Thursday, September 9, 2010

ကျွန်ုပ်စော်ဘွားစပ်စု / စပ်စုဘယ်တုန်းကစော်ဘွားဖြစ်ခဲ့သလဲ

ကျွန်ုပ်စော်ဘွားစပ်စု

          ကျွန်ုပ်သည် ရှမ်းပြည်သို့မရောက်သည်မှာကြာပြီဖြစ်၏။ ထို့ကြောင့် ကိုယ်ရောက်ခဲ့ဖူးသောဒေသ ဟောင်းသို့ တစ်ခါတစ်ခေါက်အလည်ရောက်လိုခြင်းဖြစ်သည်။ ရှမ်းပြည်တွင် ကျွန်ုပ်နှင့်ရင်းနှီးသော ရှမ်းပြည်နယ်ပြည်ထဲရေးဝန်ကြီး မိုးနဲစော်ဘွားစ၀်ပိရှိသည်။ သူ့ထံသို့ ၁၉၅၇-ခုနှစ်၊ သြဂုတ်လ ၁၄-ရက်နေ့ နေ့လယ်တစ်နာရီအချိန်၌ ““သြဂုတ်လ ၁၅-ရက်နေ့တွင် စော်ဘွားစပ်စု တောင်ကြီးလာမည်၊ ဟဲဟိုးလေဆိပ်မှာကြိုပါ””ဟူပြီး သံကြိုးရိုက်လိုက်လေသည်။
          ၁၅-ရက်နေ့တွင် ကျွန်ုပ်သည် ဟဲဟိုးလေဆိပ်သို့ ရောက်သွားသောအခါ စော်ဘွားစ၀်ပိနှင့် အခြားစော်ဘွားများ လာ၍ကြိုနေသည်ကို တွေ့ရသည်။ လေယာဉ်ပျံပေါ်တွင် စော်ဘွားဆို၍ တစ်ဦးတစ်လေမျှ မပါ။ ကျွန်ုပ်တစ်ဦးတည်းသာ ပါလာသည်။
         
စော်ဘွားစ၀်ပိက ကျွန်ုပ်အား သူ့အိမ်သို့ခေါ်သွားသည်။ သူ့အိမ်တော်သည် တောင်ကြီးမြို့ +++(ဝကြီး) လမ်းထဲ၌ဖြစ်သည်။ အိမ်ပေါ်သို့ရောက်၍ စော်ဘွားစ၀်ပိက ကျွန်ုပ်အားပြောပြသည်မှာ
          ““မနေ့ညကသံကြိုးစာဟာ ညခုနှစ်နာရီ ဆယ့်ငါးမိနစ်မှာရောက်လာပါတယ်။ ဒီအချိန်မှာ ကျွန်တော်လည်း တောင်ကြီးဗမာ့တပ်မတော်က သမတကြီးဦးဝင်းမောင်ကို ဂုဏ်ပြုပွဲပြုလုပ်နေလို့ ကျွန်တော်လဲ တက်ရောက်နေပါတယ်။ ဒီပွဲမှာ ဒုတိယ၀န်ကြီးချုပ် ဦးကျော်ငြိမ်းနဲ့ဇနီးဒေါ်နွဲ့နွဲ့ရီလည်း ရှိနေတယ်။ ချင်း၊ ကယား၊ ကချင်၊ ကရင်တွေလဲရှိတယ်။ ဒီဂုဏ်ပြုပွဲမှာ ကျွန်တော်ရှိနေတုန်း၊ ခင်းဗျားရိုက်တဲ့သံကြိုးကို အိမ်ကကျွန်တော့်ကိုလာပေးတယ်။ ရိုက်လိုက်တဲ့သံကြိုးစာထဲမှာ လာကြိုပါဆိုတာလည်း ထင်ရှားနေပြီး စော်ဘွားစပ်စုဆိုတဲ့နာမည်ဟာ မထင်မရှားမသဲမကွဲဖြစ်နေတယ်။ ဒီတော့ ဘယ်စော်ဘွားဆိုတာ အစဉ်းစားရ ကြပ်နေတယ်။ ဒါကြောင့် ဂုဏ်ပြုပွဲမှာ ကြွရောက်လာတဲ့ လူကြီးလူကောင်းတွေကို ခင်ဗျားရိုက်လိုက်တဲ့ သံကြိုးစာပြပြီး ဘယ်သူများဖြစ်နေမလဲလို့ အမျိုးမျိုးတွေးကြပါတယ်။ တချို့ကလည်း ရှမ်းပြည်ကတော့ မဟုတ်ဘူး၊ တရုပ်ပြည်ကစော်ဘွားဖြစ်မှာပဲလို့ ထင်မြင်ချက်ပေးသူကလည်းပေးတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လာကြိုမှာပဲလို့ ဆုံးဖြတ်ပြီးလာခဲ့တာပဲ။ လေယာဉ်ပျံပေါ်ကမဆင်းမချင်း ခင်ဗျားမှန်းမသိကြဘူး။ ဘယ်သူများဖြစ်နေ မလဲဟဲ့ဆိုပြီး စိတ်ထဲမှာ ဇဝေဇ၀ါနေလာလိုက်တာ လေယာဉ်ပျံပေါ်က ခင်ဗျားဆင်းလာတော့မှပဲသိရတော့တယ်။ ခုလိုလာရောက်လည်ပတ်တာကို ကျေးဇူးအထူးတင်ပါတယ်””ဟူ၍ ပြောလေသည်။
          တောင်ကြီးမြို့သို့ ဤအခါက ကျွန်ုပ်သွားခြင်းသည် အလည်သက်သက်သာ သွားခြင်းဖြစ်ပေသည်။ သို့သော် ထိုနေ့က တောင်ကြီးမြို့ပေါ်၌ ပြည်ထောင်စုသား လူမျိုးများနှင့် ပြည်မမှတိုင်းပြည်ခေါင်းဆောင် ကြီးများ တော်တော်စုံစုံလင်လင်ရောက်ရှိနေချိန်ဖြစ်သည်။ အဘယ်အကြောင်းများ စည်းဝေးတိုင်ပင်နေကြသည်ကို ကျွန်ုပ်လုံးဝမသိရှိခဲ့ပေ။
          တောင်ကြီးမြို့တွင် ကျွန်ုပ်သည် သုံးရက်မျှသာနေထိုင်ပြီး ပြည်မရန်ကုန်မြို့သို့ပြန်လာသည်။
          ၁၉၅၇-ခုနှစ်၊ စက်တင်ဘာလ ၉-ရက်နေ့ထုတ် ဟံသာဝတီသတင်းစာကြီးရှိ ကျွန်ုပ်၏အကြောင်းကို ဓါတ်ပုံနှင့်တကွ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက ရေးသားဖေါ်ပြထားလေသည်။ သူ၏ရေးသားချက်သည်ကား..
          စော်ဘွားစပ်စုခဏဖြစ်ခဲ့တဲ့ဦးစပ်စု၊ ဦးစပ်စုဆိုလျှင် နိုင်ငံရေးသမားတိုင်းချစ်ခင်သည်။
        ရှမ်းစော်ဘွားကြီးမဟုတ်ပါ။ မြန်မာပြည်ထောင်စုသား ပေါက်ဖေါ်စပ်စုပင်ဖြစ်သည်။
        အယ်ဒီတာအဖွဲ့ဝင်တစ်ဦးရေးသည်။
          ဦးစပ်စုအကြောင်းရေးသားရခြင်းမှာ စော်ဘွားစပ်စု ဆို၍ နိုင်ငံတော်သမတကြီးဦးဝင်းမောင် တောင်ကြီးမြို့သို့ ရောက်ရှိနေစဉ် စော်ဘွား၊ စော်ခံမင်းပရိတ်သတ်များ စုံလင်ရာတွင် စော်ဘွားတစ်ဦးထံသို့ “စော်ဘွားစပ်စုလာမည်၊ လေဆိပ်မှာကြိုပါ”ဆိုသော ကြေးနန်းကြောင့် စော်ဘွား စပ်စုသည် အဘယ်မည်သော စော်ဘွားဖြစ်သနည်း။ ကြေးနန်းရိုက်ရာတွင် စော်ဘွားဆိုသောစာလုံးသည် အလွန်ပီသ၍ စပ်စုဆိုသောစာလုံးမှာ ပီသခြင်းမရှိ။ သို့ရာတွင် ပထမစော်ဘွားဆိုသောစကားလုံးကြောင့် ကြေးနန်းရရှိသောစော်ဘွားကြီးသည် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာမည်ဖြစ်သော စော်ဘွားဆိုသောသူအား သွားရောက်ကြိုဆိုစေတော့သည်။
          အော် ... ဟော် ... ဟော် ...
          သွားရောက်ကြိုဆိုကြသောသူတို့သည် လေဆိပ်သို့ရောက်သည်နှင့်တပြိုင်နက် ယူဘီအေလေယာဉ်ပျံကြီးသည်ကား မြေသို့ဆင်းသက်၍လာလေပြီ။ လာရောက်ကြိုဆိုသောစော်ဘွားကြီးသည် အဆောင်အယောင် တို့နှင့်ဆင်းလာလိမ့်မည်ဟုအထင်ရှိသောကြောင့် ကြိုဆိုနေကြသောသူတို့သည် အသက်ကိုမျှ မှန်မှန်မရှူ နိုင်ကြပဲ စောင့်ဆိုင်း၍နေကြရာ၊ ပြည်ထောင်စုသားအဖြစ်ကိုခံယူထားသော ပေါက်ဖေါ်ကြီးဦးစပ်စုသည် အိပ်ယာလိပ်ကိုချိုင်းကြားညှပ်၍ဆင်းလာတော့မှ လာရောက်ကြိုဆိုကြသောသူတို့က အော် .. ဟော် .. ဟော် .. စသည်ဖြင့် အံ့သြကြပြီး ဦးစပ်စုထံသို့ပြေးသွားကြသည်။ ၎င်းနောက် သူ့အား နိုင်ငံတော် သမတကြီးဧည့်ခံရာသို့ ပို့ဆောင်လိုက်သောအခါတွင် နိုင်ငံတော်သမတကြီးနှင့်တကွ စော်ဘွားအပေါင်းတို့က အလွန်ခင်မင်ရင်းနှီးသောဦးစပ်စုအား နှုတ်ဆက်ကြတော့သည်။

စပ်စုဘယ်တုန်းကစော်ဘွားဖြစ်ခဲ့သလဲ
         
စော်ဘွားစပ်စုဆို၍ရိုက်လိုက်သောကြေးနန်းကြောင့် စော်ဘွားတို့၏ရပ်ကွက်တွင် စပ်စုသည် ဘယ်သောအခါက စော်ဘွားဖြစ်ခဲ့သနည်းဆိုသောပြဿနာသည် အလွန်ထူးချွန်၍နေပေရာ၊ ထိုသတင်းသည် အပြင်သို့တဖြည်းဖြည်းထွက်၍လာသောကြောင့်၊ ကျွန်ုပ်တို့သတင်းထောက်တစ်ယောက်အား ဦးစပ်စုထံသို့ စေလွှတ်မေးမြန်းစုံစမ်းစေရာ ဦးစပ်စုက ““အဲ .. အဲ ခင်ဗျားတို့က အထူးအဆန်းထင်မှာပဲလေ၊ ဟို ဂျပန်တွေ ကြီးကြီးမာစတာတွေလုပ်စဉ်က ၁၉၄၃-ခုနှစ်လောက်က စပ်စုကို မိုင်းပွန်စော်ဘွားကြီး စောစံထွန်းက စော်ဘွားကြီးတွေ့ရဲ့အကျိုးကို ကာကွယ်ပေးတယ်ဆိုပြီး စော်ဘွားစပ်စုရယ်လို့အမည်ပေးခဲ့တယ်လေ””။
သတင်းထောက်။  ။ ““ဦးစပ်စုကို စော်ဘွားလို့အမည်ပေးတဲ့အခါမှာ ဘယ်သူတွေ အသိသက်သေ တွေဖြစ်သလဲ””
စပ်စု။  ။ ““ဟာ အများကီးရှိလာပေါ့။ ပြောရရင် စပ်စုအများကီး စိတ်မကောင်းဖြစ်မယ်ဗျာ။ စော်ဘွားတွေ အနက် မိုင်းပွန်စော်ဘွားကြီး အခုမစိတော့ဘူး။ ဦးစော စပ်လယ်လေ။ သထုံစော်ဘွားစေပြီ။ ရှိတာတွေက ညောင်ရွှေစော်ဘွားကြီးစ၀်ရွှေသိုက်၊ စ၀်အုံဖ(သိန်္နီး)၊ စ၀်ထွန်းဧ(သမခန်း)၊ စ၀်ပြီ  (မိုးနဲ)တို့ဖြစ်ကြတယ်။ သူတို့ရဲ့ရာဇ၀င်တွေကိုပြောရရင် စနားစရာ အားကီး ကောင်းလယ်””
သတင်းထောက်။  ။““ဘာကြောင့် ဒီလောက်တောင်သနားစရာကောင်းနေတာလဲ၊ ပြောစမ်းပါဦး””
စပ်စု။  ။ ““စနားစရာကောင်းတာက ရှမ်းပြည်မှာ ဂျပန်ဘုရင်ခံဆိုပြီး အီရှီမာရူးဆိုတဲ့ ဘုရင်ခံစိလယ်လေ။
      အထက်ကပြောခဲ့တဲ့စော်ဘွားတွေဟာ အင်္ဂလိပ်လူတွေလို့ ကင်ပေတိုင်ကပြောကြတယ်။ ကင်ပေတိုင်က စူလို့ကို စစ်ဆေးချင်လယ်တဲ့။ စော်ဘွားတွေကို ရန်ကုန်ခေါ်လာတဲ့အခါမှာ စပ်စုလေ သွားတွေ့တယ်။ စူတို့မျက်နှာလေးတွေဟာ ဇီးရွက်လောက်ရှိလယ်လေ။ အလွန့်ကို စနားလယ်။ စပ်စု ဘယ့်နှယ်လုပ်သလဲဆိုရင် ကင်ပေတိုင် အကီးဆုံး အိုလီယန်ကလပ်မှာ လိပ်မျှားနေတဲ့ မတ်စူးအိုးကား ထံကိုစွားပြီး၊ မုတ်ဘူးလေ ခင်ဗျားကို ထမင်းကျွေးချင်လယ်။ အိုလီယန်မှာပဲ ထမင်းကျွေးမယ် စော်ဘွားတွေလည်း ဖိတ်မယ်ဆိုပြီးပြောလော့၊ မတ်ဆူအိုးကားက ကောင်းပြီ ကျွေးဆိုလို့ ၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၃၀-ရက်နေ့မှာ၊ ထမင်းကျွေးတယ်။ ဒီနေရာမှာ စပ်စုက စော်ဘွားတွေနဲ့ ကင်ပေတိုင်အကီးဆုံး မက်ဆူအိုးကားနှင့် မိတ်ဆက်ပေးလိုက်တော့ မိတ်ဆွေဖြစ်သွားကြလယ်လေ။
          ““နေအုံး၊ ပြောဦးမယ်”” စပ်စုကလည်း စားပွဲထိုးလဲ့ ကလေးမ ကလေး လှလှ ကလေးတွေ မွေးထားလယ်။ ၂-ယောက် စီချင်းအဆိုအားကီး ကောင်းလယ်။ မတ်စူးအိုးကားနဲ့ တောင်ကြီးဘုရင်ခံ အီရှီမာရှုးတို့အားကြီး စဘောကျလယ်။ နေ့လည်တစ်နာရီ အိုလီယန်မှာ နေ့လယ်စာကျွေးတယ်။ ညနေစပ်စု ဟော်တယ်မှာ ကျွေးမယ်။ အခွင်းပေးပါ””ဆိုပြီး မတ်ဆူအိုးကားကိုခွင့်တောင်းတယ်။ စူကခွင့်ပြုမှကျွေးပြန်တယ်။ ကင်ပေတိုင် အရာရှိကြီးတွေ လာရောက်တဲ့အခါမှာ စပ်စုက ကောင်းကောင်းကျွေး၊ အရက်မူးအောင်တိုက်လိုက်တာလေ စော်ဘွားတွေနဲ့ စူငယ်ချင်းမိတ်ဆွေဖြစ်သွားကြတယ်။
သတင်းထောက်။  ။ အိုရိယန်ဟော်တယ်မှာကျွေးတော့ ဘယ်သူတွေပါသလဲ။
စပ်စု။  ။ ““မတ်စူအိုးကားတို့ပါသလား””ဆိုပြီး သတင်းထောက်လုပ်သူက မတ်ဆူအိုးကား၏အမည်ကို ထိပ်မှာထားလိုက်ရာ ဦးစပ်စုက ““ဟေ့ ခဏနေပါဦး””ဟုပြော၍ မတ်ဆူအိုးကားကို အရင်ဆုံးထိပ်မှာမထားနဲ့လေ၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်မြတို့၊ ပျော်ဘွယ်ဦးမြတို့ကို အထက်ထားပါ၊ ခင်ဗျားတို့က ဗမာလူကီးကို အရင်ထားမှပေါ့””လို့ပင် ဟောက်လိုက်သေးသည်။
          ဦးစပ်စုကဆက်၍ ၀မ်းနည်းစရာကောင်းတာက စေကွဲမကွဲ၊ ရှင်ကွဲကွဲကြရတဲ့လူတွေ၊ စေကွဲကွဲရတဲ့ လူတွေဟာ ၁၄-နှစ်အတွင်း အများကြီးရှိတယ်။ စထုံဦးလှဖေနှင့် ပီကေချောင်းတို့ကိုရှင်ကွဲကွဲလာရတယ်။ စေကွဲကွဲလာရတာတွေကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ စော်ဘွားကြီးနှစ်ယောက်၊ စပ်စု ကောင်မလေးတွေက ၈-ယောက် အများကြီးစေကြပြီလေ။ လယ်တီဆရာတော်ဘုရားရဲ့ဆုံးမစာမှာ ချစ်ခင် ပေါင်းသင်းဆက်ဆံခြင်းက ကွေကွင်းနောက်ဆုံးလဲ့””
သတင်းထောက်။  ။ ““ဟယ် .. ဦးစပ်စု တယ်လည်းလုပ်လိုက်ပါကလား””
စပ်စု။  ။ ““စပ်စုအများကီးစိလယ်၊ စကားပြန်ပြီးမပြောနိုင်လာ၊ အားလုံးစေနေကြလယ်။ အဲဒီတော့စီးခံပြီးနေကြဖို့ပဲ။ စော်ဘွားကလော့၊ စော်ဘွားတွေဘေးကင်းအောင်လုပ်ပေးလို့ မိုင်းပွန်စော်ဘွားကြီးက စပ်စုကို စော်ဘွားအမည်ပေးလိုက်တယ်။ ဒီမှာကိစမ်းပါဟုဓါတ်ပုံဆို၍ပြရာ စော်ဘွား အ၀တ်အစားများနှင့်ရိုက်ထားသောပုံများကိုတွေ့ရသဖြင့် စပ်စုစော်ဘွားဖြစ်လာပုံကို ရေးသားရပေသည်။
          ဦးစပ်စုကဆက်၍ ““ဟော အခုစပ်စုကရင်ဖြစ်ပြီ၊ စပ်စုမိန်းမက ကရင်စွေးပါလယ်။ စပ်စု ကရင်ဖြစ်ပြန် ပြီဆိုတာ ဗမာကိုမေ့တာမဟုတ်ဘူးလေ။ စပ်စုသဘောက ကရင်မြန်မာချစ်ကြည်ရေးဖြစ်လယ်။ မအူပင်ခရိုင် လေးအိမ်စုရွာက ကရင်အမျိုးသားအဖွဲ့ချုပ် ကွန်ဖရင့်ဖြစ်အောင် စပ်စုကြိုးစားခဲ့လယ်။ စပ်စုဟာ ဓါတ်ပုံအရိုက် ခံတဲ့အခါမှာ ပြည်ထောင်စုအလံတော်အောက်မှာသာရပ်တယ်၊ မိန်းမမကျင်မြိုင်ကတော့ ကရင်အလံအောက်မှာ ရပ်တယ်။ ဟောဒီမှာ ကွန်ဖရင့်ပြီးမြောက်အောင် သမတကြီးလောင်းဖြစ်တဲ့ ဦးဝင်းမောင်နှင့်ရိုက်ကူးထားတဲ့ ဓါတ်ပုံလေစသည်ဖြင့် ကရင်၊ မြန်မာချစ်ကြည်ရေးကိုသာလိုလားတဲ့စပ်စုလေ၊ ဦးနု နာဂ၊ ဗိုလ်ချုပ်အောင်ဆန်း ကချင်၊ နတ်ဆာ မြန်မာ၊ ချောင်အင်လေး မြန်မာ၊ နေရူး မြန်မာအ၀တ်အစားများနှင့် ဓါတ်ပုံရိုက်ခဲ့ကြတယ် မဟုတ်လားဗျာဟု ပြောပြလိုက်ကြောင်း။
          ကျွန်ုပ်စော်ဘွားစပ်စုဖြစ်ခဲ့သည်မှာ ၁၄-နှစ်ရှိခဲ့ချေပြီ။ ခုတစ်ကြိမ်တွင် အကြောင်းဆိုက်၍ အင်္ဂလိပ် မြန်မာသတင်းစာအသီးသီး၌ ကျွန်ုပ်အား စော်ဘွားစပ်စုဖြစ်လာပုံကို ရာဇ၀င်နှင့်ချီ၍ရေးသားဖေါ်ပြခြင်း ခံခဲ့ရလေသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏စိတ်တွင်ကား နှောင်းခဲ့သောဖြစ်စဉ်များကို သတိတရရနှင့် ဖြစ်နေတော့သည်တကား။

No comments:

Post a Comment