Saturday, September 11, 2010

““ရန်ပုံငွေပါဝင်ကြပုံ””


““ရန်ပုံငွေပါဝင်ကြပုံ””
         
၁၉၄၂-ခုနှစ် ဇွန်လ ၄-ရက်နေ့။ ဤနေ့တွင်ဒေါက်တာဘမော်ဦးစီးသော ဗဟိုအုပ်ချုပ် ရေးကော်မတီဖွဲ့၏။ ဤအဖွဲ့ကိုပင် လွတ်လပ်သောမြန်မာနိုင်ငံအစိုးရအဖြစ် ဂျပန်ပြည်အစိုးရက အသိအမှတ်ပြုလိုက်လေသည်။ အမှန်တကယ်လွတ်လပ်ခြင်းကားမဟုတ်၊ ဂျပန်စစ်တပ်၏ စေခိုင်းသမျှကို ပြုလုပ်နေရသည့် ရုပ်သေးအစိုးရသာလျှင်ဖြစ်ပေသည်။
          ၁၉၄၃-ခုနှစ်၊ သြဂုတ်လ ၁-ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးကိုကြေငြာ၍ ဒေါက်တာဘမော်ကြီးမှူးသော အစိုးရကိုဖွဲ့ပြီးလျှင် အတိုင်ပင်ခံ လွှတ်တော်အဖွဲ့တစ်ဖွဲ့ကိုလည်း တစ်ပြိုင်တည်းဖွဲ့စည်းလိုက်လေသည်။
          ဤအဖွဲ့တွင် အဓိပတိအရှင်မင်းကြီး ဒေါက်တာဘမော်၊ အဓိပတိ၏အတွင်းဝန် ဦးချစ်မောင်၊ အဓိပတိ၏သက်တော်စောင့် ဗိုလ်ရန်နိုင်၊ ဒုတိယ၀န်ကြီးချုပ် သခင်မြ၊ ပြည်ထဲရေး ၀န်ကြီး ဦးဘ၀င်း(မြို့တော်ဝန်ဟောင်း)၊ နိုင်ငံခြားရေးဝန်ကြီး သခင်နု၊ ကုန်သွယ်ရေးဝန်ကြီး ပျော်ဖွယ်ဦးမြ၊ ကုန်စည်ကြီးကြပ်ရေးဝန်ကြီး သခင်သန်းထွန်း၊ ပြန်ကြားရေးဝန်ကြီး ဗန္ဓုလဦးစိန်၊ သစ်တောရေးဝန်ကြီး ပအို့ဦးလှဖေ၊ လမ်းပန်းဆက်သွယ်ရေး(ချွေးတပ်) ၀န်ကြီး ဦးထွန်းအောင်၊ ပညာရေးဝန်ကြီး ဦးလှမင်းတို့ဖြစ်ကြလေသည်။
          ဤသို့မြန်မာအစိုးရဖွဲ့ပြီးနောက် ဂျပန်၏ပါးရိုက်မှုဒဏ်သည် အနည်းငယ်လျော့သွားသည် ဟုထင်ရ၏။ သို့သော်ပြည်သူအများမှာ မွဲ၍သာနေပေသေး၏။ သူတို့၏လူနေမှုအဆင့်အတန်းက အောက်တန်းကျလျက်ပင် ရှိနေသေးသည်။
          ထို့နောက်တွင်ကား ဗမာ၊ တရုပ်၊ အိန္ဒိယ ဤလူမျိုးသုံးဦး၏ ဆက်ဆံရေးကား လွန်စွာမှ အဆင်ပြေ လျက်ရှိသည်။ သည် အစိုးရလက်ထက်တွင် တရုပ်အမျိုးသားများ တစ်နေ့၊ အိန္ဒိယအမျိုးများတစ်နေ့၊ တစ်နေ့စီခြား၍ ယခု ကန်တော်ကြီအိုရီရင့်ကလပ် နေရာတွင် မိတ်ဆုံထမင်းစားပွဲကြီးများ (အစိုးရက) ကျင်းပလေသည်။
          ၁၉၄၃-၁၉၄၄ခုနှစ်။ အာရှ အရှေ့တန်းစစ်မျက်နှာ၊ ဂျပန်စစ်သေနာပတိချုပ် ကာလာဦးချီးနှင့် ဂျပန်စစ်ဗိုလ်ကြီး ရာမာရှိတာ (မလေးယားကျားကြီး)၏ စေလွှတ်ချက်အရ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)သည် စင်္ကာပူမှဗမာပြည်သို့ ရောက်လာသည်ဟု ကျွန်ုပ်ကြားရသည်။
          ဆူဘတ်ချန်ဒရာဘို့(စ်) ဗမာပြည်သို့ရောက်လာပြီး ရန်ကုန်မြို့အနီးဘောက်ထော်တွင် အိန္ဒိယလွတ်လပ်ရေးတပ်မတော် (I.N.A) ကို ဖွဲ့စည်းတည်ထောင်ပြီးလျှင် အိန္ဒိယပြည်၏လွတ်လပ်ရေးကို ကြိုးပမ်းလေတော့သည်။
          ထိုစဉ်ကာလ၀ယ် ဆေးဂုံမြို့(Saigon) မှ အာရှအရှေ့စစ်မျက်နှာပြင် စစ်သေနာပတိချုပ်ကြီး (ကာလာဦးချီး)သည် ဗမာပြည်သို့လာ၏။ သူက ရွှေတိဂုံဘုရားသို့ တက်ရောက်ဖူးမျှော်လေသည်။ သူနှင့်အတူ ဆာဦးသွင် ကရှေ့ဆောင်၍ ရွှေတိဂုံကုန်းတော်ပေါ်သို့ ခေါ်သွားလေသည်။ သူတို့နှင့်အတူ ဂျပန်စစ်ဗိုလ်ကြီးများ၊ ဗမာအမျိုးသားလူကြီးလူကောင်းများနှင့်အတူ ကျွန်ုပ်လည်း ပါသွားလေသည်။ ဘုရားကိုပတ်၍ဖူးမျှော်ပြီးလေသောအခါ ဂျပန်စစ်သေနာပတိချုပ်ကြီး (ကာလာဦးချီး)က “အာရှအရှေ့စစ်မျက်နှာ စစ်သေနာပတိချုပ်ကြီး ကာလာဦးချီးက ငွေ ၅သောင်းကျပ်တိတိလှူဒါန်းပါသည် ” ဟူ၍ တရုပ်မှော်ပြစ်စုတ်တံဖြင့် အလှူခံစာအုပ်တွင်ရေးလိုက်သည်ကို တွေ့မြင်ရလေ၏။ ယင်းသို့ ဂျပန်စစ်သေနာပတိချုပ် (ကာလာဦးချီး)ရေးသားသောစာမှာ တရုပ်ခေတ်ဟောင်းစာဖြစ်၍ ကျွန်ုပ် ကောင်းစွာဖတ်တတ်ပါသည်။
          ဂျပန်ခေတ်တွင် ကေဘိုတိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလေသည်။ ဤအဖွဲ့ခေါင်းဆောင်မှာ ဦးဗဆွေ(ယခု ဖ-ဆ-ပ-လဥက္ကဋ္ဌကြီး)ပင်ဖြစ်၏။ သူနှင့်ကျွန်ုပ်တို့မှာ တွဲ၍လုပ်ဆောင်ရလေ၏။ ထို ကေဘိုတိုင်အဖွဲ့ သည် လေယာဉ်ပျံက ဗုံးလာကြဲ၍ မီးလောင်ခြင်း၊ တိုက်ပိ၍သေကြေပျက်စီးခြင်းများကို လိုက်လံကူညီရသောအဖွဲ့ဖြစ်လေသည်။ ယင်းကြောင့်ပင် ဂျပန်ခေတ်တွင် ရန်ကုန်မြို့၌ အတိဒုက္ခရောက်သည့်နေရာမှန်သမျှ ကျွန်ုပ်တို့အဖွဲ့မရောက်သည်ဟူ၍ မရှိလောက်အောင်ပင် နှံ့စပ်လေတော့သည်။
          ထိုစဉ်က တရုပ်တန်းဝယ် တစ်ခုခုအတိဒုက္ခရောက်လျှင် အိန္ဒိယအမျိုးသားများကလည်း မနေနိုင် ဗမာများကလည်းဝိုင်း၍ကူညီကြလေသည်။ ဤကဲ့သို့ပင် အိန္ဒိယအမျိုးသားများနေထိုင်ရာ ရပ်ကွက်တွင် တစ်ခုခုဘေးဒုက္ခကြုံလေသောအခါ ဗမာ-တရုပ်အမျိုးသားများ ၀ိုင်းပြီးအကူအညီ ပေးလေ၏။ ထို့အတူ ဗမာအမျိုးသားများ အရေးအကြောင်းဆိုလျှင်လည်း တရုပ်အိန္ဒိယ အမျိုးသားများကလည်း လက်နှေး၍မနေကြပါ။ အစဉ်အမြဲ အကူအညီပေးလျက်နေပေသည်။
          ဤအခါ ဤသမယတွင် အာရှတိုက်သား ဗမာ၊ တရုပ်၊ အိန္ဒိယ အမျိုးသားများသည် တစ်အူတုံဆင်း ညီရင်းအစ်ကိုများကဲ့သို့ ညီညီညွတ်ညွတ်နေထိုင်ခဲ့ကြပေသည်။
          ၁၉၄၄-ခုနှစ်။  စစ်ဝန်ကြီး စစ်သေနာပတိချုပ် ဗိုလ်အောင်ဆန်းသည် ဗမာ့တပ်မတော် ထောက်ပံ့ရေး ရန်ပုံငွေ အလှူခံရန် အဖွဲ့တဖွဲ့ ဖွဲ့လေသည်။ ထိုအဖွဲ့တွင် ဗမာ၊ တရုပ်၊ အိန္ဒိယ၊ ပါကစ္စတန် လူမျိုးစုံ ပါဝင်လေသည်။ ဗမာအမျိုးသားထဲကဆိုလျှင် စိန် ဘရားသားဦးထွန်းစိန်၊ တရုပ်အမျိုးသားထဲကဆိုပါမူ ကျွန်ုပ်စပ်စု၊ ပြီးနောက် အိန္ဒိယ ပါကစ္စတန် အမျိုးသားခေါင်းများ ပါဝင်လေသည်။
          ဗိုလ်အောင်ဆန်း ထံမှ ဖိတ်ကြားလွှာရောက်လာသောအခါ ကျွနုပ်သည် ဗုံးတွေ အစုလိုက် အပြုံလိုက်ချနေသည့်ကြားမှပင် ဦးဝိစာရလမ်းသို့သွားရောက်ပြီး စုဝေးကာ အစည်းအဝေး ထိုင်ကြရပါသည်။
          ကျွန်ုပ်တို့လူစုသည် ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျတို့နှင့် တစ်တန်းတည်းထိုင်ပြီး ဗမာ့တပ်မတော် ထောက်ပံ့ရေးရန်ပုံငွေကို စိတ်အားထက်သန်စွာဖြင့် ပါဝင်ကြရလေသည်။
          အလျင်းသင့်၍ ရန်ပုံငွေပါဝင်ကြပုံကလေးကို အနည်းငယ်ရေးသားတင်ပြလိုပါသည်။ ထိုစဉ်က ရန်ပုံငွေထည့်ကြသည်မှာ လေလံဆွဲသကဲ့သို့ဖြစ်ပါသည်။ ဥပမာ ဗမာများက ငွေ ၅-သိန်း ရန်ပုံငွေပါဝင်သည်ဆိုလိုက်လျှင် ကျွန်ုပ်တို့ တရုပ်အမျိုးသားများက ၁၀-သိန်းဟု ဆိုလေ၏။ ထို့အတူ အိန္ဒိယအမျိုးသားများကလည်း အားကျမခံ ၁၅-သိန်းဟုဆိုပြီး ပါဝင်လေသည်။ ယင်းသို့ တစ်ဦးနှင့်တစ်ဦး သူ့ထက်ငါ အရှုံးမပေး အပြိုင်ကြဲကြလေသည်။ ပြီးနောက်မှ ကိုယ်ပြောဆိုသည့်ငွေများကို အသီးသီး ရန်ပုံငွေထဲသို့ ထည့်လိုက်ကြခြင်းဖြစ်ပါသည်။ ဤသို့ပြုကြသည်မှာ လေလံဆွဲသည့်သဘောမျိုးဖြစ်သော်လည်း ““မူ””က မတူပါပေ။ လေလံတို့ မည်သည် ကိုယ်ကျိုးအတွက် အမြတ်ကိုတွက်ပြီး ဆွဲကြခြင်းဖြစ်ပါ၏။ သို့ကလိုပြုလုပ်ကြ ခြင်းသည် ဗမာအမျိုးသားများအပေါ်သို့ထားရှိသော လူမျိုးအသီးသီး၏စေတနာကို ထုတ်ဖေါ်ပြ သကဲ့သို့ဖြစ်နေပါသည်။
          ဤသည်တို့ကား ဗမာ့အရေးပြဿနာကို လူမျိုးအသီးသီးက စိတ်အားထက်သန်စွာဖြင့် ကူညီခဲ့ပုံများဖြစ်လေသည်။ နောက်တစ်ကြိမ်ပွဲကြီးပွဲကောင်းလည်း ရှိ၏။
          ထိုတကြိမ်ကား ကန်တော်ကြီး နေသူရိန်ရုံကြီးတွင် လူထုအစည်းအဝေးပွဲကြီးပြုလုပ်စဉ်က ဖြစ်လေသည်။ ဤအစည်းအဝေးပွဲကြီးသို့ အဓိပတိ အရှင်မင်းကြီး ဒေါက်တာဗမော်၊ ဗိုလ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ တက်ရောက်လေသည်။ တက်ရောက်ကြသူများမှာ ကြက်ပျံမကျ စည်ကားလှသည်။ လူတိုင်းလူတိုင်း၏မျက်နှာပေါ်ဝယ် အမျိုးသားစိတ်ဓါတ်များတက်ကြွနေသည့် သဏ္ဍာန်က ပေါ်လွှင်ထင်ရှားနေလေသည်။
          သည်အစည်းအဝေးပွဲတွင် အိန္ဒိယအမျိုးသားများလည်း စိတ်အားထက်သန်စွာ လှူဒါန်းအားပေးကြပါသည်။ သည်တစ်ကြိမ်တွင် ငွေအားပါမက လိုအပ်သော ပစ္စည်းအား လူအားပါ ထည့်ဝင်ကြသည်။ သခင်ဗအေးကလည်း သူ့ကိုယ်ပိုင်စည်းစိမ်တစ်ဝက်ကို လှူဒါန်းလိုက်လေသည်။ ကျွန်ုပ်ကလည်း ဗမာအမည်ဖြင့် တစ်မျိုး၊ တရုပ်အမည်ဖြင့်တစ်ဖုံ၊ နှစ်မျိုးနှစ်ဖုံလှူဒါန်းပါ၍ လူအများ၏သြဘာပေးချီးကျူးခြင်းကို ခံရပါသည်။
          ၁၉၄၅-ခုနှစ်၊ ဇန်န၀ါရီလ ၁၂-ရက်။ ဒေါက်တာဘမော် ဂျပန်ပြည်သွားပြီး ပြန်၍လာ သောအခါ တရုပ်ဗြန်ဟတ်ဘွေအသင်းကြီးကကြီးမှူး၍ မြို့တော်ခန်းမကြီးဝယ် မိတ်ဆုံထမင်းစားပွဲ ကြီးတစ်ခု ကျင်းပလေသည်။ ဤထမင်းစားပွဲကြီးသို့ အဓိပတိဒေါက်တာဘမော်နှင့် ၀န်ကြီး၊ ၀န်ငယ်များ၊ ဗမာ့တပ်မတော်မှ ဗိုလ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည်၊ ပြီးနောက် ဗိုလ်မှူး ကြီးငယ်များ၊ အိန္ဒိယတပ်မတော်မှ ဆူဘတ်ချန်ဒရာဘို့(စ်)နှင့်အတူ စစ်ဗိုလ် ၄၀-ခန့်၊ ဗမာပြည်ဝယ်ရှိသော အကြီးဆုံးဂျပန်စစ်ဗိုလ်ချုပ်ကြီး ကိမူဒါ၊ ကင်ပေတိုင် ကာနယ်ကူမဲ့၊ ကာနယ်ဟီတာအို့က (ဦးဗဆွေအသက်ကို ကယ်ဆယ်ခဲ့ဖူးသူ)၊ ဂျပန်သံအမတ် ကူမံနှင့်အတူ ဂျပန်စစ်ဗိုလ်အများအပြား ကြွရောက်ကြလေသည်။
          ထမင်းစားပွဲကြီးသို့ ကြွရောက်လာကြသော ဧည့်သည်တော်များမှာ ၄၀၀-၅၀၀ခန့် ရှိ၏။ ထိုအထဲ အိန္ဒိယအမျိုးသားများ စားသောက်ရေးအတွက် (ယခင်အင်္ဂလိပ်ခေတ်က မြူနီစပါယ် ကျန်းမာရေးဘက်တွင် အလုပ်လုပ်ခဲ့ဖူးသူ မြန်မာအမည် ဦးဘတင်၊ အိန္ဒိယအမည် အာစစ်- အိန္ဒိယစပ်စု)၏ ကူညီမှုဖြင့် အားလုံးချောချောမောမောဖြစ်ခဲ့ပါသည်။ သို့နှင့် ထမင်းစားပွဲကြီး ပြီးဆုံးလေသောအခါ ၀ဏ္ဏကျော်ထင်ဦးဖိုးစိန်၊ ကောလိပ်စိန် ဇာတ်ခင်းကျင်းပြသ၏။ ဤသို့ မြန်မာဇာတ်ပြီးလေသောအခါ (၀ှာရုံတို) တရုပ်ရာဇ၀င်ရှေးဟောင်းဇာတ်ကို ခင်းကျင်းပြသခဲ့၏။
          ကျွန်ုပ်တို့အသင်းမှ ကြီးကျယ်ခမ်းနားလှသော ထမင်းစားပွဲကြီးပြုလုပ်ပြီးသည့် နောက်ပိုင်း တွင် အိန္ဒိယအမျိုးသားများကလည်း မြို့တော်ခန်းမ၀ယ် တစ်ကြိမ်ပြုလုပ်သေး၏။ ထိုစဉ်က ကျွန်ုပ်လည် တက်ရောက်ခဲ့သည်။
          ဂျပန်ခေတ်ကာလဆိုးကြီးဝယ် ဗမာ-တရုပ်-အိန္ဒိယ အမျိုးသားတို့သည် တစည်းတရုံးတည်း ဖြစ်ခဲ့ကြဖူးပါသည်။

No comments:

Post a Comment