Thursday, September 9, 2010

မိတ်ကောင်းဆွေကောင်း

မိတ်ကောင်းဆွေကောင်း

ကျွန်ုပ်ဘ၀တွင် တွေ့ကြုံခဲ့သောသူများကို အမြဲတစေ လေ့လာအကဲခတ်တတ်သော ၀ါသနာတစ်ခု ရှိလေသည်။ ကိုယ်နှင့်ခင်မင်သိကျွမ်းခဲ့သောသူများ၏ အကြောင်းအင်ကိစ္စမှန်သမျှကိုလည်း အမြဲမပြတ် စုံစမ်းလေ့လာလျက်ရှိသည်။ ကျွန်တော့်မိတ်ဆွေများ၏ သတင်းစကားကိုလည်းအမြဲတမ်းနားစွင့်လျက်ရှိ လေသည်။
          ယခု မြန်မာနိုင်ငံတော်လှန်ရေးအစိုးရလက်ထက်တွင် ပြည်သူ့ထောက်ပံ့ရေးအတွင်းဝန် ဗိုလ်မှူးကြီးဝင်း၊ သူနှင့်ကျွန်ုပ် သိကျွမ်းခင်မင်ခဲ့သည်မှာ ၁၉၄၃-ခုနှစ်ကဖြစ်သည်။ ထိုစဉ်ကကျွန်ုပ်သည် ဦးဝိစာရလမ်းရှိ စစ်ဝန်ကြီးရုံးသို့ ဗမာ့တပ်မတော်ရန်ပုံငွေထောက်ပံ့ရေးကိစ္စနှင့် နေ့စဉ်နေ့တိုင်းသွားနေရလေသည်။ ကျွန်ုပ်နှင့် တွေ့စဉ်က သူသည်ဗိုလ်မှူးလေးဖြစ်၏။ ထိုစဉ်ကစ၍တစ်ဦးနှင့်တစ်ဦး သိကျွမ်းလာခဲ့ရသည်။ ကျွန်ုပ်လည်း စစ်ဝန်ကြီးရုံးသို့ နေ့စဉ်နေ့တိုင်းသွားနေရ၍ သူနှင့် လည်း နေ့တိုင်းပင်တွေ့မြင်နေရလေသည်။
         
သူနှင့်ကျွန်ုပ် တစ်ကြိမ်တွင် ဆုံဆည်းကြပြန်သည်။
          ၁၉၅၅-ခုနှစ်၊ မတ်လ ၂၇-ရက်နေ့(တော်လှန်ရေးနေ့)မှ ၃၁-ရက်နေ့အထိ၊ ငါးရက်ငါးညတိုင် လမ်းမတော်မြင်းပြိုင်ကွင်းဟောင်း၌ တပ်မတော်ပြပွဲပြုလုပ်သည်။ ရွှေပွဲလာပရိတ်သတ်သည် ၀င်ကြေးမပေးရ၍ သိန်းနှင့်ချီနေပြီး ကြက်ပျံမကစည်ကားလှသည်ကို တွေ့မြင်ရသည်။ ဤပြပွဲတွင် ကျွန်ုပ်သည်ကား ဗွီစီးကရက် မဏ္ဍပ်ကို လှလှပပတင့်တင့်တယ်တယ် ရှုစဖွယ်ဖြစ်အောင် ကျွန်ုပ်ကတာဝန်ယူထားရလေသည်။ ဗွီစီးကရက် မဏ္ဍပ်ထဲ၌ ကျွန်ုပ်ရှိနေသည်။ သူနှင့်ကျွန်ုပ်ကား ငါးရက်ငါးညတိုင်တိုင်အတူရှိနေကြပြီး ကိုယ့်မိတ်ဆွေ ဟောင်းကြီးနှင့်တဖန်ထပ်၍ဆုံဆည်းနေကြသည်။
          ပြပွဲသို့ ဗမာ့တပ်မတော်မှ သားကောင်းရတနာများ ခြောက်ထောင်မျှ စုဝေးနေကြသည်။ ကျွန်ုပ်သည် ခင်မင်ရင်းနှီးသော ဗွီစီးကရက်သူဌေးကိုပြော၍ တပ်မတော်သားခြောက်ထောင်အတွက် တစ်ယောက်လျှင် စီးကရက်တစ်ဗူးကျစီ လှူလိုသည်။ တပ်မတော်သားတစ်ယောက်လျှင် စီးကရက်တစ်ဗူးလှူပေးပါရန်ကိုလည်း ဒုဗိုလ်မှူးကြီးဝင်း၊ ကာနယ်ချိုင်းနှင့် အခြားဗိုလ်မှူးများလက်သို့အပ်လိုက်သည်။ သူတို့ကလည်း ဤသို့ သောက်သုံးရန်စီးကရက်ဗူးများ လှူဒါန်းသည့်အတွက်ကြောင့် ကျေးဇူးတင်စကားပြောကြားနေ၏။
          ညဘက်ကိုးနာရီခန့်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းလာ၏။ တပ်မတော်ပြခန်းသို့လာရောက်ပြီး ကြည့်ရှု စစ်ဆေးသွားသည်။ မီးရှူးမီးပန်းများသည် ငါးညတိုင်တိုင် ကောင်းကင်တစ်ခွင်ထိန်ထိန်လင်းအောင် ပစ်ဖေါက်သည်မှာလည်း အလွန်ကြည့်၍ကောင်းပါပေသည်။
          ပြီးနောက်တစ်နေ့သောအခါတွင် ကျွန်ုပ်နှင့်တူတော်မောင် နိုင်ငံကျော်ဂိုကီပါဇော်ဝင်းသည်အိမ်သို့ လာလေသည်။ သူလာရခြင်းအကြောင်းကိုပြောပြသည်။ သူသည် မလေးယားလွတ်လပ်ရေးပွဲမှာ ဗမာပြည်မှ ချစ်ကြည်ရေးဘော်လုံးအဖွဲ့နှင့်လိုက်သွားရမည့်အကြောင်း ခေါင်းဆောင်လုပ်သူမှာ ဗိုလ်မှူးကြီးဝင်းဖြစ်နေကြောင်း၊ ဗိုလ်မှူးကြီးဝင်းက ကျွန်ုပ်နှင့်အလွန်ရင်းနှီးကြောင်းကို မောင်ဇော်ဝင်းကပြောပြလေ၏။
          ကျွန်ုပ်သည် ဤဗမာ့ချစ်ကြည်ရေးဘော်လုံးအဖွဲ့ခေါင်းဆောင်သူ ဗိုလ်မှူးကြီးဝင်းအဖွဲ့သားများကို ဂုဏ်ပြုထမင်းစားပွဲတစ်ခုပြုလုပ်ရန်ကြံရွယ်သေးသည်။ သို့သော် အချိန်ကားမရ၍မပြုလုပ်လိုက်ပေ။
          ၁၉၅၇-ခုနှစ်၊ သြဂုတ်လ ၂၇-ရက်နေ့ နံနက်ငါးနာရီလေးဆယ့်ငါးမိနစ်အချိန်တွင် ချစ်ကြည်ရေး ဘော်လုံးအဖွဲ့ကို မင်္ဂလာဒုံလေဆိပ်သို့ ကျွန်ုပ်တို့လိုက်ပို့ကြသည်။ ကျွန်ုပ်နှင့် ကျွန်ုပ်ညီဦးအောင်ရီက ပူးတွဲ၍ စင်ကာပူမြို့ရှိ တရုပ်သူဌေးတစ်ဦးထံသို့စာတစ်စောင်ရေးပေးပြီး ချစ်ကြည်ရေးဘော်လုံးအဖွဲ့နှင့် လိုက်ပါသွားသော မောင်ဇော်ဝင်းကိုပေးလိုက်သည်။
          ပြန်၍လာလေသောအခါ မောင်ဇော်ဝင်းသည် ကျွန်ုပ်တို့ရေးပေးလိုက်သောစာလွှာကို စင်္ကာပူမြို့မှ တရုတ်သူဌေးကြီးကိုပြ၍အလွန်ကျော်ကြားသော ကပွဲများကိုပြသကြောင်း။ စားသောက်ပွဲကြီးများနှင့် ဧည့်ခံကျွေးမွေးသည့် အကြောင်း။ ဗိုလ်မှူးကြီးဝင်းက တာဝန်အရှိဆုံးလူတစ်ယောက်ဖြစ်နေ၍ သူကိုတိုင် မလိုက်ပါ   နိုင်သော်လည်း ဆုံးမ၍လွှတ်လိုက်သည့် အကြောင်းများကိုတစ်ဆင့်ဖောက်သည်ချပြီး ကျွန်ုပ်အားပြောပြလေသည်။ ဤအချိန်မှစ၍ ဗိုလ်မှူးကြီးဝင်း၏ စိတ်သဘောထားအမှန်ကို သိရှိရ၍  ကျွန်ုပ်သည် ကြည်ညိုလေးစားသွားပါတော့သည်။
      သူသည် ......                        
          ၁၉၄၃-ခုနှစ် ဂျပန်ခေတ်ဝယ် ဗိုလ်မှူးလေး။
          ၁၉၅၇-ခုနှစ်တွင် ဒုဗိုလ်မှူးကြီး။
          ၁၉၆၂-ခုနှစ်ဝယ် ဗိုလ်မှူးကြီးဖြစ်လာခဲ့ရသော ကျွန်ုပ်မိတ်ဆွေကြီးသည် အလွန်သဘောကောင်းသည်။ တွေ့လေတိုင်း ကောင်းမွန်ဖေါ်ရွေစွာစကားပြောတတ်သည်။ သူသည် မာနမကြီးတတ်၊ ဘ၀င်မမြင့်တတ်၊ အနှစ်နှစ်အလလသူနှင့်ပေါင်းဖေါ်လာခဲ့သောကြောင့် သူ့အကြောင်းကို ကျွန်ုပ်ကောင်းကောင်းကြီးသိခွင့် ရလေသည်။
          ယခုအချိန်အခါတွင်ကား ဗိုလ်မှူးကြီးဝင်းသည် ခြံအမှတ် ၈၀၊ ဦးဝိစာရလမ်း၌နေထိုင်လေသည်။

No comments:

Post a Comment