Sunday, September 5, 2010

သေဘေးမှသီသီကလေးလွတ်ခြင်း၊ ကျောက်ဖရုံယိုစပ်စု၊ တရုပ်စကားပုံ။

သေဘေးမှသီသီကလေးလွတ်ခြင်း

ကျွန်ုပ်နှင့်ဆရာမမခင်မူဟာလည်း သုံးဆယ်ကဆရာမ ၂-ယောက်ကို လက်ဆောင်တွေ ၀င်ပေးပြီး၊ စစ်ကွင်းမင်းလှဘက်ကို မော်တော်ကားဦးတည်ပြီး ထွက်လာခဲ့ပါတယ်။ ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော ဘောက်ဆောအနက်ရောင်ကားကလေးမှာ စစ်ကွင်းရေနံပိုက်အနီးသို့ ရောက်ရှိသောအခါ ကျွဲညီနောင်ခေါ်ရန်သူအင်္ဂလိပ်လေယာဉ်ပျံဟာ စစ်ကွင်းရေနံပိုက်ကို အကြီးအကျယ် ဗုံးချ၍စက်သေနတ်ဖြင့်လာပစ်တယ်၊ ဆရာမမခင်မူနှင့်ကျွန်ုပ် အတူတူစီးနင်းလိုက်ပါလာသော ကားကလေးဟာ ကံကောင်းထောက်မ၍သီသီကလေးလွတ်သွားပါသည်။ ကျွန်ုပ်တို့ကလည်း
ကားကိုရပ်၍အောက်သို့ဆင်းပြီး စက်သေနတ်ဘေးမှပုန်းရှောင်နေကြရပါသည်။
ကျွန်ုပ်နှင့်ဆရာမဟာ ကားကိုဆက်မောင်းပြီးထွက်ပြေးကြပါကတွေးဝံ့စရာမရှိတော့ပါ။ အသက်သေဖို့ပဲရှိတော့မှာပါပဲ။ (ဒီအချိန်အခါက ကျွန်ုပ်ဟာ စက်သေနတ်များမှန်လို့ မတော်တဆ သေဆုံးခဲ့ပါလျှင် ယခုလို လူ့ပြည်မှာ ဦးစပ်စုတစ်ယောက်ကို တွေ့ကြမြင်ကြရတော့မှာမဟုတ်ပါဘူး) ကျွန်ုပ်၏ကုသိုလ်ကောင်းမှု စိတ်စေတနာကောင်းမှုတွေကြောင့် ဗုံးဘေးစက်သေနတ်ဘေးမှ လွတ်မြောက် လာရခြင်းဖြစ်ပါသည်။ လေယာဉ်ပျံမှပစ်လိုက်သော စက်သေနတ်ကျည်ဆံတွေဟာလည်း တဒက်ဒက်နှင့် ရေနံပိုက်ကိုထိမှန်ပြီး ရေနံပိုက်ဟာ ကွဲ၍မီးဟုန်းဟုန်းတောက်လောင်နေတာကို ကျွန်ုပ်နှင့်မခင်မူ ရှေ့မှာပင်ထင်ရှားစွာတွေ့မြင်နေရပါသည်။ ကျွန်ုပ်တို့နှစ်ဦးအား ဘုရားနှင့်တကွနတ်ကောင်းနတ်မြတ်များ မ ၍ ဘာမှမဖြစ်ခဲ့ကြပါ။
ကျွန်ုပ်တို့သည် စစ်ကွင်းရေနံပိုက်အနီးမှာ ရန်သူအင်္ဂလိပ်လေယာဉ်ပျံကျွဲညီနောင်ကို တွေ့ပြီး၊ အေးဆေးသွားသည့်အခါ မင်းလှကိုမ၀င်တော့ပဲ၊ ပေါင်းတည်ဘက်ကို ဒါရိုက်မောင်းနှင်ထွက်ခွာ လာခဲ့တယ်။ ကျွန်ုပ်နှင့်ဆရာမမခင်မူစီးနင်းလိုက်ပါလာသော ဘောက်ဆောအနက်ရောင်ကားကလေးဟာ နံနက် ၅-နာရီအချိန်လောက်မှာ ပေါင်းတည်မြို့ ဆရာမမခင်မူရဲ့အဒေါ်၊ ဆရာမ မငြိမ်းအေးအိမ်ကို ကောင်းမွန်စွာနှင့်ရောက်ရှိပါသည်။ ကျွန်ုပ်လည်းပေါင်းတည်က ဆရာမဒေါ်ငြိမ်းအေးအိမ်မှာ ၇-ရက်လောက်ကြာအောင် နေထိုင်လာခဲ့ပါသည်။ သူတို့ကလည်းကောင်းမွန်စွာနှင့်ဧည့်ခံကျွေးမွေး ကြပါတယ်။
ကျွန်ုပ်နှင့်မခင်မူပေါင်းတည်ကိုယူသွားသောသကြားများဟာလည်း ခွက် ၃၀-လောက် ပါသွားပါသည်။ ဂျပန်ခေတ်အချိန်မှာတုန်းကသကြားဟာ နှစ်မျိုးနှစ်စားရှိပါသည်။ သကြားတစ်မျိုးက အနီဖြစ်၍ နောက်တစ်မျိုးကအဖြူဖြစ်ပါသည်။ သကြားအဖြူဟာ ဟိုအချိန်တုန်းက အင်မတန်မှ ရှားပါတယ်။ ကျွန်ုပ်ယူသွားသောသကြားများမှာအဖြူဖြစ်၍၊ အဖိုးတန်သည့်သကြားများဖြစ်နေပါသည်။ ကျွန်ုပ်ဟာ ဒီသကြားအဖြူကိုရရှိခဲ့ခြင်းမှာ တာမွေလမ်း၊ နံပါတ် ၈-ရှိ ဂျပန်ကွန်ကိုးမှ ဂျပန်အရာရှိ များဟာ ကျွန်ုပ်နှင့်သိကျွမ်းခင်မင်ပြီး၊ ပေါင်းသင်းဆက်ဆံထားခဲ့လို့ ယခုလိုအလွယ်တကူ ရရှိခြင်း ဖြစ်ပါသည်။

ကျောက်ဖရုံယိုစပ်စု

ပေါင်းတည်ကိုရောက်ပြီး ကျွန်ုပ်တို့တတွေဟာ နံနက်ဘက်ဈေးထဲမှာလျှောက်၍ မုန်းဟင်းခါး၊ လဖက်ရည်များကိုစားသောက်ကြပြီးသည့်အခါ ဈေးထဲကို ဟိုလျှောက်ဒီလျှောက် လျှောက်ကြည့်ရာ ပေါင်းတည်မြို့ဈေးထဲမှာ အင်မတန်ကြီးသည့်ကျောက်ဖရုံသီးကြီးများပေါတာကို တွေ့ရှိရပါသည်။
အဲဒီတော့ကျောက်ဖရုံသီးကြီးတွေကိုကြည့်ပြီးပြောလိုက်တယ်၊ ““ကျွန်ုပ်တို့ပါလာသည့် သကြားအဖြူနှင့် ကျောက်ဖရုံယိုထိုးရရင်ကောင်းမှာပဲ””လို့ပြောလိုက်တော့ ဆရာမဒေါ်ငြိမ်းအေးက ““ကျောက်ဖရုံယိုမစားရတာလည်းကြာပြီ၊ သကြားငါးပိဿာလောက်ကိုသာ လဖက်ရည်ဖျော်ဖို့ချန်ထားပြီး ကျန်သကြားများကို ကျောက်ဖရုံယိုထိုးပါ””လို့ ကျွန်ုပ်ကိုပြောတယ်။
ကျွန်ုပ်ဟာလည်း ငယ်စဉ်အခါကတောမှာနေထိုင်၍ ကျောက်ဖရုံယိုထိုးနည်းအတတ်ကို သင်ကြားဖူတော့ ကျောက်ဖရုံယိုကောင်းကောင်းထိုးတတ်ပါသည်။ ဒါနဲ့ကျောက်ဖရုံသီးကြီးကြီးတစ်လုံးကို ၀ယ်လာပြီး၊ ထုံးကလည်း ငါးမူးဖိုးဝယ်လာခဲ့သည်။ အိမ်ရောက်တော့ ကျောက်ဖရုံသီးကြီးကို ဓါးနှင့်လှီး၍ လက်တစ်ဆစ်လောက်မြှောင်းရှည်လုပ်ပြီး၊ ထုံးရည်နှင့် ၂၄-နာရီကြာအောင် စိမ်ထားလိုက်ပါသည်။ ထုံးရည်နှင့် ၂၄-နာရီစိမ်ပြီး၊ သကြားအဖြူနှင့်ကျောက်ဖရုံသီးစိပ်ကိုထိုးလိုက်တော့ ““ကျောက်ဖရုံယို ဖြစ်သွားပါတယ်။ သူတို့တတွေကကျောက်ဖရုံယိုမစားရတာကလည်းကြာပြီ၊ ဦးစပ်စုထိုးတဲ့ကျောက် ဖရုံယိုဟာ သိပ်ကောင်းတာပဲ၊ စားလို့လည်းအင်မတန်ကောင်းတယ်””လို့ပြောဆိုကြပြီး၊ ချီးမွမ်းကြပါသည်။ ကျေးဇူးလည်းအများကြီးတင်ကြပါသည်။ ကျွန်ုပ်ကိုလည်းကျောက်ဖရုံယိုစပ်စုလို့ခေါ်ကြတယ်။ ဒါကြောင့် ကျွန်ုပ်၏အမည်ဟာ ကျောက်ဖရုံယိုစပ်စုလို့တစ်နာမည်ထပ်၍ရလာပြန်သည်။
ကျွန်ုပ်ပေါင်းတည်ကိုရောက်၍ နှစ်ရက်လောက်ကြာသည့်အခါမှာ ပေါင်းတည်ဗြန်ဟတ်ဘွေ အသင်းကြီး၏လူကြီးများက ကျွန်ုပ်ကိုဖိတ်၍ ထမင်းကျွေးဧည့်ခံပွဲတစ်ခုပြုလုပ်ပါတယ်။ လူကြီးများကိုလည်းမိတ်ဆက်ပေးပါသည်။ ကျွန်ုပ်ကလည်း ပေါင်းတည်ဗြန်ဟတ်ဘွေအသင်းကြီးက ပြုလုပ်ပေးသည့် ထမင်းစားမိတ်ဆက်ဧည့်ခံပွဲကို မပျက်မကွက်တက်ရောက်သွားပါသည်။ ကျွန်ုပ်အား ဧည့်ခံကျွေးမွေးသည့်ဧည့်ခံပွဲဟာလည်း အင်မတန်မှကောင်းမွန်စုံလင်လှပါ၍ ပေါင်းတည်မြို့ပေါ်က လူကြီးလူကောင်းများတို့ အများအပြားတက်ရောက်ကြပါသည်။
ကျွန်ုပ်ဟာလည်း ထမင်းစားဧည့်ခံပွဲမှာ ပေါင်းတည်မြို့ရဲ့အခြေအနေ၊ တရုပ်-မြန်မာ ချစ်ခင်ရင်းနှီးဖို့အရေးကိုမေးမြန်းပြီး၊ ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးဟာ ဗမာတပ်မတော်ထောက်ပံ့ရေးရန်ပုံငွေကို ဘယ်လိုအင်တိုက်အားတိုက်ကူညီတယ်ဆိုတာဟာ ယခုကြွရောက်လာကြသည့်လူကြီးလူကောင်းများဟာ သတင်းစာအသီးသီးရဲ့မျက်နှာဖုံးများမှာလည်း စစ်ဝန်ကြီးပုံနှင့် တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီး၏ကော်မီတီလူကြီးများရဲ့ပုံများကို အများအပြား တွေ့မြင်နိုင်ကြပါလိမ့်မည်ဆိုတာတွေနှင့် တရုပ်-မြန်မာ ချစ်ခင်ပေါင်းသင်းမှုရှိတာတွေကို သေသေချာချာ ရှင်းလင်းပြောဆိုပြပါသည်။
ထမင်းစားပွဲသို့တက်ရောက်လာသည့် ပေါင်းတည်ရှိလူကြီးများဟာလည်း ယခုလိုတရုပ်-မြန်မာချစ်ကြည်ရေးအကြောင်းများကို ရှင်းလင်းပြောပြတာဟာ အင်မတန်မှဝမ်းသာပါသည်။ ဟိုတုန်းက သတင်းစာထဲမှာသာဖတ်ရတာ၊ ယခုဗြန်ဟတ်ဘွေအသင်းကြီး၏ ဗမာ့တပ်မတော်ထောက်ပံ့ရေး ကော်မီတီလူကြီး ဦးစပ်စုကိုယ်တိုင်ရှင်းလင်းပြတာဟာ အင်မတန်မှကျေးဇူးတင်ပါကြောင်းနှင့် လူကြီးများက ကောင်းချီးသြဘာပေးကြပါသည်။
၎င်းထမင်းစားမိတ်ဆက်ဧည့်ခံပွဲသို့ တက်ရောက်လာသည့်လူကြီးလူကောင်းများထဲမှ လူကြီး လူကောင်းတရုပ်အမျိုးသားတစ်ဦးဖြစ်သူ တန်ကျီဝမ်းကဆက်ပြီးကျွန်ုပ်ကိုပြောပြပါတယ်။ ““ကျွန်ုပ်ရဲ့ တူတော်သူ ကိုအောင်ကြီးဆိုသူ တစ်ယောက်ဟာလည်း ယခုဗမာ့တပ်မတော်မှာအမှုထမ်းနေပါတယ်”” လို့ပြောကြားပါတယ်။ ဟိုတုန်းကထမင်းစားပွဲမှာ လူကြီးမင်းတန်ကျီဝမ်းပြောလိုက်သည့် သူ၏တူ တော်သူဆိုတာဟာ ယခုဗိုလ်မှူးချုပ်အောင်ကြီးများဖြစ်လေမည်လားလို့တွေးမိပါသည်။
ကျွန်ုပ်ရဲ့မိတ်ဆွေဟောင်း ဦးဘအုန်းရဲ့သားအကြီး ထွန်းကြွေဦးကိုပေါင်းတည်မှာတွေ့ရှိ ပါသည်။ ထွန်းကြွေဦးဟာကျွန်ုပ်ကိုအင်မတန်မှချစ်ခင်ပါတယ်။ သူကလည်းကျွန်ုပ်ကိုကောင်းကောင်း မွန်မွန်ဧည့်ခံ၍ စကားပြောဆိုပါတယ်၊ ဒီအချိန်တုန်းက ထွန်းကြွေဦးရဲ့အင်မတန်ခင်မင်ရင်းနှီးသည့် မိတ်ဆွေဖြစ်သူ ဦးသီဟန်လည်းပါလာပါသည်။ ကျွန်ုပ်နှင့် ဦးသီဟန်ကိုထွန်းကြွေဦးကမိတ်ဆက်ပေး ပါသည်။ (ယခုလက်ရှိကုန်သွယ်မှုတိုးတက်ရေးဝန်ကြီး) ဦးသီဟန်နှင့်တော့ တူသလိုလိုရှိတယ်၊ ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုတော့ ကျွန်ုပ်ဟာအမှန်သေချာစွာမပြောနိုင်ပါဘူး။
ကျွန်ုပ်လည်းပေါင်းတည်မှာ နှံ့စပ်အောင်လည်ပတ်၍ ၆-ရက်လောက်ကြာသည့်အခါမှာ တစ်မြို့လုံးကိုလည်းရောက်ဖူးပြီးခဲ့ပါပြီ။ ဆရာမ-ဒေါ်ငြိမ်းအေးဟာလည်း အင်မတန်မှပညာရှိတယ်။ ယဉ်ကျေးသိမ်မွေ့တယ်၊ သူ့သမီးကလည်းပညာရှိတယ်၊ ယဉ်လဲယဉ်ကျေးသိမ်မွေ့တယ်၊ သူတို့ သားအမိ ၂-ဦးဟာစကားပြောလည်းကောင်းတယ်။ ချစ်ခင်မှုပေါင်းသင်းဆက်ဆံရေးကလည်း အင်မတန် ကောင်းတဲ့အပြင် ကျွန်ုပ်ကိုအစစအရာရာလိုလေသေးမရှိအောင် ပြုစုဆောင်ရွက်ပေးပါသည့်အတွက် ကျွန်ုပ်စိတ်ထဲမှာ နည်းနည်းကလေးမှ ရန်ကုန်ကိုမပြန်ချင်ပါဘူး။ ဒါပေမယ့် ကျွန်ုပ်ပေါင်းတည်မှာ နေလို့ ၆-ရက်လည်းကြာရော ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကြီး၏ ဥက္ကဋ္ဌကြီးပီကေချောင်းထံမှ စာတစ်စောင်ဟာ ကျွန်ုပ်ထံကိုရောက်ရှိလာတယ်။ ဥက္ကဋ္ဌကြီးပီကေချောင်းပေးလိုက်သည့်စာ အကြောင်းရင်းက ယခုကျွန်ုပ်တို့၏ဥက္ကဋ္ဌကြီးကေဘိုတိုင်ဗိုလ်ချုပ် တိုင်ချိုဦးဗဆွေဟာ ကန်တော်ကလေး မောနင်းလမ်း၊ တိုက်နံပါတ် ၂၈-မှာ မနုနုနှင့်မင်္ဂလာဆောင်လက်ထပ်တော့မယ်။ ဒီကိစ္စကို လာရောက် ၀ိုင်းဝန်းလုပ်ကိုင်ပေးဖို့ရယ်၊ ဒုတိယအကြောင်းကစစ်ဝန်ကြီး၏(P.A) ဗိုလ်မင်းခေါင်ဟာ ကန်တော်ကြီး အိုရီယင့်ကလပ်မှာ မမြသွဲ့နှင့်မင်္ဂလာဆောင်လက်ထပ်တော့မည်၊ ဒီကိစ္စတွေကိုကူညီဖို့အရေးကြီးတယ်။ အမြန်ပြန်လာပါလို့မှာလိုက်သည်။
ကျွန်ုပ်၏ဟော်တယ်ဆိုင်ကလည်း စာတစ်စောင်ရောက်ရှိလာတယ်။ ကျွန်ုပ်၏ဟော်တယ်ဆိုင်မှ ပေးပို့လိုက်သည့်စာထဲမှာပါသည့်အကြောင်းရင်းကတော့ ကျွန်ုပ်အောင်သွယ်လုပ်ပေးခဲ့သည့် ကျွန်ုပ်၏ ဆရာဦးကျင်မှိန်ရဲ့တတိယသား မောင်သောင်းစိန်ကို မမြအိုးနှင့် ၀င်ဒါမီယာ ဒေါက်တာချန်တိတ်အိမ်နှင့် မျက်နှာချင်းဆိုင် အမြတ်တော်ဝန်ဦးသာဒင်အိမ်မှာ မင်္ဂလာဆောင်လက်ထပ်တော့မယ်၊ လက်ထပ်ပေးမည့် သူများကတော့ တိုင်းမင်းကြီးစသုံးလုံးအရာရှိဦးဘကြားနှင့်သူ၏ဇနီး၊ ယစ်မျိုးမင်းကြီးဦးစောအေးနှင့် ၎င်း၏ဇနီး၊ (ယခုလက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်၏အတွင်းဝန် (ICS) ဦးဝင်းဖေ၏ယောက္ခမဖြစ်သူ)၊ မြူနီစီပါယ်မင်းကြီးဦးစိုးညွှန့်တို့ဖြစ်ကြပါတယ်လို့ ပါရှိပါတယ်။
ဒီအချိန်တုန်းက ဦးကျင်မှိန်ဟာ မအူပင် ဘုရားကြီးလမ်းမှာနေပါသည်။ မအူပင်ဘုရားကြီးလမ်း ကိုလည်း လေယာဉ်ပျံကစက်သေနတ်ဖြင့်လာပစ်သည့်အခါ ဦးကျင်မှိန်တို့ဇနီးမောင်နှံဟာ ရန်ကုန်ကို လုံးဝမလာနိုင်တော့ပါ၊ ကျွန်ုပ်နှင့်ဦးသာဒင်ကိုပဲ ဒီမင်္ဂလာဆောင်ထမြောက်အောင်မြင်ဖို့အရေးကို လွှဲထားပါသည်ဆိုတာကတစ်ကြောင်း၊ နောက်တစ်ကြောင်းက ကေဘိုတိုင် ဘွင်တိုင်ချို၊ ဦးဗဆွေ လက်အောက် နံပါတ် ၇၀၇၊ တုံဟင်းကုမ္ပဏီသူဌေး ပီစွဲလျောင်ကိုလည်း ကျွန်ုပ်ဟာအောင်သွယ် လုပ်ပေးခဲ့သူတစ်ဦးဖြစ်ပါသည်။ သူကလည်း ကျွန်ုပ်၏ဆရာလတ္တာလမ်း ဦးကေဘာကြီး၏သမီး မသန်းစိန်နှင့်ရက်အနည်းငယ်အတွင်းမှာလက်ထပ်တော့မည်။ ကျွန်ုပ်ကအောင်သွယ်လုပ်ပေးခဲ့သူတစ်ဦး ဖြစ်နေသဖြင့် မသွားပဲကိုမနေနိုင်ဘူး၊ ရောက်အောင်ကိုသွားရပါတော့မည်ဖြစ်နေပါတော့သည်။
ကျွန်ုပ်ဟာ ဆရာမဒေါ်ငြိမ်းအေး၊ ဆရာမမခင်မူ၊ ဒေါ်ငြိမ်းအေး၏သမီး၊ သူတို့ ၃-ဦးအား ရန်ကုန်မှရောက်လာသည့်စာများကိုပြကာ ဒီစာရဲ့အကြောင်းကို သေသေချာချာတစ်လုံးမကျန်ဖတ်ပြတယ်။ ““ယခုကျွန်တော့်အဖို့ ဒီစာ ၂-စောင်ရောက်ရှိလာ၍ မပြန်လို့မဖြစ်ဘူး၊ ပြန်ရတော့မည်။ ကျွန်ုပ်ရဲ့ စိတ်ထဲမှာ အင်မတန်မှမကောင်းပါဘူး။ ပြန်လည်းမပြန်ချင်ပါဘူး၊ ဒီနေရတာ ဆရာမဒေါ်ငြိမ်းအေး၊ ဒေါ်ငြိမ်းအေး၏သမီးနှင့် ဆရာမမခင်မူတို့ ၃-ဦးဟာ ကျွန်ုပ်အပေါ်လိုလေသေးမရှိရအောင် ပြုစု စောင့်ရှောက်ကြပါသည်။ အင်မတန်မှလည်း တစ်ဦးကိုတစ်ဦးချစ်ခင်ရင်းနှီးပါသည်။ အစက ဒေါ်ငြိမ်းအေးနှင့်ကျွန်ုပ်ဟာ မသိပေမယ့် ဆရာမမခင်မူမိတ်ဆက်ပေးမှုကြောင့် ယခုလို ၆-ရက်အတွင်းမှာ ခင်မင်ရင်းနှီးပြီး မိတ်ဆွေတွေဖြစ်လာကြရတယ်။ ယခုလို ၆-ရက်အတွင်းကွဲကွာရမယ်ဆိုရင် တစ်ဦးနှင့်တစ်ဦးဟာ အစကတည်းကမတွေ့ပဲ မခင်မင်ပဲနေရတာကအများကြီးကောင်းပါသေးသည်။ ယခုတော့ ဆရာမမခင်မူရော၊ ဆရာမဒေါ်ငြိမ်းအေးရော၊ ဒေါ်ငြိမ်းအေး၏သမီးရော သူတို့ ၃-ဦးဟာ အများကြီးစိတ်မကောင်းကြပါ။ ကျွန်ုပ်ဟာလည်း နည်းနည်းကလေးမှစိတ်မကောင်းပါ။ ဒီအတိုင်းသာ ၆-ရက်နှင့်ကွဲကွာရမည်ဆိုလျှင် အစကတည်းကမတွေ့တာကောင်းပါသေးတယ်”လို့ ထပ်ပြောမိပြန်တယ်။
ကျွန်ုပ်နှင့်ဆရာမမခင်မူဟာ နက်ဖြန်ခါကျရင် ပေါင်းတည်နှင့်ရန်ကုန်ကိုသွားသည့်ကားနဲ့ ရန်ကုန်ကိုဆက်ဆက်ပြန်မယ်။ ယခုလိုပြုစုကျွေးမွေးသည့်ဆရာမ ဒေါ်ငြိမ်းအေးကိုလည်း အင်မတန်မှ ကျေးဇူးတင်ပါသည်။

တရုပ်စကားပုံ
တရုပ်မှာစကားပုံတစ်ခုရှိတယ်။ ညကြီးသန်းခေါင်အချိန်မှာ လသာခန်းကိုမထွက်နှင့်၊ တစ်ဦးနှင့်တစ်ဦးဟာ ချစ်ခင်မှုလွယ်ကူသလောက်၊ ခွဲခွာထွက်သွားပြီးပြန်တွေ့ရမှာခက်တယ်။ ပန်းပင်က ပန်းဟာကြွေကျပြီး လေလွင့်သွားလျှင် ပန်းပင်ပေါ်ကို နဂိုရ်အတိုင်းပြန်ရောက်ဖို့ဟာ ခဲယဉ်းသလို နတ်ပြည်နှင့်လူ့ပြည်ဟာလည်း ကွဲခြားနေပါသည်။
ယခု ဆရာမဒေါ်ငြိမ်းအေးနှင့်ကျွန်ုပ်ဟာလည်း နက်ဖြန်ခါပြန်သည့်နေ့ကစပြီးကွဲကွာသွားလျှင် နောက် ဆရာမဒေါ်ငြိမ်းအေးထံကို ရက် ၆၀၊ ၆-လ၊ ၆-နှစ် သို့မဟုတ် အနှစ် ၆၀-ကြာသည့် အခါတောင် ပြန်ရောက်မယ်မရောက်ဘူးဆိုတာကို အမှန်သေချာစွာမပြောနိုင်ပါဘူး။
ဆရာမ-ဒေါ်ငြိမ်းအေးဟာ ကျွန်ုပ်နှင့်ဆရာမမခင်မူကို ကောင်းမွန်စွာချက်ပြုတ်ကျွေးမွေးပြီး၊ နံနက်မိုးလင်းတော့ သူ့သမီးရောသူပါ ကျွန်ုပ်တို့ကို ရန်ကုန်ပေါင်းတည်ကားဆိပ်အထိလိုက်ပို့ကြတယ်။ ကျွန်ုပ်တို့တတွေကားဆိပ်ရောက်လို့မကြာခင်ပဲ မော်တော်ကားဟာ ထွက်တော့မည့်အနေနှင့် ပေါ်-ပေါ်နှင့် ကားဟွန်းသံကိုပေးလိုက်ပါသည်။ ကျွန်ုပ်ဟာဒီအချိန်မှာ အတော်ကိုပဲဝမ်းနည်းသွားမိတယ်။
ဟိုလွန်ခဲ့သည့် ၁၀-နှစ်လောက်တုန်းက ကျွန်ုပ်ဟာ ပိုးထည်ကုန်သည်လုပ်နေစဉ် အထက်မြန်မာပြည်ရွှေမန်းမှရန်ကုန်သို့ပြန်လာသောအခါ ရွှေမန်းအမျိုးသမီးထုဟာ ကျွန်ုပ်ကို မန္တလေးသင်္ဘောဆိပ်ကိုလိုက်ပို့တယ်။ ဒီတုန်းကလည်း သူတို့ဟာအတော်ကိုပဲ စိတ်မကောင်းဝမ်းနည်း ကြပါတယ်။ ကျွန်ုပ်ကလည်း စိတ်မကောင်းလှပါ၊ ဒါပေမယ့်တော်ပါသေးသည်။ မန္တလေးသင်္ဘောကြီးဟာ ဆိပ်ကမ်းမှတဖြည်းဖြည်းထွက်ခွာသွားလို့ တစ်ဦးနှင့်တစ်ဦးဟာ လက်ကိုင်ပ၀ါပြပြီးဝှေ့ယမ်း၍ မျက်စိတဆုံးနှုတ်ဆက်၍ရပါသေးသည်။ ယခုတော့မော်တော်ကားဟာ ၀ီကနဲထွက်တာနှင့်တပြိုင်နက် တစ်ဦးနှင့်တစ်ဦးဟာ ပျောက်ကွယ်သွားပါတော့မည်။ ဒီလိုအဖြစ်မျိုးဟာ လွန်ခဲ့သည့် ၁၀-နှစ်လောက်က အဖြစ်နဲ့ ၁၀-ဆလောက်ဆိုးပြီး၊ ကျွန်ုပ်ရဲ့စိတ်ထဲမှာ ကြေကွဲဝမ်းနည်းစရာကောင်းသည့်ရောဂါကြီးဟာ စွဲကပ်လာခဲ့မိပါသည်။
ဟိုလွန်ခဲ့သည့် ၁၀-နှစ်တုန်းက ပိုးကုန်သည် ရွှေမန်းစပ်စုဖြစ်ပြီး၊ ယခုစပ်စုဟာ ပေါင်းတည် ကျောက်ဖရုံယိုစပ်စုဖြစ်နေခဲ့ရတယ်။
ဒါပေမယ့် ကြေကွဲဝမ်းနည်းစရာကောင်းတာကတော့အတူတူပါပဲ။ ဟို ၁၀-နှစ်အကွာနှင့် ဒီ ၁၀-နှစ်မှာလာပြီးတော့တိုက်ဆိုင်ရသည့် ကြေကွဲဝမ်းနည်းစရာတွေဟာ တူနေပေမယ့် နာမည်နှင့် နေရာကတော့ကွာခြားလာခဲ့ပါပြီ၊ ဟို ၁၀-နှစ်က မန္တလေးမှာပိုးကုန်သည်စပ်စု၊ ဒီ ၁၀-နှစ်မှာကတော့ ပေါင်းတည်က ကျောက်ဖရုံယိုစပ်စုဖြစ်လာခဲ့ရပါတယ်။
ကျွန်ုပ်ဟာ ကျွန်ုပ်၏ချစ်ခင်ပေါင်းသင်းဆက်ဆံမှုတတ်ခြင်းကြောင့် လူချစ်လူခင်များလာ ခဲ့ရတယ်။ ဒါကြောင့်မို့ ကျွန်ုပ်ဟာ စိတ်ဆင်းရဲမှုနှင့်အမြဲလာတွေ့နေရပါတယ်။ ကျွန်ုပ်၏စိတ်ထဲမှာ အောက်မေ့ယူဆမိတယ်။ ကျွန်ုပ်ရဲ့ချစ်ခင်သူများနှင့် ခင်မင်ရင်းနှီးပြီးမှကွဲကွာလာရပြီး စိတ်ဆင်းရဲ စိတ်ညစ်မှုတွေဖြစ်ရတာဟာလည်း ဟိုဘ၀ကပြုလုပ်ခဲ့သည့် အကုသိုလ်ကံကြောင့်ဖြစ်တာပါပဲလို့ တွေးပြီး၊ စိတ်ကိုတင်း၍ ကျွန်ုပ်ဖြေရပါတယ်။
ဒေါ်ငြိမ်းအေးဟာလည်း ကျွန်ုပ်နှင့်ဆရာမမခင်မူကို လက်ဆောင်ပစ္စည်းတွေ တော်တော်စုံလင် အောင်ပေးလိုက်ပါသည်။ ဒီအထဲမှာ အင်မတန်ကောင်းမွန်လှသည့် ငှက်ပျော်သီးကြီးတစ်ခိုင်ကိုလည်း ပေးလိုက်ပါသည်။ ဆရာမမခင်မူဟာလည်း ကားအတွင်းထဲဘက်မှာနေရာရ၍ ကားအတွင်းထဲဘက်မှာပဲ ထိုင်ရပါသည်။ ကားဟာလည်း အင်မတန်မှခရီးသွားများ၍ကြပ်တည်းလှပါသည်။ ဆရာမဒေါ်ငြိမ်းအေး တို့ပေးလိုက်သည့် ၀န်စည်စလယ်လက်ဆောင်ပစ္စည်းတွေကလည်း တော်တော်များသည်။ သူတို့ပေး လိုက်သည့်ငှက်ပျောခိုင်ကြီးဟာ ကားအတွင်းထဲမှာမဆံ့၍ ကားခေါင်မိုးပေါ်ကိုတင်လိုက်ရပါသည်။ ကား၏ခေါင်မိုးပေါ်မှာလည်း လူ ၄၊၅-ယောက်ထိုင်၍ ရန်ကုန်သို့လိုက်ပါလာကြပါသည်။ နေကလည်း အတော်ပူတယ်။ ကောင်းမွန်လှသည့် ဒေါ်ငြိမ်းအေးပေးလိုက်သည့်ငှက်ပျောခိုင်ကြီးကို တစ်လုံးပြီးတစ်လုံး ဖဲ့စားလာကြတာကို ကျွန်ုပ်ဟာမသိခဲ့ပါ။
ဟိုတုန်းကပေါင်းတည်ကားဆိပ်ဟာ မြေနီကုန်းဂတ်တဲနားမှာထားပါသည်။ မြေနီကုန်း ပေါင်းတည်ကားဆိပ်ကိုရောက်လို့ ကျွန်ုပ်တို့ဟာ ၀န်စည်စလယ်ပစ္စည်းများကိုချပြီး ကားခေါင်မိုးပေါ်ကို တက်၍ငှက်ပျောခိုင်ကိုယူသောအခါ ငှက်ပျော်ခိုင်ကြီးဟာ ၃-ပုံ ၁-ပုံလောက်သာကျန်ပါတော့သည်။ ထိုင်နေကြသည့်လူ ၄-၅ဦးဟာလည်း ကျွန်ုပ်၏ငှက်ပျောသီးကို သူတို့ယူ၍စားထားတော့ အင်မတန်မှ အားနာသည့်မျက်နှာနှင့် ကျွန်ုပ်ကိုကြည့်နေကြပါတယ်။ ကျွန်ုပ်ကလည်းစဉ်းစားမိတယ်။ ဒီငှက်ပျောသီးဟာအိမ်ကိုယူသွားရင် ၄-၅-၁၀ ရက်စားရမယ်။ ဒါပေမယ့် ငှက်ပျောခိုင်ကိုကြည့်ပြီး ဆရာမဒေါ်ငြိမ်းအေးကို လွမ်းဆွတ်အောက်မေ့ရသည့်စိတ်တွေဟာ ပိုမိုပြင်းထန်လာမယ်။ ဒီငှက်ပျောခိုင် မရှိလျှင်သူ့ကိုလွမ်းသည့်စိတ်တွေဟာ သက်သာသွားမယ်ဆိုပြီး အနားမှာထိုင်နေသည့် လူ ၄-၅ ယောက်ကို ဆက်ပြီးပြောလိုက်တယ်။ ““အားမနာကြပါနှင့်၊ မ၀သေးလျှင်ထပ်ယူစားပါဦး””လို့ပြော လိုက်တော့ လူ ၄-၅ယောက်ဟာ ငှက်ပျောသီးကို တစ်လုံးစီယူ၍စားကြပြန်တယ်။ ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသည့် ဘတ်(စ်)ကားဟာ တိုက်ကြီးမြို့ကိုရောက်သည့်အခါ ဂျပန်ကျန်းမာရေး ၀န်ကြီးဌာနက တိုက်ကြီးကားဆိပ်မှာထားပါသည်။ ကားပေါ်မှစီးနင်းလိုက်ပါလာသည့် ခရီးသည် အားလုံးကိုဆေးထိုးပေးပါတယ်။ ကျွန်ုပ်လည်းဆေးထိုးရပါသည်။ ဆရာမမခင်မူလည်း ဆေးထိုး ခဲ့ရပါတယ်။ ကျွန်ုပ်ရန်ကုန်ကိုပြန်ရောက်သည့်အခါမှာ ဆေးထိုးလို့ပဲလားမသိ၊ ပေါင်းတည်က ဆရာမဒေါ်ငြိမ်းအေးတို့သားအမိ ၂-ယောက်ကိုပဲလွမ်းလို့လားမသိ ကျွန်ုပ်ဟာ ၄-၅ရက်လောက် ဖျားသွားပါသည်။
၁၉၄၅-ခုနှစ်၊ ဒီဇင်ဘာလလောက်မှာ ဆရာမမခင်မူက ကျွန်ုပ်ကိုပြောတယ်။ ““ကျွန်မတို့နှင့် အိမ် ၃-၄အိမ်အကွာမှာနေသည့် မောင်မျိုးစင်ဆိုသည့်ရွယ်တူတန်းတူယောက်ျားကလေးတစ်ဦးနှင့် မေတ္တာရှိနေပါသည်။ သူဟာ သဘောလည်းကောင်းပါသည်။ ဦးစပ်စုဟာ ဒီမောင်မျိုးစင်ကို စုံစမ်း အကဲခတ်ပေးပါ””လို့ ကျွန်ုပ်ကိုပြောတယ်။
ကျွန်ုပ်ကို မခင်မူဟာ မောင်မျိုးစင်နှင့် မိတ်ဆက်ပေးလို့သိကျွမ်းပြီး စုံစမ်းသည့်အခါမှာ ဒီမောင်မျိုးစင်ဟာ လူကလည်းယဉ်ကျေးသိမ်မွေ့တယ်၊ ပညာကလည်းတတ်တယ်၊ ရွယ်တူတန်းတူ လည်းဖြစ်တယ်။ ဒါကြောင့်မို့ မခင်မူနှင့်မောင်မျိုးစင်ဟာ ပေးစားဖို့သင့်ပါတယ်လို့ ကျွန်ုပ်ဟာ မခင်မူရဲ့အဖေကိုရော၊ အဒေါ်ကိုရောတိုက်တွန်းတယ်။ သူတို့အားလုံးကလည်း ကျွန်ုပ်ပြောဆိုတာကို သဘောတူပြီး ရက်ကောင်းလကောင်းရွေးပြီးတော့ဖိတ်စာရိုက်ပြီး၊ ကျုံးကြီးလမ်းနှင့် ၁၇-လမ်းထောင့် ခရစ်ယာန်ဘာသာကျောင်းမှာ မင်္ဂလာဆောင်၍လက်ထပ်ပေးစားလိုက်ပါသည်။
ဟိုအချိန်အခါတုန်းက မော်တော်ကားအသစ်လှလှပပကလည်းအင်မတန်မှရှားပါတယ်။ ကျွန်ုပ်ဟာ ဒီတုန်းကသတို့သားသတို့သမီးစီးဖို့ တရုပ်သူဌေးတစ်ဦးထံမှ ချက်ပလက်ကား အသစ်တစ်စီးကိုငှားလာပြီး သူတို့ကိုပေးလိုက်ပါတယ်။ သူတို့လက်ထပ်သည့်နေ့တွင်လည်းကျွန်ုပ်ဟာ ၀ိုင်းဝန်းပြီးတော့အကူအညီပေးခဲ့တယ်။ မခင်မူကို ကျွန်ုပ်က ဘာများအကူအညီလိုပါသေးသလဲလို့ ထပ်မေးကြည့်တယ်။ သူပြောသမျှအတိုင်းလိုအပ်သောအကူအညီများကို ကျွန်ုပ်ဟာ ကူညီဆောင်ရွက်ပေးတယ်။ သူတို့မင်္ဂလာဆောင်၍ဧည့်ခံကျွေးမွေးပြီးတော့ သူတို့ ၂-ဦးဟာ
ဓါတ်ပုံသွားရိုက်တယ်။ အပြန်မှာကျွန်ုပ်ထံဝင်လာတယ်။ ၀ီစကီ ၂-လုံးပေးပါလို့တောင်းတယ်။ ကျွန်ုပ်ကလည်းအလွယ်တကူနှင့်ပဲပေးလိုက်ပါသည်။
ကျွန်ုပ်နှင့်ခင်မင်ရင်းနှီးချစ်ခင်မှုရှိလှသည့် ဆရာမမခင်မူရဲ့ဇာတ်လမ်းတွေကို ကျွန်ုပ်ဟာ ဤနေရာတွင်ပဲအဆုံးသတ်ရပ်နားပါရစေတော့။ မခင်မူဟာလည်းအားကိုးရမည့်လူရှိနေပါပြီ။ ကျွန်ုပ်၏စိတ်ထဲမှာလည်း မခင်မူအတွက်ကို စိတ်ချ၍သွားပါပြီ။ ဤကဲ့သို့အလားတူ ၀ဏ္ဏကျော်ထင် ဒေါ်မေမေခင်တို့သားအမိ ၂-ယောက်ဟာ ဟိုတုန်းကအားကိုးရမည့်သူမရှိခဲ့ပါဘူး။ ယခုတော့ ဟိုက်ကုတ်တရားလွှတ်တော်ချုပ်အတွင်းဝန်ဦးမောင်မောင်နှင့်လက်ထပ်ပြီးပါ၍ ဒေါ်မေမေခင်တို့ သားအမိနှစ်ယောက်အတွက်ကိုလည်း ကျွန်ုပ်နှင့်ဦးတင်ကြီးဟာ စိတ်ချလက်ချရှိသွားပါပြီ။
ကျွန်ုပ်ဟာဘုရားမှာအမြဲတမ်း ဆု ၂-ဆုကိုလည်းတောင်းမိပါတယ်။ တောင်းမိသည့် ဆုတစ်စုက သူတို့ ၂-စုံတွဲဟာ တစ်သက်လုံးချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနှင့် ပျော်ရွှင်ကျန်းမာစွာ နေထိုင်ကြပြီး စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပြည့်ဝ၍ အသက်ရာကျော်အထိနေသွားနိုင်ပါစေဆိုတာကို ဘုရားမှာဆုတောင်းမိတာကတော့ ဒီဘ၀မှာ သံသရာလည်ပြီး ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီးနှင့် လာပြီးတွေ့ဆုံကြရသည့် ဆရာမမခင်မူတို့စုံတွဲ၊ ၀ဏ္ဏကျော်ထင် ဒေါ်မေမေခင်တို့စုံတွဲ၊ ဆရာဖြစ် သင်တန်းကျောင်းမှ ဆရာကြီးများနှင့်ဆရာမ ၁၁-ဦးနှင့် ဦးတင်ကြီးတို့အပြင် ပေါင်းတည်က ဒေါ်ငြိမ်းအေးတို့သားအမိ ၂-ယောက်နှင့် ခင်မင်ရင်းနှီးတဲ့သူအားလုံးတို့ကို ဒီဘ၀မှာချစ်ချစ်ခင်ခင်နှင့် ရေစက်ဆုံပြီး လာတွေ့ခဲ့ရသလို နောင်ဘ၀ဆက်တိုင်းမှာလည်း ဒီဘ၀မှာတွေ့ရှိခဲ့ရသူမှန်သမျှနှင့် အမြဲတမ်းတွေ့ကြုံဆုံဆည်းရပါစေဆိုတာကို ကျွန်ုပ်ဟာအမြဲတမ်းဆုတောင်းမိပါတယ်။
၎င်းပြင် ကျွန်ုပ်ဘုရားမှာ အထူးဆုတစ်ဆုကိုတောင်းမိတာကတော့ နောင်ဘ၀မှာ ကျွန်ုပ်သည် အမျိုးသမီးတလှည့်ဖြစ်ပါရစေလို့ ဆုတောင်းမိတယ်။ ကျွန်ုပ်ဟာ ဤကဲ့သို့ဘာဖြစ်လို့ ဆုတောင်းမိသလဲဆိုတော့ ဒီဘ၀မှာကျွန်ုပ်ဟာ ယောက်ျားဖြစ်လာခဲ့ရပါတယ်။ ယောက်ျားဖြစ်လာခဲ့လို့ ဒီဘ၀မှာ ပေါင်းသင်းဆက်ဆံချစ်ခင်ရင်းနှီးမှုရှိသည့်အမျိုးသမီး ၁၄-၅ဦးဟာ ကျွန်ုပ်ကို အောက်မေ့လွမ်း ဆွတ်သတိရတာဟာ ကျွန်ုပ်တစ်ဦးတည်းကိုပဲဝိုင်းဝန်းပြီးတော့သတိရကြရပါသည်။ ကျွန်ုပ်ကတော့ ကျွန်ုပ်တစ်ဦးတည်းနှင့် အမျိုးသမီး ၁၄-၅ဦးကိုပြန်ပြီးအောက်မေ့သတိရရတယ်။ သို့အတွက် ဘယ်သူကပိုပြီးဆိုးသလဲဆိုတာကိုစဉ်းစားကြည့်ပါ။ ကျွန်ုပ်တစ်ဦးတည်းက အများကိုပြန်ပြီး အောက်မေ့သတိရတာကပဲပိုဆိုးမယ်မဟုတ်လား။ ထို့ကြောင့်ကျွန်ုပ်ဟာ နောင်ဘ၀မှာ မိန်းကလေးတစ်လှည့်ဖြစ်ပါရစေလို့ ဘုရားမှာ အထူးဆုတောင်းမိပါတယ်။
ကျွန်ုပ်၏ထမင်းစားပွဲဖြစ်စေ၊ အလုပ်ကိစ္စတစ်ခုခုနှင့်ဖြစ်စေ ဖိတ်ကြားကျွေးမွေးဧည့်ခံသည့်အခါ ဦးမောင်မောင်နှင့် ၀ဏ္ဏကျော်ထင်ဒေါ်မေမေခင်၊ မောင်မျိုးစင်နှင့်မခင်မူ သူတို့ ၂-စုံတွဲဟာမလာပဲ မနေနိုင်ပါဘူး။ ဘယ်အခါမဆိုအမြဲတမ်းလာပါတယ်။ ယနေ့တိုင်မမေ့နိုင်ပါသေးပဲ ယခုစာရေးနေသည့် အချိန်ထိ နေ့တိုင်းနေ့တိုင်းချစ်ခင်မှုဟာ မလျော့ရှိသည့်အပြင် ဟိုတုန်းကထက်တောင် တစ်နေ့တခြား များပြားလာပါသေးတယ်။ အမြဲတမ်းလည်း အောက်မေ့လွမ်းဆွတ်သတိရနေမိပါသေးသည်။
ဦးမောင်မောင်နှင့်ဒေါ်မေမေခင်ဟာ ဟိုက်ကုတ်တရားလွှတ်တော်ချုပ်မှထွက်လိုက်ပြီး ယခုပင်စင်စား၍ ဗဟန်း ၀င်္ကဘာလမ်းသူတို့၏နေအိမ်အဆောက်အဦမှာ အေးအေးဆေးဆေးနေထိုင် ကြပါသည်။ ဆရာမမခင်မူကတော့ လွန်ခဲ့သည့် ၄-နှစ်လောက်က အမေရိကန်ကို ပညာတော်သင် သွားပါသည်။ အမေရိကန်မှပြန်ရောက်လာသောအခါ ဗားကရာ (A.B.M) ကျောင်းမှာ ဆရာမလုပ်နေပါသည်။ ၁၉၅၈ခုနှစ် သြဂုတ်လမှာ မောင်မျိုးဇင်လုပ်ကိုင်သည့် အကောက်တော် ဌာနကလည်း သူ့ကိုအမေရိကန်သို့ ပညာတော်သင်လွှတ်လိုက်ပါသည်။ သူတို့ ၂-ဦးဟာ ပညာပြည့်ပြည့်စုံစုံနှင့် ပြည်ထောင်စုနိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်နေကြပါပြီ။ ကျွန်ုပ်ကလည်း ဒေါ်မေမေခင်နှင့်မခင်မူ သူတို့ ၂-စုံတွဲကို စိတ်ချလက်ချကူညီဆောင်ရွက်ပြီး၍ ကျွန်ုပ်ဟာ သေပျော်ပါပြီ။
ကျွန်ုပ်သည်ပေါင်းတည်မှရန်ကုန်သို့ပြန်ရောက်လာသည့်အခါ ၁၉၄၄-ခုနှစ်အတွင်းမှာ ကေဘိုတိုင်ဗိုလ်ချုပ်ဦးဗဆွေနှင့်ဒေါ်နုနုတို့မင်္ဂလာဆောင်ပွဲ၊ ဗိုလ်မင်းခေါင်နှင့် မမြသွဲ့တို့မင်္ဂလာဆောင် ပွဲအပြင် ပီစွိလျောင်နှင့်မသန်းစိန်တို့မင်္ဂလာဆောင်ပွဲနှင့် မောင်သောင်းစိန်နှင့်မမြအိုးတို့ မင်္ဂလာဆောင်ပွဲ ဒီ ၄-ဦးမင်္ဂလာဆောင်ပွဲကို ၀ိုင်းဝန်းကူညီလုပ်ကိုင်ဆောင်ရွက်ပြီးသောအခါ ကျွန်ုပ်တို့တရုပ်အမျိုးသား နှစ်သစ်ကူးနှင့်တွေ့ကြုံဆုံဆည်းရပါသည်။

No comments:

Post a Comment