Saturday, September 11, 2010

““ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ””


““ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ””

          ထိုစဉ်က အဖွဲ့တစ်ဖွဲ့ရှိသည်။ ဤအဖွဲ့မှာ တပ်ပေါင်းစုံ အမျိုးသမီး ချီးမြှင့်ရေးအဖွဲ့ပင် ဖြစ်ပါသည်။ ယင်းအဖွဲ့ထဲတွင် ကျွန်ုပ်၏ဇနီးနှင့်တကွ ခယ်မ၊ မရီးများပါ ပါဝင်ကြလေသည်။ ကြီးမှူးစီစဉ်ညွှန်ကြားသူက ပင်လုံဒေါ်နုရင်၊ အမျိုးသားဘက်ကဆိုလျှင် ကျွန်ုပ်စပ်စု၊ အိန္ဒိယအမျိုးသား ဘာဘူကြီး၊ ဗမာအမျိုးသားထဲကဆိုပါလျှင် ဦးဘသွင်တို့ ဖြစ်ပါသည်။ ဤအဖွဲ့သည် မင်္ဂလာဒုံ စစ်ဆေးရုံသို့ တက်ရောက်ကုသနေသောလူနာများအား သူတို့စားသောက်လိုသည့် အစာအာဟာရကို တစ်လလျှင်တစ်ကြိမ် ကျွေးမွေးလှူဒါန်းပါသည်။
          တစ်ကြိမ်က မှတ်မှတ်ရရ ကျွန်ုပ်နှင့်ပင်လုံဒေါ်နုရင်သည် ၂၄-လမ်းသို့လာ၍ ကားဖြင့် ဆီချက်ခေါက်ဆွဲများကို သယ်ရလေသည်။ ကားထဲ၌ ပစ္စည်းဥစ္စာများပြည့်လျှံ၍နေလေသည်။ ထိုင်ရသောလူမှာလည်း ဘေးသို့မလှည့်သာအောင်ပင် ကျပ်ကျပ်တည်းတည်းနှင့်လိုက်လာရ၏။ ၂၄-လမ်းမှ မင်္ဂလာဒုံအထိ ခရီးကားနီးလှသည်မဟုတ်၊ တစ်လမ်းလုံး ဤအတိုင်းပင်လိုက်ပါလာခဲ့ရ၏။ တစ်ကိုယ်လုံးတွင်လည်း ချက်ပြီးသောဆီများ ပေကျံကုန်၏။
          မင်္ဂလာဒုံစစ်ဆေးရုံသို့ ရောက်လေသောအခါ ကျွန်ုပ်ခါးသည် မဆန့်နိုင်တော့ပေ၊ ပင်လုံ ဒေါ်နုရင်လည်း ဤအတိုင်းပင်ဖြစ်နေပါ၏။ သို့သော် သူက ပြုံးရွှင်ရယ်မောကာ ““ဦးစပ်စု ဒီလို သူများအကျိုးကို ပင်ပင်ပန်းပန်းဆောင်ရွက်တာ ကုသိုလ်ရတယ်””ဟူ၍ ပြောပြပါသည်။

          ကျွန်ုပ် ခါးကိုက်သောဒဏ်သည် တစ်ပတ်တိတိပင် ခံစားရလေသည်။ သို့ကလိုဖြစ်သော်လည်း ကျွန်ုပ်က စိတ်မပျက်။ အခါအခွင့်သင့်လေတိုင်း ယင်းကဲ့သို့သော ကူညီမှုမျိုးကို ပြုပေဦးမည်။ ပြုလည်းပြုနိုင်ပါစေဟူ၍ ဆုတောင်းပါ၏။
          သည်ကိစ္စမျိုးပြုလုပ်ပါလျှင် ကျွန်ုပ်အဖို့ မမောနိုင် မပန်းနိုင်၊ ချွေးတလုံးလုံးနှင့် ပြုလုပ် နေတတ်ပါသည်။ တစ်ကြိမ်တစ်ခါတွင် ဤအမျိုးသမီးများထဲ ကျွန်ုပ်တစ်ယောက်ထဲသာ အမျိုးသား ဖြစ်လင့်ကစား လိုက်ပါဆောင်ရွက်ခြင်းအမှုကို ပြုလေသည်။ ယင်းသို့ပြုလုပ်ရင်း တပ်မတော်သား များသည် တိုင်းပြည်အတွက်ကာကွယ်ရင်း ထိခိုက်ဒဏ်ရာရခြင်းကို များစွာဂရုဏာဖြစ်မိသည်။ ဂုဏ်လည်းယူမိသည်။ ဤစိတ်ဓါတ်ကြောင့်ပင်လျှင် ကိုယ်တိုင်ကိုယ်ကျ မောရပန်းရမှန်းမသိအောင်ပင် အကူအညီပေးမိခြင်းဖြစ်ပါသည်။
          ဂျပန်တော်လှန်ရေးကာလ၀ယ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဗမာ့တပ်မတော်အကျိုးအတွက် ထမ်းဆောင်ခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီးအချိန်တွင်လည်း ဗမာ့တပ်မတော်အတွက် ကျွန်ုပ်နှင့် အမျိုးသမီးခေါင်းဆောင် ပင်လုံဒေါ်နုရင်နှင့် ပခုံးချင်းယှဉ်တွဲ၍ ဆောင်ရွက်ရပြန်လေသည်။

No comments:

Post a Comment