Saturday, September 11, 2010

““ရှေးအခါက””


““ရှေးအခါက””
         
အလွန်သေးငယ်လှသော မြေမှုန့်လေးများပေါင်းစပ်စုစည်းမိကြ၍ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးသည် ဤစကြ၀ဠာထဲတွင် ပေါ်ပေါက်လာခဲ့၏။ ကမ္ဘာမြေပေါ်တွင် မှီခိုနေထိုင်ကြသော မနုဿလူသားများကလည်း အုပ်စုဖွဲ့၍ သူ့လူမျိုးကိုယ့်လူမျိုးဟူ၍ သတ်မှတ်ခြင်းအမှုကိုပြုလာကြ လေသည်။
          ထို့ကြောင့်ပင်လျှင် ကမ္ဘာမြေပေါ်ဝယ် လူမျိုးအသီးသီး တိုင်းပြည်အမျိုးမျိုး ပေါ်ထွန်း၍ လာခဲ့လေသည်ဟု ကျွန်ုပ်ထင်ပါ၏။
          လက်ပေါ်မေးတင်၍ အတွေးနယ်ဝင်ကြည့်လျှင် စင်စစ်အားဖြင့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည် မိသားစုများ စုပြုံနေထိုင်သော အိမ်ကြီးသဖွယ်ဖြစ်၍နေပေသည်။ လူမျိုး တစ်မျိုးနှင့်တစ်မျိုး ဘာသာစကား ယဉ်ကျေးမှုဓလေ့များသာ ခြားနားကွဲပြားသော်လည်း အမှန်စင်စစ်အားဖြင့်မူကား ကမ္ဘာပေါ်ရှိ ရှိရှိသမျှသောလူသားများသည် မနုဿလူသားများ အဖြစ်နှင့် တစ်တန်းစားတည်း ရပ်တည်၍နေကြလေသည်။
          ပြီးနောက်တစ်ဖန် လူများသည် ကျယ်ပြန့်လှသောကမ္ဘာကြီးဝယ် ရေကြည်ရာ မြက်နုရာ ရှာဖွေ နေထိုင်ခဲ့ကြလေသည်။
          လွန်လေခဲ့ပြီးသော ၄၉-နှစ်ကာလ။
          ထိုစဉ်ကကျွန်ုပ်သည် ၁၄-နှစ်သာရှိပေသေးသည်။ ဤသမယကစ၍ ဆန်၊ စပါး၊ ရေနံ၊ ကျွန်းသစ် လွန်စွာပေါကြွယ်ဝသည့် မြန်မာနိုင်ငံသို့ စပြီးရောက်လာခဲ့ပါသည်။ ကျွန်ုပ်ထက်ဦးပြီး မြန်မာနိုင်ငံသို့ရောက်နှင့်နေပြီးဖြစ်သော တရုပ်အမျိုးသားများစွာလည်း ရှိကြလေသည်။ အများအားဖြင့် သူတို့သည် ကျွန်ုပ်ထက်အသက်အရွယ်ကြီးရင့်နေသူများ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုရပါလေသော် ကျွန်ုပ်၏ အဘိုး၊ အဖွားများဆိုလျှင် မမှားပါပေ။
          ကျွန်ုပ်ဗမာပြည်သို့ ရောက်ရှိလာလေသောအခါ ကျွန်ုပ်၏ဖခင်သည် ကျွန်ုပ်အား အနယ်နယ်အရပ်ရပ် ရထားလမ်းပေါက်သည့်နေရာမှန်သမျှကို လိုက်လံ၍ပြသပါသည်။ ပြီးနောက်တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့်တစ်ကွ ရှမ်းပြည်ဆိုလျှင် တောင်ပိုင်းမြောက်ပိုင်းပါ မကျန်ရလေအောင် ဗမာပြည်အနှံ့အပြားကို လိုက်လံ၍ပြသလေသည်။ ပြီးလျှင် ဤတိုင်းပြည်၏ အကျယ်အ၀န်း၊ နေထိုင်သောလူမျိုးတို့၏ ဓလေ့ထုံးစံများကိုလည်း ပြောပြပါသည်။ ဖခင်ဖြစ်သူ၏ ပြောပြချက်များကို ကျွန်ုပ်သည် သေချာစွာမှတ်သားထားခဲ့ပါသည်။
          သူတို့ခေတ်အခါက ဗမာပြည်ဝယ် လုပ်ငန်းကိုင်ငန်းကြီးလုပ်ကိုင်သူများမှာ မြန်မာထဲကဆိုလျှင် မနှင်းဆီ(သင်္ဘောပိုင်ရှင်)၊ တရုပ်အမျိုးသားထဲကဆိုလျှင် ချန်မာပီ၊ အိန္ဒိယ ထဲကဆိုလျှင် ဘာဘူးလီ၊ အင်္ဂလိပ်အမျိုးသားများက ဘီ-အို-စီနှင့် ဧရာဝတီကုမ္ပဏီများ ဖြစ်ကြောင်းကို ဖခင်ဖြစ်သူ၏ပြောပြချက်အရ သိရပါသည်။
          ဗမာပြည်ရှိ အရပ်ရပ်နှင့် ဒေသအသီးသီးအကြောင်းကို ကျွန်ုပ်ဖခင်ဖြစ်သူ၏ပြောပြချက် များကို လေ့လာမှတ်သားရုံမျှဖြင့် အားမရမတင်းတိမ်နိုင်သေး။ ယင်းကြောင့် ကျွန်ုပ်ကိုယ်တိုင် ဗမာပြည် အနယ်နယ်အရပ်ရပ်တွင် ကိုယ်တွေ့မျက်မြင်အသိဖြင့် သိရှိရလေအောင် အခါအခွင့် ကြုံလေတိုင်း နေရာအသီးသီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ဖူးပါသည်။ ထို့ကြောင့်ပင်လျှင် ဗမာပြည်အနှံ့အပြားသို့ ရောက်ခဲ့ရ၏။
          ထိုစဉ်ကဗမာပြည်ဝယ် နိုင်ငံခြားသားများ တော်တော်ရောက်နှင့်ပြီး ဖြစ်ချိန်ဖြစ်ပါ၏။ အများဆုံးတွေ့ရသူများမှာ အိန္ဒိယအမျိုးသားများဖြစ်ကြလေသည်။ သူတို့ပြီးလျှင် ဒုတိယလိုက် သူမှာ တရုပ်အမျိုးသားများဖြစ်လေသည်။ ဥရောပမျက်နှာဖြူလူမျိုးများမှာ အလွန်ပင်ဦးရေ နည်းပါးလေသည်။

          ကျွန်ုပ်သည် ဗမာပြည်အရပ်ရပ်သို့ရောက်လေတိုင်း တွေ့မြင်ရသောအချက်တစ်ချက်ရှိ၏။ ထိုကား မြန်မာအမျိုးသမီးအချို့သည် နိုင်ငံခြားသား၊ တရုပ်၊ အိန္ဒိယသားများနှင့် အကြောင်းပါ နေသည်ကို တွေ့မြင်ရလေသည်။ မြန်မာအမျိုးသမီးနှင့် အကြောင်းဆက်ပေါင်းဖက်မိသော ယင်းနိုင်ငံခြားသားများသည်လည်း များမကြာမီ ကြီးပွားချမ်းသာသည်ကိုလည်း တွေ့မြင်ရ လေသည်။ ထိုကဲ့သို့ အဘယ့်ကြောင့်ဖြစ်ရပါသနည်းဟူ၍ ကျွန်ုပ်တွေး၏။
          ဥပမာ နိုင်ငံခြားသား တစ်ဦးတစ်ယောက်သည် တောရွာတစ်ရွာ၌ မြန်မာအမျိုးသမီးကို ယူ၍ ကုန်စုံဆိုင်ဖွင့်ထားသည်ဆိုလျှင် ဤဆိုင်ကို မယားဘက်မှ ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ကလည်း အားပေးသည်။ ပြီးနောက်တစ်ဖန် ဤဆွေမျိုးများ၏အပေါင်းအသင်းကလည်း အားပေး၍ ၀ယ်ယူသုံးဆောင်ကြသည်။ ထို့ကြောင့်ပင် ယင်းဖိုးကံကောင်း နိုင်ငံခြားသားမှာ မကြာမြင့်မီ ကြီးပွားချမ်းသာပါတော့သည်။ ဤအတွက်ကြောင့်ပင်လျှင် ကျွန်ုပ်ကိုယ်တိုင် မြန်မာအမျိုးသမီး တစ်ယောက်ကို ယူထားခဲ့ဖူးပါသည်။
          ရှေးနှစ်ပေါင်းများစွာကပင် နိုင်ငံခြားသားများဖြစ်သော တရုပ်အမျိုးသား အိန္ဒိယအမျိုးသား များသည် ရေကြည်ရာမြက်နုရာဆိုသကဲ့သို့ တရွေ့ရွေ့ပြောင်းပြီး နေထိုင်လာခဲ့ကြ၏။ သူတို့သည် မြန်မာအမျိုးသမီးများနှင့် အိမ်ထောင်ကျခဲ့ကြသည်။ ထို့ကြောင့်ပင်လျှင် တရုပ်ကပြား ကုလားကပြား ဟူသော ကပြားလူမျိုးများ ပေါ်၍လာခဲ့လေသည်။
        
သည့်နောက် ထိုစဉ်ကနေထိုင်ကြသော နိုင်ငံခြားသား တရုပ်-အိန္ဒိယအမျိုးသားသည် တစ်နည်းမဟုတ် တစ်နည်းအားဖြင့် ဆွေမျိုးတော်စပ်နေသည်လည်းရှိပေသည်။ ဥပမာပြရပါ လေသော် ထိုစဉ်ကဗမာပြည်ဝယ် လူအများသိပြီးဖြစ်သော အိန္ဒိယအမျိုးသားသူဌေး ဟာရီကာစင်းပတေး (သိမ်ကြီးဈေးဝယ် အစုအများကြီးပါဝင်သောသူ)၏အမေနှင့် တရုပ်အမျိုးသားသူဌေး ယူ-မော်-ရှုံး (ပန်းကန်-စပါးသူဌေး)၏ အမေသည် ညီအစ်မတော်စပ်သူများဖြစ်ကြလေသည်။ ထို့ကြောင့်ပင် အဖေချင်းလည်း မယားညီအစ်ကိုတော်စပ်သူများဖြစ်ကြလေသည်။
          ဤသည်တို့ကား ကျွန်ုပ်ဖခင်ဖြစ်သူ၏ တစ်ဆင့်ပြောကြားချက်အရ သိရှိရသော အချက်အလက်အချို့ဖြစ်လေသည်။
          ကျွန်ုပ်ကိုယ်တိုင် အသက် ၂၀-၂၁နှစ်အရွယ်တွင် စပါးအ၀ယ်တော်အလုပ်ကို လုပ်ကိုင်ခဲ့လေသည်။ ထိုစဉ်ကဆိုလျှင် ပဲခူး ဒိုက်ဦးမှ ဖြူး ဇေယျဝတီ တောင်ငူအထိ ခရီးသွားရပါသည်။ ဗမာပြည်ဝယ်နေထိုင်ကြသော ဗမာ တရုပ် အိန္ဒိယ ဤသုံးဦး၏ ရောင်းဝယ် ဖေါက်ကားမှုအလုပ်ကား ကျွန်ုပ်တို့မမွေးမီ ရှေးနှစ်ပေါင်းများစွာကပင် ရှိခဲ့လေသည်။
          ယခုခေတ်ကာလပင်လျှင် မောင်ခိုင်လမ်း(ပေငါးဆယ်)၀ယ် ကုန်စည်ဒိုင်ဖွင့်၍ ဗမာ၊ တရုပ်အိန္ဒိယ ဤလူမျိုးသုံးဦး အရောင်းအ၀ယ်ပြုလျက် ရှိနေသည်ကို တွေ့နိုင်ပါသည်။ နံနက် ၅-နာရီခွဲဆိုလျှင် ဤလူမျိုးသုံးဦးစုမိကြပြီး အရောင်းအ၀ယ်ပြုနေသည်မှာ နေ့စဉ်နေ့တိုင်းပင်။ အနက် ၁၁-နာရီအချိန်သို့ ရောက်လေသောအခါ မဂိုလမ်းဝယ် ရောင်းဝယ်ခြင်းအလုပ်လုပ်လျက် ရှိသည်ကို တွေ့မြင်ရလေ၏။
          ဗမာပြည်မြေပေါ်ဝယ် ရှိနေကြသော ဗမာ၊ တရုပ်၊ အိနိ္ဒယ ဤသုံးမျိုးသော လူမျိုးများ ပေါင်းဖက်မိကြလေ- ထိုသို့ ရောင်းဝယ်ခြင်းအလုပ် အောင်မြင်လေဖြစ်သည်မှာ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါ၏။ ယနေ့ဗမာပြည်၏စီးပွားရေးသည် ယင်းလူမျိုးသုံးဦး၏လက်ထဲဝယ် ရှိပါသေးသည်။
          ဤလူမျိုးသုံးဦးသည် ဗမာပြည်အရပ်ရပ်ဝယ်ရှိသော ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချခဲ့၏။ ထိုမှ နိုင်ငံခြားသုံးငွေ ၀င်လေသည်။ ဤသို့သောလုပ်ဆောင်ချက်ကိုလည်း နိုင်ငံတော်အစိုးရက အားပေးကူညီခဲ့သည်ကို တွေ့ရပါသည်။
          ထိုမှတစ်ဖန် ရှေးအခါသမယကဆိုလျှင် အလှူအတန်း၊ မင်္ဂလာပွဲကြီးပွဲကောင်းများ ကျင်းပပြုလုပ်သောအခါ ဗမာ တရုပ် အိန္ဒိယအမျိုးသားများ မျက်နှာစုံညီ တွေ့ရပြန်လေသည်။


(လက်ဝဲဘက်တွင် အင်္ကျီဘောင်းဘီအဖြူနှင့် မတ်တတ်ရပ်နေသူသည် လွန်လေပြီးခဲ့သော ၃၅နှစ်က ဦးစပ်စု၊ လက်ျာဘက်တွင် ကုတ်အင်္ကျီနှင့်ထိုင်နေသူက ၁၉၅၈ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖူးသူ ဦးချန်ထွန်းအောင်ဖြစ်သည်။)
         
ဖေါ်ပြပါဓါတ်ပုံကား လွန်လေပြီးခဲ့သော ၃၅-နှစ်က တရုပ်အမျိုးသား သူဌေး ဦးကေဘာကြီး၏သမီး လက်ထပ်ပွဲဖြစ်သည်။
          ထိုစဉ်က ဗမာအမျိုးသားများသည် ကိုယ့်အမျိုးသားဝတ်စုံကိုဝတ်၊ ခေါင်းပေါင်း အပြာ၊ အ၀ါ၊ အစိမ်း ရောင်စုံပေါင်း၍ တက်ရောက်ချီးမြှင့်ကြသည်။ အိန္ဒိယအမျိုးသား ဘာဘူများကလည်း ဦးထုပ်အဖြူဆောင်းကာ တက်ရောက်သည်ကို တွေ့ရလေသည်။ တရုပ်အမျိုးသားများကား ကိုယ့်အမျိုးသားဝတ်စုံဖြင့်တစ်မျိုး၊ ဥရောပ၀တ်စုံဖြင့်တစ်နည်း တက်ရောက်ကြလေသည်။
          ဤသို့ဤပုံ  လူမျိုးသုံးဦးဆုံမိလေမှ ပွဲစည်လေတော့သည်။ ထိုအတိုင်းပင် ဤလူမျိုး သုံးဦးသည် ညီညီညွတ်ညွတ်နေထိုင်ခဲ့ကြသည်။ ယင်းခေတ်၏ကြေးမုံဟုဆိုလျှင်လည်း မမှားပါပေ။

No comments:

Post a Comment