Thursday, September 9, 2010

အမှတ်တရ

အမှတ်တရ

ကျွန်ုပ်သည် လူ့အလွှာသုံးခု၌ ၀င်ဆန့်နိုင်အောင် အပေါင်းအသင်းများသူတစ်ဦးဖြစ်လေသည်။
          အထူးသဖြင့် သံရုံးမျာ်း၌ဆိုပါလျှင် တရုပ်ကောင်စစ်ဝန်မှအစ သံအမတ်ကြီးအထိ သိကျွမ်းခင်မင် ထားသူတစ်ဦးဖြစ်လေသည်။ တရုပ်သံရုံးများ၌ ပွဲကြီးပွဲကောင်းများ ပြုလုပ်ပါလျှင် ကျွန်ုပ်ထံသို့အမြဲတမ်း ဖိတ်ကြားလွှာပို့တတ်သည်။ ကျွန်ုပ်ထံ၌ပြုလုပ်သော ပွဲလမ်းသဘင်များရှိ၍
ဖိတ်ကြားပါလျှင်လည်း ကြွရောက်လာတတ်သည်။

(ဓာတ်ပုံစာ) ၁၉၅၈-ခုနှစ် (၀ဲမှယာ) ထိန်ကြည်ဘိန်း၊ သံအမတ် ရောက်ထုံဘိန်း၊ ကျန်ထိန်ဘိန်း၊ ဦးစပ်စု။

          ကျွန်ုပ်အဖို့ အလွန့်အလွန် ကိစ္စ၀ိစ္စများအရေးကြီးနေချိန်ကလွဲလျှင် သူတို့ဖိတ်ကြားသည်ကို သွားရောက် သည်ကများလေ၏။
          ကျွန်ုပ်၌၀ါသနာတစ်ခုရှိသည်။
          ကျွန်ုပ်နှင့် ခင်မင်သိကျွမ်းထားသူများကို အမှတ်တရဓါတ်ပုံရိုက်ကူးထားတတ်သည်။ ဤဓါတ်ပုံများ ကိုလည်း တရိုတသေ သိမ်းဆည်းထားတတ်လေသည်။ ယင်းကြောင့်လည်း ကျွန်ုပ်၏ဓါတ်ပုံပေါင်း ရာနှင့်ချီ၍ ရှိနေသည်။ အချို့သောပုံများကို ပုံကြီးချဲ့ကာ အိမ်ရှိနံရံ၌ ချိတ်ဆွဲထားတတ်သည်။ တချို့ နေရာမရှိ၍ ဓါတ်ပုံစာအုပ်နှင့်စီထားသည်မှာလည်းမနည်းလှပေ။ တထပ်ကြီးရှိ၏။
          ဤဓါတ်ပုံစာအုပ်ထဲမှ တစ်ချို့သောဓါတ်ပုံများကို ထုတ်နှုတ်ပြရပါလျှင် ....
          ၁၉၅၈-ခုနှစ် အောက်တိုဘာလ ၁-ရက်နေ့ (အောက်တိုဘာတော်လှန်ရေးနေ့ အောင်ပွဲအထိန်းအမှတ်……)
          ဤနေ့တွင် တရုပ်သံအမတ်ရောက်ထုံကဧည့်ခံသည်။ ထိုသံအမတ်သည် ၁၉၅၀-ခုနှစ်၊ သြဂုတ်လ ၃-ရက်နေ့တွင် ဗမာပြည်သို့စ၍ရောက်လာသော သံအမတ်ဖြစ်သည်။ ဟယ်လပင်လမ်းမှ တရုပ်သံရုံး အဆောက်အဦအသစ်ကမပြီးသေး၍ သူ့အိမ် အင်းလျားလမ်း အမှတ် (၂၄) သူ့နေအိမ်၌ပြုလုပ်သည်။ သူဗမာပြည်ရောက်စဉ်ကစ၍ ကျွန်ုပ်နှင့်သိကျွမ်းခင်မင်ခဲ့ပေ၏။
၁၉၅၉-ခုနှစ် အောက်တိုဘာတော်လှန်ရေးနေ့တွင်ဖြစ်သည်။ ဤအချိန်က ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်စောင့်အစိုးရတက်နေချိန်ဖြစ်သည်။ ဤနှစ်တွင် တရုပ်သံအမတ်အသစ် လိအစ်ဘင်နှင့် သံအမတ်ကတော် အောင်ရီတို့ရောက်လာကြသည်။ သူနှင့်ကျွန်ုပ်မသိကျွမ်းကြသေး။ ထို့ကြောင့် သက်ဆိုင်ရာပုဂ်္ဂိုလ်များက မိတ်ဆက်ပေးလေသည်။ သံရုံးအ၀င်ဝ၌ပင် သံအမတ်ကြီးနှင့်သံအမတ်ကတော်တို့က ကြွရောက်လာကြသော သူများကို ခရီးဦးကြိုဆိုပြီး လက်ဆွဲနှုတ်ဆက်လေ၏။
          (၁၉၆၂-ခုနှစ် အောက်တိုဘာတော်လှန်ရေးနေ့)
          ဤနှစ်တွင် ကျွန်ုပ်သည် ဇနီးမကျင်မြိုင်၊ သမီးလေး တင်တင်ဝင်းနှင့်အတူ၊ တရုပ်သံရုံး၏ အောက်တိုဘာတော်လှန်ရေးအထိမ်းအမှတ်ဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်။
          ထိုအချိန်၌ကား ဟယ်လပင်လမ်းရှိ ၁၉၆၂-ခုနှစ်တွင် ပြီးစီးသွားသော သံရုံးအဆောက်အဦသစ် ကြီး၌ ဧည့်ခံကျွေးမွေးသည်ကို မြင်တွေ့ရပေသည်။ သံရုံးမှပြုလုပ်သော ဧည့်ခံပွဲကြီးပွဲကောင်းများသို့ တက်ရောက်၍ ကိုယ့်ပေါင်းဟောင်းသင်းဟောင်းများနှင့် တဖန်တွေ့ကြရသည်။ စကားစမြည်ပြောကြားရသည်။ ရယ်စရာမောစရာလေးများကြားရသည်။ မသေမပျောက် ကျန်းကျန်းမာမာနှင့် တစ်ဦးကိုတစ်ဦးတွေ့ရ၍ စိတ်၏ စိမ်းမြေ့မှုသည်ပင်လျှင် အမြန်ဟုခေါ်ဆိုရမည်သာဖြစ်လေသည်။
          ဖေါ်ပြပါအကြောင်းအရာများသည် ကျွန်ုပ်ဘ၀တစ်ကွေ့တွင် ကြုံခဲ့ ဆုံခဲ့ရသော ဖြစ်ရပ်များပင် ဖြစ်ပေသည်။

No comments:

Post a Comment