Saturday, September 11, 2010

““တိုကျိုတွင် အတူတူ မျက်ရည်ကျခဲ့သည်””

““တိုကျိုတွင် အတူတူ မျက်ရည်ကျခဲ့သည်””

          ကျွန်ုပ်သည် အိန္ဒိယခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို ဂျပန်ပြည်မှ အိန္ဒိယသို့ယူဆောင်ရေးအဖွဲ့ထဲတွင် ပါဝင်လေသည်။ ထိုအချိန်တိုင်အောင် ကျွန်ုပ်က မစောင့်နိုင်ပေ။ ကိုယ်အလွန်ချစ်မြတ်နိုးသောမိတ်ဆွေတစ်ယောက်ကို တွေ့လိုသောဇောက ထိန်းမရအောင်ပင် ခံစားနေရပါသည်။
          ထို့ကြောင့်ပင် ကျွန်ုပ်သည် ဗမာပြည်ရှိ အိန္ဒိယသံရုံးသို့သွားပြီး အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ကာ အကျိုးအကြောင်းကို ပြောပြပါသည်။ ပြောပြသည့်အကြောင်းအရာမှာ ““ကျွန်တော်ဟာ ဂျပန်ပြည်မျာရှိတဲ့ ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာကို အိန္ဒိယယူဆောင်လာတဲ့အခါမှာ နယူးဒေလီကို သွားပါမယ်။ ခုလည်း ကျွန်တော့်မိတ်ဆွေ ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာရှိတဲ့ ဂျပန်ပြည်ကိုလည်း တစ်ခေါက်လောက်သွားပြီး အလေးပြုချင်ပါတယ်။ ဒါ့ကြောင့် သံအမတ်ကြီးက ထောက်ခံစာရေးပြီး ဂျပန်ပြည်မှာရှိတဲ့ အိန္ဒိယသံရုံးကို သံကြိုးစာတစ်စောင်ရိုက်ပေးစေလိုပါတယ်”” ဟူ၍ ပြောပြလေသည်။
         
ကျွန်ုပ်၏စကားကိုကြားလေသော အိန္ဒိယသံအမတ်ကြီးက အားရ၀မ်းသာဖြစ်သွား၏။ ပြီးမှ ကျွန်ုပ်အား ...
          ““အခုလို အိန္ဒိယခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဆူဘတ်ချန်ဒရာဘို့(စ်)ကို မိတ်ဆွေ တစ်ယောက်အနေနဲ့ သွားရောက်အလေးပြုမယ်လို့ ကြားသိရတာ လွန်စွာမှပဲဝမ်းမြောက်ပါတယ်။ မိတ်ဆွေအတွက် ထောက်ခံစာလည်း ရေးပေးပါ့မယ်။ ဂျပန်ပြည်မှာရှိတဲ့ အိန္ဒိယသံရုံးကိုလည်း သံကြိုးရိုက်ပြီး အကြောင်းကြားလိုက်ပါ့မယ်။ စိတ်သာချနေပါ””
          သို့ကလိုပြောကြားပြီး ကျွန်ုပ်အတွက် သံအမတ်ကြီးသည် ထောက်ခံစာရေးပေးပါသည်။ ထောက်ခံစာရ၍ ကျွန်ုပ်သည် သံအမတ်ကြီးအား ကျေးဇူးတင်ကြောင်းပြောကြားပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံခြားဝန်ကြီးဌာနသို့လည်းကောင်း၊ ဂျပန်သံအမတ်ရုံးသို့လည်းကောင်း သွားရောက်၍ လုပ်စရာရှိသည့် ကိစ္စ၀ိစ္စများကို ဆက်တိုက်လုပ်ကိုင်နေရပါသည်။ ပြီးနောက်တွင်ကား ပြည်ဝင်ပြည်ထွက်ရလေ အောင်လည်း ကြိုးစားရပါသေးသည်။ ကျွန်ုပ်အဖို့ လုပ်ကိုင်စရာရှိသောအလုပ်များကို မနားမနေ လုပ်မှုကြောင့် အလုံးစုံပြီးမြောက်သွားလေပြီ။ ဂျပန်ပြည်သို့သွားမည့်သူများကား ကျွန်ုပ်နှင့်အတူ ကျွန်ုပ်၏ဇနီး၊ ကျွန်ုပ်၏သမီးထွေးလေး၊ ဤသုံးယောက်သာဖြစ်ပါသည်။

          ထိုစဉ်က ကျွန်ုပ်၏ဇနီးတွင် (၈)လအရွယ် သမီးငယ်လေးရှိနေချိန်ဖြစ်လေသည်။ အချိန်ကလည်း ဒီဇင်ဘာလဖြစ်နေ၍ လွန်စွာမှ အချမ်းပိုနေချိန်ဖြစ်၏။ ဤသို့သော အအေးရာသီ၏ ဒဏ်ကို ဇနီးနှင့်သမီးထွေးလေး ခံနိုင်ရည်ရှိမရှိကို တွေးရပြန်သည်။ သူတို့အတွက် ဒုက္ခဖြစ်နေလျှင် ကျွန်ုပ်အဖို့ သောကရောက်ရလေသည်။ နောက်ပိတ်တကာ နောက်ပိတ်ဆုံးတွင် ကျွန်ုပ်သည် မည်သို့ပင်ဖြစ်စေဖြစ်စေ သူတို့ကိုလည်း ကျွန်ုပ်နှင့်အတူ တစ်ပါတည်း ခေါ်ဆောင်သွားလေတော့ မည်ဟု ဆုံးဖြတ်ချက်ချထားလိုက်လေသည်။
          ကျွန်ုပ်ကိုယ်ကိုလည်း ပြန်၍ဆန်းစစ်ပါသည်။ ဦးဆောင်ခေါ်သွားရမည့် ကျွန်ုပ်ကိုယ်တိုင်က ကျန်းမာရေးသိပ်မကောင်းလှပေ။ သွေးတိုးရောဂါနှင့် အူကျရောဂါ ပေါင်း ဤနှစ်မျိုးသော ရောဂါတို့၏ နှိပ်စက်ခြင်းဒဏ်ကို လှလှကြီးခံနေရသူ ဖြစ်ပါသည်။
          ကျွန်ုပ်သည် ကိုယ့်မိတ်ဆွေ ဆူဘတ်ချန်ဒရာဘို့(စ်)ကို ချစ်ခင်သော မိတ်ဆွေတို့၏ စိတ်ဓါတ် ဖြင့်သာ ““ဘာပဲဖြစ်နေဖြစ်နေ ဖြစ်လိုရာဖြစ်စေတော့”” ဟုသာ သဘောထားပြီး ကိုယ့်မိတ်ဆွေကြီး ရှိရာသို့ ဆိုင်းမနေတော့ပဲ သွားပါတော့၏။
          ဤသို့သော စိတ်ဓါတ်ခိုင်မာမှုကြောင့်သာ ကျွန်ုပ်တို့မိသားစုသုံးယောက်သည် လေယာဉ်ပျံဖြင့် ၁၉၅၇-ခုနှစ် ဒီဇင်ဘာလ ၁၁-ရက်နေ့၌ ဂျပန်ပြည် နီပွန်နိုင်ငံတော်သို့ ကောင်းမွန်စွာရောက် သွားလေသည်။ ဂျပန်ပြည်သို့ရောက်လေသောအခါ အိန္ဒိယသံအမတ်ကြီးအား ဗမာပြည်ရှိ အိန္ဒိယသံ အမတ်ကြီး ရေးပေးလိုက်သောထောက်ခံလွှာကို ကိုယ်တိုင်ပင် သွားရောက်၍ ပေးပါသည်။ ထို့နောက်တွင် ဂျပန်ပြည်တွင်ရှိသော အိန္ဒိယသံရုံး၊ ဗမာသံရုံးကား ကျွန်ုပ်အား အစစအရာရာ များစွာကူညီမှုကိုပြုပါသည်။ ယင်းကြောင့် ကျေးဇူးလည်းအထူးပင်တင်ပါ၏။
          ၁၉၅၇-ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် အိန္ဒိယသံရုံးမှ ပထမ အတွင်းဝန်၊ ပြီးနောက် စကားပြန်တစ်ယောက်နှင့်အတူ ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ရှိလေရာ သွားကြ လေသည်။

          မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာရှိသော နေရာကား တိုကျိုမြို့တော်နှင့် မိုင်လေးဆယ်ဝေးကွာသော(အန်ကူတီ) ဂျပန်ဘုရားရှိခိုးကျောင်း၌ ဖြစ်လေသည်။ ကျွန်ုပ်တို့သည် မနက် ၁၀-နာရီခန့်တွင် ဆူဘတ်ချန်ဒရာဘို့(စ်)ရှိသောနေရာသို့ ရောက်ကြပါတော့သည်။
          အန်ကူတီ ဂျပန်ဘုရားရှိခိုးကျောင်း အနီးတွင် သစ်ပင်ကြီးငယ်များရှိလေသည်။ ပတ်ဝန်းကျင် ရှိ သစ်ပင်ကြီးငယ်များသည် စိမ်းလန်းစိုပြည်နေကြသည်။ အသံဗလံများကလည်း မရှိ။ အလုံးစုံသည် တိတ်ဆိတ်ပြီး ငြိမ်သက်နေလေသည်။ ဤသို့သောနေရာကား တရားကျင့် ၀ါသနာထုံသူများအဖို့ လွန်စွာမှသင့်လျော်သည်။ (၀ါ) တနည်းအားဖြင့် လည်း အဆွေးဓါတ်ခံရှိသော အတွေးသမားများအဖို့ တွေးစရာ၊ ဆွေးစရာ ဖြစ်၍နေလေသည်။ မျက်ဝါးထင်ထင်မြင်တွေ့ရသော ပတ်ဝန်းကျင် ကလည်း သာယာမှုအပေါင်း ခညောင်း၍နေကြလေသည်။

          ဤအန်ကူတီဘုရားကျောင်းသို့ ရောက်လေသောအခါ အလွန် ကြည်ညိုဖွယ်ကောင်းသော ဂျပန်ဘုန်းတော်ကြီးနှင့်တွေ့ရသည်။ ဘုန်းတော်ကြီးကလည်း ၀တ်ပြုရန် အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် မွှေးရနံ့ကြိုင်သင်းသော ပန်းများ ကျွန်ုပ်အားပေးပါသည်။ ဆူဘတ် ချန်ဒရာဘို့(စ်)၏ အရိုးပြာ ခံထားသော သေတ္တာလေးကလည်း အိန္ဒိယ၀န်ကြီးချုပ် နေရူး ပြုလုပ်လှူဒါန်းသွားသော ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေကျောင်းဆောင်လေးအတွင်း ဆိတ်ငြိမ်စွာ အိပ် ပျော်လျက်ရှိပေသည်။
          ကျွန်ုပ်လည်း ဖယောင်းတိုင်ကို မီးညှိလိုက်လေသည်။ ပြီးလျှင် ဂျပန်တို့၏ ထုံးတမ်းစဉ်လာအတိုင်း ကန်တော့ပါသည်။ ကျွန်ုပ်၏လက် ဖြင့် အမွှေးတိုင် မီးညှိလိုက်၏။ အမွှေးတိုင်၏ အမွှေးရနံ့များက ကျွန်ုပ်၏နှာဝယ် လာပြီး ကလိ၍ နေကြလေသည်။
          ထိုစဉ်ဝယ် ဂျပန်ဘုန်းတော်ကြီးက ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ကျောင်းဆောင်လေး၏ မှန်တံခါးကို ဖွင့်ပြလိုက်ပါသည်။ ဤတွင် ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါသည်။
          သည်အခါသမယ၀ယ် ကျွန်ုပ်၏ရင်ထဲဝယ် ဆို့၍တက်လာ၏။ အလွန်ကြီးမားသော ၀မ်းနည်း ကြေကွဲမှုများ စုပေါင်းပြီး ရင်ညွှန့်ပေါ်သို့ တက်လာကြခြင်းဖြစ်ဟန် တူပါသည်။
          ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာများကို ကျွန်ုပ်သည် တွေတွေကြီး စိုက်ကြည့်နေ၏။ ယင်းသို့ကြည့်နေစဉ်၌ပင် မျက်ရည်ပူများသည် ကျွန်ုပ်၏ပါးပြင်ပေါ်သို့ လိမ့်၍လိမ့်၍ စီးဆင်းလာ ကြလေသည်။
          ကျွန်ုပ်၏ အတွင်းအဇ္ဈတ္ထသန္တာန် စိတ်ထဲ၌.. ““သြော်.. ကံဆိုးရှာသော ငါ့မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို မျက်ဝါးထင်ထင်တွေ့ရပါလျက်နဲ့ စကားလေးမှပြန်မပြောနိုင်တဲ့ ဘ၀ ပေတကား””ဟူ၍ တွေးမိပြီး လွမ်းတ သဖြစ်ရပါ၏။
          ဤအတောအတွင်းဝယ် ဂျပန်ဘုန်းတော်ကြီးက ကျွန်ုပ်၏အနားသို့ တိုးကပ်လာသည်။ ပြီးနောက် ပြောကြားသည့်စကားတစ်ခွန်းမှာ ““အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးလာတုန်းက.. သူ့ခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကိုတွေ့တော့ ခု ခင်ဗျားလိုပဲ မျက်ရည်တွေ ပြိုင်ပြိုင် ကျတယ်””ဟူ၍ ပြောပါသည်။
          ကျွန်ုပ်သည် မိတ်ဆွေကြီးဆူဘတ်ချန်ဒရာဘို့(စ်)ကို လွန်စွာမှချစ်ခင်ပါသည်။ သူ့ကို ပို့သသော ကျွန်ုပ်၏မေတ္တာအဟုန်သည် ““ကျောက်တောင်ပိုးထိုး၊ ပင်လယ်ရေခန်း””သည့်တိုင်အောင် ကုန်နိုင် လိမ့်မည်မထင်ပေ။
          ပြီးနောက်မှ ဆူဘတ်ချန်ဒရာဘို့(စ်)ကို သတိရ၍ လွန်စွာဝမ်းနည်းသော စိတ်ဓါတ်ဖြင့် သူ့ကို ဆုတောင်းမေတ္တာ ပို့သလျက်ရှိပါသည်။ ဤတွင် ဂျပန်တို့၏ ထုံးတမ်းစဉ်လာအတိုင်း ခေါင်းလောင်းတီးခြင်း၊ သားရေယပ်တောင်ကို တီးခတ်ခြင်းများပြုလုပ်လေသည်။ မြန်မာအမျိုးသားများ ကြေးစည်ထုသည့် သဘောမျိုးဖြစ်ပါသည်။
          အလုံးစုံပြုလုပ်ဖွယ် ကိစ္စကြီးငယ်များ ပြုလုပ်ပြီးစီးလေသောအခါ၊ ဂျပန်ဘုန်းတော်ကြီးက တရားဓမ္မများကို ကျွန်ုပ်တို့အား ဟောကြားပါသည်။ ကျွန်ုပ်တို့ကလည်း တရားဓမ္မများ နာကြပါသည်။
          ဤအန်ကူတီ ဂျပန်ဘုရားရှိခိုးကျောင်းဝယ် တရားဓမ္မနာကြားနေရသည်မှာ နာရီဝက်ခန့် ကြာနေချိန်၌ စက္ကန့် မိနစ်တိုင်း ၀မ်းနည်းကြေကွဲမှုဖြင့် ရင်ဆိုင်၍နေရလေသည်။
          ဂျပန်ဘုန်းတော်ကြီးဖတ်နေသော တရားဓမ္မကျမ်းစာအုပ်ကို ကျွန်ုပ်က အမှတ်မထင် ယူ၍ ကြည့်လိုက်မိသည်။ ရေးသားထားသည့်စာများမှာ တရုပ်ရှေးဟောင်းစာပေဖြင့် ရေးသားထားသည်ကို တွေ့မြင်ရလေသည်။ ရေးသားထားသည့် အကြောင်းအရာကား ...““လောကကြီးမှာ ဘယ်လောက်ပင် ကြီးကျယ်တဲ့သူပဲဖြစ်ဖြစ်.. တစ်နေ့ကျ သေကျေပျက်စီးရင် ပြာအတိဖြစ်မှာပဲ””ဟူ၍ ရေးသားထား လေသည်။
          သောကမီးလောင်ကျွမ်းနေသော ကျွန်ုပ်က ဤစာပိုဒ်ကို သွား၍မြင်လေသောအခါ ပို၍ ဆိုးပါသည်။ သဘောက““ချစ်ခင်ပေါင်းသင်း ..၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေတကား”” ဟူသော မြန်မာစာပေထဲကစကားနှင့် ဆင်သလိုလိုရှိပါသည်။
          ကျွန်ုပ်တို့မိသားစုသည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို အလေးပြုပြီးနောက် ဘုရား ရှိခိုးကျောင်းထဲမှ ထွက်လာပါသည်။ အန်ကိုတီဘုရားကျောင်းအ၀၌ ရေးသားထားသော စာပိုဒ်မှာ..

Renkoji Temple
In which the ashes of Chandra Bose are preserved
ဟူ၍ရေးသားထားသည်ကို တွေ့မြင်ရပါသည်။
          ကျွန်ုပ်တစ်ခု စဉ်းစားကြည့်မိသည်။ အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးလို ပုဂိ္ဂုလ်ကျော်ကြီး များနှင့် တွေ့လေသူများက မိတ်ဖွဲ့ကြမည်။ လက်ဆွဲနှုတ်ဆက်ကြမည်။ စားသောက်ပွဲကြီးများ ကျင်းပပြီး ပျော်ကြပါးကြမည်။
          ကျွန်ုပ်၏ကုသိုလ်ကံအကျိုးပေးပုံက ဤသို့မဟုတ်ပါပေ။ ဂျပန်ပြည် တိုကျိုမြို့အနီးက (အန်ကိုတီ) ဘုရားရှိခိုးကျောင်းဝယ် ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို အလေးပြုစဉ်  မစ္စတာနေရူးသည် မျက်ရည်ကျခဲ့သည်။ သို့ကလို ခေါင်းဆောင်ကြီးများနှင့်အတူ တစ်နေရာထဲဝယ် အတူမျက်ရည်ကျခဲ့ဖူးသူကား၊ ဤကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာအရပ်ရပ်ဝယ် ရှာမှရှားပေလိမ့်မည် ထင်ပါ၏။
          ကျွန်ုပ် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)တစ်ယောက် သေကြပျက်စီးခြင်း၏ တရားခံအစစ်သည် တခြားမဟုတ်၊ ကမ္ဘာပေါ်၌ ရှိရှိသမျှသော လူသားတိုင်း ကြောက်ရွံ့နေသော (စစ်)ကြီးကြောင့်ပင်ဖြစ်လေသည်။

No comments:

Post a Comment