Saturday, September 11, 2010

““ကွေကွင်းကွဲကွာ””


““ကွေကွင်းကွဲကွာ””

          ကျွန်ုပ်၏ လွန်စွာချစ်ခင်သော မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်) ပျက်စီးဆုံးရှုံးရခြင်း၏ တရားခံ အစစ်သည်ကား “စစ်” ပင်တည်း။
          စစ်ဟူသည် ကမ္ဘာပေါ်ရှိ လူသားများကို ဘယ်အခါသမယမျှ ကောင်းကျိုးမပြု။ သားတကွဲ၊ မယားတစ်ကွဲ၊ မိတ်ဆွေအပေါင်းအသင်းချင်းလည်းကွဲ၊ ချစ်သူချင်းလည်း ကွဲစေနိုင်ပေသည်။ ဤမကောင်းသောစစ်ကြီးကပင် ကျွန်ုပ်နှင့် ဆူဘတ်ချန်ဒရာဘို့(စ်)ကို ဒီတစ်သက်တွင် ဘယ်တော့မျှ မတွေ့ရလေအောင် ခွဲလိုက်ပေတော့သည် တကား။
          ကျွန်ုပ်သည် အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးနှင့် တွေ့သောအကြိမ်သည် လွန်စွာမှ နည်းပါးခဲ့၏။ သို့သော် ကျွန်ုပ်နှင့် နေရူးကိုတွဲ၍ တရုပ်၊ ဗမာ၊ အိန္ဒိယ သတင်းစာများက ဖေါ်ပြခဲ့ဖူးသည်။ တစ်ချို့သော သတင်းစာများထဲတွင် ကျွန်ုပ်အား “အိန္ဒိယစပ်စု” ဟူ၍ပင် ဘွဲ့ကမ္ပည်း ပေးထားသည်အထိ ဖြစ်နေပေ၏။
          ကျွန်ုပ်ကိုယ်တိုင်ကလည်း အိန္ဒိယသို့သွားရန် ပြည်ဝင်ပြည်ထွက်လက်မှတ် ပြုလုပ်ထားပြီး ဖြစ်ပါ၏။ အိန္ဒိယပြည်သို့ ရောက်လေသောအခါ မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်) မွေးရပ်မြေ ဖြစ်သော ကလကတ္တားမြို့ (Sughar Road) သို့ သွားမည်။ ပြီးလျှင် မိတ်ဆွေကြီး၏ ဆွေမျိုးများနှင့်လည်း တွေ့ဆုံပေဦးမည်ဟု ကြံရွယ်ထားသည်။
          ကျွန်ုပ်ထင်သည်။ ဤမကောင်သောစစ်ကြီးကြောင့် ကမ္ဘာကြီးဝယ် မီးဟုန်းဟုန်းတောက်စဉ်ဝယ် ကျွန်ုပ်ကဲ့သို့ မိတ်ဆွေကောင်းများနှင့် “ကွေကွင်းကွဲကွာ”သောသူပေါင်း ဒုနှင့်ဒေးရှိပေမည်။ စစ်ဖြစ်သော အခါသမယကျလေမှ ငြိမ်းချမ်းခြင်း၏အရသာကို ကောင်းကောင်းကြီးသိရသည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေပြင်ဝယ် မကောင်းသောစစ်ကြီးပပျောက်ပြီး ကောင်းသော ငြိမ်းချမ်းရေး ရောက်ပါစေဟူ၍ အစဉ်အမြဲ ဆန္ဒပြုလျက်ရှိပါပေ၏။
          ကျွန်ုပ်မှတ်သားမိသမျှ ဗမာပြည်တွင် ဗမာ၊ တရုပ်၊ အိန္ဒိယအမျိုးသား ဤသုံးဦးညီညွတ်ခဲ့သော သမယမှာ ဂျပန်ခေတ်တွင်ဖြစ်လေသည်။ ထိုစဉ်က ဗမာ့တပ်မတော်ရန်ပုံငွေထည့်ဝင်ခြင်းကိုပင် လေလံဆွဲသကဲ့သို့ သူ့ထက်ငါများလေအောင် အပြိုင်ကြဲခဲ့ကြပါသည်။ ဤစေတနာ ဤစိတ်ဓါတ် အစဉ်အမြဲရှိနေပါက ဤလူမျိုးသုံးဦးသည် အမြဲညီညွတ်ပြီး ထာစဉ်ချစ်ကြည်၍နေကြပေမည်မှာ မလွဲပေ။

No comments:

Post a Comment