကလေးချောချောလှလှကလေးများ ဟော်တယ်ကိုတော့ရောက်လာပါတယ်။ ဒါပေမယ့် ဟော်တယ်မှာထင်သလောက်ရောင်းမကောင်းတော့ ဒီငွေ ၅-သိန်းရဖို့ဟာဘယ်နည်းနဲ့မှမလွယ်ကူလှပါဘူး။
ဒုတိယအကြံဉာဏ်တစ်ခုပေါ်ထွက်လာပြန်တယ်။ ဟိုအချိန်က အင်မတန်သတ္တိရှိသူများဟာ ပင်လယ်ရပ်ခြားကို ဗုံးမကြောက်၊ စက်သေနတ်ပစ်မှာကိုမကြောက်ပဲ ကတ္တူနှင့်သွားလာကူးခတ်ပြီး ထားဝယ်၊ မြိတ်၊ ထားဝယ်၊ ပီနံကိုပြန်ပို့၍ ကုန်ကူးစီးပွားရှာနေသောသူများနှင့် အထက်မြန်မာပြည် တောင်ကြီး၊ မန္တလေးသို့ဆန်တွဲများပို့ပြီး ဟိုကကုန်ကိုဒီပို့ ဒီကကုန်ဟိုပို့လုပ်နေသူများ၏လက်ထဲမှာ ငွေသိန်းပေါင်းများစွာရှိတယ်။ ဒီငွေတွေကိုယ့်လက်ထဲရောက်အောင် ဘယ်လိုလုပ်၍ယူရမလဲဆိုတာကို စဉ်းစားမိတယ်။
ဒါနဲ့ ကျွန်ုပ်ဟာအကြံရပြီး ကျွန်ုပ်၏ဟော်တယ် ၃-ထပ်ပေါ်မှာ ပိုက်ကျူးကြီးကတစ်ဝိုင်း၊ အနီထောင်ကတစ်ဝိုင်း၊ ဖါးကြက်ဝက်ငါးရှဥ့်တို့ပါသည့် ၄-ကောင်ဂျင်ကတစ်ဝိုင်း၊ ကစားဝိုင်းကြီး ၃-၀ိုင်းကိုဖွင့်လိုက်တယ်။ ၃-ရက်အတွင်းကျွန်ုပ်အဖို့ အကောက်အစားတစ်သိန်းကျော်ရပါသည်။ ကျွန်ုပ်ဟာ ဒီအချိန်မှာအင်မတန်မှပျော်ရွှင်နေပါသည်။ စိတ်လည်းချမ်းသာတယ်၊ အားလည်းအားရတယ်။ ယခု၃-ရက်အတွင်း တစ်သိန်းကျော်ရ၍ တနင်္ဂနွေတစ်ပတ်အတွင်း ငွေ၅-သိန်းကိုအလွယ်တကူ ရနိုင်ပါသည်။ ကျွန်ုပ်၏စိတ်ထဲမှာအားကြီးပျော်ရွှင်နေပါသည်။ တရုပ်မှာစကားပုံတစ်ခုရှိတယ်။ စိတ်ဟာ သိပ်ပျော်ရွှင်အားကြီးလျှင် စိတ်ပြန်ညစ်ရတတ်တယ်ဆိုတဲ့စကားပါပဲ။ ဒီစကားဟာ ကျွန်ုပ်အဖို့ မှန်နေပြီ။ ကျွန်ုပ်ဟာ တကယ့်ကိုစိတ်ညစ်စရာအကြောင်းတစ်ခု ပေါ်ပေါက်လာပြန်ရပါသည်။
အကြောင်းက ငွေတစ်သိန်းကျော်ရပြီး ၄-ရက်မြောက်သောနေ့ နံနက် ၁၀-နာရီအချိန်မှာ ကစားဝိုင်းကိုစပြီးတော့ကစားတယ်။ လူကလည်းများ ၀ိုင်းကလည်းကောင်းသည့်အချိန်အခါမှာ သတင်းထောက်လှမ်းရေးဘက်မှလူတစ်ယောက်ဟာ ကျွန်ုပ်ထံကိုရောက်လာတယ်။ ကျွန်ုပ်ကိုတိုးတိုး ပြော၍ အရေးကြီးတဲ့စကားပြောစရာရှိတယ်ဆိုပြီး ၂-ထပ်ကိုခေါ်သွားတယ်။ သူပြောတာက အင်မတန် ခက်သည့်အလုပ်ဖြစ်နေပြီး ဒုက္ခလည်းကျွန်ုပ်အဖို့ရောက်နေပြီ။ ယခုနောက်ပိုင်းမှာ ရာဇ၀တ်ဝန်ထောက် အသစ်တစ်ယောက်ရောက်နေတယ်။ ဒီရာဇ၀တ်ဝန်ထောက်ဟာ နာမည်ကဦးတင်မောင်မောင်တဲ့။ လူကတော့ပိန်ပိန်သေးသေး၊ စိတ်ကတော့အင်မတန်မာတယ်။၊ လာဘ်မစားဘူး။ ဘယ်သူ့မျက်နှာမှလည်း မထောက်ဘူး။ ဒီလူဟာကျောက်ဆည်မှနေ၍ အနောက်ပိုင်းရာဇ၀တ်ဝန်ထောက်ဘ၀နှင့်ပြောင်းလာတာဟာ ပညာလည်းတော်တော်တတ်တယ်။ အိန်္ဒိယပုလိပ်ပညာကိုသွားရောက်သင်ကြားပြီး အောင်လည်း အောင်လာတယ်။ နောက်ပြီးအင်းစိန်အရေးပိုင်ဦးငွေခိုင်၏ဒုတိယသားမက်၊ သာယာဝတီရာဇ၀တ်ဝန်ကြီး ဦးလှတောနှင့်မယားညီအစ်ကိုတော်တယ်။ ဦးတင်မောင်မောင်ကတော့မိန်းမဆုံးသွားပြီ။ စကော့ဈေး ၀န်ထောက်ဦးဘရှင်ဒေါ်အေးကြည်၊ ဦးအောင်ချိန်ဒေါ်သန်းတို့နဲ့တော်တော်ခင်ကြတယ်လို့ ထောက်လှမ်းရေးလူက ကျွန်ုပ်ကိုခေါ်ပြီးလာပြောတယ်။ ကစားဝိုင်းအားလုံးကို ခေတ္တရပ်နားထားပါ။ မတော်တဆ အမှတ်တမဲ့လာပြီးဖမ်းနေရင် အားလုံးဒုက္ခရောက်ကုန်ပါလိမ့်မယ်လို့ပြောတော့ ကျွန်ုပ်ကလည်းသူပြောဆိုသည့်အတိုင်း ကစားဝိုင်းအားလုံးကို ရပ်ခိုင်းလိုက်တယ်။ ကစားနေကျသည့်လူများဟာလည်း အင်မတန်စိတ်ပျက်ပြီးပြန်သွားကြတယ်။ ကျွန်ုပ်လည်း စိတ်မပျော်ရွှင် တော့ပဲစိတ်ပြန်ညစ်ပြီး ကုလားထိုင်ပေါ်မှာစိတ်ညစ်ညစ်နှင့်အိပ်နေလိုက်သည်။
နောက်ပြီး ညနေ၃-နာရီလောက်ကျတော့ အခြားသတင်းထောက်လှမ်းရေးတစ်ဦးလာတယ်။ ဒီနေ့ညနေ ၆-နာရီ ၇-နာရီလောက်မှာ ဦးတင်မောင်မောင်နှင့်ဦးဘရှင်သူတို့ ၂-ဦးဟာ ရိုးရိုးအ၀တ်အစားဖြင့်ဟော်တယ်ကို စားသောက်ဖို့လိုလို၊ စုံစမ်းဖို့လိုလို လာကြမယ်ဆိုတဲ့သတင်းကို လာပေးတယ်။ ကျွန်ုပ်ဟာ ဒီသတင်းလည်းရရော ညနေ ၅-နာရီမထိုးခင်ကထဲက လှေခါးဝမှာ ကုလားထိုင်နှင့်ထိုင်ပြီးတော့စောင့်နေတယ်။ ညနေ ၅-နာရီခွဲလောက်ကျတော့ ဦးဘရှင်နှင့်ဦးတင်မောင် တို့ ၂-ဦးဟာ ပိုးလုံချည်တိုက်ပုံအင်္ကျီတို့ကို ကျကျနန၀တ်ဆင်ပြီးတော့ကျွန်ုပ်၏ဟော်တယ်ကို လာကြပါတယ်။ ဒီတုန်းက ကျွန်ုပ်ဟာ ဦးတင်မောင်မောင်ကိုမသိသေးပါဘူး။ ကျွန်ုပ်၏မိတ်ဆွေဟောင်း ဦးဘရှင်ကမိတ်ဆွေဖွဲ့ပေးပါသည်။ ကျွန်ုပ်ဟာ သူတို့နှစ်ဦးကို အလယ်ထပ်သို့ခေါ်လာပြီး အခန်းဖွင့် ပေး၍ ကျကျနန တရုပ်ဟင်းမျိုးစုံနှင့် ဧည့်ခံကျွေးမွေးပါသည်။
ဦးဘရှင်ဟာလူချောတစ်ဦးဖြစ်တယ်။ ကျွန်ုပ်၏စားပွဲထိုးမိန်းကလေးများဟာလည်း ဦးဘရှင်ကို အစကထဲကသိကျွမ်းနေပါ၍ပိုပြီးတော့ဂရုစိုက်ကြပါသည်။ သူတို့လည်း နည်းနည်းပါးပါးသောက်စား ပြီးတော့ ရီစရာမောစရာစကားများကိုပြောကြတယ်။ နောက်ပြီးသူတို့စားသောက်ပြီး၍ ပြန်ခါနီးအချိန် ကျမှ ဦးတင်မောင်မောင်ဟာ ၃-ထပ်ပေါ်ကိုတက်ပြီးကြည့်ချင်တယ်လို့ ကျွန်ုပ်ကိုပြောတယ်။ ကျွန်ုပ်ဟာ သူတို့ ၂-ဦးကိုခေါ်ပြီး ၃-ထပ်ပေါ်ကိုအတူတူတက်လာတယ်။ ၃-ထပ်ပေါ်ကိုရောက်တော့ သူတို့ဟာ အနီထောင်ခုံကိုလည်းမြင်တယ်။ ပိုက်ကျူးခုံကိုလည်းမြင်တယ်။ လေးကောင်ဂျင်ခုံကိုလည်းမြင်တယ်။ သူတို့၂-ဦးဟာ ဒါဘာလုပ်တာလဲလို့ကျွန်ုပ်ကို ရီကာမောကာနှင့်မေးကြတယ်။ ဒီခုံ ၃-ခုံဟာဘာလုပ် တာလဲလို့ထပ်မေးတယ်။ ဒီတော့ကျွန်ုပ်က ကျွန်ုပ်ရဲ့ဖြစ်ပုံအလုံးစုံကို ဦးတင်မောင်မောင်အား ပြန်ပြောပြလိုက်ပါသည်။
ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးမှ ဗမာ့တပ်မတော်ရန်ပုံငွေကို ၅-သိန်းထည့်ရန် ဆုံးဖြတ်ထားပါသော်လည်း ကျွန်ုပ်ကအခြားအသင်းများကို အနိုင်မခံအရှုံးမပေးချင်သည့် အတွက် ပြိုင်ပြီးငွေ ၁၀-သိန်းထည့်လိုက်မိသည့်အတွက်ကြောင့် အင်မတန်မှ ကျွန်ုပ်မှာအခက်အခဲနှင့် တွေ့နေရပါတယ်။ ဗြန်ဟတ်ဘွေအသင်းကြီးမှာလည်း ငွေ ၅-သိန်းပဲရှိတယ်။ ပေးရမှာက ၁၀-သိန်းဖြစ်နေပြီး ဗမာ့တပ်မတော်ထောက်ပံ့ရေးရန်ပုံငွေကလည်း ကတိခံခဲ့သည့်အတွက် မပေးလျှင် မဖြစ်ပါ။ ကျွန်ုပ်မှာ ဤကဲ့သို့အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် လောင်းကစားဝိုင်းဖွင့်ပြီး အကောက်အစားယူဖို့ပါဟု ကျွန်ုပ်က ဦးတင်မောင်မောင်ကို ရှင်းပြပြောဆိုလိုက်ပါသည်။ ဦးတင်မောင်မောင် ကလည်းကျွန်ုပ်ကိုပြန်ပြောတယ်။ ကျွန်ုပ်ဟာဒီအနောက်ပိုင်းကိုရောက်လာတာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ကျွန်ုပ်၏အထက်လူကြီးများကသိလျှင် ကျွန်ုပ်ကိုတလွဲထင်နေပါ့မယ်။ သို့အတွက် ဦးစပ်စုရယ် ကြည့်လုပ်ပါလို့ပြောသွားတယ်။ ကျွန်ုပ်ကလည်းကောင်းပါပြီ၊ ဒီလိုတလွဲထင်မှာကြောက်ရင် ဦးတင်မောင်မောင်ကလည်းရောက်လာတာမကြာသေးတော့ သဘက်ခါလောက်ကျရင် လူကြီးတွေ အစုံအလင်နှင့် ထမင်းစားမိတ်ဆက်ဧည့်ခံပွဲတစ်ခုကို ပြုလုပ်ပါမယ်။ ဦးတင်မောင်မောင်ကို အားလုံးနဲ့လည်း မိတ်ဆက်ပေးပါ့မယ်။ ဦးတင်မောင်မောင်၏ချစ်ခင်သည့်မိတ်ဆွေတွေကို ခေါ်ချင်လျှင်လည်းနာမည်ပေးပါလို့ ကျွန်ုပ်ကပြောဆိုလိုက်သည်။
နောက်တစ်ရက်ကျတော့ ဦးတင်မောင်မောင်နှင့် သူ့ညီဦးခင်မောင်မောင် ဦးအောင်ချိန်၊ ဦးဘရှင် သူတို့ ၄-ဦးဟာ ကျွန်ုပ်ဟော်တယ်မှာ လာရောက်စားသောက်ကြပြန်တယ်။ ဦးခင်မောင်မောင်ကို ကျွန်ုပ်ကမသိပေမယ့် ဦးတင်မောင်မောင်က ဒါသူ့ညီလို့မိတ်ဆက်ပေးတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ မျက်နှာချင်းသိပ်ဆင်တူတယ်။ သူတို့၎-ဦးကို ကျွန်ုပ်ဟာ ထမင်းစားပွဲစားရင်းထဲမှာ သွင်းထားလိုက်တယ်။ နက်ဖြန်ခါကိုဆက်ဆက်ကြွကြပါလို့ မှာလိုက်တယ်။ သူတို့ကလည်း ကောင်းပါပြီလို့ပြောဆိုပြီးတော့ ပြန်သွားကြတယ်။
ကျွန်ုပ်၏မိတ်ဆက်ဧည့်ခံထမင်းစားပွဲပြုလုပ်သည့်နေ့ရက်ကျတော့ ကြွရောက်လာကြသည့် လူကြီးများမှာ ဆာဦးသွင်၊ ဆာမြဘူး၊ ဦးစောလှဖြူ၊ သခင်မြ(ဒုတိယ၀န်ကြီးချုပ်)၊ သခင်လွန်းဘော် (ပြည်ထဲရေးဝန်ကြီး)၊ ဦးဘ၀င်း၊ ပျော်ဖွယ်ဦးမြ(ကူးသန်ရောင်းဝယ်ရေးဝန်ကြီး)၊ ဦးလှဖေ (သစ်တော ရေးဝန်ကြီး)၊ ဦးထွန်းအောင် (ချွေးတပ်ဝန်ကြီး)၊ ဦးချစ်မောင် (အဓိပတိအတွင်းဝန်)၊ သခင်တင်၊ ဗိုလ်ရန်နိုင်၊ ဦးညွန့်ဟန် (ပြည်ထဲရေးဝန်ကြီးအတွင်းဝန်)၊ ဦးကာစီ (ICS)၊ ဦးပိုင် (ICS) (ကူးသန်းရောင်းဝယ်ရေးအတွင်းဝန်)၊ ဦးညွန့် (ICS)၊ ဦးတင် (ICS)၊ ဦးအုန်းကျော် (မြန်မာတစ်ပြည်လုံး ရဲဗိုလ်ချုပ်)၊ ဦးဘရီ (ရန်ကုန်ပုလိပ်မင်းကြီး)၊ ဦးထွန်းအုံ (ဒုတိယပုလိပ်မင်းကြီး)၊ ဦးစိုးညွန့် (မြူနီစပါယ်မင်းကြီး)၊ ဦးလှအောင် (မြူနီစပါယ်အင်ဂျင်နီယာ)၊ ဦးလှသွင်၊ ဦးဘဆွေ (ကေဘိုတိုင် ဗိုလ်ချုပ်)၊ ဦးဘထွန်း၊ ဦးဘအေး (နံပါတ်တစ် ဒုတိယပုလိပ်မင်းကြီး) နံပါတ် ၂ - ဦးဘအေးကို ဖိတ်ကြားထားပါသော်လည်းမလာနိုင်ပါ။ ဦးကိုကို (ကုန်စည်ကြီးကြပ်ညွှန်ကြားရေးဝန်)၊ ဦးဇင် (ချွေးတပ်ဝန်ကြီးအတွင်းဝန်)၊ ဦးစံလင်း (တရားသူကြီး) တို့ဖြစ်ပါသည်။
ဒီထမင်းစားပွဲတုန်းက ဦးအုန်းကျော်လာတာဟာ နည်းနည်းနောက်ကျပါတယ်။ ဦးဗဆွေတို့ ထိုင်သည့်ခုံမှာဝင်ထိုင်ပါသည်။ ဦးအောင်ချိန်၊ ဦးဘအေး၊ ဦးတင်မောင်မောင်၊ ဦးခင်မောင်မောင်တို့ဟာ ဦးအုန်းကျော်ကြွရောက်လာသည့်အခါမှာ အကုန်လုံးမတ်တတ်ရပ်ပြီးအလေးပြုကြပါတယ်။ ၎င်းတို့မှာ ဆန်းဦးညွန့်၊ ဦးသံဒိုင်၊ ဆရာကြီးဦးဘ၊ သီဟိုဠ်သံအမတ်ဦးတင့်ဆွေ (ဟိုတုန်းကသံအမတ်မဖြစ် သေးပါ)။ ၎င်းနောက် တရုပ်အမျိုးသားလူကြီးလူကောင်းများ၊ ဂျပန်စစ်ဗိုလ်အရာရှိကြီးငယ်များနှင့် လူပေါင်း ၁၀၀-ကျော် ၂၀၀-လောက်ကို မိတ်ဆက်ဧည့်ခံကျွေးမွေးပြုစုပါသည်။
ကျွန်ုပ်က သီလသမာဓိ ငါးပါးသီလကိုမြဲသည့်လူကြီးလူကောင်းများကိုလိုက်ပို့ပြီး ပြန်လာသည့် အခါမှာ ကျွန်ုပ်၏ဟော်တယ်မှာ အရက်သောက်တတ်သည့်လူကြီးများနှင့် ကစားတတ်သည့် လူကြီးလူကောင်းများ ၂၀-ကျော် ၃၀-လောက်ကျန်ပါသေးသည်။ ဒီတုန်းအခါကျမှ ကျွန်ုပ်ဟာ တစ်ခါထဲ ကစားဝိုင်း၃-ခုံကိုပြင်ဆင်လိုက်ပါတယ်။ ဟိုတုန်းကလမ်းပေါ်မှာရပ်ကြည့်နေတဲ့သူတွေကလည်း တော်တော်များတယ်။ ၀န်ကြီးစီသည့်ကားတွေဟာ ဟိုတုန်းကဒေါင်းအလံထူထားပါသည်။ ကျွန်ုပ်နှင့် သိသည့်လူများဟာလည်း မစောင့်နိုင်တော့ပဲကစားချင်လို့တက်လာကြပါတော့သည်။
ဒီအချိန်မှာ (ကူးသန်းရောင်းဝယ်ရေးဝန်ကြီး) ပျော်ဖွယ်ဦးမြသည် သူနှင့်အင်မတန်ရင်းနှီးသူ ချိ(ဖ်)လမ်းဦးစိန်နှင့်အတူ အနီထောင်ဝိုင်းမှာထိုင်နေကြပြီး ၀န်ကြီးပျော်ဖွယ်ဦးမြက အနီထောင်ကို လှည့်ပြီးကစားနေတယ်။ ကျွန်ုပ်၏အကြောင်းကိုသိသည့်အတွက် အားပေးပြီးကစားနေခြင်းဖြစ်ပါသည်။ မကောင်းသည့်အလှည့်ကျရင် တစ်မူးတစ်မတ်လောက်ပဲထိုးပါသည်။ ကောင်းသည့်အလှည့်ကျရင် ၅၀၀၊ ၁၀၀၀ လောက်ထိုးပါတယ်။ ၁၅-မိနစ်လောက်ကြာတော့ သူဟာ ၉၅၀လောက်ရှုံးနေပါပြီ။ အကောက် ၉၅ကျပ်ကိုပေးတယ်။ ကျန်ငွေသူ့ပိုက်ဆံ ၈၅၅ ကျပ်ရှုံးတယ်။ ဒီပိုက်ဆံကို ကျွန်ုပ်ကို ထုတ်ပေးပြီး ဒီဝိုင်းထဲမှာချပေးလိုက်တယ်။ ကစားပြီးတော့သူတို့နှစ်ဦးဟာလည်း အတူတူပြန်သွား ကြတယ်။ သူတို့ ၂-ဦးပြန်သွားကြပြီးတော့ ကစားဝိုင်းထဲမှာကစားနေသည့်လူတွေရော လာပြီးကြည့် နေကြသည့်သူရော အများကြီးပြည့်ကြပ်နေတာပါပဲ။ ၀န်ကြီးကိုယ်တိုင် အနီထောင်ကစားသွားတယ်။ အိမ်မှာပိုက်ဆံများများသွားယူ၊ စိတ်ချလက်ချကစားကြတော့ ပြောဆိုနေကြသံကို ကျွန်ုပ်ကိုယ်တိုင် ကြားနေရပါတယ်။
ဒီညတစ်ညမိုးလင်းအထိကစားကြတယ်။ ဒီညတစ်ညထဲကစားတာ ဟိုပေးဒီပေးကုန်ကျသည့် စရိတ်အပြင် တစ်သိန်းလောက်နိုင်ပါတယ်။ နောက် ၇-ရက်လောက်ကြာကြာကစားရတော့ ကျွန်ုပ်အဖို့ ၆-သိန်းလောက်ကျန်တယ်။ ဗမာ့တပ်မတော်ကို ရန်ပုံငွေ ၅-သိန်းထည့်ပေးပြီးသည့်အပြင် ကျွန်ုပ်မှာ တစ်သိန်းလောက်ကျန်ပါသေးသည်။

No comments:

Post a Comment