Saturday, September 11, 2010

ကျွန်ုပ်၏ အာသီသ


ကျွန်ုပ်၏ အာသီသ

ကျွန်ုပ်သည် ၁၄-နှစ်သားက ဗမာပြည်ကိုရောက်လာခဲ့သူတဦးဖြစ်လေသည်။ ကျွန်ုပ်ဘ၀တသက်တွင် ခေတ်အမျိုးမျိုး၊ အစိုးရအသီးသီး ပြောင်းလဲလာခဲ့ပုံ၊ ဒုက္ခအစုံစုံတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလေသည်။ ကျွန်ုပ်၏ထူးခြားသော ဘ၀အတွေ့အကြုံများကို “ထူးတဲ့စပ်စု” ပထမတွဲ၌၎င်း၊ ယခုဤ “၇၅-နှစ်အကြား ၄၉-နှစ်အမြင်(ဗမာပြည်)”စာအုပ်၌၎င်း၊
 တစွန်းတစဖေါ်ပြထားပါသည်။ နောက်ထွက်မည့်စာအုပ်များတွင်လည်း ဆက်လက်ဖေါ်ပြ ပေ
ဦးမည်။
          ကျွန်ုပ်၏အသက်သည် ၆၂-နှစ်ရှိလေပြီ။
          ဗမာပြည်ဝယ်နေ၊ ဗမာပြည်တွင်သေမည်ဟု ရည်ရွယ်ထားသူတယောက်အနေဖြင့် ဗမာလူမျိုးအကြောင်းကို လေ့လာကြည့်မိသည်။ များလှစွာသော ဗမာအမျိုးသားများသည် လူအတန်းအစားမခွဲခြား၊ ဇာတ်မခွဲခြား၊ လူမျိုးမရွေး၊ ဘာသာမရွေး ကိုယ့်ဆွေကိုယ့်မျိုးကဲ့သို့ပင် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံသည်ကို တွေ့မြင်ရလေသည်။ ယင်းသို့ ဗမာများ သဘောကောင်းမှုကြောင့်ပင် တခါတလေ သူတပါး၏ လိမ်လည်လှည့်ဖြားခြင်းကိုပင် ခံရသေး၏။ ဥပမာ (ဂျပန်ခေတ်က ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေး ပေးသည့်ကိစ္စမျိုး)။
          ကျွန်ုပ်၏ဗမာအမည်မှာ ဦးစပ်စုဖြစ်သည်။ တရုပ်အမည်မှာ အောင်ခေးကြောင်း(Ong Khay Chong) ဖြစ်သည်။ ကိုယ့်မွေးရပ်ဌာနေ၊ ချက်မြှုပ်မြေဖြစ်သော တရုပ်ပြည်သို့ပြန်ရန် စိတ်မကူးတော့။ တရုပ်ပြည်ဝယ်ရှိသော ဆွေမျိုးများလည်း သေကြေကုန်ကြပြီဖြစ်၏။ တရုပ်ပြည်သို့ ငွေတပြား ခိုးပို့ရန်ဝေးစွ၊ ဗမာပြည်၌သာ အရိုးထုတ် သွားတော့မည် ဟုရည်ရွယ်ထားပါ၍ ဗမာအမျိုးသမီးတယောက်နှင့်ပင် အိမ်ထောင်ကျနေပါသည်။ ကျွန်ုပ်၏ အကြောင်းကံ ဖန်လာသည်ဟူ၍ ဆိုရမည်လော မသိ။  ကျွန်ုပ်နှင့် သိကျွမ်းခင်မင်သော ဗမာအမျိုးသားမိတ်ဆွေမှန်သမျှ ကျွန်ုပ်အပေါ် ကောင်းကြသူများသာ များ၏။ ကျွန်ုပ်ကလည်း ဗမာအမျိုးသားများအပေါ် စိတ်ကောင်း စေတနာကောင်းထားသည်။ ဤဘ၀တွင် အကြောင်းကံ မသင့်၍ ဗမာတယောက် မဟုတ်သော်ငြားလည်း ဗမာမှန်သမျှ ကိုယ့်ဘ၀ အဆက်ဆက်က တော်ခဲ့စပ်ခဲ့သော ဆွေမျိုးများ ဟူ၍ သဘောထားမိပါသည်။
          တရုပ်တွင် စကားပုံ တခုရှိသည်။ တရုပ်အသံတိုင်း ဆိုရပါသော် (ဝှမ်-ကြာ-ကြည်-ချင်း၊ ပွတ်-လူး-ကွန်-ကြာ-ကြည်-စော) ဖြစ်သည်။ ဆိုလိုသည့်အဓိပ္ပါယ်မှာ ရပ်ဝေးတွင်နေထိုင်သော ဆွေမျိုးထက် ကိုယ့်အနီးဝယ်ရှိသော မိတ်ဆွေက ပို၍အရေးကြီးသည် ဟူ၍ဆိုထားဘိ၏။
          ထို့ကြောင့်ပင် ၁၉၅၀ ပြည့်နှစ်၌  မိတ်ဆွေသင်္ဂဟ လွန်စွာပေါကြွယ်ဝသော ဗမာပြည်ဝယ် ဗမာတိုင်းရင်းသားအဖြစ် ခံယူခြင်းကို လျှို့ဝှက်၍ မပြု၊ ရေဒီယိုနှင့် သတင်းစာ အသီးသီးက တိုင်းသိပြည်သိ ကြေညာပြီး ပြုလုပ်ခဲ့လေ၏။
          ကျွန်ုပ် ဗမာတိုင်းရင်းသား ဖြစ်လာမှုကြောင့် အထူးသဖြင့် ဗမာအမျိုးသား မိတ်ဆွေများက ဝမ်းသာကြသည်။ ဗမာများနှင့် ဆွေမျိုးတော်စပ်ပြီဟုလည်း ပြောကြသည်။ ကျွန်ုပ်၏ စိတ်ထဲ၌လည်း ဤအတိုင်းပင်ထားရှိပါ၏။ ကိုယ်မိတ်ဆွေ ဗမာများက ပို၍ခင်မင်တိုးပြီး ရင်းနှီးကြသည်ကို တွေ့မြင်ရလေသည်။
          သို့သော် တခုရှိသည်။ ဗမာပြည်ဝယ်ရှိသော တရုပ်သတင်းစာ ကြီးငယ်တို့က “ဦးစပ်စုကို အလိုမရှိ။ တရုပ်အမျိုးသားကို အထင်သေး၍ ဗမာတိုင်းရင်းသားအဖြစ် ခံယူသည်။ ဦးစပ်စု၏ တရုပ်အမျိုးသားတွေအတွက် လုပ်ဆောင်ချက်များ ရေထဲမျောကုန်ပြီ” ဟူ၍ ကျွန်ုပ်အား တည့်တည့်တမျိုး၊ စောင်း၍တဖုံ၊ မျိုးစုံအောင်ပင် ပြစ်တင် ရှုတ်ချကြလေသည်။ တချို့သော တရုပ်အမျိုးသား မိတ်ဆွေများကလည်း ကျွန်ုပ်ကို နှာခေါင်းရှုံ့ကြ၏။ သို့တိုင်အောင် ကျွန်ုပ်က လုံးဝဂရုမထား မမှုပါပေ။
          ကျွန်ုပ်ယုံကြည်ချက်ဖြင့်ပြုလုပ်သော ကိစ္စတရပ်ကို ဘယ်သောအခါမှနောက်မဆုတ် အလျှော့မပေး ရှေ့သို့သာ ဆက်လက်ချီတက်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားသည်။
          ဤသို့ဖြင့် နောက်တနှစ်ခန့်ကြာသောအခါ ကျွန်ုပ်၏ညီ ဦးအောင်ရီ- အောင်ခေးရီ (Ong-Khay Ghee) ကိုလည်း ဗမာတိုင်းရင်းသားအဖြစ်ခံယူရန် ရုံးသို့သွားသောအခါ ယခင်ကျွန်ုပ် ဗမာတိုင်းရင်းသားအဖြစ် ခံယူစဉ်က အမျိုးမျိုးအဖုံဖုံ နည်းမျိုးစုံဖြင့် ပြစ်တင်ရှုတ်ချဘူးးသော တရုပ်သတင်းစာ အယ်ဒီတာကြီးသည်လည်း ဗမာတိုင်းရင်းသားအဖြစ်ခံယူနေသည်ကို အံ့သြစွာ တွေ့မြင်ခဲ့ရလေသည်။ အချိန်မနှောင်းမီ အမြင်မှန် အသိမှန်ရ၍ တော်ပေသေးသည်ဟု ဆိုရချေမည်။
          ဗမာပြည်၌ သေတပန် သက်တဆုံး နေထိုင်သွားတော့မည်ဟု ရည်ရွယ်ထားသူအဖို့ ဗမာတိုင်းရင်းသားအဖြစ် ခံယူခြင်းသည် အကောင်းဆုံးဟု ကျွန်ုပ်ထင်သည်။ ဤသို့ ဗမာတိုင်းရင်းသားအဖြစ် ခံယူရာ၌လည်း ဗမာစိတ်ဓာတ်၊ ဗမာကိုချစ်သောစိတ်၊ ဗမာနိုင်ငံကို ရိုသေလေးစားသောစိတ်ဓာတ်မျိုး မရှိသေးလျှင် ရှိအောင်ကြိုးပမ်းရပေမည်။ သို့မှသာလျှင် ဗမာတိုင်းရင်းသားအဖြစ် ခံယူခြင်းသည် သဘာဝလည်းကျမည်၊ မှန်လည်းမှန်ကန်မည်။
          မလိုလားအပ်သော အချက်တချက်ကို တွေ့မြင်ရသည်။ လူတိုင်းကိုတော့ မဆိုလိုပါ။ အချို့သောနိုင်ငံခြားသားများသည် ဗမာတိုင်းရင်းသားအဖြစ်ခံယူသော်လည်း ဗမာစိတ်ဓာတ်ကို မမွေးကြပါ။ ကိုယ့်စီးပွား ချမ်းသာမှု တခုတည်းကိုသာ တွက်ကိန်းချပြီး တိုင်းရင်းသား အတုမျိုးသာ ဖြစ်သည်ကို တွေ့မြင်ရ၏။ ဤသူများသည် နိုင်ငံတော် ဆူးညောင့်ခလုတ်များဖြစ်၍ ဖယ်ရှား ပစ်ရန်လိုအပ်ပေသည်။ ယင်းသို့သော သူများသည် လူတပိုင်း နွားတပိုင်း ဟု ကျွန်ုပ်က ဆိုလေသော် ရိုင်းနေမည်လော မပြောတတ်။ မည်သို့ပင်ဖြစ်စေ။ ဗမာတိုင်းရင်းသားအဖြစ် ခံယူပြီး ကိုယ့်ဗမာနိုင်ငံကို ချစ်သည့်စိတ်၊ ဗမာလူမျိုးအတွက် ကြိုးပမ်းသည့်စိတ် မရှိဘဲ၊ ဗမာလူမျိုးနှင့် တိုင်းပြည်ကို ပျက်စီးအောင် ကြံဆောင်သော စိတ်ဓာတ်၊ ပြောဆိုသော စကား၊ ပြုလုပ်သော အပြုအမူများသည် တနည်းနည်းဖြင့် နိုင်ငံတော်ကို သစ္စာဖေါက်သည်ဟု ကျွန်ုပ်ထင်မြင်ယူဆပါ၏။ ထို့ကြောင့်လည်း ဤကိစ္စမျိုးဆိုလျှင် သက်ဆိုင်ရာ ပြည်ပိုင်အစိုးရကလည်း တာဝန်သိသိ သစ္စာရှိရှိနှင့် ပြင်းပြင်းထန်ထန် အရေးယူသင့်ပေသည်။
          ကျဉ်းမြောင်းသော ရာဇ၀င်မျက်စိ့ဖြင့် ကြည့်လျှင် ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးဝယ် လူမျိုးအသီးသီးနေထိုင်ကြသည်။ လူမျိုး တမျိုးနှင့် တမျိုး ခံယူသော ဘာသာ၊ ယုံကြည်သော နိုင်ငံရေးဝါဒ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေ၊ စကားများ မတူညီသည်ကို တွေ့မြင်ရ၏။
          တကယ့်သဘာဝတ္ထ အမြင်ဖြင့်ကြည့်လေသော် ကမ္ဘာပေါ်၌ လူမျိုးဟူ၍ သီးခြားရပ်တည်နေမှုမျိုး ရှိရှိသမျှသည် ကမ္ဘာသူကမ္ဘာသား လူသားသတ္တဝါ အဖြစ်ဖြင့်သာ ရပ်တည်၍နေထိုင်၏။ ကမ္ဘာကြီးသည် လူအများနေထိုင်ရာ အိမ်ကြီးသဖွယ် ဖြစ်နေဘိ၏။
          ကမ္ဘာပေါ်ရှိလူများသည် သူ့လူမျိုး ကိုယ့်လူမျိုး အဖြစ်ဖြင့်ခွဲခြားသတ်မှတ်ပြီး မြင်နေ ထင်နေ၏။ ထို့ကြောင့်ပင်လျှင် လောဘ၊ ဒေါသ၊ မောဟ၊ အတ္တများ အစွဲအလမ်း သန်၍ မလိုလားအပ်သော စစ်ကြီးများ ဖြစ်လာခဲ့ရသည်။ လူသားအချင်းချင်း သာတူညီမျှ နေရမည့်အစား၊ ခေါင်းပုံဖြတ်၊ ဂုတ်သွေးစုပ်သော ၀ါဒဆိုးကြီးများ ခေတ်စားခဲ့ရသည်။
          ကမ္ဘာပေါ်၌ ရှိရှိသမျှသော လူများစုက အလောဘ၊ အဒေါသ၊ အမောဟ၊ အနတ္တ ဝါဒ အကြောင်းကို အသေအချာသိမြင်၍ နှလုံးသွင်းပြီး ကာယကံမြောက် ပြုလုပ်လျှင် လူသားအချင်းချင်း ကျွန်ပြုလုပ်သော နယ်ချဲ့ဝါဒ၊ လူသားချင်း ဂုတ်သွေးစုပ်သော အရင်းရှင်ဝါဒ၊ လူသားအချင်းချင်း သတ်ဖြတ်ညှင်းဆဲသော စစ်ဝါဒများ ကျဆုံးပျောက်ကွယ် သွားပေလိမ့်မည်။ လူတိုင်းလူတိုင်း လူတန်းစေ့ နေထိုင်နိုင်ကာ၊ စား-၀တ်-နေရေးအတွက် မကြောင့်မကြ၊ မတောင့်မတ ရသော လောကနိဗ္ဗာန်ကြီး ဖြစ်လာလိမ့်မည်ဟု ကျွန်ုပ်ထင်သည်။
          ပြီးနောက်တဖန် ဗုဒ္ဓ၏ ဓမ္မပါဒ ပါဠိတော် မြန်မာဘာသာပြန်အစုံအစုံ တရားတော်၌….
          ဤသူသည် ငါ့ကိုဆဲရေး၏။ ငါ့ကိုညှင်းဆဲ၏။ ငါ့ကိုနိုင်၏။ ငါ၏ဥစ္စာကို ခိုး၏ ဟူ၍ စိတ်၌ အမျက်ထားလျက် ရန်ငြိုးဖွဲ့သောသူတို့မှာ ရန်သည် မငြိမ်းလေ။
        ဤသူသည် ငါ့ကိုဆဲရေး၏။ ငါ့ကိုညှင်းဆဲ၏။ ငါ့ကိုနိုင်၏။ ငါ၏ဥစ္စာကို ခိုး၏ ဟူ၍ စိတ်၌ အမျက်မထား၊  ရန်ငြိုး မဖွဲ့ကြသောသူတို့မှာ ရန်သည် ငြိမ်းလေသည်။
        ဤလောက၌ ရန်တို့သည် ရန်တုံ့မူခြင်းအားဖြင့် ဘယ်အခါမှ မငြိမ်းကုန်၊ ရန်တုံ့မမူသဖြင့် ရန်ငြိမ်းကုန်၏။ ဤသို့ရန်တုံ့မမူသဖြင့် ရန်ငြိမ်းခြင်းသည် ရှေးအစဉ်ဓမ္မတာသဘောပေတည်း ဟူ၍ ဆိုဆုံးမထားလေသည်။
        ဤမည်သောဗုဒ္ဓ၏ လမ်းစဉ်ဖြင့် ကမ္ဘာပေါ်ရှိ လူသားသတ္တ၀ါအချင်းချင်း “ခွင့်လွှတ်ခြင်း” စိတ်ဓာတ်များ နှလုံးသွင်း၍ မွေးမြူပါလျှင်၊ စစ်တည်းဟူသော အဝိဇ္ဇာ ပိတ်ကာဖုံးနေသော ဤကမ္ဘာကြီးဝယ် ၀ိဇ္ဇာနှင့်တူသော ငြိမ်းချမ်းရေး လင်းရောင်ခြည်ဓာတ်သည် မလွဲအမှန် ပေါ်ထွန်းလာပေတော့မည်ဟူ၍ ကျွန်ုပ်သည် အခိုင်အမာ ယုံကြည်ထားပေသတည်း။

ဦးစပ်စု

No comments:

Post a Comment