Saturday, September 11, 2010

ဤစာအုပ်နှင့်ကျွန်တော် မြင့်ထွန်း-ရေးသည်


ဤစာအုပ်နှင့်ကျွန်တော်

မြင့်ထွန်း-ရေးသည်
         
ရန်ကုန်မြို့ တရုပ်ပိုင်းဝယ် ကြီးပြင်း၍လူလားမြောက်လာသူတစ်ဦး အနေဖြင့် လန်ထောင်-ဦးစပ်စု၏အမည်ကို ကြားဖူးနေသည်မှာ နှစ်အတော်ပင်ကြာမြင့်ခဲ့လေပြီ။ လူကိုယ်တိုင်ကိုကား အကြောင်းမညီညွတ်သေးသဖြင့် မတွေ့မြင်ဖူးသေးပေ။
          ကျွန်တော့်ဆရာ စာပေထွတ်ခေါင် ဆရာဦးရန်အောင်၏ ဆက်သွယ်ပေးမှုကြောင့်ပင် ဦးစပ်စုနှင့် သိကျွမ်းခင်မင်ခွင့်ရခဲ့လေသည်။ ပထမဆုံးအကြိမ် ဦးစပ်စုနေအိမ်သို့ ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ရောက်သွားချိန်၌ ဆရာဦးရန်အောင်အဖို့ မည်သို့နေချေမည်မသိ။ ကျွန်တော့်အဖို့မူကား အတော်လေးအံ့အားသင့်ရလေသည်။
          ဘယ့်အတွက်ကြောင့် အံ့အားသင့်ရပါသနည်း။
          ဦးစပ်စုနေအိမ်တွင် ဦးနု(၀န်ကြီးချုပ်ဟောင်း)၊ ဦးဝင်းမောင်(သမ္မတဟောင်း)၊ စ၀်ရွှေသိုက်နှင့် မဟာဒေ၀ီတို့အိမ်သားစု၊ ဒေါက်တာဦးဘဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်နေ၀င်း၊ ဦးသန့်(ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်)၊ ဦးထွန်းဖေ (ထွန်းနေ့စဉ်)၊ ဦးသိန်းဖေမြင့်၊ ဦးဗဆွေ(ဖ-ဆ-ပ-လ ဥက္ကဋ္ဌကြီး)၊ ဆူဘတ်ချန်ဒရာဟို့(စ်)၊ အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးတို့နှင့် အတူတွဲ၍ရိုက်ကူးထားသည့် ဓါတ်ပုံကြီးငယ် အသွယ်သွယ် တို့ကို အစီအရီချိတ်ဆွဲထားသောကြောင့် ဖြစ်ပေသည်။
          ယင်းသို့သော နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ ပုံတော်တော်များများကို တစ်စုတစ်ဝေးတည်း ဤ၍ ဤမျှအထိ များပြားစွာချိတ်ဆွဲထားသည်မှာ ပြတိုက် ပြခန်းနှင့် ဓါတ်ပုံဆိုင်ကြီးများမှလွဲလျှင် ကျွန်တော့်တစ်သက် မမြင်ဖူးသေးပေ။ ဦးစပ်စုနေအိမ်၌ သို့ကလိုအတိုင်းပင် မြင်တွေ့ခဲ့ရလေသည်။
          သည့်အတွက်ကြောင့်ပင်လျှင် ကျွန်တော်က ဦးစပ်စုကို လူထူးလူဆန်းတစ်ယောက် အနေဖြင့်မြင်သည်။ ထို့နောက်ပိုင်းတွင်မူ ဦးစပ်စုအကြောင်းကို ကျွန်တော်က လက်လှမ်းမှီရာ ပတ်ဝန်းကျင်လောက၀ယ် လေ့လာစုံစမ်းခြင်းအမှုကို ပြုလေသည်။
          သူသည် ကောက်စိုက်သူမမှအစ နိုင်ငံတော်သမ္မတအထိ လူ့အလွှာအသီးသီးတို့၌ အပေါင်းအသင်း ၀င်ဆံ့သူတစ်ဦးဖြစ်ကြောင်းကို သိရသည်။ ပြီးနောက်တစ်ဖန် လူ့ဘ၀အသွယ် သွယ်၌ ကောင်းကောင်းကြီးကျင်လည်ဖူးသူတစ်ယောက် ဖြစ်ကြောင်းကိုလည်း သူ၏“ထူးတဲ့စပ်စု” ပထမတွဲစာအုပ်ကို ဖတ်ကြည့်၍သိခွင့်ရခဲ့သည်။
          ကျွန်တော်ကလည်း စပ်စပ်စုစုလုပ်သည်ကို ၀ါသနာကလည်းထုံ၊ ဘ၀ကလည်း စုံခဲ့ဖူးသူ တစ်ယောက်ဖြစ်၏။ ကျွန်တော့်မိတ်ဆွေသင်္ဂဟများထဲတွင် လူ့အလွှာအသီးသီးမှ လူအမျိုးမျိုး ပါရှိ၏။ ဤမည်သော လူမျိုးစုံနှင့်ပေါင်းသင်းဆက်ဆံမှုကြောင့် ကျွန်တော့်အဖို့ အရှုံးလည်းရှိ၏။ အမြတ်လည်းရှိ၏။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်အဖို့ လူအမျိုးမျိုးနှင့်ပေါင်းသင်းဆက်ဆံမှု ကြောင့် လူအများ၏စိတ်သဘာဝအကြောင်းကို သိခွင့်ရရှိလေသည်။ နောက်ပိတ်တကာ နောက်ပိတ်ဆုံး လူအမျိုးမျိုးနှင့်ပတ်သက်နေသော ဘ၀အတွေ့အကြုံတော့ အဖတ်တင်ကျန်ရစ် ခဲ့လေသည်။
          ဆရာကြီးဦးရန်အောင်၏ တာဝန်ပေးချက်အရ ကျွန်တော်သည် ဦးစပ်စု၏ဘ၀အတွေ့ အကြုံဖြစ်ရပ်စုံများကို စာအုပ်တစ်အုပ်ဖြစ်အောင် တာဝန်ယူ၍ရေးပေးရလေသည်။ နေ့စဉ်နေ့တိုင်း နေ့လယ် တစ်နာရီမှ ညနေ၅-နာရီအချိန်အထိ၊ တစ်နေ့လျှင် လေးနာရီအချိန်ယူ၍ သူ့နေအိမ်သို့ သွားပြီး စာရေးရလေသည်။
          ဦးစပ်စုကလည်း လဖက်ရည်နှင့်မုန့် မှန်မှန်ကြီးတိုက်ကျွေးသည်။ ထို့နောက်တွင်လည်း ထိုက်သင့်သောဉာဏ်ပူဇော်ခငွေကိုလည်း နေ့စဉ်မှန်မှန်ပေးသည်။ ဦးစပ်စုက သူ့ဘ၀တစ်ကွေ့ဝယ် ဆုံတွေ့ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဖြစ်စဉ်များကို စကားဖြင့် သေသေချာချာပြောပြလေသည်။ သူ့ပါးစပ်မှပြောလေသမျှကို တစ်လုံးမကျန်ရလေအောင် မှတ်သားထားပြီး၊ စာပြန်၍ရေးရသည်မှာ ကျွန်တော့်အလုပ်။
          ဦးစပ်စု၏ထူးခြားချက်ကား ယခုဤစာအုပ်ထဲတွင် ဖေါ်ပြပါ နှစ်၊ လ၊ ရက်၊ အချိန်များကို ဒိုင်ယာရီမှတ်တမ်းစာအုပ်ဖြင့်ရေးမှတ်မထား ဦးနှောက်ဖြင့်သာ မှတ်သားထားလေသည်။ သူ့ဘ၀တွင် ကြားမြင်သိခဲ့ရသော အတွေ့အကြုံများကို စာကျေနေသည့်ကျောင်းသားတစ်ယောက်ပမာ တစ်လုံးမကျန်မှတ်မိနေသည်။ သူမှတ်မိနေသောအတွေ့အကြုံများကို ခရားမှရေလွှတ်သည့်ပမာ တတွတ်တွတ်နှင့်ပြောပြနိုင်၏။ ဤသည်ကား ဦးစပ်စု၏ထူးခြားသောမှတ်ဉာဏ်ဟုဆိုရပေမည်။
          အမှန်အားဖြင့် ဦးစပ်စုသည် ဗမာပြည်၌အနေကြာမြင့်ပြီးဖြစ်၏။ သို့တိုင်အောင် ဗမာစကားကို ပီသအောင်မပြောနိုင်သေးပေ။ တရုပ်သံဝဲ၍ပင်နေသေးသည်။ သူ၏ စကားပြောဟန်နှင့် လေယူလေသိမ်းဟန်ကို ကြားလေ့ကြားထမရှိသူတစ်ယောက်အဖို့ ဦးစပ်စုပြောသော ဗမာစကားကို နားရှင်းရန်အတော်ပင်ခက်ခဲလေသည်။

          ကျွန်တော်ကလည်း ဦးစပ်စုပြောပြသည့်စကားများထဲတွင် မသိမရှင်းလင်းသော အကြောင်း အခြင်းအရာများကို စပ်စပ်စုစုပင်မေး၏။ စပ်စပ်စုစုပင် သိနှင့်ထားသော ဦးစပ်စုကလည်း စိတ်ရှည်ရှည်ထားပြီး ဖြေကြားလေသည်။
          ဦးစပ်စုပြောပြသော စကားများထဲတွင် ကျွန်တော်မမှီလိုက်သော အတိတ်ခေတ်၏ဖြစ်စဉ် ပျက်ရပ်များလည်းပါဝင်သည်။ ကျွန်တော်ခလေးအရွယ်လူမမယ်ဘ၀က ၀ိုးတ၀ါးသိရှိထားသော အကြောင်းခြင်းရာများလည်းပါဝင်သည်။ ယခုပစ္စုပ္ပန်ဘ၀နှင့် ဆက်စပ်နေသောပြဿနာ တစ်ရပ်လည်းပါဝင်လေသည်။
          ယင်းအကြောင်းခြင်းရာများကို သိနှင့်ထားသူမဟုတ်သော ကျွန်တော့်အဖို့ ဦးစပ်စု ပါးစပ်ဖြင့်ပြောပြသောစကားများကို စာဖြစ်အောင် လက်ဖြင့်လိုက်၍ရေးရခြင်းပင်လျှင် ဗဟုသုတများစွာရရှိလေသည်။
          ဗမာပြည်ဝယ် မှီတင်းနေထိုင်ကြသော နိုင်ငံခြားသားလူမျိုးများစွာထဲတွင် နာမည်ကျော် ဖြစ်နေသူ၊ ကြီးပွားချမ်းသာနေသူ များစွာရှိလေသည်။ သို့သော် သူတို့၏ဘ၀အတွေ့အကြုံများကို စာအုပ်တစ်အုပ်ဖြစ်အောင်ရေးနိုင်သူ အတော်ရှားပါပေ၏။ ဦးစပ်စုမှာ မြန်မာစာတတ်သူ တစ်ယောက်မဟုတ်၊ သို့တိုင်အောင် သူ၏ထူးခြားသော ဘ၀အတွေ့အကြုံများကို စာအုပ်တစ်အုပ် ဖြစ်အောင်စွမ်းဆောင်နိုင်သူဖြစ်၏။ ဤသည်ပင်လျှင် ဦးစပ်စု၏ထူးခြားချက်တစ်ရပ်။
          မည်သို့ပင်ဖြစ်စေ ဦးစပ်စုကဲ့သို့သော ဘ၀မျိုးစုံကျင်လည်ခဲ့သူတစ်ဦး၏ အတွေ့အကြုံ မှတ်တမ်းကို ချစ်စွာသော စာဖတ်သူများသိရှိပါလျှင် ကျွန်တော့်အဖို့ ရေးရကျိုးနပ်လေပြီ။

မြင့်ထွန်း
အမှတ်-၁၀၊ စဥ့်အိုးတန်း
လမ်းမတော်စာတိုက်
ရန်ကုန်မြို့

No comments:

Post a Comment