Saturday, September 11, 2010

““ကျွန်ုပ်သိသော ဦးသန့်””

““ကျွန်ုပ်သိသော ဦးသန့်””

          ကျွန်ုပ်နှင့်ဦးသန့် ခင်မင်သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်း ၃၀-ပင် ကျော်ခဲ့လေပြီ။ ဦးသန့်ကို သိစက ပန်းတနော် ကျောင်းဆရာဘ၀ဖြစ်လေသည်။ ဦးသန့်နှင့် ကျွန်ုပ်ကို မိတ်ဆက်၍ပေးသူမှာ မြို့အုပ် ပေါင်းတည်ဦးဘအုံးဖြစ်လေသည်။ ဤသမယကစ၍ တစ်ဦးနှင့်တစ်ဦး စတင်ပြီးခင်မင် လာခဲ့ကြလေ၏။
          သည့်နောက်ပိုင်းတွင်မူ တစ်ယောက်နှင့်တစ်ယောက် အနေဝေးနေမှုကြောင့် ဦးသန့်နှင့် ပတ်သက်သော ထူးဆန်းသည့်ကိစ္စကြီးငယ်များ မပေါ်ပေါက်ခဲ့ပေ။
          ကျွန်ုပ်သည် မိတ်ဆွေအများ၏ တိုက်တွန်းနှိုးဆော်ချက်ကြောင့် ၁၉၄၉-နှစ်တွင် မြန်မာ တိုင်းရင်းသားလျှောက်သည်။ ၁၉၅၀-ပြည့်နှစ်တွင် မြန်မာတိုင်းရင်းသား လက်မှတ်ကို ရရှိလေသည်။ ဤတိုင်းရင်းသားလက်မှတ်ကို ရလျှင်ရချင်း ပထမဦးစွာ ကျွန်ုပ်သည် ဦးသန့်နှင့်သွား၍ တိုင်ပင်လေသည်။
         
တိုင်ပင်သောကိစ္စမှာ ““ခု ကျွန်တော်တိုင်းရင်းသားဖြစ်ပါပြီ။ ခုလို ဗမာတိုင်းရင်းသား ဖြစ်ကြောင်း တိုင်းပြည်ကသိအောင် ဘယ်လိုလုပ်ရမလဲ””ဟူ၍ ဦးသန့်ထံသွား၍ အကြံတောင်းပါ၏။
          ထိုအခါ ဦးသန့်မှာ ပြန်ကြားရေးဋ္ဌာန အတွင်းဝန်ဖြစ်လေသည်။ ဦးသန့်မှတဆင့် ပြန်ကြားရေးဝန်ကြီး ဦးထွန်းဖေ (ယခုထွန်းနေ့စဉ်)၊ မြန်မာပြည် သတင်းစာဆရာအသင်း ဥက္ကဋ္ဌဦးဘသန်း တို့နှင့်အတူ ကျွန်ုပ်အတွက်စီစဉ်ပေးလေ၏။

          ၁၉၅၀-ပြည့်နှစ်တွင် မြန်မာပြည်သတင်းစာဆရာအသင်း၊ ပန်းဆိုးတန်း၊ ၂၂-၂၄၊ ပထမထပ်တွင် ကျွန်ုပ်သည် သတင်းထောက်များ၊ သတင်းစာဆရာကြီးများအား ဧည့်ခံပွဲပြုလုပ်ပေးလေသည်။ ထိုဧည့်ခံပွဲ၌ သတင်းထောက်နှင့် သတင်းစာဆရာကြီးများက ကျွန်ုပ်အား ရင်းရင်းနှီးနှီး မေးခွန်းအမျိုးမျိုး မေးကြလေသည်။ ကျွန်ုပ်ကလည်း တတ်သိသမျှကို ဖြေဆိုပါသည်။
          ဤနေ့ည ဗမာ့အသံ ရေဒီယိုမှ ည ၇-နာရီ မိနစ် ၅၀တွင် ကျွန်ုပ်တိုင်းရင်းသား ဖြစ်ကြောင်းကို ကျေညာသည်ကို ကြားရသည်။ ကျွန်ုပ်မှတ်သားမိသမျှ သို့ကလို နိုင်ငံခြားသားများထဲမှ ဗမာတိုင်းရင်းသားအဖြစ်ခံယူသူများတွင်  ကျွန်ုပ်တစ်ဦးတစ်ယောက်တည်းသာ ယင်းသို့သောအခွင့်အရေးမျိုးကို ရရှိသည်ဟု ထင်ပါသည်။
          နောက်တစ်နေ့ထုတ် သတင်းစာကြီးများတွင် ကျွန်ုပ်၏ဓါတ်ပုံနှင့် ဗမာပြည်တွင်နေထိုင်လာမှု၊ လုပ်ဆောင်ချက်များ၊ ကိုယ်ရေးရာဇ၀င်အကျဉ်းချုပ်ကို ရေးသားဖေါ်ပြ၍ ဗမာတိုင်းရင်းသားတစ်ဦး ဖြစ်ပြီးကြောင်းကို ရေးသားဖေါ်ပြကြလေသည်။ ပြီးနောက်တဖန် ဗမာ့အသံရေဒီယိုမှ ကျေညာချက်ကြောင့်လည်း မိတ်ဆွေအပေါင်းအသင်း အတော်များများပင် သိလာကြပါသည်။
          ယင်းကြောင့်လည်း ဗမာအမျိုးသား အမျိုးသမီးမိတ်ဆွေများသည် ကျွန်ုပ်နေအိမ်သို့လာပြီး လက်ဆွဲနှုတ်ဆက်ကြလေသည်။ ပြီးလျှင် ““သာဓု.. သာဓု.. သာဓု””ဟူ၍ သုံးကြိမ်ခေါ်ကြသည်။ ကျွန်ုပ်အားခင်မင်ကြသော ဗမာအမျိုးသား အပေါင်းအသင်းအချို့က ““ဦးစပ်စု ပြည်ကြီးမပြန်ရတော့ဘူး။ ကိုယ်တို့ ဗမာတွေနဲ့ ညီအစ်ကိုဖြစ်ကုန်ပြီ””ဟူ၍ ပြောကြ စကြလေသည်။
          ဤအချိန်အခါကျလေမှ ““သြော်.. ငါ့ကိုချစ်ခင်တဲ့ ဗမာအမျိုးသား တော်တော်များပါလား””ဟု စိတ်ထဲကသိထားလိုက်ပါသည်။ ယင်းသို့ဖြစ်ပျက်လာရသော အခြေအနေအလုံးစုံကို သတ္တုချ၍ ကြည့်လိုက်လေသော် ဦးသန့်၏ကျေးဇူးဆိုလျှင် မမှားပါပေ။ ဦးသန့်၏ကျေးဇူးသည် အလွန်ချမ်းအေး နေချိန်၌ ရေခဲရေသောက်လျှင် အစဉ်အမှတ်ရနေဘိအလား၊ ကျွန်ုပ်သည် ဦးသန့်၏ကျေးဇူးကို ထာဝစဉ် မှတ်မိ၍နေပေသည်။
          ယင်းသို့ အကြောင်းပေါ်ပေါက်ပြီးနောက် ဦးသန့်နှင့်ကျွန်ုပ်သည် ပို၍ရင်းနှီးသွားလေသည်။ ၁၉၅၁-ခုနှစ်မှစ၍ ကျွန်ုပ်သည် ဦးသန့်ကို အနီးကပ်ပေါင်းသင်းပြီး သူ့ကိုလေ့လာကြည့်လေသည်။ ဦးသန့်သည် မာနမကြီးတတ်။ အစဉ်အမြဲဖေါ်ရွေသည်။ သူသည် ဖြတ်ထိုးဉာဏ် သူမတူအောင် ကောင်းသူတစ်ဦးဖြစ်သည်။ ဦးသန့်၏ ရုပ်ပိုင်းလက္ခဏာကို ကြည့်ခြင်းအားဖြင့် သူ၏ပညာသည် ပြည်တွင်းအတွက်သာမဟုတ်၊ ပြည်ပအတွက်ပါထမ်းဆောင်နိုင်ကြောင်းကို ကျွန်ုပ် ကြိုတင်၍ တွေ့မြင် ထားလေသည်။
          မှတ်မှတ်ရရ ၁၉၅၂-ခုနှစ်၊ အောက်တိုဘာလ ၂-ရက်နေ့ ည ၇-နာရီအချိန်တွင် ဦးသန့် ခေါင်းဆောင်၍ ကယားပြည်နယ်ဝန်ကြီး စ၀်ဝဏ္ဏ၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ ဂျပန်သံအမတ်ကြီး ဦးထွန်းရှိန် တို့သည်ကမ္ဘာ့ကုလသမဂ္ဂသို့ မသွားမီ၊ ကျွန်ုပ်သည် မိတ်ဆွေအပေါင်းအသင်း ၁၀၀ကျော်ဖိတ်ကြား၍ ဂုဏ်ပြုပွဲတစ်ခု ကျင်းပခဲ့လေသည်။ ကြွရောက်လာကြသော မိတ်ဆွေ ၁၀၀ကျော်က ထိုင်ရာမှ မတ်တတ်ရပ်ပြီး ဦးသန့်နှင့်သွားရောက်မည့်အဖွဲ့အတွက်  ဆုတောင်းမေတ္တာ ပို့သကြပါသည်။ ဤသို့သော မိတ်ဆွေ များကို တစ်စုတဝေးတည်း တွေ့မြင်ရ၍ ကျွန်ုပ်မှာ လွန်စွာမှဝမ်းသာလေသည်။ ဧည့်ခံပွဲပြုလုပ်သော နေရာကား အမှတ် ၇၄၆ မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်လမ်းထောင့် ကျွန်ုပ်နေအိမ် ပထမ ထပ်တွင်ဖြစ်လေသည်။
          ထို့နောက်ပိုင်းတွင်ကား ဦးသန့်သည် ဗမာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဖြစ်လာပါတော့သည်။ ထိုမျှနှင့်မပြီးသေး။ ၁၉၆၁ ခုနှစ်ပိုင်းအစတွင် ဦးသန့်သည် ကွန်ဂိုကိစ္စ စေ့စပ်ရေးကော်မတီဝင်တစ်ဦး ဖြစ်လာလေသည်။
          ၁၉၆၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် နေ့လယ်တစ်နာရီအချိန်၌ ဦးသန့်သည် ဗမာပြည်သို့ ခေတ္တပြန်လာလေသည်။ ကျွန်ုပ်တို့အိမ်ထောင်စုသည် လေယာဉ်ကွင်းသို့သွားပြီး ဦးသန့်ကို ကြိုဆိုကြလေသည်။ လူချစ်လူခင်များသောဦးသန့်ကို လာရောက်ကြိုဆိုကြသူ ဆွေမျိုးမိတ်သင်္ဂဟ များလည်း လွန်စွာမှ များပြားလှပါသည်။
          ဦးသန့်သည် လေယာဉ်ပျံပေါ်မှ ဆင်းလာ၏။ ပြီးလျှင် မိတ်ဆွေများကို စကားပြောချိန်မရ။ တစ်ဦးချင်းလိုက်၍ လက်ဆွဲနှုတ်ဆက်လေသည်။ ဦးသန့်၏ညီ ကိုခန့်၊ ကိုသောင်း၊ ကိုတင်မောင် တို့လည်း ကျွန်ုပ်ကဲ့သို့ပင် စကားပြောချိန် မရခဲ့ရှာပေ။
          ဦးသန့်ကိုကြိုဆိုပြီး အိမ်သို့ပြန်လာကြသည်။ ခုတစ်ကြိမ် ဦးသန့်ကိုမြင်ခဲ့ရသောအခါ မျက်နှာမှာ အလွန်ကြည်လင်ပြီး ထူးခြားစွာ တောက်ပနေချိန်ဖြစ်သည်ကို ကျွန်ုပ် သတိထား၍ သိလိုက်လေ၏။ ကျွန်ုပ် လေ့လာဆည်းပူးထားသော  တရုပ် အင်္ဂ၀ိဇ္ဇာ ရုပ်လက္ခဏာပညာအရ ဆိုရပါမူ၊ ဦးသန့်သည် ကမ္ဘာပေါ်၌ အလွန်ကြီးကျယ်သော ရာထူးကြီးကို လက်ခံရန်အကြောင်းရှိသည်ကို အတိတ်ပြ၍ နေပေသည်။
          ထို့ကြောင့်ပင် ကျွန်ုပ်သည် ဇနီးနှင့်ခယ်မကို ဦးသန့်အား ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပရန် တိုင်ပင်လေသည်။ ဤ၍ဤမျှ လူကြီးလူကောင်းများကြားဝယ် ချာချာလည်နေရှာသော ဦးသန့်က အရေးမထားမှာလည်း တွေး၍ ပူပန်မိသေးသည်။
          ပြီးနောက် တဖန် ကျွန်ုပ်၏ဂုဏ်ပြုဧည့်ခံပွဲကိုလည်း .. ““မအားလို့မလာနိုင်တာ ၀မ်းနည်းပါတယ်”” ဟူ၍ ၀တ်ကျေတမ်းကျေ ပြောလိုက်မှာကိုလည်း များစွာမှ စိုးရိမ်မိပါသည်။ ဤအတွက်ကြောင့် ကျွန်ုပ်သည် ဇနီးနှင့်တိုင်ပင်၍ စာတစ်စောင်ရေးပါသည်။ ပြီးလျှင် ဤစာကို ကျွန်ုပ်တို့ ဇနီးမောင်နှံကိုယ်တိုင် ဦးသန့်ထံသို့ သွားပေးပါသည်။
          ကျွန်ုပ် ဦးသန့်ထံသို့ပေးသော စာသည်ကား ...
သို့
          ဦးသန့်
                   ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်
                                                ခေတ္တ- ရန်ကုန်မြို့။
          ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်
ခင်ဗျား......
          ၁၉၅၂ ခုနှစ် အောက်တိုဘာလ ၂ရက်နေ့ ည ၇နာရီအချိန်တွင် ဦးသန့်ခေါင်းဆောင်၍ အခုလက်ရှိ ကယားဝန်ကြီး စ၀်ဝဏ္ဏ၊ မိုးနဲစော်ဘွားကြီး စ၀်ပြည့်၊ ဂျပန်သံအမတ်ကြီး ဦးထွန်းရှိန် တို့အား ကမ္ဘာ့ကုလသမဂ္ဂသို့ မသွားရောက်မီ ၊ တိုင်းပြည်အကျိုး ချောမောစွာဆောင်ရွက်နိုင်ပါစေရန် အထူးဧည့်ခံပွဲတစ်ခုပြုလုပ်ခဲ့ရာ ဧည့်သည်တော်ပေါင်း ၁၀၀-ကျော်မျှ တက်ရောက်ခဲ့ပြီး၊ ကြွရောက်သော ဧည့်သည်တော်များကလည်း မတ်တတ်ရပ်၍ ဆုမွန်ကောင်းများ တောင်းကြပါသည်။
          ယခုအချိန်တွင် ဦးသန့် ဗမာပြည်သို့ ခေတ္တပြန်လည်ရောက်ရှိလာကြောင်း သိရပါသည်။ ယခင် ၁၉၅၂-ခုနှစ်၊ ဧည့်ခံပွဲတက်ရောက်ခဲ့ဖူးသော မိတ်ဟောင်းဆွေဟောင်းများက တိုက်တွန်း၍ ဦးသန့် ကုလသမဂ္ဂသို့ မပြန်မီ ဧည့်ခံပွဲတစ်ခု ထပ်မံဂုဏ်ပြုလိုပါသည်။
          သို့ဖြစ်ပါ၍ ဦးသန့်၏ ကိစ္စအ၀၀များ ပြီးစီးအောင် ဆောင်ရွက်ပြီးပါလျှင် ကျွန်တော့်အား မေတ္တာရှေ့ထားပြီး ၁-ရက်တာမျှ အချိန်ပေးပြီး ဦးသန့်အားဂုဏ်ပြုပါရစေခင်ဗျား။
          ဧည့်ခံမည့်နေရာမှာ ကျွန်တော်၏နေရာဟောင်းဖြစ်သော အမှတ် ၇၄၆- မဟာဗန္ဒုလလမ်းနှင့် လမ်းမတော်ထိပ်တွင် ဖြစ်ပါသည်။ နေ့ရက်နှင့်အချိန်မှာ ဦးသန့်ကျေးဇူးပြု၍ သင့်လျော်မည့် အချိန်အခါ ရွေးချယ်ပြီး စာပြန်ကြားပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။

လူကြီးမင်း၏ပြန်စာကို မျှော်လင့်လျက်
ဦးစပ်စု
(၁၂-၂-၁၉၆၁)

          သည်စာလွှာကို ဦးသန့်အား ကျွန်ုပ်တို့ဇနီးမောင်နှံက သွား၍ပေးစဉ် ဦးသန့်သည် စာလွှာကို နှစ်ခေါက်တိတိဖတ်သည်။ ထို့နောက် သေသေချာချာစဉ်းစားပြီးလျှင် ...
          ““ဗမာပြည်က နယူးယောက်ကိုလာတဲ့လူတွေကို ကျွန်တော်က ပြုစုလိုက်လို့ သူတို့ကလည်း ကျွန်တော့်အတွက် ထမင်းစားပွဲပြုလုပ်ပြီး ဖိတ်ကြားထားပါတယ်။ အခု ဦးစပ်စုကလည်း မိတ်ဆွေ ဟောင်းကြီးတစ်ဦးဖြစ်ပြီး .. လွန်ခဲ့တဲ့ ၉-နှစ် ၁၉၅၂ခုနှစ် ကလည်း ကျွန်တော်တို့ဟာ ဦးစပ်စုရဲ့ ဂုဏ်ပြုပွဲတက်ရောက်ခဲ့ပါတယ်။ ဒီတုန်းက မိတ်ဆွေတစ်ရာကျော်လောက် ရှိပါတယ်။ အဲဒီ ဦးစပ်စုရဲ့ မိတ်ဆွေတစ်ရာကျော်ကလည်း ကျွန်တော့်မိတ်ဆွေတွေပဲမဟုတ်လား။ သူတို့ရဲ့မျက်နှာကို ထောက်ထားပြီး ကျွန်တော်ဟာ ဖေဖေါ်ဝါရီလ ၂၀-ရက် ည ၇-နာရီကို လာခဲ့ပါမယ်”” ဟူ၍ လက်ခံလိုက်သဖြင့် ကျွန်ုပ်တို့ ဇနီးမောင်နှံသည် လွန်စွာမှ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမိသည်။
          ကျွန်ုပ်တို့ဇနီးမောင်နှံသည် အိမ်ပြန်ရောက်သောအခါ ဦးသန့်ဂုဏ်ပြုပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းရတော့သည်။
          ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ ည ၇နာရီတွင် ဦးသန့်အားဂုဏ်ပြုဧည့်ခံပွဲကို ကျွန်ုပ်၏နေထိုင်ရာ အမှတ် ၇၄၆ မဟာဗန္ဒုလလမ်းနှင့် လမ်းမတော်ထိပ် နေအိမ်တွင် ကျင်းပလေသည်။
          ၁၉၅၂ခုနှစ်၊ ဦးသန့်ကို ဂုဏ်ပြုပွဲ ပြုလုပ်စဉ်က ကျွန်ုပ်နေအိမ် ပထမထပ်၌ဖြစ်သည်။ ခုတစ်ကြိမ်တွင်လည်း မိတ်ဆွေဟောင်းများ တော်တော်လာကြပါသည်။ ၁၉၅၂ခုနှစ်က ပြုလုပ်သော ဦးသန့်ဂုဏ်ပြုပွဲသို့ တက်ရောက်သောမိတ်ဆွေများ ၆၀ရာခိုင်နှုန်းကိုလည်း တွေ့မြင်ရလေသည်။ မိတ်ဆွေများသည် ပထမထပ်ရှိ ခုံများပေါ်ဝယ် ဣနြေ္ဒ  ရရထိုင်နေကြ၏။ ကျွန်ုပ်နှင့်လွန်စွာရင်းနှီးသော မိတ်ဆွေအချို့က ““ဦးစပ်စု.. အခုအချိန်အထိ ဘာမှလည်းမရှိသေးပါလား””ဟူ၍ မေးကြပါ၏။ ထိုအခါ ကျွန်ုပ်က.. ““ဘာမှမရှိလည်း မိတ်ဆွေတွေစုဝေးပြီး စကားပြောကြတာပေါ့ ဟဲ..ဟဲ..””ဟူ၍ ပြန်ပြောလိုက်ပါသည်။
          နောက်များမကြာမီ ဦးသန့်ရောက်၍ လာပါတော့သည်။ ကျွန်ုပ်က မိတ်ဆွေပေါင်း ၁၀၀-ကျော်ရှေ့၌ ...
          ““ဦးသန့်ကိုကြည့်ရတာ မျက်နှာအလွန်ကြည်လင်ပြီး တောက်ပြောင်နေတယ်၊ ခုအချိန်အခါမှာ ဦးသန့်ဟာ ဇာတာအလွန်ကောင်းနေပါတယ်။ မကြာခင် ကမ္ဘာပေါ်မှာ အလွန်ကြီးကျယ်တဲ့ရာထူးကြီးကို ရရှိဖို့မြင်ပါတယ်။ ၁၉၅၂ ခုနှစ်တုန်းက ဦးသန့်ကို ဒီအထပ်မှာပဲ ဂုဏ်ပြုပွဲကြီး ပြုလုပ်ခဲ့ဖူးပါတယ်။ အခုတော့ အတိတ်နိမိတ်ယူတဲ့သဘောနဲ့ ဒီထက်မြင့်တဲ့ ဒုတိယထပ်မှာပြုလုပ်ဖို့ ကျွန်တော်စီစဉ် ထားပါတယ်။ ဒါကြောင့် အပေါ်ထပ်ကို မိတ်ဆွေများ ကြွကြပါ”” ဟူ၍ ကျွန်ုပ်က ဖိတ်ကြားလိုက် ပါသည်။ မိတ်ဆွေများ၏ သြဘာပေးသောလက်ခုပ်သံကြီး တစ်ခန်းလုံး ပြည့်လျှံ၍သွားလေသည်။ ပြီးနောက်တွင် ကျွန်ုပ်တို့ဇနီးမောင်နှံနှင့်အတူ ဦးသန့်သည် အပေါ်ထပ်သို့ တက်လာကြတော့၏။

အပေါ်ထပ်သို့ကား ရောက်ကြလေပြီ။ ကျွန်ုပ်တို့ဇနီးမောင်နှံက ကြွရောက်လာကြသော ဧည့်သည်တော်များကို လိုက်လံ၍ အရက်ငှဲ့ထည့်ပေးရသည်။ ဧည့်သည်တော်အများကလည်း ပျော်ပျော်ရွှင်ရွှင်နှင့် စားသောက်နေသည်ကို တွေ့ရလေသည်။ ဦးသန့်၏ညီ ကိုသောင်းသည် အရက်မသောက်တတ်။ ထို့ကြောင့်သူသည် ဘုရားစင်အောက်ရှိခုံတွင် ထိုင်နေလေသည်။
          ဤအပေါ်ဆုံးထပ်တွင် ကျွန်ုပ်တို့ကိုးကွယ်ဆည်းကပ်ရာ ဘုရားစင်ရှိ၏။ ဘုရားစင်နှင့်အတူ ဘိုးဘိုးအောင်၊ သူရဿတီပုံကားနှင့်အတူ ညောင်ရမ်းဆရာတော်ဘုရားကြီး၏ပုံကားလည်း ရှိပါ၏။ ထိုဘုရားစင်အောက်တွင် ကိုသောင်းကထိုင်နေလေသည်။ ကျွန်ုပ်တို့ဇနီးမောင်နှံက သူ့အနားသို့ တိုးကပ်သွားလေသောအခါ ကိုသောင်းက ““ဘုရားစင်နဲ့နီးနေလို့ အရက်သောက်လို့မဖြစ်ပါဘူး””ဟူ၍ ပြောသောကြောင့် ဧည့်ခံပွဲတစ်ခုလုံးပွဲကျသွားပါသည်။
          ယင်းသို့ မိတ်ဆွေများအား လိုက်လံ၍ အရက်များကို ကိုယ်တိုင်ငှဲ့ပေးပြီးသောအခါ၊ ကျွန်ုပ်က “ကျွန်တော်သိသောဦးသန့်”အကြောင်းကို ကြွရောက်လာသော ဧည့်ပရိတ်သတ်အားပြောပြလေသည်။ ဦးသန့်ကလည်း “ခုကဲ့သို့ ဂုဏ်ပြုသည်ကို ကျေးဇူးတင်ကြောင်း၊ ဦးစပ်စုနှင့်သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်း ၃၀ကျော်ပြီဖြစ်ကြောင်း၊ ခုမိတ်ဆွေများလည်း နယူယောက်သို့ လာလည်စေလိုကြောင်း၊ လာလည်ရင် ပြုစုမည်ဖြစ်ပါကြောင်း” စသည်တို့ကို ပြောကြားပြီး ဧည့်ခံပွဲကြီးကို နိဂုံးချုပ်လိုက် လေသည်။
၁၉၆၁ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ရက်နေ့တွင် ဦးသန့်သည် လေယာဉ်ပျံဖြင့် ကမ္ဘာ့ကုလသမဂ္ဂသို့ ပြန်မည့်နေ့ရက်ဖြစ်လေသည်။ ဤနေ့တွင် ကျွန်ုပ်တို့ မိသားစုသည် လေးနာရီကသွားပြီး မင်္ဂလာဒုံလေဆိပ်၌ ဦးသန့်ကို စောင့်နေကြပါသည်။
          အကြောင်းသင့်၍ ရေးရပေမည်။ ကျွန်ုပ်၏ချစ်သမီးလေး တင်တင်ဝင်းသည် ၁၉၆၀ပြည့်နှစ် ဒီဇင်ဘာလ ၁၀ရက်နေ့ကကျင်းပသော ယူနိုက်တစ်ခရိယန်ကျောင်း ဖက်ရှင်ပွဲတွင် ပထမဆုကို ဆွတ်ခူးခဲ့လေသည်။ ဤ ပထမဆုရသော ဖက်ရှင်အ၀တ်အစားဖြင့် ကျွန်ုပ်၏ချစ်သမီးလေး တင်တင်ဝင်းသည် ဦးသန့်ကို ပန်းစည်းဆက်ရန် စီစဉ်ထားလေသည်။
          ဦးသန့်သည် လေယာဉ်ပျံကွင်းသို့ ရောက်လာသည်။ လိုက်ပို့ကြသောမိတ်ဆွေအများကို လိုက်လံနှုတ်ဆက်နေလေသည်။ ကျွန်ုပ်၏သမီးကလေး တင်တင်ဝင်းကလည်း ဦးသန့်လေယာဉ်ပျံပေါ်သို့ တက်ခါနီးတွင် ပန်းစည်းကို ဆက်သလိုက်လေသည်။
          ကျွန်ုပ်၏အယူအဆမှာ ဖက်ရှင်ပြိုင်ပွဲတွင် ပထမဆုရခဲ့သောအ၀တ်အစားဖြင့် ဦးသန့်ကို ပန်းစည်းဆက်သခြင်းသည် ဦးသန့်သာလျှင် ကမ္ဘာပေါ်၌ (ပထမ)တန်းကလူဖြစ်စေရန် အတိတ်ကောင်း ယူခြင်းပင်ဖြစ်လေသည်။
          ဦးသန့်စီးသောလေယာဉ်ပျံကား ထွက်ခွာ၍သွားလေပြီ။ သို့တိုင်အောင်ကျွန်ုပ်က ကောင်းကင်ယံသို့ မော်၍ကြည့်နေတုန်းပင်ဖြစ်လေသည်။ ဤသည်တို့ကား မိတ်ဆွေပေါ်၌ထားရှိသော ချစ်ခင်သည့်မေတ္တာစိတ်ဓါတ်ပင်ဖြစ်လေသည်ဟုသာ ဆိုချင်ပါတော့သည်။
          ၁၉၆၁ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဒက်ဟမ်းမာရှိုးသည်  ကွန်ဂိုကိစ္စကို ဖြေရှင်းနေခိုက်တွင် လေယာဉ်ပျံပျက်ကျပြီး ကွယ်လွန်အနိစ္စရောက်ခဲ့ရလေသည်။ ယင်းကြောင့် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏နေရာသည် လစ်လပ်ပြီးနေခဲ့၏။ ဤနေရာတွင် ခေတ္တလူစားထည့်သွင်း၍ခန့်အပ်ရန် ကမ္ဘာပေါ်တွင် တိုင်းကြီးပြည်ကြီးများဖြစ်ကြသော ဆိုဗီယက်ရုရှားနှင့် အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်ကြီးများသည် ဦးနှောက်ခြောက်မတတ်စဉ်းစား၍နေရသည်။ကမ္ဘာပေါ်ရှိ နိုင်ငံငယ်ကလေးများကလည်း ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် နေရာအတွက် အမျိုးမျိုး အဆိုတင်သွင်းကြလေသည်။
          ထို့နောက်ပိုင်း တစ်လခန့်အချိန်ကာလာသောအခါ၊ ဗမာပြည် ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် ဦးသန့်ကို လုံခြုံလေးကောင်စီက (၁၁)မဲပေးပြီး အဆိုတင်သွင်းလိုက်လေသည်။ ဤသို့လုံခြုံရေးကောင်စီက အဆိုသွင်းပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂညီလာခံကြီးတွင် (၁၀၃)နိုင်ငံများက တလုံးတစည်း တညီတညွတ်တည်း ဦးသန့်ကို ခေတ္တအထွေထွေအတွင်းရေးမှူးချုပ်နေရာအတွက် ခန့်အပ်ရန်သဘောတူကြသည်။ ထိုစဉ်က ကမ္ဘာ့အခြေအနေအရပ်ရပ်ကလည်း၊ ၀ါဒစစ်ပွဲကြီးများ ပြိုင်နေချိန်၌ ဦးသန့်ကို တညီတညွတ်တည်းမဲပေးကြသည်မှာ အလွန်ပင်အံ့သြစရာကောင်းပါသည်။
          ၁၉၆၁ခု၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဦးသန့်သည်ကမ္ဘာ့ကုလသမဂ္ဂ ခေတ္တအတွင်းရေးမှူးချုပ် ရာထူးကို ရရှိလေသည်။
          အနှီ ဦးသန့်၏သတင်းကောင်းကို ရေဒီယိုနှင့်သတင်းစာအသီးသီးတို့တွင် ပါလာ၏။ ကျွန်ုပ် အနေနှင့်လည်း သို့ကလို ကမ္ဘာပေါ်တွင် အလွန်ကြီးကျယ်သော ရာထူးကြီးကို ထမ်းဆောင်နေသည့် ဦးသန့်အတွက် ကိုယ်၏မိတ်ဆွေတစ်ဦးအနေဖြင့်လည်းကောင်း၊ ဗမာပြည်တိုင်းရင်းသားအနေဖြင့် လည်းကောင်း များစွာဂုဏ်ယူမိပါသည်။
          ကျွန်ုပ်၏မိတ်ဆွေကြီး ဦးသန့်၏အောင်မြင်မှုအတွက် ကျွန်ုပ်သည် ဦးသန့်ထံသို့ သံကြိုး စာတစ်စောင် ရိုက်လိုပေသည်။ ထို့ကြောင့်လည်း မိတ်ဆွေကြီးတစ်ဦးဖြစ်သူ ဦးလောရုံထံသို့ သွားပါသည်။ စာဖတ်သူများ သိပြီးဖြစ်တော်မူကြသည့်အတိုင်း ဦးလောရုံသည် အင်္ဂလိပ်သတင်းစာ နေးရှင်းနှင့် နိုင်ငံသစ်သတင်းစာနှစ်စောင်တို့၏ အယ်ဒီတာချုပ်ဖြစ်လေသည်။ မြန်မာပြည်တွင် အလွန်ကျော်ကြားသော စာရေးဆရာ သတင်းစာဆရာကြီးတစ်ဦး ဖြစ်ပါသည်။
          ဦးလောရုံထံသို့ ကျွန်ုပ်ရောက်သွားသောအခါ အကြောင်းအရာကိုပြောပြ၏။ ဦးလောရုံက သံကြိုးစာကိုရေးပေးပါသည်။ ပြီးနောက်မှ ဦးလောရုံရေးပေးသော သံကြိုးစာကို ကျွန်ုပ်ကိုယ်တိုင် သွားရိုက်လေသည်။
          ကျွန်ုပ် ဦးသန့်ထံသို့ရိုက်လိုက်သော သံကြိုးစာမှာ အောက်တွင်ဖေါ်ပြပါအတိုင်းဖြစ်ပါသည်။

U Thant
Secretary General
United Nations
New York
Your friend of thirty years who forecast your splendid good fortune last February glories in your rise and his prediction come true.
Sawbwa Satsu
Date 4.11.1961

ကုလ အတွင်းရေးမှူးချုပ်သစ် ဦးသန့် ဗမာ့ဂုဏ်မြင့်တင်သူအဖြစ် ဂုဏ်ပြုပါသည်။
တာဝန်ကိုနိုင်နင်းကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ။
ရေးသူ-ဦးလောရုံ
                  
                   ဟားမားရှိုးလဲ ကျဆုံးပြီး ကုလသမဂ္ဂမှာ သူ့ရာထူးကို ဖြည့်စွက် ခန့်ထားတဲ့အခါ ဦးသန့် ရဲ့နာမည် ထွက်ပေါ်လာတဲ့ နေ့မှာဘဲ ကျွန်တော်က နယူးရောက်ကို ကြေးနန်းတစောင် ပို့လိုက်မိတယ်။ အဲဒီကြေးနန်းမှာ ဦးသန့်အဘို့ ခဲရာ ခဲဆစ်တွေ တွေ့ရင် လက်မလျော့ဘဲ အကြောလဲမခံနဲ့ လို့ ဒီရပ်ဝေးကနေပြီး အကြောင်းကြားလိုက်တာပါဘဲ။

ဦးသန့်
                   အခုတော့ ဦးသန့်ကို လုံခြုံရေး ကောင်စီက အတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက် တင်မြှောက်လိုက်တယ်လို့ ကြားသိရတော့၊ ကျွန်တော်တို့သာမက ဗမာပြည်သူလူထုကပါ ၀မ်းသာနိုင်ပြီပေါ့။ ကျွန်တော်စိုးရိမ်တာ တခုကတော့ ဦးသန့်ကို လုံခြုံရေးကောင်စီမှာ သဘောမတူလို့ ကုလသမဂ္ဂညီလာခံကြီးက တင်မြှောက်လိုက်ရင် ဦးသန့်က အားနာပါးနာနဲ့ လက်ခံတယ်ဆိုပါတော့။ မကြာခင် အဘက်ဘက်ကမကျေနပ်လာရင် လူကို ရာထူးပေးတာဟာ စည်းကမ်းနဲ့ မညီဘူး အသိအမှတ်မပြုနိုင်ဘူးဆိုရင် ငါးပါးမှောက်ရချည်ရဲ့ဆိုပြီး ပူမိပါတယ်။
                   အခုလိုနည်းဥပဒေအတိုင်း သွားတာမျိုးကိုတော့ မကြိုက်ဘဲ မနေနိုင်၊ ၀မ်းမသာဘဲ မနေနိုင်ပါဘူး။ ဦးသန့်မှာအာဏာရှိသွားပါပြီ။ ဗမာပြည်ကလဲ ဂုဏ်ယူနိုင်ပါပြီ။ ရှေ့ကို ဘယ်နိုင်ငံကြီးကမှ ဗမာကိုမထီလေးစား မပြုနိုင်တော့ပါဘူး။ ဒါကြောင့်လဲ မနေ့က ဦးသန့်ဆီကို ၀မ်းမြောက်ဝမ်းသာနဲ့ ကျွန်တော်က ကြေးနန်းနဲ့မေတ္တာပို့ ဂုဏ်ပြုလိုက်တာပါဘဲ။

မာနကြီးသတဲ့
                   ဦးသန့်ဟာ လူချစ်လူခင် များရုံသာမကဘူး၊ ကုသိုလ်လဲ ထူးတယ်လို့ ဆိုရမယ်။ အလုပ်လုပ်တဲ့ နေရာမှာ သေသပ်သလောက် ၀တ်ပုံ စားပုံကလဲ အချိုးကျတယ်၊ ဣနြေ္ဒရှိတယ်။ သူ့ကို ယောက်ျား မိန်းမ မရွေး ပေါင်းမိရင် ခင်မင်ကြတယ်။ ဒီလူဟာ ဒေါသသာ မကြီးတယ်။ မာနတော့အလွန်ကြီးတယ်ဆိုတာ သူကိုယ်တိုင်က ငြင်းလိမ့်မည် မဟုတ်ပါ။ အနောက်နိုင်ငံသူတွေ ပြောလေ့ရှိတာက ဗိုလ်ချုပ်နေ၀င်းဟာ တကိုယ်လုံး ချောပြီး ယောက်ျား ပီသ သတဲ့။ ၀န်ကြီးချုပ်ဦးနုဟာ မျက်နှာတစ်ခုလုံး ကျက်သရေရှိတယ်ဆိုတာဘဲ။ ဦးသန့်ကျတော့ မျက်စိအာရုံကောင်းတယ် (Soulful look) အင်္ဂလိပ်လို ဆိုတာ ကျွန်တော်လဲ ဘာသာမပြန်တတ်တော့ဘူး။

ကျွန်တော်နှင့်တွေ့စဉ်
                  
ဒီမျက်စိကြောင့်ထင်ပါရဲ့၊ ကျွန်တော် နယူးရောက်မြို့ ရောက်တော့ မိန်းမချောတယောက်က ဦးသန့်ကို တယ်လီဖုန်းဆက်ပြီး ပလီပလာတွေပြောလို့ ဦးသန့်ခေါင်းကြီး သွားရကြောင်း သိရှိခဲ့ရပါတယ်။ တယ်လီဖုန်းစာအုပ် ထဲမှာ မပါတဲ့နံပါတ်ကို မရ ရအောင်ရှာပြီး ကျမဟာ နေးရှင်း သတင်းထောက် လို့ ဆိုလို့ ဦးသန့်ခမျာ ဘေးကျပ် နံကျပ် ဖြစ်သွားတယ်။ ကျွန်တော်နဲ့တွေ့တော့ ကြည့်လုပ်ပါဦး လို့တိုင်မှ ကျွန်တော်က ဟက်ဟက်ပက်ပက် ရယ်ခဲ့ရတယ်။ မောင်မင်းကြီးသား ဒီပြဿနာမျိုး အတွင်းရေးမှူးချုပ်ဘ၀ ရောက်တဲ့ ခုလိုအချိန်မှာ မပေါ်ပါစေနဲ့လို့ဆုတောင်းပါတယ်။

ဆုမွန်ကောင်း
                   ဒီကနေ့ကစပြီးကုလသမဂ္ဂမှာ ဗမာ့ကိုယ်စားလှယ်ဘ၀ကို စွန့်ပြီး တကမ္ဘာလုံးရဲ့ ထိပ်သီးရာထူးနဲ့ တာဝန်ကို ထူးထူးချွန်ချွန်ထမ်းဆောင်နိုင်ပါစေ။ ဘေးအန္တရာယ် ကင်းရှင်းပြီး အရာခပ်သိမ်းတို့ကို မြင့်မြတ်တဲ့ အမြှော်အမြင်၊ ထူးကဲသောအသိဥာဏ် စွမ်းအားနဲ့ထိန်းသိမ်းဆုံးဖြတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်လိုက်ပါတယ်။ ဦးသန့်ကိုခင်မင်အားကိုးတဲ့အထဲမှာ စော်ဘွားစပ်စု ဆိုတဲ့လူလဲပါတယ်။ ဒီပေါက်ဖေါ်ကြီးပေါ့။ ဦးသန့်ဗမာပြည်ကို ခေတ္တပြန်လာတယ်ဆိုရင်ဘဲ ယောက်ယက်ခတ်ပြီး ထမင်းကျွေးပါရစေနဲ့ ဖြစ်နေလိုက်တာ၊ ဦးသန့်ခမျာလဲ အားနာပါးနာနဲ့ အချိန်ပေးလိုက်ရပါရော။ အဲ့ဒီတင် ကျွေးလိုက်မွေးလိုက်တာ သူ့သား ရွှေတုံး ရွှေခဲကြီး ကျလို့ပါဘဲ။ ဟေ့ထောင်ကဲကြီး၊ ခင်ဗျားဦးသန့်ကို ဘာလို့ဒါလောက်ချစ်နေရတာလဲလို့ မေးတော့ လက်ညှိုးတထောင်ထောင်နဲ့ ဦးသန့်ဟာ ဘယ်လောက် စိပေါထားပြည့်ဝတယ်။ စူလို ပေါက်ဖေါ်ကြီး တယောက်ကိုတောင် ဗမာပြည်လာအောင် ဆောင်ကြဉ်းနိုင်ခဲ့တယ်ဆိုပြီး လုံးစိပတ်စိ ပြန်ပြောလို့ အတော်ဘဲ ပွဲကျသွားတာကို ပြေးသတိရတယ်။

ပေါက်ဖေါ်ကြီးစပ်စု
                  
ကျွန်တော် ဒီစော်ဘွားစပ်စု အကြောင်းရေးတုန်း ပြောရင်းဆိုရင်း စော်ဘွားစပ်စု ကျွန်တော့်အခန်းထဲဝင်လာတာ တွေ့ရတယ်။ ဒီမောင်မင်းကြီးအကြောင်းရေးနေရင်း ဗြုန်းကနဲ ပေါက်လာတာတွေ့တော့ တစ္ဆေ ချောက်သလိုဘဲ။ ကျွန်တော်ဖြင့် ခေါင်းတောင်ကြီးသွားမိတယ်။ ဦးသန့်ဓါတ်ပုံတပုံ တကိုင်ကိုင်နဲ့ ဘယ့်နှယ်ရှိစ ကျွန်တော် ပြောတယ်မဟုတ်လား။ သူ့အဆိုကတော့ ဖေဖေါ်ဝါရီလ ဦးသန့်ကို ထမင်းကျွေးစဉ်က ဦးသန့်ဟာ မျက်နှာ အရောင်တောက်တယ်။ သူက တကမ္ဘာလုံးမှာ နာမည်ကျော်မဲ့ရာထူးရမယ်ဆိုတာ ဗေဒင်ဟောလိုက်တယ်ဆိုပါကလား။ သမတ ဦးဝင်းမောင် ကိုလဲ သူဟောတယ်။ တရားဝန်ကြီး ဦးမြင့်သိန်းကို သူဟောဘူးတဲ့ ဗေဒင်ဆရာကြီးမှန်း ခုမှသိရတယ်။
                   ဒါနဲ့ နှစ်ပေါင်း ၃၀-ကျော်က ဦးသန့်ရဲ့မိတ်ဆွေ စော်ဘွားစပ်စုက ၀မ်းသာသော အထိမ်းအမှတ်နဲ့ ဦးသန့်ကို သံကြိုးရိုက်ပေးပါဆိုလို့ ရေးပြီးပါပြီ။ ကျွန်တော့ကိုလဲ ဟောပါဦးဆိုတော့၊ ဟဲ....ဟဲ....အားကီးကောင်းတယ်ဆိုပြီး လက်ပြခြေပြနဲ့ ဆင်းသွားလေရဲ့။
                   ဒါ့ကြောင့် ဗမာပြည်သား စစ်စစ် ဦးသန့်တယောက်က ဒီလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူး ခန့်အပ်ခြင်းခံရတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆောင်းပါးကိုရေးလိုက်ခြင်းပါဘဲ။
                   ဦးသန့်ဂုဏ်သတင်း ယခုထက် ကမ္ဘာကိုပြန့်ပါစေ.....။

++++++++++
                    ဤနိုင်ငံသစ် သတင်းစာထဲ၌ပင် ဦးသန့်နှင် ပတ်သက်၍ အလွန် မှတ်သားဘွယ်ရာကောင်းသော သတင်းတပုဒ်ပါလာလေသည်။ ထိုသတင်းမှာ.....
ဦးသန့်လို ထူးချွန်အောင် ကြိုးစားကြပါ။ ပန်းတနော်ကျောင်းသူကျောင်းသားများသို့ ၀န်ကြီးချုပ်၏သြ၀ါဒ
                   နိုင်ငံ တနိုင်ငံမှာ သမတနှင့် ၀န်ကြီးချုပ်ဖြစ်ရန် လွယ်ကူသော်လည်း တကမ္ဘာလုံးက အထွတ်အထိပ် ခေါင်းဆောင်နေရာရဘို့မလွယ်ပါ။ ဦးသန့်သည် ဘီအေပင် မအောင်သော်လည်း ကြိုးစားမှု၊ ၀ိရိယရှိမှု၊ သည်းခံမှု တို့ကြောင့် ကမ္ဘာတွင်ရှိသော အုပ်စုကြီး ၂-စုနှင့်ကြားနေနိုင်ငံ ၁၀၄-နိုင်ငံတို့၏ ကျေနပ်မှုရအောင် လုပ်နိုင်ခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ကြောင်းဖြင့် ယနေ့နိုဝင်ဘာလ ၅-ရက်နံနက်၈-နာရီအချိန်၊ ပြည်ထောင်စုကလပ်တွင် ကျင်းပသော ပန်းတနော်ကျောင်းသားကျောင်းသူဟောင်းများ၏ ဆရာ ပူဇော်ပွဲတွင် ၀န်ကြီးချုပ်ဦးနုက မိန့်ခွန်းပြောကြားသွားသည်။
                   ဆက်လက်၍ ယနေ့ကမ္ဘာတွင် ဗိုလ်တွေချည်းရှိနေချိန် ဗိုလ်တကာ့ဘုရင်ဖြစ်ရန် မလွယ်ကူကြောင်း။ ဦးသန့်သည် မိမိနှင့်ပန်းတနော်တွင် ဆရာအတူလုပ်ခဲ့ရာ ဦးသန့်၏စိတ်ဓာတ်သဘောထားကို ကောင်းစွာသိခဲ့ကြောင်း။ ဦးသန့်သည်ငယ်စဉ်ကစ၍ ကျောင်းတွင်စာကြိုးစားခဲ့ရာ ယနေ့ ကုလသမဂ္ဂရောက်ရခြင်းမှာ ဦးသန့်၏ပညာတော်မှုကြောင့်ပင်ဖြစ်ကြောင်း။ အမှန်မှာ ဦးသန့်သည် နိုင်ငံခြားသားတွေထင်သလို နိုင်ငံခြား၌ ပညာမသင်ခဲ့ရသော်လည်း ယနေ့ထိ စာများစွာဖတ်ခြင်း၊ လေ့လာခြင်း၊ ဗဟုသုတ ရှာခြင်းတို့ကြောင့် ယခုကဲ့သို့ ရာထူးကြီးကိုရခဲ့ခြင်းဖြစ်ကြောင်း။ ယခု ကန်တော့ကြသော တပည့်များကလည်း ဦးသန့်၏ စံနမူနာကို ယူသင့်ကြောင်း ဖြင့် ပြည်ထောင်စုကလပ်တွင် ပြောကြားသွားလေသည်။
၁၉၆၂-ခုနှစ်၊ဒီဇင်ဘာလ ၂၅-ရက်နေ့တွင် ဦးသန့်ထံမှစာ ကျွန်ုပ်ရရှိလေ၏။ ထိုစာကား အောက်တွင်ဖေါ်ပြပါအတိုင်း
ဖြစ်ပါသည်။
Secretary -General
25, November 1961.
Dear Mr. Sat Su,
        I was deeply moved by your message of congratulations upon my election as acting Secretary-General of the United Nations.
        The good wishes and confidence of my friends are a source of comfort and encouragement to me as I undertake the sobering responsibilities with which I have been entrusted. I shall to be worthy of this confidence.
Sincerely,
U Thant
Acting Secretary -General

(မြန်မာလို ဘာသာပြန်မှာ)

အထွေထွေအတွင်းရေးမှူး
၂၅- နိုဝင်ဘာ ၁၉၆၁
ချစ်ခင်ရပါသောဦးစပ်စု၊
                   ကမ္ဘာ့ကုလသမဂ္ဂ ခေတ္တ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကျွန်ုပ် အရွေးကောက်ခံရခြင်းအပေါ် ဂုဏ်ယူချီးကျူးကြောင်း သင်၏ သတင်းအမှာစကားကြောင့် ကျွန်ုပ်အလွန်နက်ရှိုင်းစွာ ခံစားမိပါသည်။
                   ကျွန်ုပ်ကိုအပ်နှင်းလိုက်သော ကြီးလေးသည့် တာဝန်များထမ်းဆောင်ရာတွင် ကျွန်ုပ်မိတ်ဆွေများ၏ ကောင်းသောဆန္ဒနှင့် ယုံကြည်ချက်များသည်  ကျွန်ုပ်အတွက် နှစ်သိမ့်အားပေးမှုနှင့် အားတက်ရဲဝံ့စေမှုများ၏ ပင်မအရင်းအမြစ်များပင်ဖြစ်ပါသည်။ ဤယုံကြည်ချက်များနှင့်  ကျွန်ုပ်ထိုက်တန်အောင်လဲ ကြိုးစားပါမည်။
ခင်မင်စွာဖြင့်
ဦးသန့်
ခေတ္တ အထွေထွေအတွင်းရေးမှူးချုပ်)

                   သို့ကလို ဦးသန့်ထံမှ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ကျွန်ုပ်ထံသို့ ပေးသောစာကို လက်ခံရရှိ၏။ ပြီးနောက်တွင်ကား ၇-၁-၁၉၆၂ နေ့၌ ကျွန်ုပ်သည် နိုင်ငံသစ် သတင်းစာတွင် ဦးသန့်အကြောင်းနှင့်ပတ်သက်၍ ဆောင်းပါးတစောင်ရေးသားလိုက်လေသည်။

ညီညွတ်တဲ့ ဦးသန့်တို့မိသားစု ပြည်ထောင်စုသားတို့ စံနမူနာယူနိုင်ပါစေ၊
ရေးသူ-စော်ဘွားစပ်စု
                  
ကုလသမဂ္ဂ အတွင်းဝန်ချုပ် မစ္စတာ ဒက်ဟမ္မားရှိုးလ် ကွယ်လွန်သွားပြီးသည့်နောက် မြန်မာနိုင်ငံ ကုလသမဂ္ဂ ကိုယ်စလှယ် ဦးသန့်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ခန့်လိုက်သည့် အတွက် မကြာမီက ဦးသန့်ကိုချီးကြူးတဲ့ ကြေးနန်းစာ တစောင်ကို ကျွန်တော် ပို့လိုက်ပါတယ်။

မိတ်ဆွေဟောင်း
                  
ဦးသန့်နဲ့ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်း-၃၀လောက်က မိတ်ဆွေဖြစ်ခဲ့ဘူးတော့ ဦးသန့်ကလဲ ကျွန်တော့်ထံ ကျေးဇူးဥကကာရတင်ရှိတဲ့အကြောင်း စာတစောင်ပြန်ကြားခဲ့ပါတယ်။
                   ကမ္ဘာ့နိုင်ငံပေါင်း ၁၀၃-နိုင်ငံက မြန်မာနိုင်ငံကိုယ်စလှယ်တော် ဦးသန့်ကို တညီတညွတ်တည်း အတွင်းရေးမှူးချုပ်အဖြစ် တင်မြှောက်လိုက်တာ ထူးခြားချက်တရပ်ဖြစ်ပါတယ်။ ဦးသန့်ကိုအတွင်းဝန်ချုပ်အဖြစ်တင်ရတာကလဲ မြန်မာနိုင်ငံရဲ့ ကြားနေရေးဝါဒ မှန်ကန်တဲ့အတွက်ကြောင့်ဖြစ်တယ် လို့ ကျွန်တော် ယူဆမိပါတယ်။

မိခင်ရောဂါ
                   စက်တင်ဘာလ ပထမ ပတ်အတွင်း ဦးသန့် အတွင်းဝန်ချုပ်ဖြစ်ဖို့ တစ်ပေးနေတဲ့ အချိန်မှာ သူချစ်မြတ်နိုးတဲ့ မွေးမိခင်ရဲ့ သားမြတ်မှာကင်ဆာရောဂါဖြစ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ကမ္ဘာမှာ အကြီးအကျယ်ဆုံးဖြစ်တဲ့ ရာထူးကို လက်ခံရတော့မဲ့ဦးသန့်ကို ဗမာပြည်သို့ ပြန်လာစေချင်ကြပါတယ်။
                   သို့ပေမဲ့ ဦးသန့်ရဲ့ ညီများဖြစ်တဲ့ ပန်းတနော်ဦးခန့် (စာရေးဆရာကြီး)၊ ဦးသောင်း (၀န်ကြီးချုပ်အတွင်းဝန်)၊ ဦးတင်မောင် (ကုန်သွယ်မှုတိုးတက်ရေးဌာန သွင်းကုန်ထုတ်လုပ်ရေးအဖွဲ့ သဘာပတိ) တို့က ဗမာပြည် ပြန်မလာရအောင် မိခင်ကြီးအား နားချကြတယ်လို့ သိရပါတယ်။
                   ဗမာပြည်မှာရှိတဲ့ သား ၃-ယောက်နဲ့ ချွေးမများကလည်း မိခင်ကြီးကို ဂရုတစိုက်နဲ့ပြုစုစောင့်ရှောက်ကြပြီး စက်တင်ဘာလ ၂၁-ရက် နေ့မှာ မိခင်ကြီးရောဂါကို ဒေါက်တာ-ကြည်ပေါ အား ခွဲစိပ်ကုသစေပါတယ်။

စိတ်ချရပြီ
                   ဒီလိုခွဲစိပ်ကုသလိုက်သည့်အတွက် ရောဂါ သက်သာသွားပြီဖြစ်လို့ ဦးသန့် ဗမာပြည်ပြန်လာရန် မလိုတော့သည့် အကြောင်းကြေးနန်းစာ တစောင်ပို့လိုက်ကြပါတယ်။ ဦးသန့်က မိခင်ကြီးရဲ့ ရောဂါ သက်သာကြောင်း စာရသွားတော့ စိတ်ချ လက်ချ ဖြစ်ပြီး ဒေါက်တာ-ကြည်ပေါကို ကျေးဇူးတင်ကြောင်း သံကြိုးရိုက်လိုက်ပါတယ်။
                   ဦးသန့်မိခင်ကြီး ဆေးရုံမှာရှိနေစဉ်အတွင်း ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ဦး မကြာမကြာ သွားကြည့်ကြပြီး ဓာတ်စာများပေးပို့ကြပါတယ်။ ဦးသန့်ရဲ့မိခင်ကြီးကိုလဲ ဦးသန့်ကို ဗမာပြည်ပြန်ခေါ်ရန် မလိုတော့ကြောင်း၊ ရောဂါအခြေအနေ ကောင်းလာပြီဆိုတဲ့အကြောင်း နှစ်သိမ့်အားပေးကြပါတယ်။

ညီညွတ်တဲ့မိသားစု
                   မကြာခင်မှာဘဲ ဦးသန့်၏မိခင်ကြီးရောဂါ လုံးဝပျောက်ကင်းသွားပါတယ်။ ဦးသန့်မှာလည်း နိုဝင်ဘာလ ၃-ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းဝန်ချုပ်ဖြစ်သွားပါတယ်။
                   ဦးသန့်ရဲ့ ညီ ၃-ဦး ညီညွတ်တဲ့အတွက် ဦးသန့်အဖို့ သူ့လုပ်ငန်းကို စိတ်အေး လက်အေး ဆောင်ရွက်နိုင်သည့်အတွက် ဗမာပြည်အနေနဲ့သူတို့လို ညီညွတ်သည့်မိသားစုကို ဂုဏ်ယူစရာ သာဓကကို ထောက်ရှုပြီး ပြည်ထောင်စု အတွင်းရှိကြသည့် လူအပေါင်း စံနမူနာယူနိုင်ကြပါစေ၊ စည်းလုံးညီညွတ်ကြပါစေဆိုတာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
စော်ဘွား-စပ်စု

၁၉၆၂-ခုနှစ်၊ စက်တင်ဘာလ တွင် ဆိုဗီယက် ၀န်ကြီးချုပ် မစ္စတာ ကရုရှက် က ၁၉၆၃-ခု ဧပြီလ ၁၀-ရက်နေ့တွင် ဦးသန့်၏ခေတ္တ အတွင်းရေးမှူးချုပ် ရာထူးသက်တန်းသည် ကုန်တော့မည်။ နောက်အသစ်တဖန် ဖွဲ့စည်းရန် အဆိုတင်သည်ဟူသော သတင်းကို ကျွန်ုပ်ရေဒီယိုမှ၎င်း၊ သတင်းစာ အသီးသီး၌၎င်း၊ တွေ့ရသဖြင့် အံ့သြသွားပါသည်။ ကိုယ့်မိတ်ဆွေကြီးအတွက်လည်း များစွာ စိုးရိမ်မိလေသည်။ အကယ်တန္တု-မစ္စတာ ကရုရှက်၏ အဆိုသာ အောင်မြင်ပါလေသော် ဦးသန့်အဖို့ ဗမာပြည်သို့ပြန်လာရန်သာရှိတော့သည်။
                   ထို့ကြောင်လည်း ကိုယ့်မိတ်ဆွေကြီးအတွက် ကျွန်ုပ်သည် တတ်သည့်ပညာ မနေသာဆိုသကဲ့သို့ တရုပ်ဗေဒင်တွက်ကြည့် လေသည်။ သူနှင့်အတူရိုက်ခဲ့သော ဓာတ်ပုံများကို ပြန်၍ကြည်မိပါသည်။ လေ့လာရပါသည်။
                   ဦးသန့်သည် ကုလသမဂ္ဂသို့ ပြန်ခါနီးတွင် ကျွန်ုပ် လေယာဉ်ပျံကွင်းသို့ လိုက်ပို့စဉ်က မင်္ဂလာဒုံလေဆိပ်၌ ဦးသန့်၏ဘယ်ဘက်လက်သည် ကျွန်ုပ်၏ပခုံးကိုကိုင်၍ လိုက်ပို့သော မိတ်ဆွေသင်္ဂဟများကို လိုက်လံနှုတ်ဆက်နေခိုက် ရိုက်ကူးထားသောဓာတ်ပုံကို သွား၍ မြင်မိလေသည်။
                   ယင်းကြောင့်လည်း ချက်ခြင်းပင် ကျွန်ုပ်သည် တရုပ်ဗေဒင်ကို တွက်ကြည့်သည်။ ထွက်လာသည့် အဖြေမှာ တရုပ်ဗေဒင်ကဗျာစာလေးလုံး ဖြစ်၏။ အားလုံးစုစုပေါင်း စာလေးကြောင်း ရှိပြီးလျှင် စာလုံးရေ ၁၆-လုံး ရှိလေသည်။ သူ၏ အသံထွက်အဓိပ္ပာယ်မှာ
                   စွန်-စွိ-ဟိုင်-ကျူ (လေစုန်ဖြင့် သွားသော ကပ်တူလှေ)
                   ဟုန်-ဟော-တုန်း-လျူ (မြစ်၏ အလယ်၌ ရောက်သည်)
                   ထျန်-စိန်-ကျူ-လျံး (ဘုရားသခင်က အလိုအလျောက် ဖန်တီး၍ပေး)
                   ကျော့-၀ှီ-၀ူ-အျူး (ရာထူးအတွက် ပူပင်ရန်မလို) ဟူ၍ဖြစ်ပေသည်။
                   ဤတရုပ်ဗေဒင်ကဗျာ၏ ဆိုလိုသည့် အဓိပ္ပာယ်မှာ ဦးသန့်သည် သူ့ရာထူးအတွက် ပူပင်နေစရာမရှိ၊ ပြန်လည်၍ ရရှိပေမည်ဟုထွက်လာပေသည်။
                   ဤတရုပ်ဗေဒင်ကဗျာနှင့် အဓိပ္ပာယ်ကို ဦးသန့် ဘယ်ဘက်လက်ဖြင့် ကျွန်ုပ်ကိုကိုင်ထားသော ဓာတ်ပုံ၏ ကျောဘက်၌ ရေးသားပြီးဦးသန့်ထံသို့ စာတိုက်မှတဆင့်ပို့ခဲ့ပါသည်။ ထို၍ဓာတ်ပုံပို့ရခြင်းရည်ရွယ်ချက်မှာလည်းကျွန်ုပ်ကို သို့ကလို ရင်းရင်းနှီးနှီးလက်မောင်းကိုကိုင်၍ မိတ်ဆွေအများအား လိုက်လံနှုတ်ဆက်ဘိအလား သုံးပွင့်ဆိုင် အဆိုတင်သွင်းသော ဆိုဗီယက်ဝန်ကြီးချုပ် မစ္စတာကရုရှက်ကိုလည်း ကျွန်ုပ်အတိုင်းပြုပါက ကိုယ့်လိုလားချက် အောင်မြင်ပေလိမ့်မည့် သဘောပင်ဖြစ်ပါသည်။
                   စက်တင်ဘာလ အတွင်းမှာပင် ဦးသန့်ထံသို့ ယင်းဓာတ်ပုံနောက်မှ တရုပ်ဗေဒင် ကဗျာနှင့်အဓိပ္ပာယ်ကိုပါ ရေးသားပေးပို့လိုက်ပါသည်။
                   နောက်များမကြာမီ ဦးသန့်သည် ဆိုဗီယက်ပြည်ထောင်စုသို့သွားကာ ၀န်ကြီးချုပ် မစ္စတာ ကရုရှက် နှင့်တွေ့သည်ဟုသိရ၏။ သို့ကလို တွေ့သောနေရာကား ကရုရှက်သည် သူ့ဇာတိချက်ကြွေ မွေးရပ်မြေသို့ ပြန်ခိုက်တွင်ဖြစ်သည်။ ဦးသန့်သည် ကရုရှက်မွေးသောရွာသို့ပင်လိုက်၍ တွေ့ဆုံခဲ့ပါပေသည်။ ထို့ကြောင့်ပင်လျှင် အရေးကြီးသောကိစ္စကြီးငယ်များအောင်မြင်မှုရရှိခဲ့လေသည်။
                   ယင်းသို့တွေ့ဆုံးပြီးနောက်တွင် ကမ္ဘာပေါ်တွင် အခြေအနေ တမျိုးတဖုံပြောင်းလာ၏။ ကမ္ဘာသူကမ္ဘာသားများ နှလုံးတုန်ရင်ခုန်ဘွယ်ရာကောင်းသော ကျူးဘားပြဿနာသည် ပေါ်ပေါက်လာပေသည်။ ကျူးဘားပြဿနာကြီးသည် ထိုစဉ်ထိုကာလ ထိုသမယက ကမ္ဘာပေါ်ဝယ်အရေးကြီးဆုံးသော ပြဿနာကြီးတခုဟုဆိုလျှင် မမှားပါပေ။ သည်ပြဿနာသည် ဦးသန့်၏ မေတ္တာရပ်ခံချက်ကြောင့်၎င်း၊
အဘိဓမ္မာဆရာကြီး ဘာထရန်ရပ်ဆယ်လ်၏ မေတ္တာ ရပ်ခံချက်ကြောင့်၎င်း၊ အေးအေးလူလူပင် ပြီးစီး၍သွားပါပေသည်။
                   ဤအတွက်ကြောင့် တကမ္ဘာလုံးဝယ် နေထိုင်ကြသော လူအများသည် စိတ်ချမ်းသာမှုကို ရလေသည်။ ယင်းကြောင့်ပင် တကမ္ဘာလုံးက ဦးသန့်ကို ကျေးဇူးဥပကာရတင်ရှိကြပါသည်။
                   ထို့နောက်ပိုင်းတွင်မူ ကုလသမဂ္ဂကြီးဝယ်ရှိသော နိုင်ငံပေါင်း (၁၀၉)နိုင်ငံ၏ သဘောတူမဲဆန္ဒဖြင့် ဦးသန့်ကို အမြဲတမ်းအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းကို ခံရပေသည်။ ဦးသန့် အတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခြင်းခံရသောနေ့ရက်မှာ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀-ရက်နေ့၊ (မြန်မာစံတော်ချိန် ည ၁၀-နာရီ မိနစ် ၃၀)တွင် ဖြစ်လေသည်။ ကုန်ဆုံးမည့်နေ့ရက်မှာ ၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့၌ဖြစ်လေ၏။
                   ဥပဒေအတိုင်းသာဆိုရပါမူ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလ ၃-ရက်နေ့၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ခေတ္တ ခန့်အပ်ခြင်းခံရသည်။ ၁၉၆၃ ခုနှစ်၊ ဧပြီလ ၁၀-ရက်နေ့တွင် ကုန်ဆုံးပေမည်။ သက်တမ်းမှာ ၁-နှစ် ၅-လ ၇-ရက် ဖြစ်သည်။ ဤနေ့ရက်ပိုင်းနှင့် ယခု ဦးသန့်လက်ခံထားသော ရာထူး၏သက်တမ်းကို ပေါင်းလိုက်ပါသော် ၁၉၆၈-ခုနှစ်၊ ဧပြီလ ၁၀-ရက်၌သာ ဦးသန့်၏ ရာထူးသက်တမ်းသည်ကုန်ဆုံးသင့်သည်။ သို့မှသာလျှင် ၅-နှစ် တိတိပြည့်မြောက်သည်ဟူ၍ ကမ္ဘာရှိ သတင်းစာများက ဝေဘန်ထားသည်ကို ကျွန်ုပ် ဖတ်ရှုရလေသည်။
                   ယနေ့ ကမ္ဘာကြီးတွင် အနုမြူစစ်အန္တရာယ်ကြီးနှင့် ကမ္ဘာ့အရေးကိစ္စပေါင်းမြောက်မြားစွာတို့ကို ပြေလည်အောင်ဖြေရှင်းနိုင်ပါစေ ဟူ၍ ဆန္ဒပြုလိုက်ရပေသည်။

No comments:

Post a Comment