Sunday, September 5, 2010

တစ်နှင့်တူသောဗိုလ်ချုပ်အောင်ဆန်း

ကျွန်ုပ်ဟာ ဒီကိစ္စနှင့်ပတ်သက်၍ဦးနှောက်ခြောက်ပြီး ဟိုလျှောက်ဒီလျှောက်နှင့် အမြဲသွားပြီး စဉ်းစားနေပါတယ်။ အဲဒီလို ဟိုလျှောက်ဒီလျှောက်စဉ်းစားနေသည့်အခါမှာ ကောင်လေးတွေတစ်စုဟာ ၂၁ ကစားနေတာကိုသွားတွေ့တယ်။ ဒီအထဲမှာ ကောင်လေးတစ်ကောင်ဟာ တစ်အမြဲပါပါတယ်။ ကစားတာကလည်း လည်တယ်။ ဒီတစ်ဟာ ဘာနှင့်တွဲပြီးတော့ကစားရကစားရ ဘာမှကြောက်စရာ မလိုဘူးပေါ့။ ကျွန်ုပ်ကလည်းဒီတော့သွားစဉ်းစားမိတယ်။ ဒီတစ်ဟာဘာနဲ့တူသလဲဆိုတော့ ဗိုလ်အောင်ဆန်းနဲ့သွားတူတယ်။ ဗိုလ်အောင်ဆန်းကိုတိုင်းပြည်လူထုဟာ အားလုံးကြည်ညိုတယ်။ တပ်မတော်သားတွေမှန်သမျှဟာလည်းကြည်ညိုတယ်။ ကျွန်ုပ်ဟာ အကြံဉာဏ်ရပါပြီ။ ဗိုလ်အောင်ဆန်း က
တစ်ဖြစ်၍ ကျွန်ုပ်က ၈-ဖြစ်စေ၊ ၉-ဖြစ်စေ၊ ၁၀-ဖြစ်စေ၊ ကုလားဖြစ်စေဘာမှကြောက်စရာ မလိုတော့ဘူး။ ဒီတော့မှကျွန်ုပ်ဟာအကြံဉာဏ်တစ်ခုထပ်ရလာပြန်ပါတယ်။
ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးက တတိယအကြိမ်မြောက် ဗမာ့တပ်မတော်သို့ထောက်ပံ့ရေးရန်ပုံငွေ သိန်း ၂၀-ကို စုဆောင်းပြီးသွားပေးသည့်အချိန်အခါမှာ ဗြန်ဟတ်ဘွေအသင်းကြီး၏ ကော်မီတီတစ်ဦးဖြစ်သူလင်ကျွိကျို(ယခုလူထုစီးကရက်ပိုင်ရှင်ဦးချို)ကလည်း ငွေတစ်သိန်းကို အလှူငွေထဲထည့်ပါသည်။ ဟိုအချိန်တုန်းကလည်းတပ်မတော်မှာ မော်တော်ကား ခပ်များများတော်တော်ကိုပဲလိုနေပါသည်။ ကျွန်ုပ်နှင့်ပီကေချောင်းဟာလည်း ထပ်ပြီးတိုင်ပင်ကြတယ်။ ဦးချိုထံမှာ မော်တော်ကားတစ်စီးပိုနေတယ်။ သူဟာ ကားတစ်စီးကိုထပ်ဝယ်တာ ဘာမှမကြာသေးဘူး။ တစ်သိန်းကျော်လောက်ပေးရတယ်လို့ကြားတယ်။ ကျွန်ုပ်နှင့်ပီကေချောင်းဟာ ဦးချိုထံကိုသွားပြီးတော့ တိုင်ပင်ပြန်တယ်။ ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးကို ရန်ပုံငွေထည့်သည့်ငွေတစ်သိန်း ကို မပေးပါနှင့်။ မော်တော်ကားတစ်စီးကိုဗြန်ဟတ်ဘွေအသင်းကိုလှူပါ။ ဗြန်ဟတ်ဘွေအသင်းကတဆင့် ဗမာ့တပ်မတော်ကိုလှူမယ်လို့ ကျွန်ုပ်တို့နှစ်ဦးကပြောဆိုလိုက်တော့ ဦးချိုကလည်းသဘောတူပါတယ်။ လှူမယ့်မော်တော်ကားကိုလည်း ဦးချိုဟာသေသေချာချာထပ်မံပြင်ဆင်၍အသစ်သက်ငယ်မိုးပြီးတော့ ဗြန်ဟတ်ဘွေအသင်းကြီးကိုမော်တော်ကားလာအပ်ပါသည်။
ကျွန်ုပ်နှင့်ပီကေချောင်းဟာ တိုင်ပင်ပြီး၊ ဗမာ့တပ်မတော်ထောက်ပံ့ရေးရန်ပုံငွေသို့ လှူဖို့ အလှူငွေ သိန်း၂၀-ကို သေသေချာချာစာရင်းမှတ်၍ချက်လက်မှတ်ရေးသားပြီး ဗိုလ်အောင်ဆန်းကို သွားပြောပါတယ်။ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကြီးက ဗမာ့ထောက်ပံ့ရေးရန်ပုံငွေသို့ သိန်း ၂၀- လှူဖို့ကို စာရင်းနှင့်တကွ ချက်လက်မှတ်ပါရေးသားပြီးပါပြီ၊ ဒါတွင်မကသေးပါဘူး၊ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကြီးကို ဦးချိုကမော်တော်ကားတစ်စီးလှူထားပါသည်။ ဒီမော်တော်ကားကို ဗမာ့တပ်မတော်သို့လှူမယ်၊ သို့အတွက်ဗိုလ်အောင်ဆန်းဟာ ကျွန်ုပ်တို့အသင်းတိုက်တည်ရာ လတ္တာလမ်းကို ခဏကြွလာပြီး၊ ကျွန်ုပ်တို့ကလည်း ငွေသိန်း၂၀-နှင့် ဒီမော်တော်ကားကို ဗိုလ်အောင်ဆန်းအား တခမ်းတနားနှင့်အပ်ပါရစေလို့ပြောတော့ ဗိုလ်အောင်ဆန်းဟာ ၁၉၄၅-ခုနှစ်၊ မတ်လ ၅-ရက်နေ့၊ နေ့လယ် ၁၂-နာရီကိုလာမည်လို့ပြောဆိုလိုက်ပါသည်။ ဒီတော့ကျွန်ုပ်တို့ဟာလည်း အင်မတန်မှဝမ်းသာသွားကြပါသည်။ ဗိုလ်အောင်ဆန်းလာပြီး ဗြန်ဟတ်ဘွေအသင်းကြီးက ဗမာ့တပ်မတော်ကို ငွေသိန်း၂၀-ရန်ပုံငွေလှူတာနှင့် မော်တော်ကားတစ်စီးလှူတဲ့အခမ်းအနားကို နယ်ရှိ လူထုအားလုံးရော၊ သတင်းစာဆရာတွေရော၊ တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးက ဗိုလ်အောင်ဆန်းအားလှူတာကို ဗမာ့တပ်မတော်သားတွေကရော ဗမာအမျိုးသားတွေကပါသိတော့ တရုပ်မြန်မာချစ်ကြည်ရေးဟာ ပိုပြီးခိုင်မြဲ၍လေးစားလာကြမှာပါပဲ။
၁၉၄၅-ခုနှစ်၊ မတ်လ ၅-ရက်နေ့၊ နေ့လယ် ၁၂-နာရီအချိန်မှာ ဗိုလ်အောင်ဆန်းဟာ ရန်သူ့လေယာဉ်ပျံလာ၊ ဥသြဆွဲ၊ ဗုံးချ၊ စက်သေနတ်ပစ်သည့်ကြားထဲမှ ကတိမပျက်ပဲ အချိန်ကို လေးစားစွာနှင့်လာတယ်။ ဒီတုန်းကဗိုလ်အောင်ဆန်းဟာ ၀ီစလီကားအနက်ရောင်ကိုစီးပြီးလာတယ်။ သူ့ကားမှာ စစ်ဝန်ကြီးစစ်သေနာပတိချုပ်အလံတစ်ခုနှင့် ဒေါင်းအလံတစ်ခု၊ အလံ ၂-ခုကိုထူထားတယ်။ သူနှင့်အတူတူပါလာတဲ့သူများဟာ ဗိုလ်မင်းခေါင်၊ မုတ်ဆိတ်မွေး ဗိုလ်သိန်းဟန်၊ ကိုယ်ရံတော်နှစ်ဦးနှင့် တပ်မတော်ပြန်ကြားရေးအရာရှိ ဦးခင်မောင်(ယခုအနုပညာပန်တြာကျောင်းအုပ်ကြီးဦးခင်မောင်)တို့ ဖြစ်ပါသည်။ ဦးခင်မောင်ဟာ ဗြန်ဟတ်ဘွေအသင်းမှ ဗိုလ်အောင်ဆန်းအား ရန်ပုံငွေလှူဒါန်းပေးအပ်သော အခမ်းအနားကို ဓါတ်ပုံလာရိုက်တယ်။ သတင်းစာဆရာတွေလည်းအများကြီးပါရှိပါတယ်။ ဗိုလ်အောင်ဆန်းဟာ မိန့်ခွန်းစကားပြောကြားပြီး အသင်းတိုက်ပေါ်မှထမင်းအတူတူစားသောက်၍ ၂-နာရီလောက်ကြာမှ ပျော်ပျော်ရွှင်ရွှင်နှင့်ပြန်သွားပါသည်။
ဗြန်ဟတ်ဘွေအသင်းမှ ဗမာ့တပ်မတော်ကို တတိယအကြိမ်မြောက်ရန်ပုံငွေလှူသော အခမ်းအနားဓါတ်ပုံဟာ ကျွန်ုပ်ထံတွင်ယခုတိုင်ရှိပါသည်။ ဟိုစဉ်အခါကသေချာထင်ပေါ်စွာရိုက်ကူး ထားသောဓါတ်ပုံဟာ အင်္ဂလိပ်ပြန်အ၀င်မှာ အင်္ဂလိပ်စစ်ဘက်အရာရှိများလာရောက်၍ ဂျပန်စစ်ဗိုလ်ပုံ များနှင့်အတူ သိမ်းဆည်းသွားပါသည်။ ကျွန်ုပ်၏လက်ထဲတွင်ရှိသည့် ယခုဓါတ်ပုံဟာ ဗမာ့ခေတ် သတင်းစာထဲမှာပါသည့် ဘလောက်ပုံကိုထပ်မံရိုက်ကူးထားပါသောကြောင့် သိပ်ပြီးတော့မထင်ရှား မပေါ်လွင်ပါ၊ သတင်းစာထဲမှာထည့်ဖို့ရာကိုလည်း ဘလောက်တစ်ခုလုပ်ရန်မထင်ပေါ်လှပါဘူး။
၁၉၄၅-ခုနှစ်၊ မတ်လ ၆-ရက်နေ့ထုတ်ဗမာသတင်းစာအသီးသီး၊ တရုပ်သတင်းစာ၊ အင်္ဂလိပ် သတင်းစာ၊ အိန်္ဒိယသတင်းစာအသီးသီးတို့၏ မျက်နှာဖုံးများတွင် ဓါတ်ပုံများ၊ ချီးကျူးစာများဟာ အများအပြားပါရှိတာကို တွေ့ရှိကြရပါလိမ့်မည်။ သတင်းစာဖတ်ပရိတ်သတ်များဟာလည်း ဟိုအချိန်က ဖတ်မိကောင်းဖတ်မိကြရပါ၍ မှတ်မိလည်း မှတ်မိကြရပါလိမ့်မည်။ ၁၉၄၅-ခုနှစ်၊ မတ်လ ၆-ရက်နေ့ထုတ်သတင်းစာအသီးသီးမှပါရှိသော ဗြန်ဟတ်ဘွေအသင်းကြီးမှ ဗိုလ်အောင်ဆန်းအား ရန်ပုံငွေ သိန်း ၂၀-နှင့်မော်တော်ကားလှူသောအခမ်းအနားဓါတ်ပုံမှာ တစ်ဖက်ပါဓါတ်ပုံဖြစ်ပါသည်။
မြန်မာပြည်တစ်ပြည်လုံးရှိ တရုပ်အမျိုးသားများဟာလည်း စားမ၀င်အိပ်မပျော် စိတ်ဒုက္ခရောက်နေသည့်ဝဋ်ဒုက္ခဟာ ဗိုလ်အောင်ဆန်း ဗြန်ဟတ်ဘွေအသင်းကြီးမှာလာပြီး မိန့်ခွန်းပြောကြားသည့်အကြောင်းနှင့် တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးကလှူလိုက်သော ငွေသိန်း ၂၀-နှင့်မော်တော်ကားတစ်စီးလှူလိုက်သည့်သတင်းကို ဖတ်လိုက်ကြားလိုက်သိရှိလိုက်ရတော့ သူတို့ရဲ့စိတ်ထဲမှာ အင်မတန်မှဝမ်းသာသွားကြပါသည်။ နောက်ပြီး ဥပမာတစ်ခုပြရပါလျှင် ဗိုလ်အောင်ဆန်းဟာ ဘာနှင့်အလားသဏ္ဍာန်တူပါသလဲဆိုတော့ ပင်လယ်ရပ်ခြားကို ကတ္တူနှင့်ခရီးသွား လာသည့်အချိန်၌ လေမုန်းတိုင်းမိတဲ့အခါမှာ ပတ္တမြားကိုပြလိုက်လျှင် လေမုန်တိုင်းဟာငြိမ်ကျပြီး အေးချမ်းသွားသလို ယခုကျွန်ုပ်တို့တရုပ်အမျိုးသားတွေ စိတ်ဆင်းရဲဒုက္ခရောက်နေကြတာကိုလည်း ပတ္တမြားနှင့်တူသည့် ဗိုလ်အောင်ဆန်းပုံနှင့် ဗြန်ဟတ်ဘွေအသင်းကြီးမှလူကြီးများ၏ပုံများကို မြန်မာတစ်ပြည်လုံး သတင်းစာအသီးသီးမှဖတ်ရှုတွေ့မြင်လိုက်ကြရတော့ တရုပ်အမျိုးသားများဟာ အင်မတန်မှစိတ်အေးချမ်းသာပြီး အိပ်ပျော်၍စားလို့ကောင်းသောက်လို့ကောင်း စိတ်ချမ်းသာကိုယ်ချမ်းသာ သည့်ဘ၀ကိုရောက်ရှိပြီးလာကြပါသည်။
မြန်မာအမျိုးသားများဟာလည်း ဒီသတင်းစာပါအကြောင်းကိုဖတ်ရှုပြီးတော့ တရုပ်အမျိုးသား များအပေါ်အင်မတန်မှချစ်ခင်ကြပြီး၊ ညီရင်းအစ်ကိုလိုဖြစ်သွားကြပါတယ်။ တရုပ်မြန်မာချစ်ကြည်ရေး ဟာလည်း ပိုပြီးတော့ခိုင်မြဲလာပါသည်။ ဗမာ့တပ်မတော်က ဂျပန်ကိုတော်လှန်၍ ဂျပန်များစစ်ရှုံးပြီး ထွက်ပြေးကြသည့်အခါမှာ မြန်မာပြည်တစ်ပြည်လုံးရှိ တရုပ်အမျိုးသားများဟာ လက်တစ်ဆစ်၊ နှမ်းတစ်စေ့မျှပင် အထိခိုက်မခံခဲ့ရပါဘူး။ ကျွန်ုပ်ဦးစပ်စုသည် ခေါင်းဆောင်ကြီးများနှင့် ခင်မင်ရင်းနှီးပြီး တရုပ်အမျိုးသားအားလုံးက ချစ်ခင်လေးစားကြတာဟာ ပေးအပ်သောတာဝန်မှန်သမျှကို ကျွန်ုပ်ဟာ နေ့ညမရွေး၊ နေပူမရှောင်မိုးရွာမရှောင်၊ ဗုံးကြဲစက်သေနတ်ပစ်ကြားထဲမှ အပင်ပန်းခံပြီး ဦးနှောက်ခြောက် ခံကာ တရုပ်အမျိုးသားများပေးအပ်သည့်တာဝန်ကို အရိုးကြေကြေအရေခမ်းခမ်းပြုလုပ်ပေးနိုင်ခြင်း တွေကြောင့် ကျွန်ုပ်ဦးစပ်စုဟာ နာမည်ကြီးပြီးလူချစ်လူခင်များရခြင်းဖြစ်ပါသည်။ မြန်မာတစ်ပြည် လုံးမှာရှိသည့် တရုပ်အမျိုးသားများဟာလည်း ကျွန်ုပ်ကို တာဝန်အားလုံးမှန်သမျှပုံအပ်တယ်။ ကျွန်ုပ်ကလည်း ကျေးဇူးပြန်ဆပ်သည့်အနေနှင့် ကိစ္စမှန်သမျှအားလုံးကို ထမြောက်အောင်မြင်ပြီးစီးအောင် ပြုလုပ်ဆောင်ရွက်ပေးပါသည်။

No comments:

Post a Comment