Thursday, September 9, 2010

ဦးဗဆွေ၏ နှုတ်ခမ်းနီ

ဦးဗဆွေ၏ နှုတ်ခမ်းနီ

          ကျွန်ုပ်အမြင်၌ လူဟူသည်မှာ အခါအခွင့်သင့်လေတိုင်း အကောင်းအဆိုးအလုပ် ကုသိုလ်၊ အကုသိုလ်ကို လွန်ကျူးနေသောသတ္တ၀ါမျိုးဖြစ်လေသည်။
          ကိုယ်ပြုခဲ့သောဖြစ်ရပ်အမှန်ကို အစစ်ခံဝံ့သူအတော်ရှားပါပေ၏။ အများအားဖြင့်လူသည် ကိုယ်ကောင်း သောအလုပ် ကုသိုလ်တရားများကိုသာ ရက်ယူ၍ ပါးစပ်မှ တဖွဖွပြောနေတတ်သော်လည်း ပြုခဲ့သော မကောင်းမှု အကုသိုလ်များကိုမူ တနည်းမဟုတ်၊ တနည်းနည်းဖြင့် ထိန်ဝှက်ထားတတ်ကြ၏။ ဤတို့သည် မကောင်း။
          ကျွန်ုပ်သဘောဆန္ဒက လူသည် သူပြုခဲ့သော ကောင်းမှုမကောင်းမှု၊ ကုသိုလ်အကုသိုလ် မှန်မမှန် သစ္စာကို ရဲရဲဝံ့ဝံ့ပြောရဲရမည်၊ ရေးရဲရမည်။ သို့မှ သာလျှင် ဖြောင့်မှန်သောလူဖြစ်ပေလိမ့် မည်ဟု ယုံကြည်ထား၏။
         
ကျွန်ုပ်၏ဘ၀ ခရီးလမ်း တလျှောက်ဝယ် ကောင်းသောအလုပ်၊ ဆိုးသောအလုပ်၊ သူ့ကဏ္ဍနှင့်သူ အများကြီး ရှိလေသည်။ ကျွန်ုပ်အဖို့ သူတစ်ဦးတစ် ယောက်အတွက် အနစ်နာအဆုံးရှုံးခံခဲ့ရ သည်လည်းရှိ၏။ ကျွန်ုပ်သည် သူတစ်ဦး တစ်ယောက်ကို ခုတုံးလုပ်၍ လိမ်ခဲ့၊ ညာခဲ့၊ ပွေခဲ့၊ ရှုပ်ခဲ့သည်များလည်းရှိ၏။ ဤသည်တို့ကား ဘ၀ကြေးမုံပြင်ဝယ် ဖျောက်၍မရနိုင်သော အရိပ်များပင်တည်း။
          ကျွန်ုပ်ပွေရှုပ်ခဲ့သော ဘ၀ဇာတ်ခုံ ပေါ်မှ တစ်ခန်းသောဇာတ်ကွက်တစ်ကွက်
ကို ထုတ်နှုတ်တင်ပြ ရပါလေသော် ....။        
          ၁၉၅၇-ခုနှစ်၊ ဒီဇင်ဘာလ ၁-ရက်နေ့ ...
          ဤနေ့ရက်တွင် ဘီ-အို-အေ-စီ လေယာဉ်ပျံဖြင့် ကျွန်ုပ်နှင့်ဇနီးမကျင်မြိုင်၊ ၈-လသမီးလေး စုစုကြည်တို့ ၃-ယောက်သည် မင်္ဂလာဒုံလေဆိပ်မှ ကွယ်လွန်သွားသောမိတ်ဆွေဟောင်းကြီး အိန္ဒိယအမျိုးသား ခေါင်းဆောင် ဆူဘတ်ချန်ဒရာဘို့(စ်)ကို အလေးပြုရန်ထွက်ခွာသွားကြလေသည်။
          ဒီဇင်ဘာလ ၂-ရက်၊ မနက်ငါးနာရီခွဲ ကောင်းလုံလေဆိပ်၌ဆိုက်ရောက်လေသည်။ လေဆိပ်၌ ဗွီအန်ကုမ္ပဏီသူဌေးကျန်ကီဝှား(ဗမာပြည်ရှိ ဗွီစီးကရက်သူဌေးကျန်ကီအင်၏အစ်ကို)က ကျွန်ုပ်တို့အား လာ၍ကြိုဆိုလေသည်။ ကောင်းလုံဟူသည်မှာ ဟောင်ကောင်မြို့တစ်ဘက်၌တည်သောမြို့ဖြစ်လေသည်။ ဟောင်ကောင်းမြို့နှင့် ကောင်းလုံ၏ကြားတွင် ကောင်းကျုမြစ်ကြီးခြားနေ၏။ ကောင်းလုံဘက်မှ ဟောင်ကောင်း မြို့ဘက်ကမ်းသို့ ကတို့ဖြင့်ကူးရသည်။လူများသာမက ၀န်လေးသောကားကြီးကားငယ်များကိုပင် သယ်ယူဆောင်နိုင်သည်။
          ဤနေ့ညခုနှစ်နာရီတွင် မြန်မာပြည်ကောင်စစ်ဝန်ချုပ်ဦးကျင်ပိုတို့ဇနီးမောင်နှံက ဧည့်ခံကျွေးမွေး လေသည်။ နေရာသည်ကား ဟောင်ကောင်၌ အလွန်အမည်ထင်ရှားကျော်ကြားသည့် ကင်းစိန်ဟော်တယ်၊ (ရွှေမြို့ရိုးဟော်တယ်)၌ဖြစ်သည်။ ဤဟော်တယ်ကြီးသည် အလွန်ကြီးကျယ်ခမ်းနားလှသည်။ ထမင်းစားခန်း၊ ကပွဲအခန်း၊ အိပ်ခန်း၊ အပြည့်အစုံရှိသည်။ ထိုထမင်းစားပွဲကြီးတွင် မြန်မာပြည်မှ မြန်မာဧည့်သည်တော်  တော်များများတက်ရောက်နေကြသည်မှာလည်း ခန်းလုံးပြည့်လုမတတ်အောင်ပင်တွေ့ရပြန်၏။ ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်သူကာနယ်မင်းစိန်၊ ကျန်းမာရေးဝန်ကြီးဒေါက်တာစိန်ဘန်း၊ သူတို့ ၂-ဦးသည် ဂျပန်ပြည်ကျန်းမာရေး အစည်းအဝေးမှအပြန်တွင် ခေတ္တဟောင်ကောင်းသို့ဝင်နားစဉ်နှင့်ကြုံကြိုက်နေ၍ ဤသူနှစ်ဦးလည်း ကျွန်ုပ်တို့နှင့် အတူ ထမင်းစားပွဲ၌ တွေ့မြင်ရလေသည်။
          ဤထမင်းစားပွဲတွင် ဗမာပြည်၌နေထိုင်သွားဖူးသော တရုပ်သူဌေးမိတ်ဆွေတစ်ယောက်နှင့်ဆုံဆည်း လေသည်။ သူကလည်း ကျွန်ုပ်နှင့် ဆိုးကောင်းတိုင်ပင်နေကြသူများဖြစ်သည့်အလျောက် ကျွန်ုပ်ဟောင်ကောင်း သို့လာသောအခါ ဇနီးခေါ်လာခဲ့သည်ကို များစွာအပြစ်တင်နေလေသည်။ မိန်းမအလွန်ပေါသောနေရာ၌ ကိုယ့်ဇနီးခေါ်လာခြင်းသည် မသိနားမလည်သောတောသားတစ်ယောက်ကဲ့သို့ဖြစ်နေရရှာသည်။
          သည်ဟော်တယ်အတွင်းရှိ တွဲ၍ကရန်အသင့်ထားရှိသော တရုပ်အမျိုးသမီးအကမယ် လှလှချောချော လေး ၂-ယောက်ကို ကျွန်ုပ်က မျက်စေ့ကျ၍နေလေသည်။ အမှန်တော့လည်း ကျွန်ုပ်မျက်စေ့ကျလောက်အောင် လှရက်ရှာသူကလေးများဖြစ်လေသည်။ သူတို့သည် ညီအစ်မ ၂-ဖေါ်ဖြစ်သည်။ ကျွန်ုပ်သည်ကား ဤညီအစ်မ ၂-ဖေါ်ကို အစွဲကြီးစွဲနေမိတော့သည်။ သူကလေးများနှင့်အတူ ကျွန်ုပ်သည် တွဲ၍ကခဲ့သေးသည်။ ပြီးနောက် မိတ်ဆွေ တရုပ်သူဌေးကလည်း အပြောကောင်း၊ အဆွယ်ကောင်း၏။ ကျွန်ုပ်အဖို့ကား ရေငတ်သူ ရေတွင်းထဲကျ သကဲ့သို့ဖြစ်နေလေသည်။
          ကျွန်ုပ်၏ဇနီးမကျင်မြိုင်ပါလာ၍လည်းတစ်ခက်၊ သူ့အာဏာစက်ကွင်းမှလွတ်ရန်လည်း အကြံထုတ်ရ ပြန်သေးသည်။ ဤနေရာမျိုး၌ ထူးထူးခြားခြားရွှေဉာဏ်တော်စူးရောက်သောကျွန်ုပ်က အကွက်ဆင်ရလေသည်။ ကျွန်ုပ်အကွက်ဆင်ပုံကား ဤသို့ဖြစ်လေသည်။ 
          မြန်မာပြည်တွင်အနေကြာ၍ ဗမာစကားကို လည်လည်ပတ်ပတ်ပြောတတ်သောတရုပ်တစ်ယောက်ကို ဟော်တယ်၌ရှာသည်။ ရှာ၍တွေ့လေသည်။ သူ့ကိုကျွန်ုပ်က တိုးတိုးတိတ်တိတ်မှာကြားထားရသည်မှာ ..
          ““နောက်မိနစ်နှစ်ဆယ်ကြာရင်စန်ကောင်ဟော်တယ် ၄-ထပ်အခန်း နံပါတ် ၄၀၂-ကို တယ်လီဖုန်း ဆက်ပြီး ဦးစပ်စုရှိသလား ဒေါက်တာစိန်ဘန်း၊ ကာနယ်မင်းစိန်တို့က စကားပြောချင်လွန်းလို့ဖုန်းဆက်””ဟူ၍ မှာကြားပြီး၊ ၂-ဦးသားလက်မှ ပတ်ထားသောနာရီကို အချိန်တိုက်ကြလေသည်။
          ပြီးနောက်တွင်ကား ကျွန်ုပ်တို့တည်းခိုရာဟော်တယ်သို့ပြန်လာကြသည်။ ကျွန်ုပ်၏စေတသိက်ထဲတွင် မရောက်သေးသောအချိန်ကို မြန်မြန်ရောက်စေချင်နေသည်။ ဟော်တယ်ရှိကိုယ့်အိပ်ခန်းအတွင်းသို့ ပြန်ရောက် သည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်သည် ကိုယ်ပေါ်မှ အင်္ကျီအ၀တ်အစားများကိုချွတ်ကာ ရေချိုးခန်းထဲသို့ ၀င်သွားပြီး ရေချိုးနေလေသည်။ သဘောကား တယ်လီဖုန်းလာလျှင် မကျင်မြိုင် လွတ်လွတ်လပ်လပ် စကားပြောစေချင်သောကြောင့်ပင်တည်း။
          ရေချိုးပြီး၍ ကျွန်ုပ်ရေချိုးခန်းထဲမှထွက်လာသည်။ ဇနီးဖြစ်သူမကျင်မြိုင်နှင့်မျက်နှာချင်းဆိုင်လိုက်သည်။ကျွန်ုပ်သည်ဟန်မပျက် မူမပျက်ရလေအောင်မနည်းသတိထားရလေသည်။ဇနီးမကျင်မြိုင်ကျွန်ုပ်အား တွေ့လျှင် တွေ့ခြင်း      ...
          ““ဒေါက်တာစိန်ဘန်းနဲ့ကာနယ်မင်းစိန်တို့က    စကားပြောစရာရှိလိုခဏတွေ့ချင်တဲ့အကြောင်း တယ်လီဖုန်းလာတယ်””
          ကိုယ်ဆင်ထားသောထောင်ချောက်ထဲဝင်လေပြီဖြစ်၏။
          ကျွန်ုပ်က ၀မ်းသာလွန်းနေ၍ အားပါးတရဟစ်၍ဟစ်၍ ရယ်လိုက်ချင်သည်။ သို့သော် ဇနီးသည် မကျင်မြိုင်ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် မျက်နှာထားတည်တည်ကြီးလုပ်နေရလေသည်။ ထို့နောက် ပိုင်းတွင်ကား ဇနီးသည်ထုတ်ပေးသော အင်္ကျီအ၀တ်အစားများကို ၀တ်ဆင်ပြီး ဟော်တယ်အပြင်ဘက်သို့ ထွက်ခဲ့လေသည်။ ကျွန်ုပ်၏ခြေလှမ်းများမှာ မြန်ပြီးသွက်နေသည်။ ကျွန်ုပ်၏စိတ်သည်လည်း ဇောင်းထဲမှ လွှတ်သောမြင်းပမာ မြူးထူးတက်ကြွနေလေသည်။
          ကျွန်ုပ် ကင်းစိန်ဟော်တယ်သို့ရောက်သောအခါ အကြည်တော်တရုပ်သူဌေးနှင့်တွေ့ရသည်။ ကျွန်ုပ်၏ အချစ်တော် ညီအစ်မနှစ်ဖေါ်ကလည်းအသင့်ရှိနေကြသည်။ ကျွန်ုပ်သည် ပြောစရာရှိသော စကားအနည်းငယ်ကို ပြောကြားပြီး ဤညီအစ်မနှစ်ဖေါ်ကို တစ်ယောက်စီတွဲ၍ကလေသည်။ ကပွဲခန်းမကြီး၌ထွန်းညှိထားသော မီးရောင်သည်သိပ်မလင်းလှပေ။ မှိန်၍နေပေသည်။ သို့ကလိုပြုလုပ်ထားခြင်းကား ပြပွဲသို့ရောက်ရှိလာကြသော  ရွှေပွဲလာဧည့်ပရိတ်သတ်၏စိတ်ကို တမျိုးတဖုံအာရုံဖြစ်စေနိုင်ပေသည်။
          အကြီးဖြစ်သူကျင်ဝှားနှင့်ကျွန်ုပ်သည် တွဲ၍ကကြသည်။ အနှီမရွှေချောက လူသာချောလှသည်မဟုတ်၊ အကကလည်း သွက်သည်၊ ညက်သည်။ အကပညာဘက်တွင်အတော်ကြီးမဟုတ်သောကျွန်ုပ်ကို သူကဖေးမပြီး ခေါ်ဆောင်သွားလေသည်။ ကျွန်ုပ်သည် သူ၏ဆွဲဆောင်ရာသို့ ပါသွားရရှာသည်။ လေအဝှေ့တွင် ကြွေ လေသောရွက်ငယ်လေးပမာနှယ် ..
          ကျွန်ုပ်ကလည်း သူ့ကိုကြည့်နေသည်။ သူကလည်း ကျွန်ုပ်ကိုကြည့်လေသည်။ နှစ်ဦးသား၏ ၀င်းလက်တောက်ပြောင်သောမျက်လုံးများကဆိုင်နေကြသည်။ သူကရိသဲ့သဲ့အသံလေးဖြင့်ပြောသည်။
          ““ဗမာပြည်ကအမျိုးသမီးတွေက အမျိုးသမီးတွေဟာ မုန့်ကိုသာဝေစားနိုင်ပေမယ့် လင်ယောက်ျားက တခြားမိန်းမချစ်မှာကို သိပ်စိုးရိမ်တယ်။ ကျမကိုယ်တိုင် ဒီဟော်တယ်ကို ဗမာအမျိုးသားတွေ ရောက်လာတုန်းက ဗမာအမျိုးသမီးကလိုက်လာပြီး လည်စီးကိုဆွဲခေါ်သွားတာတွေ အများကြီးပဲတွေ့ဖူးတယ်””
          
ကနေတုန်းအခိုက်အတန့်ဝယ် သူစကားပြောလိုက်သောကြောင့် အရသာပျက်သွားသလိုလို ဖြစ်သွားလေသည်။
          သူပြောသကဲ့သို့ ဟုတ်တော့လည်းဟုတ်ပါပေသည်။ ကျွန်ုပ်တို့ဗမာပြည်ရှိအမျိုးသမီးများသည် ချစ်ရေးချစ်ရာဘက်၌ ယခုဟော်တယ်မယ်ပြောသကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ရသည်။ များသောအားဖြင့် အမျိုးသမီးများသည် ဤကိစ္စမျိုးဘက်၌ များစွာသဘောထားသေးသိမ်ကြောင်းတွေ့ရလေသည်။ လူတိုင်းကိုတော့ မဆိုလိုပါ။ အချို့သောဗမာအမျိုးသမီးများ သဘောထားသေးမှုသည်၊ ဗမာပြည်ရှိသူများသာ သိရှိသည်မဟုတ်၊ ဟောင်ကောင်းမြို့သူများပင် သိရှိနေကြသည်။ (ထိုမျှသာမက ဂျပန်တိုကျိုသူများလည်း သိရှိနေကြောင်းကို ကျွန်ုပ်ကိုယ်တွေ့အရသိရှိခဲ့ရလေသည်။)
          သူနှင့်ကျွန်ုပ်သည် ကပွဲခန်းမကြီး၌ တစ်နာရီကျော်ကျော်ခန့်အချိန်ဖြုန်းနေကြသည်။ ပြီးလျှင်မူ ဤဟော်တယ်၏ခုနှစ်ထပ်သို့ အမကြီးဖြစ်သူနှင့်ကျွန်ုပ်သည် ဓါတ်လှေခါးဖြင့် တက်လာခဲ့လေပြီ။
          အခန်းအတွင်းသို့နှစ်ဦးသားရောက်လေပြီ။ သူကကျွန်ုပ်အား မခို့တရို့အပြုံးနှင့်ကြည့်ကာ ..
          ““ရှင့်စိတ်တိုင်းကျပြုစုပေးဖို့ ကျမတို့ညီအစ်မကို သူဌေး (  )က မှာကြားထားပါတယ်။ ရှင်ဗမာပြည်ရောက်တဲ့အထိ ကျမတို့ အကြောင်းကို မေ့မရနိုင်အောင်ပြုစုရမယ်တဲ့။ ကဲ .. ဒီတော့ ရှင်နဲ့ ကျမတို့ ချစ်ကြရအောင်””
          ဤသို့ဖိတ်ခေါ်သံကြားလိုက်လေမှ ကျွန်ုပ်၏ရင်သည် တုန်၍ သွားလေသည်။ အမှန်တော့လည်း ကျွန်ုပ် တစ်သက်နှင့်တစ်ကိုယ် သူနှင့် လာကြုံရဆုံရခြင်းသည် အိပ်မက်ကမ္ဘာထဲရောက်နေသည်နှင့် တူလှ၏။ သူနှင့်တွေ့လိုက်လေသော တဒင်္ဂလေးသည် တစ်လောက လုံးကိုပျောက်သွားပြီး လောကနိဗ္ဗာန်ရောက်နေခြင်းနှင့် မခြားလှပါပေ။
          သူ့အလှည့်ကပြီးလေ၏။ အခန်းထဲမှသူသည် ဘောက်ဆပ် ဘောက်ဆပ်လျောက်ဟန်လေးဖြင့်ထွက်သွားလေသည်ကို ကျွန်ုပ်က ငေးမောကြည့်ရှုနေမိသည်။ ပြီးနောက် မကြာမြင့်သော အချိန်ပိုင်းလေးတွင် စောစောကထွက်ခွာသွားလေသောကျင့်ဝှား၏ညီမလေး ကျင်ယမ်းဝင်လာပြန်သည်။ သူကလည်း ခေသူတစ်ယောက်မဟုတ်။ ရုပ်ကလည်းချောသည် အပြုအစုအယုအယကလည်းကောင်းသည်။ သူ့ကိုလည်း ကျွန်ုပ်တစ်ခါချစ်လိုက်ရပြန်သေးသည်။
          အလုံးစုံကိစ္စ၀ိစ္စများပြီးလေသော် ညီအစ်မနှစ်ဖေါ်နှင့်အတူ ဟောင်ကောင်းမြို့ကို ကားဖြင့်ရှောက် လှည့်ပတ်ကြလေသည်။ ဟောင်ကောင်းမြို့သည် အာရှတိုက်၌ စည်ကားသောမြို့ကြီးတစ်မြို့ထဲတွင် ပါဝင်လေသည်။ လူများသည် ညဉ့်အခါဖြစ်သော်လည်း မအိပ်ကြသေး၊ တစ်ညဉ့်လုံး လှုပ်ရှားသွားလာ နေကြသည်။ မီးရောင်များက ထိန်ထိန်လင်းအောင် ထွန်းညှိထားကြသည်။ ရှိရှိသမျှသော အလုပ်တိုက်နှင့် ဆိုင်ခန်းများသည်ဖွင့်လှစ်ထားပြီး လူအများရောင်းဝယ်နေကြသည်ကိုတွေ့မြင်ရလေသည်။ ရန်ကုန်မြို့ လမ်းမတော် တန်ဆောင်တိုင်မီးထွန်းပွဲကိုလျောက်ကြည့်ရသကဲ့သို့ပင်တည်း။
          အချိန်အတော်ကလေးကြာသွားသည်။ ညဥ့်သုံးနာရီထိုးလေမှ ဇနီးမကျင်မြိုင်ရှိရာ ဟော်တယ်သို့ပြန်ရောက်လာနိုင်တော့သည်။ ကျွန်ုပ်သည် ဇနီးမကျင်မြိုင်အတွက် အလွန် နာမည်ကျော်ကြားသော ဆာတျာန်ကျွဲကော သီးများကိုဝယ်ယူသွားလေသည်။
          ကျွန်ုပ်ဟော်တယ်သို့ပြန်ရောက်လာ ချိန်တွင် ဇနီးမကျင်မြိုင်က မအိပ်သေးပဲ ထိုင်စောင့်နေသည်ကိုတွေ့မြင်ရလေသည်။ ကျွန်ုပ်ကလည်း မျက်နှာထားပြုံးပြုံးနှင့် ချစ်ဇနီးအား စားသောက်ဖွယ်ပစ္စည်းများ ပေးအပ်လိုက်လေသည်။ ကျွန်ုပ်ကိုယ်ပေါ်မှ
ဝတ်ထားသောအင်္ကျီများကို ချွတ်လိုက်သည်။
မကျင်မြိုင်က ကျွန်ုပ်ချွတ်လိုက်သောအင်္ကျီများကိုယူ၍နမ်းကြည့်လိုက်ပြီး ...
          ““ဒါ ဒေါက်တာစိန်ဘန်းနဲ့ ကာနယ်မင်းစိန်တို့ဆွတ်တဲ့ရေမွှေးမျိုးမဟုတ်ပါဘူး””ဟူ၍ဆိုချေပြီ။
          ဟုတ်ပါပေသည်။ ဤသင်းပျံသောရေမွှေးသည် ဒေါက်တာစိန်ဘန်းနှင့် ကာနယ်မင်းစိန်တို့ ဆွတ်သော ရေမွှေးများမဟုတ်ပါ။ ကျွန်ုပ်၏ အချစ်တုံး၊ အချစ်ခဲ၊ အချစ်စု ညီအစ်မနှစ်ဖေါ်ဆွတ်သော အဖိုးတန် ရေမွှေးနဲ့များဖြစ်ကြလေသည်။
          ကျွန်ုပ်သည် မကျင်မြိုင်ကို ဘာမျှပြန်၍မပြောနိုင်။ သူခိုးလူမိသောမျက်နှာငယ်လေးဖြင့်နေရပေသည်။
          ကိုယ့်ဇနီးပေမို့ပြောခြင်းမဟုတ်။ မကျင်မြိုင်သည် အလွန်ပါးသူတစ်ယောက်ဖြစ်လေသည်။ ကိုယ့်လင်ယောက်ျား တခြားမိန်းမများထံသွား၍ ပျော်ပါးသည်ကို အ၀တ်အစားများ၌စွဲကျန်ရစ်သည့် ရေမွှေးပေါင်ဒါနံ့များကို သဲလွန်စဖမ်းရမည်ဟူသောပညာကို ဗမာပြည်ရှိမင်းကတော်ပိုင်းမှတဆင့် တတ်ကျွမ်းလာသည်ဆိုပါလျှင် မမှားပါပေ။ ဤသို့သောပါးနပ်မှုအသိပညာဖြင့်ပြည်စုံလေသောကြောင့် ကျွန်ုပ်နှင့် အကြောင်းပါလာခဲ့ရခြင်းဖြစ်လေသည်။
          နောက်တစ်နေ့တွင် ကျွန်ုပ်သည် မှတ်မှတ်ရရ ညီအစ်မ နှစ်ဖေါ်နှင့်အတူ ဓါတ်ပုံတွဲရိုက်ထားလေသည်။ ဤနေ့ညတွင် ဟောင်ကောင်းမြို့၌ အလွန်ထင်ရှားသော တိုင်တုံးဟော်တယ်ကြီးတွင် ဗွီအန်စီးကရက်သူဌေး ကျန်ကီဝှားက ဂုဏ်ပြုထမင်းစားပွဲကြီး ပြုလုပ်၍ ဧည့်ခံကျွေးမွေးလေသည်။တက်ရောက်သူများမှာအတော်အ တော်များလေသည်။ အမေရိကန်သို့သွားသောစက်မူလက်မူအတွင်းဝန်       ဦးအေးသောင်း၊ စက်မှုလက်မှုမင်းကြီးဦးဆင်၊ ကြက်ဆင်တံဆိတ် ထီးသူဌေးဦးသန်းမောင်၊ နိုင်လွန်စက်သူဌေးဦးကျော်စိန်၊ စက်မှုလက်မှု ညွှန်ကြားရေးဝန်ဦးထွန်းသိန်းနှင့်ဇနီး ဒေါ်မေမေပုတို့သည် ဟောင်ကောင်းမြို့သို့ ခေတ္တ၀င်နားချိန်၌ တက်ရောက်ကြခြင်းဖြစ်လေသည်။ ပြီးနောက် ဗမာပြည်မှ ဟောင်ကောင်းမြို့တွင် ခေတ္တတည်းခိုနေသော မြန်မာအမျိုးသားများ သာ တက်ရောက်ကြသည်ကို တွေ့ရ၏။ ကျွန်ုပ်သည် ဤအထဲမှ အမျိုးသားတစ်ယောက်ကို သတိထားမိလေသည်။ ဤအမျိုးသားသည် ချောလည်းချော၊ ခန့်လည်းခန့်သူတစ်ယောက် ဖြစ်၍ အလွန်ယောက်ျားပီသသူတစ်ယောက်ဖြစ်သည်။ သူ့နဘေးဝယ် ဇနီးဖြစ်သူ “မီးခဲ”က ကပ်လျက် ရှိနေလေသည်။ ယင်းသို့ ခန့်ချောချောသောယောက်ျားပျိုကို တရုပ်ဟော်တယ်မယ်အချောအလှကလေးများက နီးနီးကပ်ကပ်ပြုစုဧည့်ခံသည်ကို ဇနီးမီးခဲက မနှစ်မျို့ပေ၊ မျက်စေ့စပါးမွှေးစူးဟန်တူ၏။
          ဤမရွှေမီးခဲကား မကြာခင် ပူညံပူညံလုပ်တော့မည့်အရိပ်အယောင်များ မျက်နှာပေါ်ဝယ် ယှက်သန်း လျက်ရှိသည်။ သို့ကလိုသောအခြေအနေကို ရိပ်စားမိသောကျွန်ုပ်၏ဇနီးမကျင်မြိုင်က၊ သူ၏ဇနီးမီးခဲကို အသာချော့မော့ပြီး အောက်ထပ်သို့ ဓါတ်လှေကားဖြင့်ခေါ်သွားသည်ကို မြင်တွေ့ရ၏။
          သည်တော့မှ ကျွန်ုပ်အဖို့ စိတ်ဧနိုင်တော့ပြီ။ သို့မဟုတ်ပါက လူပုံအလယ်တွင် ကိုယ့်လင်သားကို ပူညံပူညံလုပ်တတ်သော အချို့မြန်မာအမျိုးသမီးလေးများ၏ ချစ်စရာကောင်းသည့်အကျင့်လေးများကို တွေ့နေပေရဦးမည်။ ကိုယ့်တိုင်းကိုယ့်ပြည်၌အရေးမကြီးလှ၊ သူများနိုင်ငံသွားပြီး လင်မယားရန်ဖြစ်နေပါလျှင် လွန်စွာမှအရုပ်ဆိုးလှပေသည်။
          အချိန်လေးအတော်ကြာသွား၏။
          အနှီမြန်မာအမျိုးသားဖိုးစောသည် သူ့ဇနီးမီးခဲမရှိခိုက်ပေမို့ တရုပ်မ ဖြူဖြူဖွေးဖွေးလေးများနှင့် ဇိမ်တွေ့နေလေသည်။ ဤအခိုက်အတန့်အချိန်ပိုင်းလေးအတွင်း၌ ကံခေသူအဖို့ ဂြိုလ်ဆိုးဝင်နှောက်ယှက် လေသည်။ ဇနီးမီးခဲသည် ဓါတ်လှေကားဖြင့်ပြန်တက်လာသည်။ ပြီးလျှင် စည်းစိမ်ရှင်ကိုယ်တော်ချောကို ပတ်ဝန်းကျင်ကိုမမှုသောဟန်ဖြင့် လည်စည်းကိုဆွဲ၍ လူပုံအလယ်တွင်ဆွဲခေါ်လေတော့သည်။
          ထမင်းစားပွဲရှိ လူကြီးလူကောင်းများသည် ရုတ်ရုတ်သဲသဲဖြစ်သွား၏။ အချို့ကလည်း သည့်ထက် ရန်မီးမပွားရလေအောင် ဖြေဖြဉ်ကြသည်။ ဇနီး ““မီးခဲ””ဒေါသထနေသောကြောင့် ““ငါပါရက်သားနဲ့များ ပမာမခန့်လုပ်ရသလား””ဟူ၍ နှုတ်မှစွာလိုက်သေးချေသည်။
          သို့ကလိုသောအခြေအနေဆိုးကြောင့် ပတ်ဝန်းကျင်ရှိလူကြီးလူကောင်းများသည် ဤအမျိုးသမီးအား နိုင်ငံခြား၌လာပြီး လင်မယားရန်ဖြစ်ရန်မသင့်ကြောင်း။ ကိုယ့်လင်ကိုယ့်မယား ရှင်းစရာရှိသည်များကို ကိုယ့်တိုင်းပြည်ရောက်လေမှ ရှင်းစေလိုကြောင်း မနည်းတောင်းပန်စကားပြောပြီး ပြန်လွှတ်လိုက်ရလေသည်။
          ကျွန်ုပ်သည် ဟော်တယ်မယ်လေးများကိုကြည့်လိုက်သည်။ သူတို့သည်မျက်နှာမပျက်၊ သည်အပြုအမူ လေးများသည် အတွေ့အကြုံအရရိုးနေဟန်တူ၏။ သူတို့အဖို့ ဇတ်ဇတ်ကျဲမြန်မာအမျိုးသမီးလေးများ၏ သဘောထားသေးမှုကို လက်ခံအသိအမှတ်ပြုထားကြသည်။
          တစ်နေ့တစ်နေ့နှင့် တရွေ့ရွေ့ပြောင်းလာခဲ့လေပြီ။ ၁၈-ရက်နေ့ည။
          ထိုစဉ်က ဖ-ဆ-ပ-လ ဦးကျော်ငြိမ်းနှင့် ဦးဗဆွေသည် တရုပ်ပီကင်းမြို့သို့ တရုပ်မြန်မာချစ်ကြည် ရေးအတွက် ခရီးထွက်လာကြသည်။ အပြန်တွင်မူ ဦးကျော်ငြိမ်းသည် ဗမာပြည်သို့တန်းတန်းမတ်မတ် ပြန်သွားသော်လည်း ဦးဗဆွေကား မပြန်သေး။ ဟောင်ကောင်းမြို့သို့ ခေတ္တ၀င်ရောက်လေသည်။
          ဤတစ်ကြိမ်တွင်လည်း ဗွီအင်ကုမ္ပဏီသူဌေးကျန်ကီဝှားကပင် ဂုဏ်ပြုဧည့်ခံစားပွဲဖြင့်တည်ခင်းသဖြင့် ကျွန်ုပ်တို့ ဇနီးမောင်နှံလည်း တက်ရောက်ကြသည်။ မတွေ့မြင်ရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေကြီးဦးဗဆွေနှင့်တွေ့ရ၍ ရင်းရင်းနှီးနှီးပင် စကားပြောနေမိသည်။
          ပြီးနောက်တွင်ကား ဤနေရာမျိုးတွင် ပါရမီနှင့်လာသောကျွန်ုပ်သည် ဒေါက်တာစိန်ဘန်းနှင့် ကာနယ်မင်းစိန်ကိုခုတုံးလုပ်၍ ကိုယ့်ဇနီးမကျင်မြိုင်ပတ်သက်သကဲ့သို့ အကွက်ဆင်ရပြန်လေသည်။ ပထမတစ်ကြိမ် ကိုယ့်ဇနီးကိုလိမ်ခဲ့၍လွတ်မြောက်လာခဲ့သောကြောင့်၊ ဒုတိယမ်္ပိထိုအတိုင်းပင် ကြံရပြန်လေသည်။
          ကျွန်ုပ်သည် ဟောင်ကောင်းမြို့၌ ဗမာစကားကိုခပ်လေးလေးပြောတတ်ပြီး ထားဝယ်အသံနှင့်တူသော တရုပ်အမျိုးသားတစ်ယောက်ရှာရသည်။ တွေ့လည်းတွေ့ပါပေသည်။ သူ့အသံကို ကျွန်ုပ်ကိုယ်တိုင်နားထောင် ကြည့်သည်။ ဖဆပလဦးဗဆွေအသံနှင့်တူနေသည်ကိုတွေ့ရသည်။ ဤအခါမှ ကျွန်ုပ်သည် စိတ်ချနိုင်တော့ပြီ။
          ကျွန်ုပ်နေထိုင်ရာဟော်တယ်နှင့် အခန်းနံပါတ်ကို ဖုန်းဆက်ရန်မှာကြားလိုက်သည်။ ဦးဗဆွေ၏အသံနှင့် တစ်ထေရာတည်းတူသည်ကားမှန်ပါပေ၏။ သို့သော် စကားအသုံးအနှုန်းကား တူချင်မှတူပေလိမ့်မည်။ ထို့ကြောင့်ကျွန်ုပ်က အမှားအယွင်းမရှိစေရန် အသေအချာမှာကြားထားရ၏။
          ““မင်းက တယ်လီဖုန်းဆက်ပြီး အာလုပ်သံနှင့် “ဘယ်သူလဲ”လို့မေးလိုက်၊ ဒီအခါမှာတစ်ဖက်က မိန်းမအသံကိုပြန်ကြားရလိမ့်မယ်။ သူပြောတာကိုကြားတော့မင်းက “အော်...မကျင်မြိုင်လား ကိုကြီးဗဆွေစကားပြောနေတယ်၊ ဦးစပ်စုကိုခဏလွှတ်လိုက်ပါ”ဒါဘဲပြောပြီး မင်းတယ်လီဖုန်းချလိုက်””
          ယင်းသို့မှာကြားထားလိုက်ပြီးနောက် နာရီချင်းအချိန်တိုက်ထားလိုက်ရသည်။ ပြုဘွယ်ကိစ္စရပ်များ ပြုလုပ်ပြီးစီးလေသော် ကျွန်ုပ်သည် မကျင်မြိုင်ကို ဟော်တယ်သို့ပြန်ပို့လိုက်လေသည်။
          ဟော်တယ်သို့ရောက်ပြီး ခဏမျှကြာသည်။ ကျွန်ုပ်သည် အခြားအခန်းသို့ကူးသွားသည်။ သဘောကား တယ်လီဖုန်းလာလေလျှင် မကျင်မြိုင်တစ်ယောက်တည်း လွတ်လွတ်လပ်လပ်စကားပြောဆိုနိုင်ရန် ရှောင်နေမိခြင်း ပင်တည်း။
          အတော်လေးကြာမှကျွန်ုပ်သည် ကိုယ့်အခန်းသို့ပြန်လာသည်။ မကျင်မြိုင်ကကျွန်ုပ်အား တွေ့လျှင် တွေ့ခြင်း ““စောစောက ကိုကြီးဗဆွေက သူ့ဆီကိုခဏလာဖို့ တယ်လီဖုန်းလာတယ်””ဟူ၍လှမ်းပြောလိုက်သည်။
          ကျွန်ုပ်က မျက်နှာရှုံ့မဲ့လိုက်ပြီး မူလကျီလုပ်ကာ-
          ““ဟာ .. ငါအရက်သောက်ထားလို့ခေါင်းကိုက်နေတယ်””
          ပြောသာပြောလိုက်ရသည် အမှန်မှာ ထိုစဉ်က ကျွန်ုပ်ရင်ထဲတွင်ကား ပျော်လွန်း၍ ချစ်တီးဘုရား လှည့်နေလေသည်။
          ““လွှတ်လိုက်ပါ့မယ်လို့ပြောပြီးပြီ””
          ““မင်းပြောလိုက်လို့လား၊ ကိုကြီးဗဆွေခေါ်ရင် မသွား၊ မကောင်းဘူးလေ””ဟူ၍ပြောလိုက်ရသည်။ ပြီးမှ မကျင်မြိုင်ရှေ့တွင် စိတ်မပါ့တပါဟန်မျိုးဖြင့် အင်္ကျီအ၀တ်အစားများလဲကာ နှေးကွေးသောခြေလှမ်း များဖြင့်ဟော်တယ်အပြင်ဘက်သို့ ထွက်လာခဲ့ရလေသည်။
          ကျွန်ုပ်အဖို့ လှောင်ချိုင့်အတွင်းမှလွတ်မြောက်လာသော ငှက်ငယ်ကလေးပမာ မြူးတူးပျော်ပါး နေလေ၏။ ကျွန်ုပ်၏ရုပ်သည်ပိုပြီးနုလာ၏။ စိတ်သည်လည်း ငယ်ရွယ်သွားသည်ဟု ကိုယ့်ကိုယ်ကိုထင်နေ ရသည်။
          ကျွန်ုပ်သည် အသဲကျော်ညီအစ်မနှစ်ဖေါ်နှင့်ချိန်းဆိုထားသောနေရာသို့ တန်းတန်းမတ်မတ်ပင် သွားသည်။ သူကလေးများနှင့်ကားတွေ့ရလေပြီ။ သူကလေးများ၏၀င်းကြည်သောမျက်နှာကလေးများကို မြင်တွေ့လိုက်ရသည်နှင့်တပြိုင်နက် အလွန်ပင်စိတ်ချမ်းသာသွားပါတော့သည်။
          ကျွန်ုပ်သည် သူကလေးနှင့်အတူ သင်္ဘောပေါ်တွင်ပြုလုပ်ထားသော ထမင်းစားခန်းဟော်တယ်သို့ သွားလေသည်။ ဤသင်္ဘောဟော်တယ် တရုပ်ဘာသာဖြင့် ဟောင်ကောင်းကြိုင်ဟုခေါ်သည်။ မြန်မာအဓိပ္ပါယ်ကား ဟောင်ကောင်းကလေးဟုရသည်။ သင်္ဘောအမည်ကား Tai Pak ဖြစ်လေသည်။ အလွန်ထင်ရှားသော စားသောက်ခန်းဟော်တယ်လေးဖြစ်သည်။ ဤဟော်တယ်စားသောက်ခန်းလေးကား အမေရိကန်ရုပ်ရှင်ကားများ ဟောင်ကောင်းအကြောင်းကိုရိုက်လျှင် ပါလာတတ်သည်။
          အလွန်လည်းထူးခြားပါပေသည်။ ကိုယ်စားသောက်လိုသောသားငါးကို လတ်လတ်ဆတ်ဆတ် ရနိုင်သောနေရာဖြစ်သည်။ စားလိုသောငါးပုဇွန်ကိုမှာလိုက်ပါက ချက်ခြင်းပင်မြစ်ထဲမှဖမ်းဆယ်လိုက်သည်။ ကိုယ်ကအကြီးအငယ်ကို စိတ်တိုင်းကျရွေးရသည်။ ကိုယ်ရွေးပေးသောအကောင်ကို ဟင်းချက်ပြီး မကြာမြင့်မီ ကိုယ့်ရှေ့မှောက်အရောက်ပို့ပေးနိုင်လေသည်။ လူအများစားသောက်ခန်းကြီးထဲတွင် ဗိုလ်စကြာ၏ဇနီး ရုပ်ရှင် မင်းသမီးဝင်းမင်းသန်း၏ပုံကားကြီးကို ချိတ်ဆွဲထားသည်ကို မြင်တွေ့ခဲ့ရလေသည်။
          ဤနေရာသို့ ကျွန်ုပ်သည် ဇနီးမကျင်မြိုင်နှင့်လည်း တစ်ခေါက်ရောက်ဖူးခဲ့သည်။ ယခုတစ်ကြိမ် တွင်လည်း ကံထူးသူ အချစ်တော်ညီအစ်မနှစ်ဖေါ်နှင့်အတူ တစ်ခေါက်ရောက်ရပြန်လေသည်။
          သူကလေးများက အလိုက်သိစွာဖြင့် ကျွန်ုပ်စားသောက်သောပန်းကန်ထဲသို့ ဟင်းဖတ်များထည့် ပေးသည်။ သူကလေးများမစားသေး၍ ကျွန်ုပ်ကလည်းမစားရက်သေး။ သူကလေးများစားလေတော့မှ ကျွန်ုပ်အဖို့ မြိုကျနိုင်တော့သည်။ ကိုယ့်နဘေးဝယ် ဤသို့သောချောချောလှလှအမျိုးသမီးကလေးများဝိုင်းရံနေပါမူ လောကကြီးသည် အလွန့်အလွန်သာယာနေပေသည်တကားဟု ထင်မိလေသည်။
          စားသောက်ပြီးလေသောအခါ ကျွန်ုပ်သည် ဟော်တယ်ကြီးတစ်ခုသို့သွားကာ အနောက်တိုင်း တေးဂီတနှင့် ကကြပြန်လေသည်။ ကျွန်ုပ်သည် ဂွမ်းဆီထိဘိအလား ပီတိဖြစ်နေမိသည်။ ပြီးလျှင်မူ ဟော်တယ်အပေါ်ထပ်အိပ်ခန်းများသို့ အစ်မကြီးဖြစ်သူ ကျင်ဝှားနှင့်ကျွန်ုပ်သည် တက်သွားကြသည်။ ညီမငယ်ဖြစ်သူ ကျင်ယမ်းကား ကပွဲခန်းမဆောင်ကြီးထဲတွင် စိတ်တိုင်းကျကနေလျက်ပင်။
          အစ်မကြီးဖြစ်သူကျင်ဝှား၊ သူကလေးကိုယနေ့တိုင်အသဲဆိုင်ဝယ် မှတ်မိ၍နေပေသေးသည်။ သူသည် အခြားယောက်ျားများအဖို့ မည်သို့နေချေမည်မသိ၊ ကျွန်ုပ်အဖို့တွင်ကား စိတ်တိုင်းကျပြုစုနိုင်သူကလေး ဖြစ်လေသည်။ ယခုအခါတွင် သူကလေးသည် အခြေအနေအရ ရပ်တည်ရာမရသေးသော ပြည့်တန်ဆာမကလေးဖြစ်နေရရှာသည်။ လူတကာနှင့်ပျော်ပါးပြီး အခကြေးငွေယူနေရသူကလေး ဖြစ်ပါပေသည်။ အများအမြင်တွင်ကား စက်ဆုတ်ရွံဖွယ်သော သတ္တ၀ါမလေးဖြစ်နေလေသည်။
          မှန်ပါပေ၏။ သို့သော် သူကလေးကား ခေသူတစ်ယောက်မဟုတ်။ တစ်ချိန်က သူကလေး၏မိဘ များသည် ဟောင်ကောင်းမြို့တွင် ထိတ်ထိတ်ကျဲချမ်းသာသူများဖြစ်ကြသည်။ သူကလေးသည်လည်း ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်နေခဲ့ရဖူးသည်။ သူကလေး၏သင်ယူထားသောပညာဖြင့် တစ်ကြိမ်က တရုပ်ဖြူ ကူမင်တန်တပ်မတော်ထဲတွင် ဆရာဝန်မအဖြစ် အမှုထမ်းခဲ့ဖူးသည်။ ရှန်ဟိုင်းမြို့ကို တရုပ်နီများ သိမ်းပိုက်လိုက်ချိန်တွင် ဟောင်ကောင်းမြို့ကိုထွက်ပြေးလာခဲ့ရပြီး ပရိယေသန၀မ်းစာအခက်အခဲကြောင့် ဤအလုပ်မျိုး သူကလေးကလုပ်၍ ဘ၀တိုက်ပွဲဝင်နေသူကလေးဖြစ်လေသည်။ ကျွန်ုပ်လည်း ဤသို့သော အကြောင်းဆိုးဖြစ်သည့်ဘ၀သို့ ရောက်လာရသူကလေးများကို အလွန်ပင်သနားမိပါပေသည်။
          ကျွန်ုပ်နှင့်တွေ့လေသော် သူကလေးကမေး၏။
          ““ရှင့်အသက်ဘယ်လောက်ရှိပြီလဲ””
          ““ငါးဆယ့်ခြောက်နှစ် ..””
          သူကလေးက အံ့သြသွားပုံဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ ..
          ““အခုဒီအမျိုးသမီးနဲ့အကြောင်းပါတာ ကလေးဘယ်နှစ်ယောက်ရပြီလဲ””
          ““ခုနှစ်ယောက်””
          ““ရှင့်အမျိုးသမီးကြည့်ရတာ တုတ်တုတ်ခိုင်ခိုင်နဲ့ သိပ်ကိုကျန်းမာတာပဲ၊ ဒီလိုအမျိုးသမီးကိုမှ ရွေးယူတတ်တဲ့ရှင့်ကို ကျမဖြင့်သိပ်အံ့သြမိတာပဲ။ ဒါထက်ရှင့်မိဘတွေလဲသိပ်ကျန်းမာမှာပဲနော်””
          ““မင်းကဘယ်လိုလုပ်ပြီးသိသလဲ””
          ““သိပြီလားရှင်... ကျမလေ ရှင့်ကိုမြင်ကထဲက လူကဲခတ်နေတာ ရှင်ဟာအသက်ကြီးပေမယ့် ကိုယ်လုံး ကိုယ်ထည်က တောင့်တောင့်ခိုင်ခိုင်နဲ့ တဖြောင့်တည်းနေတယ်။ ပြီးတော့သွားလည်းတစ်ချောင်းမှမကျိုးသေးဘူး။ စားတော့လည်း ကျားလိုပဲသိပ်အစားကြီးတယ်။ ဒီလိုလူတစ်ယောက်ရဲ့မိဘဟာ မကျန်းမာပဲနေပါ့မလား။ ကျန်းမာရေးဘက်မှာတော့ ကျမကိုဘယ်သူမှထိန်ဝှက်ထားလို့မရဘူး””
          သူကလေးပြောသည်မှာ ဟုတ်ပါပေ၏။ ကျွန်ုပ်သည် လူများကို ရုပ်ပိုင်းလက္ခဏာကြည့်၍ ဗေဒင်ဟောကိန်းထုတ်ခဲ့ဖူးသည်။ ယခုတွင်ကား အနှီကျင်ဝှားသည် ကျွန်ုပ်ကိုကြည့်၍ဟောကိန်းထုတ်နေ ပြန်လေပြီ။ အာဂကျင်ဝှားပေတကား။
          သူကလေးနှင့်အလုပ်ပြီးလေသော် သူ့ညီမကျင်ယမ်းနှင့်တဖန်အလုပ်ဆက်ရပြန်လေသည်။ မနက်မိုးလင်းလုလုအချိန်ကျလေမှ အလုပ်စခန်းကို မပြီးချင်ပြီးချင်နှင့် နိဂုံးချုပ်ရပေတော့သည်။
          မှတ်မှတ်ရရအကြီးဖြစ်သူကျင်ဝှားက ကျွန်ုပ်အတွက် ““ချစ်သဲကျော်””အားဆေးတစ်ခွက် ပေးလိုက်သေးသည်။ သူကလေးများကို ကျွန်ုပ်သည် တာဝန်ရှိသည့်အတိုင်း အကြည်တော်တရုပ်သူဌေးထံ သွား၍ အပ်နှံလိုက်ရသည်။ ကျွန်ုပ်၏အကြည်တော်တရုပ်သူဌေးသည် ဤနေရာမျိုးဘက်၌ ပါးစပ်မှပြော၍ မနေရ။ တစ်ဦး၏၀ါသနာကိုတစ်ဦးက သိနေကြဖြစ်သည်။ ဤအတွက်ကြောင့်လည်း အကြည်တော်တရုပ် သူဌေးကို လွန်စွာကျေးဇူးဥပကာရတင်လေသည်။
          အကြည်တော်တရုပ်သူဌေးသည် ကျွန်ုပ်တို့ဇနီးမောင်နှံစားသောက်ရန် သစ်သီးဝလံများနှင့်အတူ ဇနီးမကျင်မြိုင်အတွက် ခေတ်ပေါ်ပရိုကိတ်လုံချည်ကို စက္ကူဖြင့်သေသေချာချာထုတ်၍ ပေးလိုက်သေးသည်။ အကြည်တော်တရုပ်သူဌေးကိုနှုတ်ဆက်ကာ သူ့ထံပါးမှ ၀မ်းနည်းစွာဖြင့်ထွက်ခွာလာခဲ့ရပါတော့သည်။
          ဇနီးမကျင်မြိုင်ရှိရာ ဟော်တယ်သို့ ကျွန်ုပ်ပြန်၍ရောက်လာသောအခါ နံနက်လေးနာရီထိုးလေပြီ။
          ခြေလှမ်းကြဲကြဲဖြင့်လာခဲ့သောကျွန်ုပ်သည် ဟော်တယ်သို့ပြန်ရောက်သည့်အခါတွင် မောဟိုက်၍ နေလေသည်။ ကိုယ့်အခန်းသို့ပြန်၍ရောက်သောအခါ ကိုယ်ပေါ်မှကုတ်အင်္ကျီနှင့် ရှပ်အင်္ကျီကိုချွတ်ပြီး တန်းတွင်ချိတ်လိုက်သည်။ အလွန်အိပ်ချင်နေသောကျွန်ုပ်သည် ကုတင်ပေါ်သို့တက်၍အိပ်မည့်ဟန်ပြုစဉ် မကျင်မြိုင်ကအိပ်ခွင့်မပေးတော့ပေ။
          ကျွန်ုပ်၏စွပ်ကျယ်အင်္ကျီတွင်နှုတ်ခမ်းနီနှစ်ခုပေနေသည်။ ဤနှုတ်ခမ်းနီသည် ညီအစ်မနှစ်ဖေါ် သဲသဲမဲမဲချစ်လိုက်သော ချစ်အမှတ်တံဆိပ်ပင်ဖြစ်သည်။ သူကလေးများသည် ဘယ်အချိန်ကစွပ်ကျယ်အင်္ကျီ အပေါ်သို့ မွှေးမွှေးပေးလိုက်သည်မသိ၊ ယခုမှပင်သိတော့သည်။
          ဤတွင်မကျင်မြိုင်က ကျွန်ုပ်ကို ပြုံးမဲ့မဲ့ဟန်ကလေးဖြင့်ကြည့်ကာ ““ဒါဦးဗဆွေရဲ့နှုတ်ခမ်းနီလား ဟူ၍မေးလေသည်။ ကျွန်ုပ်မည်သို့မည်ပုံ ပြန်၍အဖြေပေးရမည်နည်း။ အဖြေစကားကား မရှိတော့လေပြီ။
          ထို့နောက်ပိုင်းတွင်မူ အကြည်တော်တရုပ်သူဌေးပေးလိုက်သောစက္ကူထုပ်ကိုဖြေလိုက်သည်။ ဘရိုကိတ် လုံချည်နှင့်အတူ ညီအစ်မနှစ်ဖေါ်ဖြင့်တွဲရိုက်ထားသော ကျွန်ုပ်၏ဓါတ်ပုံလေးသည်ပါလာ၏။ ဤပုံကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသော မကျင်မြိုင်အဖို့မည်သို့ရှိချေမည်နည်း။ ထိုသို့ဖြစ်ပျက်ရခြင်းကလည်း ကျွန်ုပ်အဖို့ ““ကိုယ်ပြုသောအမှုကိုယ်ပင်ခံရခြင်း””သာဖြစ်၏။ တစ်ကြိမ်သောအခါသမယက ဤအကြည်တော် သူဌေးသည် ဗမာပြည်သို့လာရောက်လည်ပတ်စဉ်ကျွန်ုပ်နှင့်တွေ့သည်။ တစ်ဦးနှင့်တစ်ဦး လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်၏။ ဤအကြည်တော်သူဌေးသည် ရန်ကုန်မြို့ရှိအငြိမ့်မင်းသမီးတစ်ယောက်နှင့် တွဲ၍ ဓါတ်ပုံရိုက်ကူးထားလေသည်။ နောက်များမကြာမီ သူသည် ဟောင်ကောင်းမြို့သို့ပြန်၍သွားလေသည်။ ကျွန်ုပ်သည် အနှီအငြိမ့်မင်းသမီးနှင့်တွဲ၍ရိုက်ကူးထားသော ဓါတ်ပုံကို သူ့ထံသို့ ပိုးလုံချည်နှင့်အတူ ပို့လိုက်သည်။ သူကလည်း ဇနီးမိန်းမကိုအလွန်ကြောက်ရသူဖြစ်သည်။ ကျွန်ုပ်ပို့လိုက်သောဓါတ်ပုံကို သူ့ဇနီးကမြင်တွေ့လေသော် ပူညံပူညံလုပ်လေတော့သည်တကား။
          ယခုအခါတွင် သူခံစားရသကဲ့သို့ကျွန်ုပ်လည်း တန်ပြန်ခံစားနေရပေသည်။
          ကျွန်ုပ်သည် ဟောင်ကောင်းမြို့၌ ကျွန်ုပ်အလွန်ခင်မင်သော မိတ်ဆွေကြီးဦးဗဆွေကိုခုတုံးလုပ်ပြီး ကိုယ့်ဇနီးထံမှအလွတ်ရုန်းကာပွေခဲ့သည်။ ရှုပ်ခဲ့သည်။ လည်ခဲ့သည်။
          သို့ကလိုပြုလုပ်ခဲ့သောကျွန်ုပ်ကိုလည်း စွပ်ကျယ်အင်္ကျီတွင် ချစ်ညီအစ်မနှစ်ဖေါ်က နီတျာတျာရဲသော နှုတ်ခမ်းနီများဖြင့် မွှေးမွှေးပေးလိုက်လေသည်။ အမှန်တော့လည်း ကျွန်ုပ်လူလည်အပေါ်တစ်ပတ်ရိုက်နိုင် သောကြောင့် ““စူ့ထက်စူ-လူစွမ်းကောင်း””ဆိုသကဲ့သို့ဖြစ်နေတော့သည်တကား။

No comments:

Post a Comment