Thursday, September 9, 2010

ဗိုလ်ချုပ်ကြီးနေ၀င်းကိုဟောကိန်းထုတ်ခဲ့စဉ်

ဗိုလ်ချုပ်ကြီးနေ၀င်းကိုဟောကိန်းထုတ်ခဲ့စဉ်

          ၁၉၅၀-ခုနှစ် မတ်လ ၉-ရက် နံနက်ပိုင်းတွင် ကျွန်ုပ်သည် ဒေါ်အေးခင်နေအိမ်သို့သွားပြီး၊ မင်္ဂလာဒုံ စစ်ဆေးရုံကိစ္စများကို တိုင်ပင်ဆွေးနွေးသည်။ ပြီးနောက် စကားဆက်၍ ထွေရာလေးပါးပြောကြား နေရာမှ ““ဒီနေ့ နေ့လယ် ၁-နာရီမှာ မင်္ဂလာဒုံလေဆိပ်ကို ဗိုလ်ချုပ်ကြီးနေ၀င်းက သူ့သားမောင်ငွေစိုးကို အိန္ဒိယကို ပညာတော်သင်လွှတ်ဖို့ သွားကြလိမ့်မယ်””ဟူ၍ပြောလေသည်။
          အမှန်တော့လည်း ဦးထွန်းဦး၏ဇနီးဒေါ်အေးခင်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်းသည် မောင်နှမကဲ့သို့ ချစ်ခင်ရင်းနှီးသူများဖြစ်ကြသည်။ ပြီးနောက်တဖန် ဒေါ်အေးခင်နှင့်ကျွန်ုပ်တို့သည်လည်း တပ်ပေါင်းစု အမျိုးသမီးချီးမြှင့်ရေးအဖွဲ့တွင် အတူတူလုပ်ဖေါ်ကိုင်ဘက်များဖြစ်ကြသည်။
          ကျွန်ုပ်သည်လည်း မတွေ့ရသည်မှာကြာပြီဖြစ်သော ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် တွေ့မြင်လိုပေသည်။ ထူးထူးထွေထွေအကြောင်းကား မရှိပါပေ။ ထို့ကြောင့် ကျွန်ုပ်သည် မင်္ဂလာဒုံလေဆိပ်တွင် ဗိုလ်ချုပ်ကြီး နေ၀င်း၊ ကိုယ်ရံတော်ဗိုလ်ကြီးအေးကျော်၊ ဗိုလ်ချုပ်ကြီး၏သား မောင်ငွေစိုး၊ ပြီးနောက် ဦးထွန်းဦး၊ ဒေါ်အေးခင်တို့နှင့်တွေ့ကြလေသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းကား ကျွန်ုပ်ကို တွေ့လျှင်တွေ့ခြင်းနှုတ်ဆက်သည်။ အမှန်တော့လည်း ဗိုလ်ချုပ်ကြီးနေ၀င်းသည် မာနမကြီးတတ်ပေ။ သူနှင့်သိကျွမ်းခင်မင်သူတိုင်းကို တွေ့လေတိုင်း သူကပင်ဦးစွာနှုတ်ဆက်တတ်လေသည်။
          သည့်နောက်တွင်ကား ကျွန်ုပ်တို့လူစုသည် ရင်းရင်းနှီးနှီးစကားပြောကြသည်။ လေယာဉ်ပျံစောင့်နေ သောအချိန်မှာစောသေး၍ မင်္ဂလာဒုံလေဆိပ်၌ပင် ထမင်းစားသောက်ကြလေသည်။ ကျွန်ုပ်တို့တတွေ ထမင်းစားပြီးချိန်တွင် တရုပ်ပြည်ကောင်စစ်ဝန် T.W, Ma လူသိုက်လည်းလာကြသည်။ သူတို့တတွေနှင့်လည်း ဗိုလ်ချုပ်သည် ရင်းရင်းနှီးနှီးစကားပြောသည်။ ဤအထဲ အိန္ဒိယအမျိုးသားနှစ်ဦးကလည်း လာရောက်၍ ဗိုလ်ချုပ်ကြီးနှင့်စကားပြောနေသေးသည်။
          ဗိုလ်ချုပ်ကြီးနေ၀င်း၏ စကားပြောဆိုဆက်ဆံသောဟန်၊ လှုပ်ရှားမှုအသွင်သဏ္ဍာန်ကို ကျွန်ုပ်သည် တရုပ် အင်္ဂရုပ်ကြည့်သောပညာကိုတတ်ကျွမ်းထားသူပီပီ အကဲခတ်နေမိသည်။ ကျွန်ုပ်နည်းတူ တရုပ်ကောင်စစ်ဝန် T.W, Ma သည်လည်း တရုပ် အင်္ဂရုပ်ကြည့်ပညာကို ကောင်းစွာတတ်ကျွမ်းထားသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ကျွန်ုပ်နည်းတူအကဲခတ်ကြည့်နေလေသည်။
          တခဏအတွင်း တရုပ်ကောင်စစ်ဝန် T.W,Ma သည်ကျွန်ုပ်အား တရုပ်စကားဖြင့်ပြောသည်။ သူပြောသည်မှာ ...
          ““အရပ်ကတောင့်တောင့်၊ လူကလည်းဖြောင့်ဖြောင့်ခိုင်ခိုင်၊ ပြီးတော့ခြေလှမ်းကြဲကြဲလှမ်းပြီး၊ သွက်လက် ဖျပ်လတ်သူဟာ စစ်သေနာပတိချုပ်ဖြစ်မယ်ဆိုတဲ့ ဥပဓိရုပ်အတိုင်း ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ လိုက်ပါပေတယ်”” ဟူ၍ပြော၏။
          သူ့စကားကိုကျွန်ုပ်မကျေနပ်သေး။ ထို့ကြောင့် ““ဒီလောက်မကသေးပါဘူး။ နိုင်ငံတကာက လေးစားရမည့် ခေါင်းဆောင်ကြီးတစ်ဦးလည်းဖြစ်နိုင်တယ်””လို့မြင်နေတယ်။
          T.W,Ma က အံ့သြသောဟန်အမူအရာဖြင့်
          ““ဘယ်တော့များဖြစ်မှာလဲ””
          ဤအတွက် ပြဿနာပေါ်လေပြီ အရေးကြီးသောစကားတစ်ခုကို ပြောပါလေလျှင် အကြောင်းအကျိုး ဆက်ရှိရပေမည်။ ထိုစဉ်ကဗိုလ်နေ၀င်းစီးလာသောကားမှာ ချက်ဗလက်အပြာရောင်ကား နံပါတ်မှာ RC. 891 ကို အမှတ်မထင်သွားမြင်မိသည်။ ဤကားနံပါတ်ကို အတိတ်ယူပြီး..
          ““နောက် ၈-နှစ်၊ ၉-နှစ်ကြာရင်ဖြစ်မယ်””ဟူ၍ ကျွန်ုပ်ပါးစပ်က လွှတ်ခနဲထွက်သွားလေသည်။
          ကျွန်ုပ်တို့နှစ်ဦပြောသည့် တရုပ်စကားကို ဒေါ်အေးခင်က “ဘာတွေပြောနေကြတာလဲ”ဟူ၍မေးသည်။ ထို့ကြောင့် ကျွန်ုပ်ကလည်း ဗမာစကားနှင့် မပီတပီပြန်၍ ဒေါ်အေးခင်ကို ပြောပြရပါသေးသည်။ ကျွန်ုပ်ပြောသောစကားကို ဗိုလ်ချုပ်ကြီးနေ၀င်းကြားလေသော် ဘာမျှပြန်၍မပြော ပြုံးပြီးတော့သာနေလေသည်။
          ကျွန်ုပ်သည် ကားအပြာရောင်နှင့် ကားနံပါတ် RC. 891 ကိုမူတည်၍ ဥပဓိရုပ်ဖြင့်ပေါင်းစပ်ကာ ကြိုတင်၍ ဗေဒင်ဟောကြားလိုက်ခြင်းဖြစ်သည်။ ရှေ့ဘာတွေဖြစ်ပျက်နိုင်သည်ကိုလည်း ကြိုတင်၍ ခန့်မှန်းနိုင်လေသည်။ အင်္ဂရုပ်လေ့လာမှုပညာကို လေ့လာထားသော ပညာရှင်များသည်လည်း အကဲခတ်မိပေလိမ့်မည်။ ကျွန်ုပ်၏ ဟောကိန်း မှန်မမှန်ကိုကား ၁၉၅၈၊ ၁၉၅၉-ခုနှစ် ဗမာပြည်၏ အခြေအနေဖြစ်ရပ်များ သက်သေခံခဲ့သည် မဟုတ်တုံလော။

No comments:

Post a Comment