Saturday, September 11, 2010

““ဒေါက်တာဘဟန်အိမ် ဗုံးကျစဉ်က””


““ဒေါက်တာဘဟန်အိမ် ဗုံးကျစဉ်က””

          ၁၉၄၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄-ရက်နေ့ ညနေပိုင်း၊ ၂နာရီအချိန်။
          မှတ်မှတ်ရရ ကျွန်ုပ်တို့သည် ထိုစဉ်က (ကုန်စည်ကြီးကြပ်ရေးဝန် ဦးကိုကို)နေအိမ်သို့ တရုပ်နှစ်သစ်ကူး စားသောက်ဖွယ်ပစ္စည်းများဖြင့် သွားရောက်၍ကန်တော့ကြပါသည်။ ပြီးနောက်တွင် ကျွန်ုပ်တို့ ဗြန်ဟတ်ဘွေအသင်းကြီး၏ ဥပဒေစည်းမျဉ်းအတိုင်း အသင်းကြီး၏ ဥပဒေအတိုင်ပင်ခံတစ်ဦးဖြစ်သူ ဒေါက်တာဘဟန်နေအိမ်သို့ ကန်တော့ရန်သွားကြပါသည်။
          ဦးကိုကို၏နေအိမ်မှထွက်လာ၍ ပေ-၅၀၊ ပေ-၆၀ခန့် ရောက်လေသောအခါ ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသည့် ပရိုက်ဗိတ်ကားသည် အမှတ်မထင်စက်ရပ်၍သွားပါတော့သည်။ ကားစက် ရပ်တန့်သွား၍ ဒရိုင်ဘာသည် ကားအောက်သို့ဆင်းပြီး စက်ကိုပြင်နေပါသည်။ ၁၀-မိနစ်ခန့် ကြာလေသောအခါ စက်သည် ကောင်းမွန်လာပါသည်။
          ကျွန်ုပ်တို့တတွေသည် ကားပေါ်သို့ပြန်တက်မည်ပြုစဉ် ရန်သူလေယာဉ်ပျံလာ၍ အချက်ပေး ဥသြဆွဲသံကို ကြားလိုက်ရပါသည်။ ဥသြဆွဲလိုက်သည်နှင့်တစ်ပြိုင်နက် ရန်သူလောယာဉ်ပျံသည် ဦးခေါင်းပေါ်သို့ ရောက်နှင့်ပြီးဖြစ်၏။ လေယာဉ်ပေါ်မှ ဗုံးနှစ်လုံးကို ဖြုတ်ချလိုက်ပါသည်။ မည်သည့်နေရာသို့ ဗုံးများကျရောက်လေသည်ကိုတော့ မသိ။ ကျွန်ုပ်၏စိတ်ထင် သိပ်မဝေး ကွာလှဟု ထင်မိပါသည်။ ဗုံးကျ၍ ပေါက်ကွဲသည့်အသံဆိုးကြီးကို နီးနီးကပ်ကပ်ပင် ကြားလိုက်ရလေသည်။
          ကျွန်ုပ်တို့တတွေသည် လမ်းနံဘေးမှသစ်ပင်ကို အကာအကွယ်ယူ၍ ထိုအချိန်တွင် ပုန်းနေလေ၏။ ၁၅-မိနစ်ခန့်ကြာပေမည်။ ပြီးနောက်တွင်ကား ကျွန်ုပ်သည် လမ်းမကြီးပေါ်သို့ မျှော်ငေး၍ ကြည့်လိုက်သည်။
          ထိုစဉ်ဝယ် စစ်ကားများနှင့်အတူ ကားတစ်စင်းသည် တစ်နာရီလျှင် မိုင်၃၀၊ ၄၀နှုန်းဖြင့် မောင်းလာသည်ကို တွေ့မြင်ရလေသည်။ ဤကားကို ကျွန်ုပ်သေသေချာချာကြည့်လိုက်၏။ ကားထဲတွင်ကား အိန္ဒိယတပ်မတော်ခေါင်းဆောင် ဆူဘတ်ချန်ဒရာဘို့(စ်) ဖြစ်နေလေသည်။
          ဤအချိန်တွင် ကျွန်ုပ်သည် လက်ပြ၍ ““ဆူဘတ်ချန်ဒရာဘို့(စ်)””ဟု အော်ပြီးနှုတ်ဆက် လိုက်၏။ ဆူဘတ်ချန်ဒရာဘို့(စ်)ကလည်း ကျွန်ုပ်အားသိပြီးဖြစ်သည့်အတိုင်း လက်ပြ၍ သူ့ကားနောက်မှလိုက်လာရန် လက်ဝှေ့ယမ်း၍ပြသွားလေသည်။ ကျွန်ုပ်တို့ကလည်း သူလက်ဝှေ့ပြ သည့်အတိုင်း ဆူဘတ်ချန်ဒရာဘို့(စ်)ကားနောက်မှ မော်တော်ကားကို မိုင် ၃၀၊၄၀နှုန်းဖြင့် မောင်းကာ လိုက်သွားလေ၏။
          သူ့နောက်သို့လိုက်၍ သွားလေသောအခါ စောစောကဗုံးချသည့်နေရာမှာ မရမ်းကုန်းနှင့် ရှစ်မိုင်မှာနေသည့် ဒေါက်တာဘဟန်၏ နေအိမ်ဖြစ်၍နေလေသည်။ ဗုံးတစ်လုံးသည် သူ့နေအိမ် တည့်တည့်သို့ကျပြီး ပေါက်ကွဲ၍ သွားပါသည်။ အိမ်လည်း ရစရာမရှိအောင်ပျက်စီး၍ သွားလေသည်။
          ကျန်ဗုံးတစ်လုံးမှာမူ ဗုံးခိုကျင်းဝတွင် ကျလေသည်။ ဤဗုံးကား ပေါင်၁၀၀ရှိသည့် မီးလောင်ဗုံးဖြစ်နေ၏။ ထိုစဉ်က ဒေါက်တာဘဟန်က ကျောင်းဖွင့်ထား၍ ကျောင်းသား ကျောင်းသူပေါင်း ၁၀၀ကျော်ရှိ ဗုံးခိုကျင်းထဲဝယ်ရှိလေသည်။ ဤဗုံးမှာ မီးလောင်ဗုံးဖြစ်သော်လည်း မီးမလောင်ပါ။ ဘုရားသိကြားမသည်ဟု ဆိုရပေမည်။
          မီးလောင်ဗုံးထဲမှ ထွက်လာသောယမ်းမှာ ကပ်စေးနဲကဲ့သို့ဖြစ်၏။ အရောင်မှာလည်း ၀ါဝါထိန်နေ၏။ ဤမပေါက်ကွဲသောဗုံးကို ဆူဘတ်ချန်ဒရာဘို့(စ်)နှင့်ကျွန်ုပ်က သွားပြီးကိုင် ကြည့်ပါသေးသည်။ ပြီးနောက်မှ ဆူဘတ်ချန်ဒရာဘို့(စ်)သည် ကံကောင်းထောက်မ၍ အသက်မသေသည့် ဒေါက်တာဘဟန်နှင့်သွားပြီး စကားပြောနေပါသေးသည်။
          နောက် ၅-မိနစ်ခန့်သာ ကြာမည်ထင်၏။
          ကျွန်ုပ်တို့ရှိရာသို့ ကား ၃-စင်းသည် အမြန်မောင်းနှင်၍လာသည်။ ကားပေါ်မှဆင်းလာသူ ကား အခြားမဟုတ်၊ ဘရုတ်သုက္ခနိုင်ငံတော်၏ အဓိပတိအရှင်မင်းကြီး ဒေါက်တာဘမော်ပင် ဖြစ်နေလေသည်။ ထိုစဉ်က ဒေါက်တာဘမော်စီးသောကားမှာ သူ့ကားပင်ဖြစ်ပါ၏။ သို့သော် အလံကားမပါပေ၊ ပြီးနောက် နာမည်ကျော် သူ့ခေါင်းပေါင်းလည်း မပါပေ။ အဓိပတိ၏ အဆောင်အယောင်ဟူ၍ ဘာတစ်ခုမျှမပါပေ။ သည်အခြင်းအရာများကိုကြည့်ခြင်းအားဖြင့် သူသည် အပြေးအလွှားလာရကြောင်းကို သိသာနိုင်၏။ ဤသို့သော အရေးကြုံသည့်အခါမျိုးတွင် သူတို့ ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မည်၍မည်မျှချစ်ကြကြောင်းကို သိသာနိုင်ပါ၏။
          ထို့နောက်တွင် ကျွန်ုပ်နှင့်ဆူဘတ်ချန်ဒရာဘို့(စ်)သည် မပေါက်ကွဲသောပေါင်၁၀၀ဗုံးကို နှစ်ဦးသား တစ်ဖက်စီကိုင်၍ ရွှေ့ကြပါသည်။ နောက်ဘက်မှလူများက ““ခုနေသာ ဒီဗုံးပေါက်ကွဲရင် ခင်ဗျားတို့နှစ်ယောက် အရင်သေမှာပဲ””ဟူ၍ နောက်ပြောင်ကြပါသေးသည်။
          ဤတွင် ကျွန်ုပ်က ““ဟာ.. ကိစ္စမရှိပါဘူး၊ ကိုယ့်မိတ်ဆွေအတွက် ကူညီရတာဘဲ””ဟု ပြန်လည်၍ပြောလိုက်လေသည်။
          ထိုနေရာတွင် ကျွန်ုပ်တခုရေးလိုပါသည်။
ဒေါက်တာဘဟန်အိမ်သို့ ထိုအချိန်တွင် ဒေါက်တာဘမော် လာ၏။ ညီအစ်ကိုဖြစ်နေ၍ဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။ ကျွန်ုပ်နှင့် ဆူဘတ်ချန်ဒရာဘို့(စ်)ကား ဗုံးများချနေစဉ်…အေးဥသြမဆွဲမီ ဒေါက်တာဘဟန်နေအိမ်သို့ တနာရီလျှင် မိုင် ၃၀-၄၀ နှုန်း မော်တော်ကားကို အမြန်မောင်းပြီး လာခဲ့ကြခြင်းဖြစ်ပါသည်။ မိတ်ဆွေကောင်းတို့၏ ၀တ္တရားကျေပွန်ပါပေသည်ဟု ကျွန်ုပ်ဆိုချင်၏။ ဤအချက်ကြောင့်ပင်လျှင် ကျွန်ုပ်သည် ဆူဘတ်ချန်ဒရာဘို့(စ်)ကို မချီးကျူးပဲမနေနိုင်၊ ကိုယ့်မိတ်ဆွေတစ်ယောက်အနေနှင့်လည်း ကြည်ညိုလေးစားမိသည်။
          ကျွန်ုပ်တို့ တရုပ်အမျိုးသားများတွင် ကဗျာတစ်ပုဒ်ရှိလေသည်။ ဤကဗျာသည် ရှေးလွန်လေပြီးသော နှစ်ပေါင်းလေးငါးထောင်က နာမည်ကျော် ရှေးကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ထိုကဗျာသည် စကားလေးခွန်း၊ စာလုံး ၂၀-ဖြင့် စပ်ဆိုထားလေသည်။ တရုပ်ဘာသာအသံ ထွက်ဆိုရလျှင်မူကား ....
                             ကျစ် ဟုန်း တီး ကင် ချို့၊
                             လော် ရောင်း တိ မ လစ်၊
                             ကောက် လွမ်း စစ် တုန့် စပ်၊
                             စူ ကျူ့ ကျန် လင် စင်။
          ဟူ၍ဖြစ်ပါသည်။ မြန်မာဘာသာစကားဖြင့် သူ့အဓိပ္ပါယ်ကို ဆီလျော်အောင်ပြန်ဆို ရေးသားရသော် ...
          ပြင်းထန်သော လေပြင်းမုန်တိုင်းတိုက်ခတ်သည့်အခါ အဘယ်မြက်ပင်သည် ခိုင်ခံ့သည်၊ မခိုင်ခံ့သည်ကို သိရ၏။
          ခရီးရှည်စီးကြည့်သောအခါ မြင်းအား ကောင်းသည်၊ မကောင်းသည်ကို သိရ၏။
          တိုင်းပြည်တစ်ပြည် ပျက်လေသောအခါ အဘယ်ဝန်ကြီးသစ္စာရှိသည်၊ မရှိသည်ကို သိရ၏။
          အရေးကြုံကြိုက်၍လာသောအခါ မိတ်ဆွေစစ်သည်၊ မစစ်သည်ကို သိနိုင်၏။
          ဤကဗျာကဆုံးမသွန်သင်ချက်အရ ကျွန်ုပ်၏မိတ်ဆွေ ဆူဘတ်ချန်ဒရာဘို့(စ်)၏ အကြောင်းကို သိရလေသည်။
          သည့်နောက်ပိုင်း အချိန်များ တွင် မူကား .. ကျွန်ုပ်နှင့်အတူ ဗိုလ်အောင်ဆန်း၊  ဆူဘတ်ချန်ဒရာဘို့(စ်)၊ ယာနာကိမူဒါ (၁၉၄၅ ခုနှစ်အထိ ဗမာပြည်ကို အုပ်ချုပ်သွားသော ဂျပန်စစ်ဗိုလ်ကြီး)တို့သည် အရေးကြီးသော ကိစ္စကြီးငယ်များရှိလေတိုင်း မကြာမကြာ လူချင်းဆုံတွေ့ကြ၏။ ထိုအခါက ယာနာကိမူဒါပြောသည့် စကားတစ်ခွန်းမှာ ““ဂျပန်စစ်သား သိန်း၃၀၊ သိန်း၄၀ခန့်ဟာ တရုပ်ပြည်မကြီးကိုသွားတိုက်တာ နွံထဲနစ်တဲ့စစ်သားတစ်ယောက်လိုဖြစ်နေတယ်။ နှုတ်လို့ မရတော့ဘူး..။ နို့မဟုတ်ရင် ဒီစစ်အင်အားနဲ့ အိန္ဒိယပြည်ဘက်ကို ဆက်လက်သိမ်းပိုက်လိုက်ရရင် ခုလောက်ဆိုရင်ရနေပြီ။ အာရှတိုက်ကြီးမှာ အိန္ဒိယ တရုပ်နဲ့ ဗမာ နိပွန်ဂျပန်တို့ ပေါင်းစပ်မိရင် မျက်နှာဖြူဥရောပတိုက်သားတွေကို ကြောက်နေဖို့မလိုတော့ဘူး။ အင်္ဂလိပ်ဆိုတာဟာ အမှန်တော့ စက္ကူကျားရုပ်သာဖြစ်ပါတယ်””ဟူ၍ ပြောပြဖူး၏။ ဤစကားကို ဗိုလ်အောင်ဆန်းနှင့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)တို့ အသိပင်ဖြစ်လေသည်။
          ကျွန်ုပ်နှင့် ဆူဘတ်ချန်ဒရာဘို့(စ်)သည် နေ့စဉ်လိုလိုတွေ့၏။ သည့်အတွက်ကြောင့်လည်း သူ၏ အလိုလိုရိုးသားပြီး ကြင်နာတတ်သောစိတ်ဓါတ်ကို သိရှိခွင့်ရလေသည်။ ကြာကြာ ပေါင်းသင်းပြီး သူကိုလေ့လာကြည့်သောအခါ သူ့အကြောင်းကို ပို၍ပို၍သိရှိလာ၏။ သို့ သိရှိလာလေတိုင်း သူ့အပေါ်တိုး၍တိုး၍သာ ကြည်ညိုလေးစားစိတ်က ယိုဖိတ်လာခဲ့လေ၏။
          ကျွန်ုပ်၊ ဗိုလ်အောင်ဆန်း၊ ယာနာကိမူဒါ၊ ဆူဘတ်ချန်ဒရာဘို့(စ်)၊ ဤမိတ်ဆွေလေးဦးသည် ယခုမှစပြီး ချစ်စခင်စဖြစ်ပါသည်။ သို့သော် အကြောင်းကြောင်းတွေကြောင့် ကွဲရန်အကြောင်းက ဖန်လာ၏။
          သည့်နောက်ပိုင်းတွင်မူကား ဂျပန်နိပွန်တို့၏ အခြေအနေမှာ မဟန်တော့ပေ။ နေ့စဉ်နေ့တိုင်း စစ်ရှုံးသည့်သတင်းများကို ကြားနေရပါသည်။
          ဗိုလ်အောင်ဆန်းကလည်း ဗမာ့တပ်မတော်နှင့် တော်လှန်ရေးကိစ္စများအတွက် ကြိုးစား နေချိန်ဖြစ်ပါ၏။
          ယာနာကီမူဒါကလည်း အာရှစစ်ရေးစစ်ရာများအတွက် အလွန်အရေးကြီးနေ၍ ကိုယ်ဖိ ရင်ဖိလုံးပမ်းနေချိန်ဖြစ်၏။
          ထိုစဉ်က မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကလည်း အိန္ဒိယလွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်း အလုပ်လုပ်နေချိန်ဖြစ်ပါသည်။
          ယင်းကြောင့်လည်း ကိုယ့်မိတ်ဆွေရဲဘော်များသည် တစ်ယောက်နှင့်တစ်ယောက် ကွေကွင်းကွဲကွာ၍ နေကြပါသည်။

No comments:

Post a Comment