Sunday, August 29, 2010

ဂျပန်ခေတ်ဧည့်ခံပွဲ

ဂျပန်ခေတ်ဧည့်ခံပွဲ

ကျွန်ုပ်ဟာဟော်တယ်ဖွင့်ပြီး ဂျပန်ကင်ပေတိုင်အရာရှိ ကြီးကြီးငယ်ငယ် မြန်မာလူမျိုး လူကြီးလူကောင်း တရုပ်လူမျိုးလူကြီးလူကောင်း၊ အိန္ဒိယလူမျိုးလူကြီးလူကောင်းတို့ကို ဘယ်အခါ မဆို အဆင့်အတန်းမရွေး အမြဲတမ်း ဧည့်ခံကျွေးမွေးပါတယ်။ တခါတလေ ကျွန်ုပ်ပိုက်ဆံနှင့် အကုန်အကျခံကျွေးမွေး၍ တခါတလေ ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးက ဧည့်ခံကျွေးမွေးပါသည်။ ကျွန်ုပ်၏ဆရာနှစ်ဦးဖြစ်သူ ဦးကေဘာကြီးနှင့် ဦးကျင်မှိန်တို့ အင်္ဂလိပ်ခေတ်မှာ
ပေါင်းသင်းထားသည့် ဗမာလူကြီးလူကောင်းများနှင့် ရှမ်းစော်ဘွားမှန်သမျှတို့မှာ သူတို့နှစ်ဦးက တောမှာသွားနေကြပါသဖြင့် ကျွန်ုပ်နှင့်ပဲ မိတ်ဆွေတွေဖြစ်နေကြသည်။ ကျွန်ုပ်ကလည်း ကျွန်ုပ်၏ ၀တ္တရားကျေပွန်အောင် အမြဲတမ်းဧည့်ခံကျွေးမွေးပါသည်။ ကျွန်ုပ်ကျွေးမွေးဧည့်ခံသည့်အခါမှာ အများအပြားပါဝင်သည့် လူကြီးလူကောင်းများဟာ ဆာဦးသွင်၊ ဆာမြဘူး၊ ဦးသိန်းမောင်၊ ဦးစောလှဖြူ၊ ဦးစိုးညွန့်၊ ဦးချစ်မောင်၊ သခင်မြ၊ သခင်လွန်းဘော်၊ ဦးဘ၀င်း၊ ပျော်ဖွယ်ဦးမြ၊ ဦးလှဖေ၊ မြို့မ ကျောင်းဆရာကြီးဦးဘလွင်၊ ဆရာဖြစ်သင်ကောလိပ်ကျောင်းဆရာကြီး ဦးဘ၊ ဦးရွှေဘော် (I.C.S.)၊ ဦးပိုင် (I.C.S.)၊ ဦးကာစီ (I.C.S.)၊ ဦးညွန့် (I.C.S.)၊ ဦးတင် (I.C.S.)၊ ဦးစိုးညွန့် (I.C.S.)၊ ဦးခင်မောင်ဖြူ၊ ဦးခင်မောင်ရင်၊ ဦးချန်ထွန်းအောင်၊ ဦးမျိုးခင်၊ ဦးစိန်ဒိုင်၊ ဦးစံလင်း၊ ဆန်းဦးညွန့်၊ ဦးသံဒိုင်၊ ဦးတင့်ဆွေ၊ ဦးအောင်ချိန်၊ ဦးဘအေး၊ ဦးတင်မောင်မောင်၊ ဦးခင်မောင်မောင်၊ ဒေါက်တာချန်တိတ်၊ ဦးစံလွင်အပြင် လူပေါင်း ၁၀၀-ကျော် ၂၀၀ ကို ခဏခဏဧည့်ခံကျွေးမွေးပါသည်။ ဖိတ်စာများသွားပေးသောအခါမှာလည်း ကျွန်ုပ်ကိုယ်တိုင်သွားပေးပါသည်။ ဟိုတုန်းက သက်ကယ်မိုးနဲ့မော်တော်ကားဟာ ဓါတ်ဆီမလုံလောက်၍ ရာဘာဆီနှင့်ရောပြီး ဗုံးမရှောင် စက်သေနတ်မရှောင် ကျွန်ုပ်ကိုယ်တိုင် ဖိတ်စာများကို တစ်အိမ်စီလိုက်၍ပေးပါသည်။
မော်တော်ကားမရှိသည့် လူကြီးလူကောင်းများကို (ဥပမာ) ဆာဦးသွင်ဟာ ယူနီဗာစတီ အဲဗင်းနယူမှာနေတယ်။ ဦးစောလှဖြူအိမ်နှင့် ၃ ၄-အိမ်ပဲခြားတယ်။ ၎င်းတို့နှစ်ဦးကို ကားတစ်စီးထဲ စီစဉ်ပြီး၊ တစ်ခါထဲခေါ်လာသည်။ ဦးကေဘာကြီး၊ ခေါင်းကြီးဦးထွန်းဖေ၊ ဦးဘရှင်တို့ဟာ ဟိုစဉ်အခါက စမ်းချောင်းခေမာလမ်းမှာနေကြတယ်။ သူတို့သုံးဦးလည်း ကားတစ်စီးထဲလာဖို့ စီစဉ်ပေးသည်။ ဆန်းဦးညွန့်နှင့် ဦးသံဒိုင်၊ ဦးကျင်အုံးတို့ဟာ ရွှေဂုံတိုင်တစ်လမ်းထဲ မျက်နှာချင်းဆိုင်မှာနေကြတယ်။ သူတို့သုံးဦးကိုလည်း ကားတစ်စီးထဲလာဖို့စီစဉ်ပေးသည်။ လွှတ်တော်အမတ် မန္တလေးဦးဘသီ၊ မြန်မာ့အလင်းဦးတင်၊ (ယခုနိုင်ငံခြားရေးဝန်ကြီး ဦးချန်ထွန်းအောင်) ၎င်း၏ဦးလေး ဦးကျင်မှိန်၊ ၎င်းတို့ ၄-ဦးဟာ မြန်မာ့အလင်းဦးတင်၊ မန္တလေးဦးဘသီဟာ ကားတစ်စီး၊ ဦးချန်ထွန်းအောင်နှင့် သူ့ဦးလေး ဦးကျင်မှိန်ဟာ ကားတစ်စီးကိုသွားလာဖို့ ကျွန်ုပ်ဟာ စီစဉ်ပေးတယ်။ နောက်ပြီးသခင်တင်နှင့် သခင်စံဝေ သူတို့နှစ်ဦးကကားတစ်စီး၊ ဟိုစဉ်အခါ ကေဘိုတိုင်လူကြီး ဗိုလ်ချုပ်ဦးဘဆွေ (ဂျပန်နာမည် တိုင်ချို)နှင့် ပုလိပ်မင်းကြီးဦးအောင်ချိန် ၎င်းတို့နှစ်ဦးကကားတစ်စီး၊ သခင်မြနှင့်သခင်လွန်းဘော်က ကားတစ်စီး၊ ပျော်ဖွယ်ဦးမြနှင့် ချိ(ပ်)လမ်းဦးစိန်က ကားတစ်စီး အလားတူ ကျန်ရှိသောလူကြီး လူကောင်းများတက်ရောက်ဖို့ကိုလည်း စီစဉ်ပေးခဲ့ပါသည်။
ကားရှိ၍ဓါတ်ဆီမရှိသည့်လူတွေကိုလည်း ဓါတ်ဆီရှာပေးရပါသည်။ လူကြီးမင်းများ ကြွရောက်လာသည့်အခါမှာလည်း ကြွရောက်လာသည့်လူကြီးမင်းများထဲမှ သီလ သမာဓိနှင့် ငါးပါးသီလ မြဲသည့်လူများကို ကျွန်ုပ်ဟာ အရက်များကို မတိုက်ပဲဝှက်ထားပြီး၊ ကောင်းမွန်သောဟင်းလျာမျိုးစုံနှင့် ချိုချဉ်များကို ကောင်းမွန်စွာကျွေးမွေးဧည့်ခံပါသည်။ ကျွန်ုပ်ဟာ ကျွန်ုပ်ကိုယ်တိုင် မိန်းကလေးများကို သေချာစွာမှာကြားပြောဆိုပြီး၊ တစ်ခုံစီတစ်ခုံစီလိုက်၍ ဧည့်ခံခိုင်းပါတယ်။ ဘယ်လူကြီးဟာ ဘာဟင်းကြိုက်တယ်။ ဘာအလိုက်လိုတယ်ဆိုတာကို ကျွန်ုပ်ဟာ မှတ်သားထားတယ်။ ဘယ်သူကြီးဟာ ကျွန်ုပ်၏စားပွဲထိုးမိန်းကလေးများကို မျက်စိဖြင့်ခဏခဏစိုက်ကြည့်တယ်ဆိုတာကို ကျွန်ုပ်ဟာ မှတ်သားထားသည်။ ထမင်းစားသောက်ပြီးသည့်အခါ ဆာဦးသွင်၊ ဦးစောလှဖြူ၊ ဦးလွန်းဘော်၊ အဲဒီလို သီလ သမာဓိ ငါးပါးသီလနှင့်ဘုရားတရားရှိသည့်လူကြီးတွေ၊ အရက်မသောက်တတ်သည့် လူကြီးတွေကို ကျွန်ုပ်ကိုယ်တိုင် လိုက်လံပြန်ပို့ပေးပါသည်။
ကျန်ရှိသည့်လူကြီးလူကောင်းများကိုလည်း ကျွန်ုပ်ဟာ မျက်စိမှိတ်ပြီးပြောသွားတယ်။ ““ဘကြီး ဆာဦးသွင်တို့ ဦးစောလှဖြူတို့ကို ပြန်ပို့ပြီးလျှင်ပြီးချင်း ကျွန်ုပ်မြန်မြန်ပြန်လာမယ်””ဟု အရက်သောက် တတ်သည့်လူကြီးများ ခဏစောင့်ပါလို့မှာခဲ့ပါတယ်။ ကျွန်ုပ်ပြန်လာ၍အရက်ကိုထုတ်ပေးလိုက်သည့်အခါ ၀ါသနာပါသူတွေက ဣနြေ္ဒကို မစောင့်နိုင်တော့ဘဲ သူတစ်ခွက်ငါတစ်ခွက်မော့ပြီး၊ သီချင်းဆိုသူကဆို ကောင်မလေးတွေနှင့် တွဲကသူက ကနှင့် ဒီအချိန်မှာဆူညံပျော်ရွှင်နေတော့တာပါပဲ။
အင်္ဂလိပ်လေယာဉ်ပျံလာလို့ အချက်ပေးဥသြဆွဲလိုက်သည့်အခါမှာ ဟော်တယ်မှာ မီးမှိတ်၍ မှောင်ချနေရပါသဖြင့် ဒါကိုအခွင့်ကောင်းယူကာ လေယာဉ်ပျံကလည်း အပေါ်ကဗုံးချ၊ စက်သေနတ်နဲ့ပစ်၊ အောက်ကလည်း ဆလိုက်ထိုး အမြောက်နှင့်ပစ်သည့်အခါကျရင် ဟော်တယ်အောက်မှာ အများပုန်းဖို့ ကျင်းတူးထားပါသည်။ အများအားဖြင့် ကျင်းထဲကို ဘယ်သူမှဆင်းပြီးတော့ မပုန်းကြပါဘူး။ ဗုံးတည့်တည့်ကျသည့်အခါမှာ မိန်းကလေးတွေနှင့်တူတူရောပြီးတော့ သေမည်လို့ပြောဆိုကြသည်။ ဟိုစဉ်အခါက ကြောက်စိတ်မရှိကြပါ ပျော်ချင်သည့်စိတ်ပဲရှိကြပါသည်။
ညဦးပိုင်းလောက်မှာ ဆာဦးသွင်တို့လိုလူကြီးတွေ ထမင်းစားကြပြီးပြန်သွားကြသည်။ သောက်တတ်သည့်သူ၊ ကသည့်လူများဟာ ဒုတိယပိုင်းအချိန် ည ၁၂-နာရီလောက်မှာ ပြန်သွားကြ ပြန်တယ်။ တတိယပိုင်းမှာကျန်သည့်လူတွေဟာ ဖဲကစားချင်ကြတယ်။ ပိုက်ကျူးကစားချင်ကြတယ်။ ဒီတော့ သူတို့ဟာလည်း ပျော်ပျော်ရွှင်ရွှင်ဆူဆူညံညံနှင့် ကစားကြပြန်တယ်။ ကစားပြီး နာရီပြန် ၂-ချက်ထိုးလောက်ကျတော့ ပြန်သည့်သူများဟာလည်း ပြန်သွားကြတယ်။ ကျန်တဲ့လူတွေကလည်း သောက်ထားသည့်အရက်မူး ကစားလို့ကလည်းညောင်းနှင့် စားပွဲထိုးမိန်းကလေးများကို နှိပ်ပေးဖို့ ခေါ်ကြတယ်။ ဒီအခါကျရင်တော့ ကျွန်ုပ်ဟာ ညဦးက စားပွဲထိုးမိန်းကလေးများကို ခဏခဏစိုက် ကြည့်သည့် စားပွဲထိုးမိန်းကလေးများကိုသာ ထုတ်ပေးလိုက်သည်။ အဲဒီလိုထုတ်ပေးလိုက်သည့်အခါ သူတို့ဟာ သိပ်သဘောကျ၍ ဦးစပ်စုဟာ ကျွန်ုပ်တို့အတွင်းစိတ်ဓါတ်ကိုပါသိသည့်အတွက်ကြောင့် သိပ်ပြီးကျေးဇူးတင်တာပဲလို့ပြောဆို၍ ကျွန်ုပ်ကို ကောင်းချီးသြဘာပေးကြပါသည်။
ဒါတွင်မကသေးဘူး၊ သူတို့မိဘဟာ မွေးရုံတင်မွေးနိုင်တယ်။ သူတို့အတွင်းစိတ်ဓါတ်ကို မသိနိုင်ပါဘူး။ ဦးစပ်စုဟာ သူတို့ရဲ့အတွင်းစိတ်ဓါတ်ကိုပါသိတယ်။ မန္တလေးဦးဘသီကို မြန်မာ့အလင်း ဦးတင်က ကျွန်ုပ်နှင့်မိတ်ဖွဲ့ပေးပြီး၊ ဟော်တယ်မှာဧည့်ခံကျွေးမွေးပြုစုကောင်းပါသဖြင့် ကျွန်ုပ်၏ ဟော်တယ်မှာ တစ်လခွဲလောက်နေသွားပါသည်။ သူတို့၏လိုအင်ဆန္ဒမှန်သမျှကို ပြည့်ပြည့်၀၀ လိုလေးသေးမရှိအောင် ပြုလုပ်ဆောင်ရွက်ပေးလိုက်ပါ၏။ ယခုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးအောင်ခိုင်၊ ယခင်ကဖျာပုံခရိုင်အရေးပိုင်၊ ရာဇ၀တ်ဝန်ကြီး ဇီးကွက်ဦးလှမောင်တို့လို အခြားမှ တိုင်းမင်းကြီး၊ အရေးပိုင်၊ ရာဇ၀တ်ဝန်ကြီးများကိုလည်း ရန်ကုန်ရောက်သည့်အခါ ကျွန်ုပ်က ဘယ်အခါမဆို မလွတ်တမ်းဖိတ်ခေါ်ပြီး၊ ထမင်းစားဧည့်ခံပွဲကို အမြဲပြုလုပ်ပေးပါသည်။ ဗြန်ဟတ်ဘွေ အသင်းကြီးထဲကပိုက်ဆံနှင့်ပဲဖြစ်ဖြစ်၊ ကျွန်ုပ်၏ပစ္စည်းပိုက်ဆံထဲကပဲဖြစ်ဖြစ်၊ ငွေအမြောက်အများ အကုန်အကျခံ၍ကျွေးမွေးပါသည်။ ကျွန်ုပ်ဟာ မြန်မာအမျိုးသားပဲဖြစ်ဖြစ်၊ တရုပ်အမျိုးသားပဲဖြစ်ဖြစ်၊ အိန်္ဒိယအမျိုးသားပဲဖြစ်ဖြစ်၊ စိတ်ဝမ်းမကွဲပဲ အမြဲတမ်းချစ်ခင်ပေါင်းသင်းကြရအောင် ငွေအကုန်အကျခံ၍ ထမင်းစားဧည့်ခံကျွေးမွေးပွဲကို အမြဲပြုလုပ်ပါသည်။

No comments:

Post a Comment