Saturday, September 11, 2010

““ဂျပန့်ခေတ်ဝယ်””


““ဂျပန့်ခေတ်ဝယ်””

          အင်္ဂလိပ်မျက်နှာဖြူများအကြောင်းကို သိရှိပြီး ပေါင်းသင်းဆက်ဆံရန်အလုပ်မှာ ကျွန်ုပ်ထက် အင်္ဂလိပ်စာတတ်ကျွမ်းသော ဗမာအမျိုးသား၊ အိန္ဒိယအမျိုးသားများက ပို၍သိရှိပေလိမ့်မည်။ အင်္ဂလိပ်စာတတ်ပြီး လူရည်လည်သော တရုပ်ကပြားများလည်း သိတန်သလောက် သိပေလိမ့်မည်။
          ဂျပန်၏အကြောင်းကို သိရှိရန်မှာ လွန်စွာခက်ခဲလှပါသည်။ ကျွန်ုပ်ကဲ့သို့ ပြည်ကြီးသားစစ် လည်းဖြစ်ရမည်။ တရုပ်ရှေးခေတ်စာပေကိုလည်း သင်ကြားထားပြီး တတ်ကျွမ်းနေသူလည်း ဖြစ်ရမည်။ ပြီးနောက် ဂျပန်လူမျိုးဖြစ်ပေါ်လာပုံ ရာဇ၀င်ကိုလည်း သိရှိပြီး၊ သူတို့၏ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း သိထားရပေမည်။ သို့မှသာလျှင် ဂျပန်၏စိတ်ဓါတ်အမှန်ကို သူများတကာတွေထက်ပိုပြီး သိရှိနိုင်သည်ဟု ကျွန်ုပ်ထင်၏။
          ဤဗရုတ်ဗရက် ဂျပန်ခေတ်ကာလဆိုးကြီးဝယ် လသာလမ်း ကြန်းတိတ်ဘုံကျောင်း အောက်ဝယ်တွင် တရုပ် ဗြန်ဟတ်ဘွေအသင်းကြီး ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်းတွင် ဥက္ကဋ္ဌလုပ်သူမှာ ပီကေကြောင်းဆိုသူဖြစ်၏။ ကျွန်ုပ်က ဆက်သွယ်ရေးတာဝန်ခံလူကြီးဖြစ်လေ သည်။ ပီကေကြောင်းကလည်း အပေါင်းအသင်းလွန်စွာကျယ်ပြန့်သူ ဖြစ်၏။ ဂျပန်စကားပြန် တိုင်းကို ရင်းရင်းနှီးနှီးသိကျွမ်းထားသူလည်း ဖြစ်ပါသည်။ ဂျပန့်အတွင်းရေးမှန်သမျှကိုလည်း သိ၏။
          ထိုစဉ်က ကျွန်ုပ်လည်း မဟာဗန္ဒုလလမ်းနှင့် လမ်းမတော်ထိပ်တွင် “လန်ထောင်” ဟော်တယ်တစ်ခုဖွင့်ထား၏။ ဤကာလ၀ယ် လမ်းမတော်ဖိုးတုတ်ကလည်း အနှောင့်အယှက် မပေး။ အကူအညီပင် ပေးသေး၏။ ကျွန်ုပ်နေသောအိမ်မှာ သုံးထပ်တိုက်ဖြစ်၏။ အောက်ဆုံးထပ်တွင် အရက်ဖြူဆိုင်၊ အလယ်ထပ်တွင် ဟော်တယ်(စားသောက်ရုံ)၊ အပေါ်ဆုံးထပ်တွင် အိပ်ခန်း(လောဂျင့်) ဖြစ်လေသည်။
          ကျွန်ုပ်ဖွင့်ထားသောဟော်တယ်သည် အစားအသောက်ကောင်းသည်ဟု နာမည်ကျော် ဖြစ်နေ၏။ ပြီးနောက် စားပွဲထိုး ဟော်တယ်မယ်လှလှလေးတွေလည်း ထားပါသည်။ အများအားဖြင့် ဟော်တယ်မယ်များသည် ဂျပန်စကားကို ကောင်းစွာတတ်ကျွမ်းထားသူများ ဖြစ်ကြသည်။
          နေ့စဉ်နေ့တိုင်းပင် ကားအစီးလေးငါးဆယ် ဟော်တယ်ရှေ့တွင်ဆိုက်ထားသည်ကို တွေ့မြင်နိုင်လေသည်။ ကျွန်ုပ်၏ဟော်တယ်သို့ ဂျပန်စစ်တပ်မှ စစ်ဗိုလ်ကြီးများ၊ ကင်ပေတိုင်များ လာရောက်၍ စားသောက်လေ့ရှိပါသည်။ ဤဂျပန်များထံမှ အရေးကြီးသော စစ်သတင်းများ၊ ဖမ်းဆီးထားသော မှုခင်းသတင်းများ ကြားသိရသည်။
          ဗမာအမျိုးသားများနှင့် ပတ်သက်နေသောသတင်းများဆိုလျှင် သခင်မြ၊ ပျော်ဘွယ် ဦးမြထံသို့ အချိန်မှီသွားရောက်၍ပေးခဲ့၏။ အိန္ဒိယအမျိုးသားများနှင့် ပတ်သက်နေသော သတင်းများလည်းရှိသေး၏။ ထိုစဉ်က အိန္ဒိယအမျိုးသားများစုစည်း၍ အသင်းကြီးတစ်ခု ထောင်ထားပါ၏။ ဤအသင်းသို့သွားရောက်၍ သတင်းပေးရလေသည်။
          ဂျပန်၏ဓါး ဂုတ်ပေါ်သို့ဝဲနေသော ဤခေတ်ဆိုးကြီးဝယ် ကျွန်ုပ်သည် လူအများမသိထိုက် သော ကယ်တင်မှုများကို လုပ်ကိုင်ခဲ့ဖူးသည်။ ထိုစဉ်က အိန္ဒိယအမျိုးသား နာဆာမီ(အဆောက် အဦအင်ဂျင်နီယာ ဦးမြသန်း၏အစ်ကို။ ယခုရွှေဘုံသာလမ်းဝယ် အထည်လုပ်ငန်းကြီး အကြီး အကျယ်လုပ်နေသော ကုန်သည်ကြီး)ကို ဂျပန်က အင်္ဂလိပ်နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးချုပ်နှောင်ခဲ့၏။ ပြီးနောက် သူ့အား လူမဆန်သောနည်းများဖြင့် လက်သည်းခွံခွာ၍ စစ်ဆေးလေ၏။ သူ့အား ဂျပန်လက်မှ ကျွန်ုပ်ပင် ကယ်တင်ခဲ့လေသည်။ များမကြာမီက နာဆာမီနှင့်တွေ့၍ ဦးကေဘာကြီးနှင့် ကျွန်ုပ်အား သူ့လက်ချောင်းများကို ပြသလေသည်။ ယခုထက်တိုင်အောင်ပင် သူ့လက်ချောင်းများသည် လက်သဲများပြန်၍ မပေါက်သေးချေ။
          နောက်တစ်ဦးမှာ ငါးသုံးလုံးရာဘာဘိနပ်သူဌေး မစ္စတာဘရှီး(ဆူးလေဘုရားလမ်းဝယ် ကုမ္ပဏီရှိ၏)ကိုလည်း ဂျပန်များကဖမ်း၍နှိပ်စက်လေ၏။ သူ့ကိုလည်းကျွန်ုပ်တို့ပင် ကယ်တင် ခဲ့လေသည်။ ထို့နောက်အမည်နာမများမေ့၍နေသော အိန္ဒိယအမျိုးသားများစွာလည်း ရှိပေသေး၏။
          ကျွန်ုပ် ယခုထက်တိုင်မှတ်မိ၍နေလေသော ဖြစ်ရပ်တစ်ခုရှိပါသည်။ ဂျပန်ခေတ်က တက္ကသိုလ်ရိပ်သာလမ်းရှိ အလွန်ကြီးကျယ်ခမ်းနားသော တိုက်တစ်တိုက်ရှိ၏။ ဤတိုက်သည် အလွန်ကျယ်ဝန်းသောခြံ၊ ပြီးနောက်ရေကန်လည်းရှိလေသည်။ ဤတိုက်ကို ဂျပန်တို့ဝင်ရောက် ရှာဖွေလေရာ အင်္ဂလိပ်နှင့်ဆက်သွယ်သော ၀ါယာလက် စကားပြောကိရိယာများကို တွေ့ရှိသွားလေသည်။ ယင်းခြံအတွင်းရှိရေကန်ကိုလည်း ဂျပန်များက မသင်္ကာတော့ပေ။ ထို့ကြောင့် ဂျပန်ရေတပ်မတော်သားများခေါ်၍ ဆင်းငုပ်ပြီး ရှာဖွေရသည်အထိ ကြီးကျယ်လာတော့သည်။ ထိုသူလျှိုလုပ်မှုနှင့်ပတ်သက်၍ ဂျပန်ကင်ပေတိုင်အဖွဲ့က အိန္ဒိယအမျိုးသား လူကြီးလူကောင်း လူ-၃၀ ၄၀ ခန့်ကိုဖမ်းဆီးပြီး စစ်ဆေးလေတော့သည်။
          ဤအိန္ဒိယအမျိုးသားများသည် ရှင်ဖို့ထက် သေဖို့ကများနေ၏။ ထိုသူများကို ဗိုလ်အောင်ဆန်း၊ သခင်မြနှင့် ကျွန်ုပ်တို့က ကယ်တင်လိုက်၍ တစ်ယောက်မျှမသေပဲ လွတ်ငြိမ်း ချမ်းသာခွင့်ရခဲ့လေသည်။

No comments:

Post a Comment