Saturday, September 4, 2010

အိမ်တော်နှင့်စ၀်ရွှေသိုက်

အိမ်တော်နှင့်စ၀်ရွှေသိုက်

ဒုတိယအကြိမ် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာမင်းကြီးဦးခင်မောင်ဖြူတို့ တောင်ကြီးမှရန်ကုန်သို့လာကြသည်။ ယခု သမတနေအိမ်တော်သို့ သွားရောက်၍တည်းခိုကြပါသည်။ ကျွန်ုပ်ဟာသူတို့လာမှန်းသိ၍ အဓိပတိအိမ်တော်ကိုသွားပြီးတော့တွေ့တယ်။ ဘာများအကြောင်းထူး လာပြန်သလဲဆိုတာကိုလည်း သွားမေးတယ်။ နောက် စ၀်ရွှေသိုက်က ပြောပြတယ်။ ဟိုစဉ်အခါ အိမ်တော်သို့ သူတို့နှစ်ဦးအားကျွန်ုပ်သွားတွေ့သည့်အခါမှာ ရန်သူလေယာဉ်ပျံလာ၍ ဥသြဆွဲထားပါ သော်လည်း ဦးခင်မောင်ဖြူနှင့် စ၀်ရွှေသိုက်တို့မျက်နှာမှာ ကြောက်စိတ်မရှိပဲ ပြုံးပြုံးရွှင်ရွှင် ရီရီမောမောနှင့်
စကားပြောနေကြပါတယ်။ ဘာကိုမှအရေးမစိုက်ဘူး။ အတိတ်နိမိတ် ရုပ်လက္ခဏာ ဘုန်းတန်ခိုးကို ကျွန်ုပ်ဟာ အကဲခတ်မိတယ်။ သူတို့နှစ်ဦးဟာ ဗမာပြည်လွတ်လပ်ရေးရသည့်အခါမှာ အိမ်တော်အိမ်ရှင်တွေဖြစ်ကြမှာပဲလို့ ကျွန်ုပ်စိတ်ထဲမှာ အတိတ်နိမိတ်ကြိုတင်ကောက်ယူထားသည်။
ဟိုစဉ်အခါ အိမ်တော်ကလည်း ကြီးကျယ်သည်။ လေယာဉ်ပျံကလည်း ဗုံးခဏခဏလာချသည်။ အဓိပတိဒေါက်တာဘမော်တောင် မနေရဲဘူး။ အခြားမှာရှောင်တိမ်းနေတယ်။ သူတို့နှစ်ဦးပဲ လာရောက် တည်းခိုကြတယ်။ ကျွန်ုပ်ဟာ သူတို့နှစ်ဦးကို ထမင်းစားဧည့်ခံပွဲ စီစဉ်ပြုလုပ်ဖို့ပြောတယ်။ စ၀်ရွှေသိုက်က ကောင်းပါပြီဆိုပြီး ထမင်းစားပွဲကိုလက်ခံလိုက်တယ်။ ဦးခင်မောင်ဖြူကတော့ သူ့ဇနီးဒေါ်ခင်တင့် ပြည်၊ ပေါင်းတည်၊ ပုတီးကုန်းတွင်ရှိနေ၍ မြန်မြန်သွားတွေ့ချင်သည့်အတွက် ထမင်းစားပွဲကို မတက်ရောက်လာနိုင်ပါဘူး။ ကျေးဇူးလည်းအများကြီးတင်ရှိပါသည်ဟု ပြောပြပါသည်။

ကျွန်ုပ်၏ ကြိုတင်ပေါင်းသင်းဆက်ဆံရေးပညာအရ ဦးခင်မောင်ဖြူလိုလူစားမျိုးဟာ တစ်နေ့ကျရင် ကြီးကြီးကျယ်ကျယ် အရေးပါအရာရောက်မည့်လူတစ်ယောက်ဖြစ်မည်ဆိုတာကို ကြိုတင်၍ သိထားပါသည်။ သို့အတွက် ကျွန်ုပ်မှာ ဦးခင်မောင်ဖြူအား ပြည်၊ ပေါင်းတည်၊ ပုတီးကုန်းဘက်သို့ သူသွားစရာရှိနေပါ၍ ဧည့်ခံကျွေးမွေးမှု မရရှိလိုက်ပါသော်လည်း၊ ဦးခင်မောင်ဖြူ ပြည်၊ ပုတီးကုန်း၊ ပေါင်းတည်ဘက်မှ ပြန်လာသောအခါ ဦးခင်မောင်ဖြူနှင့်စ၀်ရွှေသိုက်ကိုပါ ထမင်းကျွေးထပ်မံဧည့်ခံတာကို သူ့စိတ်ထဲမှာ ဒါဟာငါ့အတွက်သက်သက်ဖြစ်နေတာလို့ ယူဆသွားတယ်။ ဒီအချိန်အခါကစပြီး ဦးခင်မောင်ဖြူဟာ ကျွန်ုပ်ကိုအင်မတန်မှချစ်ခင်လေးစားသွားပါသည်။

၁၉၄၅-ခုနှစ်၊ ဒီဇင်ဘာလ ၃၀-ရက်နေ့၊ ဟိုစဉ်အခါက ဦးခင်မောင်ဖြူဟာ အလုပ်သမား ၀န်ကြီး ဦးဘအုန်း၏ အတွင်းဝန်ဖြစ်ပါသည်။ ကျွန်ုပ် ဖိတ်စာနာမည်စာရင်း သွားပေးသည့်အခါမှာ သူကိုယ်တိုင်လက်မှတ်ထိုး၍ (သိုင်းကျူး)ဆိုပြီး အင်္ဂလိပ်လိုပြော၍ လာပါ့မယ်လို့ပြောပါတယ်။ ဟိုအရင် လက်မှတ်သူကိုယ်တိုင်ထိုးထားတာဟာ ကျွန်ုပ်မှာယခုတိုင်ရှိပါသေးသည်။ သူ သာယာဝတီကို အရေးပိုင်ဘ၀နှင့်ပြောင်းရွှေ့သွားသည့်အခါ ကျွန်ုပ်ကလည်း အောက်မေ့လွမ်းဆွတ် သတိရလှပါ၍ လက်ဆောင်ပစ္စည်းများကိုဝယ်ပြီး ကျွန်ုပ်ဟာ သွားလည်ပါတယ်။ သူကလည်း ရန်ကုန်ကို မကြာခင် ယစ်မျိုးမင်ကြီးဘ၀နှင့် ပြောင်းရွှေ့လာရတော့မည်ဟု ပြောပါသည်။ သူ သာယာဝတီမှရန်ကုန်ကို ပြောင်းရွှေ့လာရသည့်အခါ ကင်းဘဲလမ်းအိုးဖိုမှာ ခေတ္တနေထိုင်ပါသည်။ ကျွန်ုပ်နှင့် တောင်ကြီးက စကားပြန် ဦးဘိုးဇံတို့နှစ်ဦးဟာ ခဏခဏသွားရောက်၍ နေထိုင်ကောင်းမွန်ကြောင်း မေးကြပါတယ်။ နောက်ပြီး စ၀်ရွှေသိုက်ဟာ သမတရာထူးမှ နှုတ်ထွက်ပြီးသည့်အခါ ၁၉၅၂-ခုနှစ်၊ ဇူလိုင်လ ၈-ရက်နေ့မှာ ကျွန်ုပ်ဟာ စ၀်ရွှေသိုက်အတွက် လူ ၂၀၀-ကျော်၊ ၃၀၀-လောက်ကိုဖိတ်ကြား၍ ထမင်းစားပွဲကြီးတစ်ခု ပြုလုပ်တယ်။ အဲဒီလို ထမင်းစားပြုလုပ်သည့် ၆-နာရီတိတိအချိန်လောက်မှာ ဦးခင်မောင်ဖြူ၏ကား “စေဘာ” (RD 2307) အနက်ရောင်ကားကို ကျွန်ုပ်ဟာ ပြူတင်းပေါက်မှကြည့်နေရာ သူ့ကားရောက်ပြီးမှ အလံထူထားသည့်မြို့တော်ဝန်ဦးထွန်းတင်ကား၊ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ပျော်ဖွယ်ဦးမြကား၊ ၎င်း၏ကားနံပါတ်မှာ (RC 9977 ဖြစ်ပါသည်။ ၀န်ကြီးဦးဝင်းနှင့်စ၀်ရွှေသိုက်တို့ဟာ အင်မတန်ချစ်ခင်ကြပါတယ်။ ကျွန်ုပ်ထမင်းစားပွဲပြုလုပ်သည့်အခါ ဦးခင်မောင်ဖြူဟာ မလာပဲကို မနေနိုင်ပါဘူး။ ကျွန်ုပ်၏ ကြိုတင်ပေါင်းသင်းဆက်ဆံရေးပညာ တတ်ခြင်းကြောင့် အဖိုးတန်မှန်းသိ၍ လာရခြင်းဖြစ်ပါသည်။

No comments:

Post a Comment