Saturday, September 11, 2010

ချစ်ကြည်ရေးသမားကြီး ဦးစပ်စု--ရန်အောင် ရေးသည်

ချစ်ကြည်ရေးသမားကြီး ဦးစပ်စု

ရန်အောင် ရေးသည်

          အမှတ်တရ ...။ ၁၉၅၉ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ကဖြစ်၏။
          ထိုနေ့သည် တနင်္ဂနွေနေ့ဖြစ်၏။ ကျွန်တော်သည်ကိစ္စကလေးများကို သွားလာ ဆောင်ရွက်ပြီးနောက် အိမ်သို့ရောက်သောအခါ ကျွန်တော်၏သားသမီးကလေးများက ဆီး၍ပြောကြ၏။
          ““အဖေ ... ဦးစပ်စုဆိုတဲ့ထောင်ကဲကြီး အိမ်ကိုလာပြီးအဖေ့ကိုမေးတယ်။ အဖေနဲ့တွေ့ချင်လို့တဲ့ ..””
          ““ဟေ .. ဟုတ်လား ..၊ ဘာကိစ္စနဲ့တွေ့ချင်တယ်လို့ ပြောသွားသလဲ..””
          ““ကိစ္စကိုတော့မပြောဘူး။ “အရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ ဆရာကြီးနဲ့တွေ့ချင် တယ်” လို့သာ ပြောတာပဲ...””
          ““ဘယ်သူနဲ့အတူလာသလဲ”” ဟု ကျွန်တော်ကမေးလိုက်၏။
          ““ဇာတ်လိုက်မင်းသား ဦးထွန်းဝေတို့အိမ်က အစ်မတစ်ယောက်က လိုက်ပို့တယ်..””
         
ဇာတ်လိုက်မင်းသားထွန်းဝေ၏အိမ်မှာ ရန်ကင်းကျွန်တော့်အိမ်အနီး၌ပင်ရှိရာ ထွန်းဝေ၏အိမ်သို့ ကျွန်တော်လာခဲ့သည်။
          ““ဖိုးထွန်းဝေ ..၊ ဦးစပ်စု ကိုယ့်ဆီလာတာ ဘာကိစ္စတဲ့လဲ..”” ဟု ကျွန်တော်က မေးလိုက်၏။ ““ကျွန်တော့်ကိုလည်း ကိစ္စကိုပြောမပြဘူး။ ဆရာနဲ့တွေ့ချင်တယ်ဆိုလို့ ကျွန်တော့်အိမ်က ကလေးမကလေးကို လိုက်ပို့ခိုင်းလိုက်တာ၊ မတွေ့ခဲ့ရလို့ နောက်တစ်ခေါက်သူလာခဲ့ဦးမယ်လို့ ပြောသွားတယ် ..”” ဟု ထွန်းဝေက ပြောပြ၏။
          ““ဘာကိစ္စရှိလို့များ တွေ့ချင်တာပါလိမ့် ...””
          ““မပြောတတ်ဘူးဆရာ..၊ သို့ပေမယ့် သေချာတာတစ်ခုတော့ရှိတယ်””
          ““ဘယ်လိုသေချာတာလဲ...””
          ““ဦးစပ်စုကတော့ နာမည်နဲ့လိုက်အောင် စပ်စပ်စုစုလုပ်ရာ၊ ထူးထူးထွေထွေ လုပ်ရာမှာ စံပဲဆရာရေ့ ..၊ ဆရာ့ဆီကို အကြောင်းမထူးပဲနဲ့တော့ မလာဘူး။ အကြောင်းထူးရှိလို့သာလာတာပဲ။ ဆရာ့အတွက်ပဲအကြောင်းထူးသလား၊ သူ့အတွက်ပဲ အကြောင်းထူးသလားတော့မသိဘူး ထူးတော့ဖြင့် ထူးတာအမှန်ပဲ ..””

          ““အင်း.. ကိုယ်ကလည်း ထူးထူးဆန်းဆန်းတွေ တွေ့ချင်ဆုံချင်တာနဲ့ အတော်ပဲ..”” ဟု ကျွန်တော်က ၀မ်းမြောက်ဝမ်းသာပြောကာ ထွန်းဝေ၏အိမ်မှ ပြန်ခဲ့၏။
          ““ဦးစပ်စု အဘယ့်ကြောင့် ကျွန်တော့်ထံလာလေသနည်း”” ဤအကြောင်းကို ကျွန်တော်တွေး၍နေမိသည်။
          ဦးစပ်စု၏သတင်းကို ရှေးမဆွကပင် ကျွန်တော်အတန်အသင့်ကြားဖူး၏။ ဦးစပ်စုသည် ကလေးအရွယ်ငယ်စဉ်ကပင် ဗမာပြည်သို့ရောက်လာလျက် ဗမာအမျိုးသမီးနှင့်အကြောင်းပါကာ ဗမာစပ်စုဖြစ်လာသည်။ သူ့နာမည်အလိုက် စပ်စပ်စုစုလုပ်တတ်သည်။ အပေါင်းအသင်းအလွန်ဆံ့လျက် လူကြီးလူငယ် လူရွယ်လူလတ် အထက်လူအောက်လူ လူပေါင်းစုံနှင့် ပေါင်းသင်းဆက်ဆံကာ လူပေါင်းစုံ၏အကျိုးကို ကိုယ်ဖိရင်ဖိ ရွက်ဆောင်တတ်သူဟူသောသတင်းကို ကျွန်တော် ကြားဖူးခဲ့သည်။
          ကျွန်တော်သည် လောပေါင်းများစွာဖြင့် ဦးစပ်စုလာခြင်း၏အကြောင်းကို တွေးတောနေမိသည်မှာ ထိုနေ့ည ကောင်းကောင်းပင်အိပ်၍မပျော်တော့ပေ။ နောက်နေ့ဖြစ်သော အောက်တိုဘာလ၂၆ရက်နေ့တွင် ကျွန်တော်ကိုယ်တိုင် ဦးစပ်စု အိမ်သို့လာခဲ့သည်။
          ယမန့်နေ့ ဦးစပ်စုလာစဉ်ကပေးထားခဲ့သည့်လိပ်စာအတိုင်း မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်လမ်းထောင့်၊ လမ်းတော်သံဈေးနှင့်မျက်နှာချင်းဆိုင်တွင် “ဦးစပ်စု၏ လန်ထောင်ကုမ္ပဏီ”ဟူသော ဆိုင်းဘုတ်ကိုတွေ့ရလေရာ ဦးစပ်စု၏တိုက်ပဲဟု တွေ့လျက် ၀င်သွားသည်။
          ကုမ္ပဏီအတွင်းမှ စာရေးစာချီများကို ဦးစပ်စုနှင့်တွေ့လိုကြောင်းပြောနေစဉ်...
          ““သြ.. ဆရာကြီးဦးရန်အောင် .. ကြွပါကြွပါ”” ဟူသောအသံနှင့်အတူ ဦးစပ်စုသည် ကျွန်တော်၏ထံသို့လာကာ လက်ဆွဲနှုတ်ဆက်၏။ ဦးစပ်စု၏ချိုသာသော အပြုံး၊ ဖေါ်ရွေသောအမူအရာ၊ ခင်မင်ရင်းနှီးသောပြောပုံဆိုပုံတို့ကို ကျွန်တော်ရှေးဦးစွာ တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် နှစ်ပေါင်းများစွာကွဲကွာနေသည့် မိတ်ဟောင်းဆွေဟောင်းကို တွေ့လိုက်ရသကဲ့သို့ ၀မ်းမြောက်ရွှင်မြူးသွားတော့သည်။
          ““လာ.. ဆရာကြီး...””
          ဦးစပ်စုသည် ကျွန်တော့်ကို တိုက်အပေါ်ထပ် သူနေသည့် နေရာသို့ခေါ်သွား၏။ ဦးစပ်စုသည် ကျွန်တော်နှင့်တွေ့ရသည့်အတွက် ၀မ်းမြောက်ကျေနပ်သည့်အသွင် ပေါ်နေသည်။ သူ့ခြေဟန်လက်ဟန် လှုပ်လှုပ်ရှားရှားရှိလျက် အငြိမ်မနေ အလုပ်တစ်ခုခုကို အမြဲလှုပ်ရှား လုပ်ကိုင်နေမည့်သူဖြစ်လိမ့်မည်ဟု ကျွန်တော် တွေးမိသည်။
          ““ကိစ္စကိုပြောပါဦး..”” ဟု ကျွန်တော်ကသိချင်ဇောဖြင့် မေးလိုက်၏။
          ““ကိစ္စကတော့ဒီလိုပါ..”” ဟု အစချီကာ သူကိုယ်တိုင်တွေ့သည့် အတွေ့အကြုံ အဖြစ်သနစ်များကို စာအုပ်တစ်အုပ်ရေးသားထုတ်ဝေလိုသည်။ သူကနှုတ်ဖြင့်ပြောပြမည်၊ သူပြောပြသည်များကို တစ်ယောက်ယောက်က မြန်မာစာဖြင့် လိုက်ရေးရမည်။ ဤကိစ္စဖြစ်မြောက်အောင်ဆောင်ရွက်ပေးပါဟု ကျွန်တော့်ကိုတောင်းပန်၏။
          စကားပြော၍ပြီးလျှင် ဦးစပ်စုသည် စားဖွယ်သောက်ဖွယ်များဖြင့် ကျွန်တော့်ကို ဧည့်ခံကျွေးမွေး၏။ ““စားပါဆရာကြီး.. စားပါ.. စားပါ..”” ပြောလည်းပြော၏။ ကျွေးလည်းကျွေး၏။
          ဦးစပ်စုတိုက်မှ ပြန်ခါနီးတွင် ဦးစပ်စုသည် ကိုယ်တိုင်ကိုယ်ကျ သုံးဘီးကား တစ်စီးငှားကာ ကျွန်တော့်ကိုအိမ်တိုင်ယာရောက် ပို့ပေး၏။ ဦးစပ်စုကား နာမည်ကြီး ပုဂိ္ဂုလ်တစ်ဦးဖြစ်သည်။ တရုတ်သူဌေးကြီးတစ်ဦးဟုလည်း ကျွန်တော်ကြားဖူးသည်။ သို့သော် သူ့တွင် ကိုယ်ပိုင်ကားတစ်စင်းတစ်လေမျှ မရှိပါကလားဟု ကျွန်တော် တွေးမိကာ သူ့ကိုကရုဏာသက်မိသလို ဖြစ်သွားသည်။
          ဦးစပ်စု၏အတ္ထုပ္ပတ္တိကို မပျင်းမရိ မညည်းမညူ ရေးပေးမည့်သူကို ရှာရ၏။ တွေ့ပါလေပြီ။ ထိုစဉ်ကကျွန်တော်နှင့်အတူနေသော ကျွန်တော့်တပည့် မောင်လေးဖြစ်၏။
          ဦးစပ်စု၏ဘ၀အတွေ့အကြုံများလည်းဖြစ်၏။ သူ့အတ္ထုပ္ပတ္တိဟုလည်း ခေါ်ဆိုနိုင်သည့် “ထူးတဲ့စပ်စု”စာအုပ် ရိုက်နှိပ်ပြီးသည်နှင့်တစ်ပြိုင်နက် စာရေးဆရာများ သတင်းစာဆရာများကို ဖိတ်ကြားကာ ဦးစပ်စု၏အိမ်တွင် ဧည့်ခံထမင်းစားပွဲကြီးတစ်ရပ် ကျင်းပကျွေးမွေးလေသည်။ ကြွရောက်လာသူများအား “ထူးတဲ့စပ်စု” စာအုပ်တစ်အုပ်စီ လက်ဆောင်ပေး၏။
          ““ဦးစပ်စုကား ရှာဖွေစုဆောင်းရသမျှငွေကြေးများကို မိတ်ဆွေများအတွက်၊ အများကောင်း ကျိုးအတွက်၊ တိုင်းပြည်အတွက် လှူဒါန်းပေးကမ်း ကျွေးမွေး ပစ်သူသာတကား””
          ယခု ၁၉၆၃-ခုနှစ်၊ နှစ်ဦးတွင် ဦးစပ်စုနှင့်ကျွန်တော် တွေ့ရပြန်ချေသည်။ ဦးစပ်စု သူတွေ့ကြုံဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို စုပေါင်းကာ ဒုတိယမ္ပိတစ်အုပ် ရေးသားရိုက်နှိပ် လိုသည်ဟုဆို၏။
          သူ့စာအုပ်နာမည်ကို သူကိုယ်တိုင်ပေးသည်။
          ဦးစပ်စု၏ ၇၅-နှစ်အကြား၊ ၄၉-နှစ်အမြင် (ဗမာပြည်)
          သူပြောမည့်အကြောင်းကို ဗမာလို လိုက်၍ရေးမည့်သူတစ်ယောက် လိုလာပြန်ရာ ကျွန်တော့် တပည့် မြင့်ထွန်း (ကျွန်တော်နှင့်အတူ နာဂနယ်သို့ခရီးထွက်ခဲ့သူ)အား ဦးစပ်စုနှင့် ဆက်သွယ် ပေးရသည်။ မြင့်ထွန်းသည် တရုပ်ရပ်ကွက် စဥ့်အိုးတန်းတွင်နေသူဖြစ်ရာ တရုပ်အမျိုးသား ပြောသော ဗမာစကားကို စေ့ငုသေချာ ကျွမ်းကျင်စွာနားထောင်တတ်သူ နားလည်သူဖြစ်သည်။
          ထို့ကြောင့် ဦးစပ်စုကပြော၊ မြင့်ထွန်းကရေးဖြင့် ဦးစပ်စု၏ ၇၅-နှစ်အကြား ၄၉-နှစ် အမြင်(ဗမာပြည်)စာအုပ် ရေးသားပြီးစီးခဲ့သည်။ ကျွန်တော်သည် ဦးစပ်စု၏ ကိုယ်တွေ့မျက်မြင် နားကြားဗဟုသုတများကို သိချင်သည်။ ကျွန်တော့်တပည့်၏လက်ရာ အရေးအသားများကိုလည်း အကဲခတ်ချင်သည်။ ထို့ကြောင့် စာမူကို ဂရုတစိုက်ဖတ်ကြည့်ရာ ဦးစပ်စု၏ကိုယ်တွေ့ဗဟုသုတ များနှင့် မြင့်ထွန်း၏အရေးအသားတို့မှာ ကျွန်တော် မျှော်လင့်သည်ထက် ထူးချွန်ကောင်းမွန် နေသည်ကိုတွေ့ရ၏။
          ဦးစပ်စု၏ကိုယ်တွေ့ဖြစ်စဉ်ဖြစ်ရပ်များကို ရေးသား၍ ကိုယ်တိုင်ထုတ်ဝေလိုသည်ဟု ပြောသောအချိန်မှာ တရုပ်ပြည်နှင့်အိန္ဒိယပြည်တို့၏ နယ်စပ်ပြဿနာအတွက် အချင်းများနေသော အချိန်ဖြစ်သည်။ ဦးစပ်စု၏စာအုပ်ကို ရေးသားနေချိန်မှာကား တရုပ်ပြည်နှင့်အိန္ဒိယပြည်တို့  နယ်စပ်တိုက်ပွဲဖြစ်နေသော အချိန်ဖြစ်သည်။ ယခု ဦးစပ်စု၏စာအုပ်ကိုရိုက်နေသော အချိန်မှာကား တရုပ်အိန္ဒိယ နယ်နမိတ်ပြဿနာအတွက် မပြီးမပြတ်သေးသောအချိန်ဖြစ်သည်။
          ဦးစပ်စုသည် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဆူဘတ် ချန်ဒရာဘို့(စ်)၊ အိန္ဒိယ ၀န်ကြီးချုပ် မစ္စတာနေရူးနှင့် ရင်းနှီးခင်မင်ခဲ့ပုံကိုလည်း သူ့စာအုပ်တွင်တွေ့ရသည်။ ဦးစပ်စု၏ ဆိုလိုရင်းကား အိန္ဒိယ-တရုပ်-ဗမာတို့ ချစ်ကြည်မြတ်နိုးခဲ့ပုံသမိုင်းစဉ်ကို ဖေါ်ပြခြင်းဖြစ်ရာ၊ ဦးစပ်စုမှာ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး ရေချမ်းအိုးကြီးကို ပိုက်ပွေ့မြှောက်ပြသူဟု ဆိုနိုင်ပေသည်။
          ဦးစပ်စု၏စာအုပ်တွင် ကမ္ဘာ့ကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်အကြောင်းကို စိတ်ဝင်စားဖွယ် တခမ်းတနားရေးသားထား၏။ ဦးသန့်မှာ ကမ္ဘာကျော်ပုဂိ္ဂုလ်ကြီးဖြစ်လာ သောကြောင့် တခမ်းတနားရေးသားခြင်းမဟုတ်၊ တခမ်းတနားရေးရလောက်အောင်လည်း ဦးစပ်စု တွေ့ခဲ့ကြုံခဲ့ ဆက်ဆံရင်းနှီးခဲ့သည်။
          အရာရာတွင် စပ်စပ်စုစုလုပ်တတ်ပုံ၊ လူတိုင်းနှင့်အဆင်ပြေအောင် ပေါင်းသင်းတတ်ပုံ၊ သူတစ်ပါးအကျိုးကိုဆောင်ရွက်တတ်ပုံ၊ ကိုယ်တွေ့ကို စာဖြစ်အောင်ရေးတတ်ပုံ စသည်များမှာ ကျွန်တော်နှင့်ဦးစပ်စု တူလှလျက် ဦးစပ်စုသည် ကျွန်တော့်ထက်ပင်သာပေသေးသည်။
          ““ဦးစပ်စု၏ ၇၅-နှစ်အကြား၊ ၄၉-နှစ်အမြင်(ဗမာပြည်)””စာအုပ်ကို ရေးခြင်း၏ရည်ရွယ် ချက်မှာ တရုပ်အိန္ဒိယချစ်ကြည်ရေး၊ တစ်နည်းဆိုသော် အာရှတိုက်သားချင်းချစ်ကြည်ရေး၊ တစ်ဆင့်တက်ပြန်သော် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဖြစ်ရာ ဤစာအုပ်ထွက်ပြီးသည့်အချိန်တွင် ဦးစပ်စုလိုအင်ဆန္ဒနှင့်စေတနာတွေအတွက် အကောင်အထည်ပေါ်လိမ့်မည်ဟု မျှော်လင့်ယုံကြည် မိပါသတည်း။
ရန်အောင်

No comments:

Post a Comment