Saturday, September 11, 2010

ချစ်ကြည်ရေး


ချစ်ကြည်ရေး

ရှေးနှစ်ပေါင်း ၁၀၀ ကျော်ကပင် တရုပ်အမျိုးသား၊ အိန္ဒိယအမျိုးသားများသည် ဗမာပြည်ဝယ် နေထိုင်လာခဲ့ကြသည်။ ထိုစဉ်ကစ၍ တဦးနှင့်တဦး ညီညီညွတ်ညွတ်ပင် နေထိုင်လာခဲ့ကြ၏။ နယ်ချဲ့အင်္ဂလိပ် အုပ်ချုပ်နေချိန်၌သာလျှင် လူမျိုးရေး ဘာသာရေး ကွဲပြားမှုပေါ် အခြေတည်၍ အဓိကရုဏ်းကြီးများ ဖြစ်ခဲ့ဘူးသည်။ သည့်နောက်ပိုင်း ဖက်ဆစ်ဂျပန် အုပ်စိုးသော ကာလဆိုးကြီး၌ပင်လျှင် ဗမာ၊ တရုပ်၊ အိန္ဒိယ ဤလူမျိုးသုံးဦးသည် သွေးသောက် ညီအစ်ကိုများပမာ တယောက်အရေးကို တယောက် ကူညီခဲ့ကြသည်မှာ မျက်မြင်ကိုယ်တွေ့ပင်။
ကျွန်ုပ်ဆိုလျှင် ယခု အသက် ၆၂ - နှစ် ရှိလေပြီ။
ကျွန်ုပ် မမွေးမီ ကာလက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို တဆင့်စကားဖြင့်၎င်း၊ စာအုပ်စာတမ်းများကို ဖတ်ရမှတ်ရ၍၎င်း၊ သိရှိရပါသည်။ ကျွန်ုပ်မျက်မြင်ပင် ကိုယ်နေထိုင်လာခဲ့သော ဗမာပြည်ဝယ် ခေတ်အမျိုးမျိုး ပြောင်းလွဲလာသည်ကို တွေ့မြင်ခဲ့ရလေသည်။ ထိုသည်တို့ကား ဗမာပြည်ဝယ် လူလာ၍ ဖြစ်ရခြင်း၏ အမြတ်ဟု ကျွန်ုပ် ဆိုချင်ပါသည်။
ရှေးယခင်ပြီးဆုံးလေခဲ့သောအတိတ်ကလည်း ဗမာပြည်ဝယ် တရုပ်နှင့် အိန္ဒိယ အမျိုးသားများသည် ညီညွတ်စွာ နေထိုင်လာခဲ့သည်။ ယခု သမယ ပစ္စုပ္ပန်တွင်လည်း ဤအတိုင်းပင် ရှိနေဆဲဖြစ်လေသည်။ နောင်လာမည့် အနာဂတ်ဟူသော ကာလတွင်လည်း ညီညွတ်ရေးနှင့် ချစ်ကြည်မှုမှာ ပျက်ပြားလေမည်မဟုတ်ဟု ကျွန်ုပ် ထင်မြင်ယူဆမိပါသည်။
၁၉၆၂-နှစ် အောက်တိုဘာ ၂၁-ရက်နေ့တွင် သတင်းစာ အသီးသီးတို့၌ တရုပ်-အိန္ဒိယ နယ်စပ်အငြင်းပွားမှု သတင်းဆိုးကြီးကို ၀မ်းနည်းဘွယ်ရာ ဖတ်ရှုရလေသည်။ ဗမာပြည်တွင် တရုပ် အိန္ဒိယ အမျိုးသားများသည် ဥမကွဲ သိုက်မပျက် နေထိုင်လာခဲ့သူ တဦးအနေဖြင့် ကျွန်ုပ်သည် အထူးပင် တ သ ၀မ်းနည်းမိပါသည်။
ထိုအခါဝယ် နိုင်ငံတော် တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းသည် သူ၏ကျန်းမာရေးအတွက် ဆေးကုရာမှ ဗမာပြည်သို့ ပြန်လာ၏။ ပြီးလျှင် “ဗမာပြည်ဝယ် နေထိုင်ကြသော တရုပ် အမျိုးသား၊ အိန္ဒိယ အမျိုးသားများသည် အေးဆေးစွာ နေထိုင်ကြပါ။ တရုပ်ပြည်နှင့် အိန္ဒိယပြည် ဤနှစ်ပြည်ထောင်သည် ကျွန်တော်တို့ မြန်မာနှင့် ခင်မင်ရင်းနှီးသော နိုင်ငံများဖြစ်ကြပါသည်” ဟူ၍ မေတ္တာရပ်ခံချက်သည်  တိုင်းပြည်၌ ထွက်လာလေသည်။
ပြီးနောက်တဖန် ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးချုပ် တီကလစ်(လေတပ်)၊ ဒုဗိုလ်မှူးကြီး သောင်းတင်(ရေတပ်)၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီးလွန်းတင်၊ နိုင်ငံခြားရေး ဦးဇော်ဝင်း၊ ကချင်ပြည်နယ် ဦးစီးခေါင်းဆောင် ဦးသိန်းလှသန်း၊ ဦးလှဝင်း၊ ဦးထွန်းလင်း၊ တိုင်းမင်းကြီး ဦးဝှမ်းလုံ၊ ဗိုလ်မှူးကြီး မြင့်သိန်း၊ ဒုဗိုလ်မှူးကြီး သန်းညွန့် တို့သည် ဗမာပြည်နယ်စပ်သို့ သွားရောက်၍ အခြေအနေကို လေ့လာအကဲခတ်ကြ၏။ သို့ကလို အခြေအနေကို လေ့လာအကဲခတ်ပြီးမှ ဗိုလ်မှူးချုပ်အောင်ကြီး ပြောသည်မှာ “ကိုယ်မိတ်ဆွေ နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့နေရာမှာ အမြောက်သံများ ကြားရ၍ လွန်စွာမှ စိတ်မကောင်း ဖြစ်ကြောင်း” ကို ကြားသိရလေသည်။
ကြားနေနိုင်ငံဖြစ်သော ဗမာပြည် အနေနှင့်မူ နှစ်ဦးနှစ်ဖက်သော နိုင်ငံများသည် ကိုယ်မိတ်ဆွေရင်းချာများ ဖြစ်လေသောကြောင့် ကျွန်ုပ်အနေဖြင့် များစွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။
၁၉၆၂-ခုနှစ် နိုဝင်ဘာလ ၂၁-ရက်နေ့တွင် တရုပ်ပြည်ဝန်ကြီးချုပ် ချောင်အင်လိုင်းက အရေးကြီးသော ကြေညာချက် တစောင်ကို ထုတ်ပြန်လေသည်။ သူ၏ထုတ်ပြန်ကြေညာချက်မှာ “အာရှ အာဖရိကနိုင်ငံများ၌ ရှိလေသော “လူထု”သည် အိန္ဒိယနိုင်ငံနှင့် မျက်နှာစုံညီဆွေးနွေးမှု ဖြစ်မြောက်ရေးအတွက် လှုံ့ဆော်ပေးပါရန်” ဟူ၍ဖြစ်လေသည်။
ဤလူထုဟူသောစကားအရ အာရှတိုက်ထဲ၌ နေထိုင်လေသော ကျွန်ုပ် တယောက်လည်းပါဝင်လေသည်။ အထူးသဖြင့် ဗမာပြည်ဝယ် အိန္ဒိယ ခေါင်းဆောင်ကြီးတဦးဖြစ်သူ ဆူဘတ်ချန်ဒရာဘို့စ် နှင့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး သိကျွမ်းခင်မင်သော မိတ်ဆွေဟောင်းကြီး တဦးအနေဖြင့်၎င်း၊ ဗမာပြည်ဝယ် ဗမာ -တရုပ်-အိန္ဒိယ ဤလူမျိုးသုံးဦး၏ ချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်လာခဲ့သူတဦးအနေဖြင့်၎င်း၊ ကျွန်ုပ်၏ ထင်မြင်ယူဆချက်တခုကို ရေးသားတင်ပြလိုပါသည်။
အာရှတိုက် အတွင်းဝယ်ရှိသော တိုင်းပြည်များ ညီညွတ်မှုကို ကမ္ဘာအားပြသည့်အနေဖြင့် တရုပ်အိန္ဒိယနယ်စပ် အငြင်းပွားမှုပြဿနာကို မျက်နှာစုံညီ စေ့စပ်မှုဖြင့် ဆွေးနွေး၍ ကျေအေးသင့်ပေသည်။
အာရှတိုက်သား တယောက်ချင်းညီညွတ်ပါက တတိုင်းတပြည်နှင့် တတိုင်းတပြည် ညီညွတ်နိုင်ပေသည်။ တတိုင်းပြည်ချင်း ညီညွတ်လျှင် အလွန်ကြောက်စရာ ကောင်းသော အနုမြူစစ်ပွဲကြီးသည် ဧကန်ဧက ဘယ်သို့သော အခါသမယမျှ မဖြစ်လာနိုင်ဟူ၍ အလေးအနက် ယုံကြည်မိပါသည်။

No comments:

Post a Comment