Tuesday, September 7, 2010

တရုပ်ပုံပြင်မှဟန်စင်

တရုပ်ပုံပြင်မှဟန်စင်

ရှေးခေတ်တရုပ်ရာဇ၀င်ကို နောက်ကြောင်းလှန်၍ကြည့်ပါလျှင် စစ်ပွဲပေါင်းမြောက်မြားစွာရှိသည်ကို တွေ့ရ၏။ ထိုစစ်ပွဲကြီးများရှိသည့်အနက် နံမည်ကျော်လူသိများသောစစ်ပွဲသုံးခုမှာ လူပေါင်းလေးသိန်းငါးသောင်း လည်ပြတ်ပြီးသေခဲ့ရသော ““ဂျင်းတိုတိုက်ပွဲကြီး””၊ လူပေါင်းသုံးသိန်းကျော်သေခဲ့ရသော ““ဆော်ဟန်တိုက်ပွဲ””၊ လူပေါင်းရှစ်သိန်းနှင့်သုံးသောင်းကျော် သေရွာသို့မြန်းခဲ့ရသော ““ချစ်ဖိတ်တိုက်ပွဲ””(သုံးပြည်ထောင်စစ်ပွဲကြီး) တို့ဖြစ်လေသည်။

ဤအထဲမှ ကျွန်ုပ်သည် ““ဆော်ဟန်တိုက်ပွဲ””အကြောင်းကို ထုတ်နှုတ်ရေးသားလိုပေသည်။ ယင်းရာဇ၀င်သည် မူကွဲအမျိုးမျိုးရှိလေသည်။ ထို့ထက်ဆိုးသည်ကား ရာဇ၀င်မှ တကယ့်ဖြစ်ရပ် အမှန်ဇာတ်ကွက် တစ်ခုကိုယူ၍ ပုံကြီးချဲ့ထားသော ၀တ္ထုပုံပြင်များလည်း ရှိသေးသည်။ ယင်းအတွက်ကြောင့် တကယ့်ဖြစ်ရပ် ရာဇ၀င်နှင့်ပုံပြင်များသည် ရောနှော၍နေသည်ကို တွေ့မြင်ရလေ၏။ တကယ့် အစစ်အမှန်ရာဇ၀င်ကို ရလေအောင် အချိန်အတော်ယူ၍လေ့လာရသည်။ ကျွန်ုပ်လေ့လာမှတ်သားမိသမျှ ဟန်စင်၏အကြောင်းကို ရေးရပါလေသော် ...

လွန်လေခဲ့သော နှစ်ပေါင်းနှစ်ထောင့်လေးရာကဖြစ်သည်။ ထိုစဉ်က တရုပ်ပြည်ဝှိုက်ဆေးနယ်တွင် ဟန်စင်ဆိုသောလူတစ်ယောက်ရှိလေသည်။ သူသည် အခြေအနေမဲ့နေ၍ မှူးမတ်များပျော်ပါးလေ့ရှိသော ပြည့်တန်ဆာမတစ်ဦးထံတွင် ကပ်ရပ်နေထိုင်ရလေသည်။ သူသည် ငယ်စဉ်သမယထဲက နှစ်ဖက်သွားဓါးကို နှစ်သက်သည်။ ဤဓါးကိုပင် သူသည်ကိုင်ဆောင်လေ့ရှိသည်။

တစ်နေ့သ၌ ဟန်စင်သည်လူပုံအလယ်၌ အုတ်ရှုတ်လျှံဆိုသောလူမိုက်တစ်ဦးနှင့်တွေ့လေသည်။ ဤလူမိုက်က ဟန်စင်ကိုတွေ့လျှင်တွေ့ချင်း ““မင်း ဒီနှစ်ဖက်သွားဓါးကိုင်နေတာ.. သတ္တိရှိလျှင် ငါနဲ့ယှဉ်ပြိုင်ပါလား””ဟူ၍ပြောဆိုလေသည်။ လူအများကလည်း ဟန်စင်နှင့်လူမိုက်တို့ဖြစ်ပျက်နေပုံကို ၀ိုင်းအုံ၍ ကြည့်နေကြလေသည်။

““ခင်ဗျားတစ်ချက်ထိုးရင် ကျွန်တော်လဲပြီးသေသွားမယ့်သူပါပဲ.. ခင်ဗျားကိုရှုံးပြီးသားပါ”” ယင်းသို့ ဟန်စင်တောင်းပန်၏။ သို့သော်လူမိုက်က ဟန်စင်ကိုမလွှတ်သေးပေ။ သည့်အတွက်ကြောင့် ဟန်စင်သည် လူမိုက်ကို ရှိခိုးတောင်းပန်ပြန်သည်။ ဤအခါတွင် လူမိုက်က သူ့ခြေထောက်နှစ်ချောင်းကို ကားထားလိုက်ပြီးလျှင်.. ““အေး.. မင်းပြန်ချင်ရင် ငါ့ရဲ့ခြေထောက်နှစ်ချောင်းအောက်က ငုံပြီးပြန်ပေတော့””ဟူ၍ ပြောလေသည်။

ဝိုင်းအုံနေသောလူအများရှေ့၌ ဟန်စင်သည် ဤသို့လူမိုက်၏စော်ကားစွာပြုမူခြင်းကို ခံရသော်လည်း သည်းခံပြီးနေ၏။ ဟန်စင်သည် သူ့စိတ်ထဲ၌ ““လူမိုက်ဟာ လူအများရှေ့မှာ ငါ့ကိုအရှက်ခွဲတယ်။ ဒီအခါတုန်းက ငါဟာ လူတွေကြားထဲမှာ ငါ့ကိုအရှက်ခွဲရမလားဆိုပြီး လူမိုက်ကို ယှဉ်ပြိုင်သတ်လိုက်လျှင် ငါဟာ သေဖို့ပဲရှိမှာပဲ။ ငါဟာ သည်းခံပြီးနေခဲ့လို့သာ အသက်မသေတာ””ဟူ၍ ယုံကြည်ထားလေသည်။

သည့်နောက်ပိုင်းတွင်မူ ဟန်စင်သည် ““ငါ့ကိုလူမိုက်က ထောင်ပေါင်းများစွာလူတွေအထဲမှာ အရှက်ခွဲတယ်၊ ရွာသူရွာသားများကလည်း ငါ့ကို ကြက်တစ်ကောင်တောင်မှ မဖမ်းနိုင်ဘူးလို့ အမြဲတမ်း နောက်ပြောင်ပြောဆိုနေကြတယ်””ဟူ၍ သူ့ကိုယ်သူစဉ်းစားမိလေသည်။

အမှန်အားဖြင့် ဟန်စင်သည် ပိန်ပိန်ပါးပါး၊ လူကလည်းခပ်ပြော့ပြော့ဖြစ်သည်။ သူလမ်းလျှောက်သော အခါတွင်ယိုင်နေတတ်သည်။ ယင်းကြောင့်လည်း သူ့ကိုရွာသူရွာသားအများအပြားက ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းကို ခံရလေသည်။ ဟန်စင်သည် သူ့ဘ၀ကိုသူ ပြန်လည်စဉ်းစားမိသည့်အချိန်မှစ၍ ရှေးခေတ်တရုပ်ရာဇ၀င်တွင် အလွန်နာမည်ထင်ရှားသော စွန်ဘူကြုရေးသားထားသည့် စစ်သေနင်္ဂဗြူဟာဆယ့်သုံးချက်ကို နေ့စဉ်နေ့တိုင်း အမြဲမပြတ် လေ့ကျင့်မှတ်သားနေလေသည်။

ထိုစဉ်အခါက တရုပ်ပြည်တွင် ချောဘအုံးနှင့် ဟန့်ကော်ကျို့မည်သောဘုရင်နှစ်ပါးသည် စစ်ပြိုင်ဘက် ဖြစ်နေပြီး ခေတ်ထနေချိန်ဖြစ်သည်။ ချောဘအုံးဘုရင်သည် စစ်တိုက်မှုဘက်၌ အင်အားအလွန်ကောင်းပြီး ကျော်ကြားနေသူဖြစ်လေသည်။ အနှီစစ်ဘုရင်ကြီးချောဘအုံးထံပါး၌ ဟန်စင်သည် စစ်မှုထမ်းနေလေသည်။ ဟန်စင်စစ်မှုထမ်းနေသည်ဆိုသော်လည်း ကြီးကြီးကျယ်ကျယ်ကားမဟုတ်၊ ချောဘအုံးထွက်သောအခါ၌ ခပ်ဝေးဝေးမှ လှံကိုင်လှံထမ်းပြီးစောင့်နေရသည့် စစ်သားငယ်တစ်ဦးသာဖြစ်လေသည်။

မည်မျှပင်အောက်တန်းကျသောအလုပ်ကို ၀င်လုပ်နေသော်လည်း၊ ဘုရင်ချောဘအုံး၏အတိုင်ပင်ခံ မင်းဆရာ ၀ှမ်းကျုန်းက ဟန်စင်၏စစ်ပညာစွမ်းရည်ကိုသိထား၏။ ထို့ကြောင့်လည်း ၀ှမ်းကျုန်းသည် သူ့နယ်သို့ထွက်၍ ရန်သူကိုနှိမ်နင်းစဉ်က ရှင်ဘုရင်ချောဘအုံးအား ““ဟန်စင်ကို အသုံးပြုရင်လည်း ရာထူးကြီးကြီးပေးပါ၊ တကယ်လို့အသုံးမပြုရင်လည်း သတ်ပစ်လိုက်၊ သူများလက်ထဲကိုတော့ မရောက်ပါစေနဲ့ ဟူ၍ အတန်တန်မှာကြားခဲ့လေသည်။ ဟန်စင်ကို အထင်အမြင်သေးလေ၏။ ချောဘအုံး၏စိတ်အတွင်းဝယ် ““လမ်းသွားရင်ယိုင်တိယိုင်တိုင်နဲ့ သူများခြေထောက်အောက်က ဦးခေါင်းငုံ့ပြီးထွက်လာတဲ့သူများ ဘာအသုံးပြုရမလဲ””ဟူ၍သာ ထင်မှတ်ထားလေသည်။

တစ်နေ့သောအခါတွင် ဟန်စင်၏နေအိမ်သို့ ဓါးရောင်းသောကုန်သည်တစ်ဦးရောက်လာသည်။ ထိုသူ၌ ဟန်စင်လွန်စွာနှစ်သက်သော နှစ်ဖက်သွားဓါးများ ပါလာလေသည်။ အမှန်အားဖြင့် ဤသူသည် ဓါးကုန်သည်အစစ်မဟုတ်၊ ရန်သူဟန့်ကော်ကျို့၏ အတိုင်ပင်ခံမင်းဆရာ ကယော်လျောင်းဆိုသူသည် ရုပ်ဖျက်၍ ဓါးကုန်သည်ယောင်ဟန်ဆောင်၍ ဟန်စင်ထံသို့လာခြင်းဖြစ်ပေသည်။ ဟန်စင်က မြင်လျှင်မြင်ချင်း ကယော်လျောင်းမှန်းသိလေသည်။ ကယော်လျောင်းက ဟန်စင်ကို ဟန့်ကော်ကျို့ဘက်၌စစ်မှုထမ်းလျှင် စစ်သေနာပတိချုပ်ရာထူးကို ပေးအပ်မည့်အကြောင်းများပြောကြားပြီး သွေးဆောင်ခေါ်ယူလေတော့သည်။ ဟန်စင်ကိုယ်တိုင်ကလည်း အခွင့်သာလျှင် ဟန့်ကော်ကျို့ဘက်သို့ထွက်ပြေးတိမ်းရှောင်ရန် ကြံရွယ်နေသူ တစ်ယောက်ဖြစ်သည်။ သူ့အဖို့ ယင်းသို့ထွက်၍မပြေးပါကလည်း ချောဘအုံး၏ရန်ကလည်း တစ်ဖက်ရှိနေ သေးသည်။ ယင်းသို့သော အခွင့်အခါကောင်းမျိုးကိုစောင့်နေသော ဟန်စင်အဖို့ ရေငတ်တုန်း ရေတွင်းထဲကျ သကဲ့သို့ဖြစ်နေလေ၏။ ဟန်စင်ကို ကယော်လျောင်းက သူ့လက်မှတ်နှင့် စာတစ်စောင်ရေးပေးလေသည်။ ဟန့်ကော်ကျို့ထံပါးသို့ရောက်လေလျှင် ဤစာလွှာကိုပြသပါရန်လည်းမှာကြားလေသည်။ ပြီးနောက်တွင်ကား ချောဘအုံး၏နယ်အတွင်းရှိ မြို့သုံးမြို့မှထွက်နိုင်ရန်လည်း ဟန်စင်အတွက်အသင့်ပြုလုပ်ထားသော မှတ်ပုံတင် အတုလည်းပေးလိုက်လေသည်။ သယော်လျောင်းသည်လည်း သူသွားရမည့်ခရီးစဉ်ကို ဆက်လက်ထွက်ခွာ သွားလေတော့သည်။

ဟန်စင်သည် သယော်လျောင်းစီမံပေးချက်အတိုင်း ချောဘအုံးတိုင်းပြည်မှ ထွက်ခွာပြီး၊ ဟန့်ကော်ကျို့ အုပ်ချုပ်သောတိုင်းပြည်သို့ အေးဆေးစွာရောက်လေသည်။ ရောက်လေသောအခါ ဟန်စင်သည် ဘုရင်ဟန့်ကော်ကျို့ကို သွားတွေ့လေသည်။ ဟန့်ကော်ကျို့နှင့်တွေ့သည့်တိုင်အောင် ဟန်စင်သည် အတိုင်ပင်ခံ မင်းဆရာ သယော်လျောင်းရေးပေးလိုက်သော စာလွှာကို ထုတ်၍မပြပေ။

ဘုရင်ဟန့်ကော်ကျို့သည် ဟန်စင်ကိုတွေ့လေသော် ဟန်စင်၏ရှက်ဖွယ်ကောင်းသော နောက်ကြောင်း ရာဇ၀င်များကိုသိနှင့်ထား၍ အထင်အမြင်သေးလေ၏။ ထို့ကြောင့် ဟန်စင်ကို စပါးအခွန်ကြီးကြပ်သည့် ဌာနတွင် လယ်ကူလီအလုပ်ကိုပေးထားလေသည်။ ထိုကမှတဆင့် ဟန်စင်သည် စပါးချိန်တွယ်ရသော စာရေးလေးဖြစ်လာသည်။ ဟန်စင်သည် လယ်အခွန်ကြီးကြပ်ရေးဌာနတွင် စပါးချိန်တွယ်ရသောစာရေးဘ၀၌ ရှိစဉ်၊ ယခုတရုပ်ကုန်တိုက်နှင့် အလုပ်တိုက်များတွင် တွက်ချက်သော “ပေသီး”အတွက်ကိရိယာကို သူ့ဉာဏ်စွမ်းဖြင့် တီထွင်ခဲ့လေသည်။

ထိုကမှတဆင့် ဟန်စင်၏ကြိုးစားမှုအဖုံဖုံတို့ကြောင့် မြို့အုပ်နှင့်အဆင့်အတန်းညီသော ရာထူးကိုသာလျှင်ရရှိလေသည်။ ဟန်စင်၏အဖို့ကား မှန်းချက်နှင့်နှမ်းထွက်မကိုက်ညီပဲဖြစ်နေသော်လည်း သူသည် မညည်းညူပေ။ သူပြုလုပ်ရမည့်အလုပ်ကိစ္စမှန်သမျှကို တာဝန်ကျေပွန်အောင် ပြုနေပေ၏။

ဟန့်ကော်ကျို့၏အတိုင်ပင်ခံ မင်းဆရာတစ်ဦးဖြစ်သူ ရှောင်ဟိုကလည်း ဟန့်ကော်ကျို့အား ဟန်စင်ကို စစ်သေနာပတိချုပ်ခန့်အပ်ပြီး ချောဘအုံးအားတိုက်လျှင် ပို၍ကောင်းမည်ဖြစ်ကြောင်းကို အကြံပေးလေ၏။ ရှောင်ဟို၏အကြံပေးချက်ကို ဟန့်ကော်ကျို့က လက်မခံပေ။ သို့ဖြစ်နေစဉ် တစ်ညသ၌ ဟန်စင်သည် အဝေးသို့မြင်းတစ်စီးနှင့်ပြေးလေတော့သည်။ ဟန်စင်ကို အစဉ်စောင့်နေသောစစ်သားသည် ရှောင်ဟိုထံသို့ အချိန်မှီလာ၍ပြောကြားသည်။ ရှောင်ဟိုလည်း ကြားလျှင်ကြားချင်း ဟန်စင်နောက်သို့ မြင်းတစ်စီးနှင့် အမြန်လိုက်လေတော့သည်။

ထိုနေ့ညကား လသည်ထိန်ထိန်သာနေသည်။ လ၏အလင်းရောင်အောက်တွင် ဟန်စင်သည် မြင်းကို ဒုန်းစိုင်း၍စီးနေသည်။ ရှောင်ဟိုကလည်း နောက်မှမြင်းတစ်စီးနှင့်လိုက်နေသည်။ ဟန်စင်ကိုမှီလေသောအခါ ရှောင်ဟိုက ရပ်ခိုင်း၏။ ထိုအခါကျလေမှ သူတို့နှစ်ဦးသည် အေးဆေးစွာစကားပြောနိုင်တော့သည်။

ရှောင်ဟိုက သူသည်ဟန်စင်အားစစ်သေနာပတိချုပ် အလွန်ခန့်အပ်လိုကြောင်း၊ ဘုရင်ဟန့်ကော်ကျို့က အထင်သေးနေ၍ အခက်တွေ့နေကြောင်းကိုပြောသည်။ ဤတွင် ဟန်စင်က ရှောင်ဟိုအား ပြုံးရွှင်သော ဟန်အမူအရာဖြင့်ကြည့်ပြီးလျှင် ““ခင်ဗျားကိုဝမ်းသာစရာတစ်ခုပြမယ်””ဟူ၍ပြော၏။ ပြီးလျှင် သယော်လျောင်းထံမှ သူ့ကို စစ်သေနာပတိချုပ်ခန့်အပ်ရန်ထောက်ခံလွှာကိုပေးသော် ရှောင်ဟိုသည် အံ့သြ၀မ်းသာသွားဟန်ဖြင့် ““ဒီစာပါလာမှ စောစောကပြောရောပေါ့၊ ဒီစာသာပါရင် ဟန့်ကော်ကျို့လည်း ကျုပ်ရဲ့စကားကို မပယ်ရှားဝံ့ ပါဘူး””ဟူ၍ပြောဆိုလေသည်။

ပြီးနောက်မှ တဆက်တည်း ““ကျုပ်တို့တိုင်းပြည်ဟာ ခင်ဗျားကိုအားကိုးပါတယ်”” ချောဘအုံးကို စစ်ပြိုင်တိုက်နိုင်မယ့်သူဟာ ခင်ဗျားတစ်ယောက်ထဲသာရှိပါတယ်၊ ဒါကြောင့် စိတ်ကူးမလွဲပါနဲ့၊ ကျုပ်တို့ တိုင်းပြည်ကိုပြန်လိုက်ခဲ့ပါ””ဟူ၍ အမျိုးမျိုးအကြောင်းပြကာ ဟန်စင်ကိုခေါ်တော့၏။ ဤသို့ လ၏အလင်းရောင် အောက်ဝယ် ဟန်စင်ကိုရှောင်ဟိုလိုက်၍တွေ့လေသောနေရာတွင် ကျောက်စာကမ္ဗည်းထိုးထားခဲ့သည်မှာ ယနေ့တိုင်မြင်တွေ့နိုင်သေး၏။

သည့်နောက်ပိုင်းတွင်မူ အဝေးအရပ်သို့ရောက်နေသော ဟန့်ကော်ကျို့၏အတိုင်ပင်ခံမင်းဆရာ သယော်လျောင်းသည် ပြန်ရောက်လာသည်။ ရောက်လာလျှင်ရောက်လာခြင်း သယော်လျောင်းသည် ဟန့်ကော်ကျို့ကို ““ဟန်စင်ဘယ်မှာလဲ””ဟူ၍မေး၏။ ဟန့်ကော်ကျို့က ဟန်စင်ကို မြို့အုပ်လောက် အဆင့်အတန်း ရှိသောရာထူးခန့်အပ်ထားကြောင်းပြောလေသည်။ ဤတွင် အတိုင်ပင်ခံမင်းဆရာနှစ်ယောက်စလုံးက တစ်ဦးနှင့်တစ်ဦးတိုင်ပင်၍ ဟန့်ကော်ကျို့အား ““ဒီလိုဆိုရင်ဘယ်ဖြစ်မလဲ.. ဟန်စင်ကိုစစ်သေနာပတိချုပ် ရာထူးကိုခန့်အပ်ပါ၊ ဒါမှ စစ်ဘုရင်ချောဘအုံးနဲ့ယှဉ်ပြိုင်နိုင်မယ်””ဟူ၍ နားသွင်းပြောကြားလေသည်။ ဟန့်ကော်ကျို့ကလည်း သူ၏အတိုင်ပင်ခံမင်းဆရာနှစ်ယောက်၏စကားကို မပယ်ရှားဝံ့သောကြောင့် လက်ခံ လိုက်ရလေသည်။

များအကြာမီအချိန်ပိုင်း၌ အခြေအနေသည် ဆိုးလာလေသည်။ အလွန်အင်အားကြီးမားသော ချောဘအုံး၏စစ်တပ်ကြီးသည် ဟန့်ကော်ကျို့၏တိုင်းပြည်အတွင်းသို့ တစတစနှင့်စီးနင်းဝင်ရောက်လာ၏။ ဟန့်ကော်ကျို့ဘက်၌ရှိသော ပထမ၊ ဒုတိယ၊ တတိယအတန်းစား သုံးတန်းစားရှိသည့် စစ်ဗိုလ်စစ်သားများ ရှိသည့်အနက် တတိယတန်းစားစစ်ဗိုလ်စစ်သားများကရန်သူကိုကာကွယ်ပါလျှင် တစ်ရက်သာခံ၏။ ဒုတိယတန်းစားစစ်ဗိုလ်များနှင့်ကာကွယ်ပါလျှင် နှစ်ရက်သုံးရက်သာခံ၏။ ပထမတန်းအကောင်းဆုံးစစ်ဗိုလ်နှင့် စစ်သားများကာကွယ်လေမှ ပြန်၍မတိုက်ထုတ်နိုင်သည့်တိုင်အောင် ချောဘအုံး၏စစ်ကြောင်းချီလာမှုကို တန့်၍ထားနိုင်လေသည်။ ဤသည်လည်းမကောင်းလှပေ။ နောက်များမကြာတော့မည့် ရက်ပိုင်းအတွင်းဝယ် ဟန့်ကော်ကျို့ထီးနန်းစိုက်ရာမြို့တော်သို့ ရန်သူချောဘအုံး၏စစ်တပ်များ ရောက်လာတော့မည့်သဘောပင် ဖြစ်သည်။

ထို့ကြောင့်လည်း ဟန့်ကော်ကျို့အဖို့ ဟန်စင်ကို အရေးတကြီး စစ်သေနာပတိချုပ်နှင့် သူ့အမိန့်အာဏာ လွှဲအပ်ရန် အရေးတကြီးလိုအပ်လာပြီဖြစ်၏။ ဟန့်ကော်ကျို့ကလည်း သူ့မြို့သူမြို့သားများကိုခေါ်ယူ၍ အလွန်ကြီးသော ၀ါးမျှော်စင်ကြီးတစ်ခုကိုဆောက်လုပ်စေပြီး ဟန်စင်ကို လူအများရှေ့မှောက်၌ စစ်သေနာပတိချုပ် ခန့်အပ်လေသည်။ ပြီးနောက် ဘုရင်ဟန့်ကော်ကျို့က သူ့နှစ်ဖက်သွားဓါးကိုလည်း ဟန်စင်အားအပ်နှင်းစဉ် မိန့်ခွန်းပြောသည်မှာ ““အမိန့်အာဏာကိုမလိုက်နာပဲ ဆန့်ကျင်သူများရှိနေရင် ခုငါအပ်နှင်းတဲ့ဓါးနဲ့ ခေါင်းဖြတ်ပြီး သတ်၊ ဟန်စင့်အမိန့်ဟာ ငါ့အမိန့်နဲ့အတူတူပဲ””ဟူ၍ ပြောကြားလေသည်။

မြို့သူမြို့သားများကလည်း ဟန်စင်၏နောက်ကြောင်းရာဇ၀င်ကို သိနှင့်ထားကြ၍ အထင်အမြင် သေးနေကြသည်။ တချို့ကလည်း ““ဒို့ဘုရင်ဟန့်ကော်ကျို့တော့ ကြက်တစ်ကောင်တောင်မဖမ်းနိုင်တဲ့ ဟန်စင်လို လူမျိုးကိုမှရွေးပြီးအားကိုးမိတာ အမှားကြီးမှားပြီ””ဟူ၍ပြောကြလေသည်။

အမှန်အားဖြင့် ဟန်စင်သည် မြို့သူမြို့သားလူအများ အထင်အမြင်သေးသကဲ့သို့မဟုတ်ပေ။ သူသည် ဉာဏ်ကစားသည့်ဘက်၌ အလွန်စစ်ပညာကြွယ်ဝနေသော စစ်သားကောင်းကြီးတစ်ဦးဖြစ်နေလေသည်။ လူအများအထင်အမြင်သေးမှုခံနေရသော ဟန်စင်သည် ဘုရင်ဟန့်ကော်ကျို့အပ်နှင်းသည့်ဓါးကို ခါးတွင်းချိတ်ဆွဲကာ လူပုံအလယ်၌ထပြီး....

““ကျွန်တော့်ရဲ့ဦးခေါင်းအတွင်းမှာရှိတဲ့ဦးနှောက်နဲ့ ရင်ထဲမှာရှိတဲ့နှလုံးသားတွေ မြေကြီးနဲ့ထိပြီး သေပွဲဝင်တဲ့အထိ တိုင်းပြည်နဲ့ရန်သူမှန်သမျှကို ချေမှုန်းဖျက်ဆီးပါ့မယ်လို့ သန်္နိဋ္ဌာန်ချမှတ်ထားပြီးပါပြီ။ ဘုရင့်တပ်မတော်မှန်သမျှဟာ အမိန့်ကိုနာခံပြီး ကိုယ့်နိုင်ငံတော်အတွက် ရန်သူတွေကိုနှိမ်နင်းကြပါ။ စစ်ကြီးပြီးဆုံးသွားတဲ့အခါမှာ ကျွန်တော်ဟာ ချီးမြှင့်ရမယ့်သူကိုပစ်မထားပါဘူး။ ချီးမြှင့်ပါမယ်။ အပြစ်ရှိတဲ့သူ ဆိုရင်လည်း အပြစ်အလိုက်အရေးယူပါ့မယ်။ ဘယ်သူ့မျက်နှာကိုမှမထောက်ညှာပါဘူး။ အားလုံးဟာ တရားသဖြင့်ဖြစ်စေရမယ်””ဟူ၍ သူ့တပ်မတော်သားအပေါင်းကို ရဲရဲတောက်မိန့်ခွန်းမြွက်ကြားပြီးသည်နှင့် တပြိုင်နက် စစ်ကြောင်းကိုးကြောင်းကိုဖွင့်လိုက်လေသည်။

စစ်မျက်နှာကိုးခုခွဲပြီး စစ်ကြောင်းများဖွင့်လိုက်သောအခါ တပ်ရင်းရှိစစ်ဗိုလ်ချုပ်ကြီးများကို တစ်ခါတည်းနှင့်ခန့်အပ်၍ အလံအစိမ်း၊ အပြာ၊ အ၀ါများ ခွဲဝေကာ ချောဘအုံးနှင့်ရင်ဆိုင်ရန် ချီတက်သွားခိုင်း၏။ ဤအခါကျလေမှ ဟန်စင်ကို အထင်အမြင်သေးခဲ့သော မြို့သူမြို့သားများသည် မြေပုံမကြည့် စာရွက်မကိုင်ပဲနှင့် စစ်မျက်နှာကိုးခုကို နိုင်နင်းစွာစီစဉ်နိုင်သော ဟန်စင်၏စွမ်းရည်ကို အံ့သြချီးကျူး၍မကုန်နိုင်အောင် ဖြစ်ရတော့၏။

ထိုသို့ ဟန့်ကော်ကျို့က ဟန်စင်အား စစ်သေနာပတိချုပ်ခန့်အပ်သောအရေးကိစ္စနှင့်ပတ်သက်၍ ပြဿနာတစ်ခုပေါ်ပေါက်လာလေသည်။ ဟန့်ကော်ကျို့၏သစ္စာတော်ကိုခံယူပြီး စစ်မှုထမ်းနေသော လက်ဟောင်း စစ်ဗိုလ်ကြီးကွမ်းချိုင်ဆိုသောသူရှိလေသည်။ ကွမ်းချိုင်သည် စစ်တိုက်ခိုက်သည့်ဘက်၌မညံ့ပေ။ ခွန်အားဗလလည်းပြည့်စုံသူတစ်ယောက်ဖြစ်လေသည်။ သို့သော် သူ့၌ဉာဏ်ပညာမပြည့်စုံပေ။ သူအလုပ်လုပ် သောနေရာ၌စေ့စပ်သေချာသလောက် စေခိုင်းသူရှိလေမှလုပ်တတ်သူဖြစ်လေသည်။ ပြီးနောက်သူသည် ဘုရင်ဟန့်ကော်ကျို့နှင့် မယားညီအစ်ကိုတော်စပ်သူလည်းဖြစ်၏။ သူ့စိတ်ထဲ၌ သူသည်သာလျှင် ဟန့်ကော်ကျို့၏ လက်ရုံးတစ်ဆူတမျှ အားကိုးရမည့်စစ်သေနာပတိချုပ်ဖြစ်ရမည်ဟု မျှော်လင့်ထား၏။ တပ်မတော်သားများကလည်း ဤအတိုင်းပင်ထင်နေကြသည်။ သို့သော်အခြေအနေကား သူမျှော်လင့်ထားသကဲ့သို့ဖြစ်၍မလာ။ ထို့ကြောင့် သူ့ကိုယ်သူရှက်လည်းရှက်မိသည်။ ဟန်စင်အပေါ်သို့လည်း အခဲမကြေဖြစ်နေမိသည်။ ထို့ကြောင့်လည်း သူသည် ဒေါသအလျောက် ဘုရင်ဟန့်ကော်ကျို့စီးလာသော မြင်းဇက်ကြိုးကို သွားဆွဲပြီးပြောဆိုသည်မှာ ““ကျုပ်လိုလူတစ်ယောက်လုံးရှိလျက်သားနဲ့ သူများခြေထောက် အောက်က ငုံ့လျှိုးလာရပြီး၊ ပြည့်တန်ဆာမဆီမှာမှီခိုကပ်ရပ်စားနေရတဲ့ ဟန်စင်လိုလူမျိုးကိုမှရွေးပြီး စစ်သေနာပတိချုပ်ခန့်အပ်တာဟာ အမှားကြီးမှားတာပဲ””ဟူ၍ သူ့ရင်တွင်းရှိသမျှကို မထိန်မ၀ှက်ပဲပြောလိုက် လေသည်။

ဤစကား တစ်ခွန်းကြောင့် ဟန့်ကော်ကျို့သည်ဒေါသအမြတ်ထားလာ၏။ သည့်အတွက်ကြောင့် ဟန့်ကော်ကျို့က “ငါ့အမိန့်စကားကိုပယ်ရှားတာဟာ ငါ့ကိုတော်လှန်တာနဲ့ အတူတူဘဲ၊ ဒါ့ကြောင့်” ဟူ၍ ပြောပြီး သူ့နဘေးရှိစစ်ဗိုလ်များဘက်သို့လှည့်ကာ ““ကွမ်းချိုင်ကို အမြန်ဖမ်းပြီးချုပ်ထားလိုက်၊ ပြီးမှ ငါသတ်မယ်””ဟူ၍အမိန့်ပေးပြီး ဟန့်ကော်ကျို့သည် မြင်းစီး၍ထွက်သွားလေတော့သည်။

စစ်ဗိုလ်ကြီးကွမ်းချိုင်အဖို့အချုပ်ခန်းသို့မြန်းရလေတော့၏။ သူ၏ပြောစကားတစ်ခွန်း မှားယွင်းသည့် အတွက် အသက်သေရတော့မည့်ကိန်းမျိုးဆိုက်နေရှာ၏။ သူသည် အသက်တစ်ချောင်းချမ်းသာရာရမှုအတွက် ဟန့်ကော်ကျို့ကို အမျိုးမျိုးအဖုံဖုံတောင်းပန်သမှုပြုသော်လည်း မည်သို့မျှအကြောင်းမထူးပါပေ။ ဤကိစ္စအတွက် သူ့အားရင်းနှီးသောစစ်ဗိုလ်များက အကြံဉာဏ်ပေးသည်မှာ စစ်သေနာပတိချုပ်ဟန်စင်ကို အကျိုးအကြောင်း ပြောပြပြီးတောင်းပန်ပါ၊ ဟန့်ကော်ကျို့သည် ယခုအချိန်၌ ဟန်စင်၏ပြောလေသမျှသောစကားကို မပယ်ရှားဝံ့သောကြောင့် အသက်ချမ်းသာရာရလိမ့်မည်ဟု ဆိုကြသည်။

ဤအကြံပေးချက်အတိုင်း စစ်ဗိုလ်ကြီးကွမ်းချိုင်သည် ဟန်စင်အားတောင်းပန်သည်။ ဟန်စင်မှ တဆင့် ဟန့်ကော်ကျို့အားတောင်းပန်လျှောက်ထားလေရာ ကွမ်းချိုင်သည် အသက်ချမ်းသာမှုရလေတော့သည်။ ထိုအချိန်အခါမှစ၍ ကွမ်းချိုင်သည် သူ့အသက်သခင်ကျေးဇူးရှင်ဖြစ်သော စစ်သေနာပတိချုပ်ဟန်စင်အပေါ်၌ သစ္စာရှိစွာဖြင့် အမှုတော်ကို ထမ်းဆောင်သွားလေတော့သည်။

ဟန့်ကော်ကျို့က သူ့ဘုရင်အမိန့်အာဏာကိုလွှဲအပ်ထားသော စစ်သေနာပတိချုပ်ဟန်စင်နှင့် စစ်ဘုရင်ကြီးချောဘအုံးတို့သည် ယှဉ်ပြိုင်၍စစ်တိုက်ကြလေသည်။ ဟန်စင်သည်ကား စစ်တိုက်ခိုက်မှုအရာ၌ ဉာဏ်သမား။ စစ်ဘုရင်ချောဘအုံးသည် လက်ရုံးရည်သမား။ ဤသူနှစ်ဦးကား စစ်မြေပြင်ဝယ်ဆုံကြခြင်းပင် ဖြစ်၏။


စစ်ဘုရင်ကြီးချောဘအုံး၏အကြောင်းလည်း အနည်းငယ်ဖေါ်ပြပါဦးမည်။ ချောဘအုံး ငယ်စဉ်က သူ့ဆရာသည် စာပေပညာသင်ပေးသည်။ သို့သော်သူကမသင်ကြားပေ။ စာပေပညာမသင်၍ ဓါးခုတ်လှံထိုး အတတ်ပညာကိုသင်သော်လည်း သူကမသင်လိုပေ။ ဤတွင်ဆရာဖြစ်သူက ချောဘအုံးအား ““နို့မင်းက ဘာပညာသင်မှာလဲ””ဟူ၍မေးသည်။ ချောဘအုံးကပြန်၍ပြောသည်မှာ ““ကျုပ်တစ်ခါတည်းနဲ့ လူထောင်သောင်း နဲ့ချီပြီးသတ်နိုင်တဲ့ပညာမျိုးသင်ချင်တယ်””ဟူ၍ ပြန်ပြောဖူးလေသည်။

သူသည် အလွန်ကာယဗလတောင့်တင်းခိုင်မာပြီး သန်စွမ်းသူတစ်ယောက်ဖြစ်လေသည်။ သူ့အဖို့ စစ်တိုက်ခြင်းသည်ပင်လျှင် ၀ါသနာဖြစ်နေ၏။ တစ်ချိန်သောအခါက တရုပ်ပြည်၌ခုနှစ်ပြည်ထောင်ကွဲပြီး ခြောက်ပြည်ထောင်ကစုစည်း၍ အင်အားအလွန်ကြီးမားပြီး တန်ခိုးအာဏာကြီးသော ကျင်းစိဟုန်း၏ ဒုတိယ ကျင်းမင်းဆက်ကို ချောဘအုံးတိုက်ခိုက်စဉ်က ကိုးရက်တိတိအစာမစားပဲ တောက်ရှောက်စစ်တိုက်သွားဖူး လေသည်။ ထိုမျှသာမကသေး ရှေးခေတ်တရုပ်ပြည်တွင် တရုပ်ဘုရားကျောင်းများ၌ သုံးချောင်းထောက် သံဒယ်အိုးတစ်လုံးစီရှိတတ်သည်။ ဤသံဒယ်အိုးနှင့်ထောက်ထားသောသံချောင်းသည် တရုပ်ပိဿာအလေးချိန် တစ်ထောင်ရှိ၏။ ဤသံဒယ်အိုးနှင့်အောက်ခံသုံးချောင်းကို ချောဘအုံးသည် ဘယ်လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ တရုပ်ဘုရားကျောင်းကို သုံးပတ်တိတိပတ်ပြသော်လည်း မျက်နှာတစ်ချက်မပျက်ပေဟု အဆိုရှိသည်။

ချောဘအုံးအလွန်ချစ်မြတ်နိုးခြင်းခံရသော တစ်ဦးတည်းသောမိဖုရား “ဂူးရေ”သည် အလွန်ချောလှသော သူဖြစ်လေသည်။ ရုပ်ရည်သာချောလှသည်မဟုတ်၊ ဉာဏ်ပညာအစွမ်းလည်း အလွန်ထက်မြက်သူလေးဖြစ်သည်။ ချောဘအုံးစစ်မြေပြင်သို့ဆင်းလေတိုင်း ဤ“ဂူးရေ”အမည်ရှိသောမိဖုရားသည်လည်း သူ့အနားကပါလာစမြဲ ဖြစ်လေသည်။ ချောဘအုံးသည် စစ်တိုက်လေတိုင်း အောင်မြင်မှုရသူတစ်ဦးဖြစ်သည်။ သူ့ပတ်ဝန်းကျင်နှင့် အခြေအနေကလည်း သူ့အားမာနတံခွန်လွှင့်ထူနိုင်လောက်အောင်ဖန်တီးနေ၍ ချောဘအုံးသည် မာနအလွန်ကြီးသူ တစ်ဦးအဖြစ်နှင့်ကျော်ကြားခဲ့၏။

ဟန်စင်နှင့်ချောဘအုံးတွေ့ဆုံ၍တိုက်ခိုက်ကြသည်မှာ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမက၊ အကြိမ်ပေါင်း ခုနှစ်ဆယ်ခန့် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ခဲ့ကြပြီဖြစ်၏။ စစ်တိုက်ခိုက်ရည်ဝနေသော ချောဘအုံးအဖို့ ဉာဏ်အလွန်မျာသောဟန်စင်နှင့်လာတွေ့ခြင်းသည် ကံဆိုးရှာသည်ဟုဆိုရပေမည်။ သည့်အရင်ကဆိုပါလျှင် ချောဘအုံးသည် မည်သည့်ရန်သူနှင့်ယှဉ်ပြိုင်ပြိုင် သူသာလျှင်အသာကလေးနှင့် အနိုင်ရရှိခဲ့၏။ ဟန်စင်နှင့်တွေ့လေသောအခါ သူပြုလေတိုင်းမရ၊ သူထင်လေတိုင်းမဖြစ်သောအခြေအနေသို့ ဆိုက်လေတော့ပြီ။ ချောဘအုံး၏ သိန်းချီနေသော သူ့စစ်အင်အားထုကြီးပင်လျှင် ဟန်စင်နှင့်တွေ့လေသော် မရှုံးနိမ့်အောင်ပင် မနည်းကာကွယ်ပြီးတိုက်နေရသည်။ အမှန်စင်စစ် ဟန်စင်၏စစ်ဆင်မှုသည် လွန်စွာပင် ထက်မြက်သည်။ သို့ကလို ဟန်စင်ကချောဘအုံးအား စစ်တိုက်ရင်း၊ အိမ်နီးနားချင်းဖြစ်သော ကျေးတိုင်းပြည် ကိုလည်းဖြတ်၍တိုက်ခိုက်သွားပြီးအနိုင်ယူလိုက်သေးသည်။ ကျေးတိုင်းပြည်က ဟန့်ကော်ကျို့ထံပါး၌ လက်နက်ချအညံ့ခံပြီး၊ တိုင်းပြည်ကိုပါထိုးအပ်လိုက်လေသည်။ ဟန်စင်အဖို့ကား ချောဘအုံးနှင့်စစ်တိုက်ရာ စစ်ကြောင်းလမ်းပေါ်၌ရှိသော ကျေးတိုင်းပြည်ကို အသာလေးနှင့်တိုက်ယူလိုက်ခြင်းဖြစ်ပေသည်။

ကျေးတိုင်းပြည် လက်ဝယ်ရောက်ရှိလာသောအခါ စစ်သေနာပတိချုပ်ဟန်စင်သည် သူ၏အရှင်သခင် ဖြစ်သော ဟန့်ကော်ကျို့ကို သူ့အားကျေးတိုင်းပြည်၏ဘုရင်ခံအဖြစ်ခန့်အပ်ရန်တောင်းဆိုလေသည်။ ဟန်စင်က ဤသို့တောင်းဆိုလေသောအခါ ဟန့်ကော်ကျို့သည် သူ၏အတိုင်ပင်ခံမင်းဆရာသယောလျောင်း၊ ရှောင်ဟိုတို့နှင့် တိုင်ပင်လေသည်။ ဤအတိုင်ပင်ခံမင်းဆရာနှစ်ယောက်က ““ဟန်စင်ကလိုချင်လို့ကျေးတိုင်းပြည်ကိုတောင်းတာ ပေးလိုက်၊ ခု ကျုပ်တို့အားလုံးနဲ့တိုင်းပြည်ဟာ ဟန်စင်ကိုပဲအားကိုးနေရတာ၊ တကယ်လို့သူသာ ချောဘအုံးရန်ကို မကာကွယ်ဘူးဆိုရင် အလွန်ကြီးတဲ့ဒုက္ခပဲ””ဟူ၍ အကြံပေးလေသည်။

ထို့ကြောင့် ဟန့်ကော်ကျို့က ဟန်စင်အား ကျေးတိုင်းပြည်၏ဘုရင်ခံမဟုတ်၊ ဘုရင်အစစ်ဖြစ်ကြောင်း ကြေညာလိုက်ပြီး၊ ကျေးတိုင်းပြည်ကို ဟန်စင်လက်ဝယ်အပ်လိုက်လေသည်။ ဟန်စင့်အဖို့တွင်ကား ဟန့်ကော်ကျို့၏စစ်သေနာတိချုပ်လုပ်နေရသူဖြစ်သော်လည်း ကျေးတိုင်းပြည်၏အချုပ်အချာအာဏာပိုင်သော ဘုရင်တစ်ပါးလည်းဖြစ်နေလေပြီ။

ကျေးတိုင်းပြည်၏ဘုရင်အဖြစ်နှင့်ဟန်စင်အုပ်ချုပ်နေစဉ်၊ ကျေးနိုင်ငံသားတစ်ဦးဖြစ်သူ ““၀ှိုက်ထုံး”” ဆိုသောသူတစ်ယောက်ကို တပည့်အဖြစ်မွေးထားလေသည်။ ၀ှိုက်ထုံးသည် ရှေ့နောက်ရေးကိုကြည့်ပြီး အကြံဉာဏ်ပေးအလွန်ကောင်းသူတစ်ဦးဖြစ်သည်။ သူသည် ဟန်စင်၏ဘ၀အကျိုးအကြောင်းဖန်လာပုံကို သတ္ထုချပြီးကြည့်သည်။ ပြီးနောက် အခြေအနေကမည်သို့မည်ပုံဖြစ်ပျက်လာမည့်အကြောင်းကို သူ့ဆရာ ဟန်စင်အား ““ဆရာချောဘအုံးကို ဆုံးခန်းတိုင်အောင်အပြုတ်မတိုက်နဲ့၊ တကယ်လို့ချောဘအုံးပြုတ်သွားရင် နောက်တစ်ကြိမ်ပြုတ်မှာက ဆရာ့အလှည့်ပဲ။ ဟန့်ကော်ကျို့ဟာ ချောဘအုံးရန်ကိုအလွန်ကြောက်တာကြောင့် ဆရာ့ကိုအားကိုးနေတာမှန်တယ်။ ချောဘအုံးသာမရှိတော့ဘူးဆိုရင် ဟန့်ကော်ကျို့အတွက်ကြောက်စရာ အကောင်းဆုံးရန်သူဟာ အလွန်စစ်အင်အားကြီးတဲ့ဆရာသာလျှင်ဖြစ်တော့မယ်။ ဒီအခါမှာ ဟန့်ကော်ကျို့က ဆရာ့ကိုပျက်စီးဖို့ကြံတော့မှာပဲ။ ခုအချိန်မှာသာ တစ်ဦးနဲ့တစ်ဦးအလွန်ရင်းနှီးကြပေမယ့် နောက်အခါမှာ ကြောက်စရာရန်သူကြီးသဖွယ်ဖြစ်လာတော့မယ်။ ဆရာဟာ ချောဘအုံးကိုတိုက်တော့တိုက်၊ ချောဘအုံးကို တိုက်နေတာကြောင့် ဟန့်ကော်ကျို့လည်းဆရာ့ကိုအပြစ်မပြောနိုင်ဘူး။ ချောဘအုံးဟာ လုံးလုံးမပြုတ်သေးတော့ ဟန့်ကော်ကျို့လည်းဆရာ့ကိုဘာမှမလုပ်နိုင်ဘူး။ တကယ်လို့ ဟန့်ကော်ကျို့ကဆရာ့ကိုရန်ရှာချင်တယ်ပဲထား သူ့အဖို့ရန်သူနှစ်ယောက်ဖြစ်နေတယ်။ ခုဆရာ့မှာလဲကိုယ့်တိုင်းကိုယ့်ပြည်နဲ့ဘုရင်တစ်ဆုဖြစ်နေလေတော့ ဆရာကစပြီးနန်းဆက်ထူထောင်သွားပါ””ဟူ၍ တပည့်ဖြစ်သူဝှိုက်ထုံးကအကြိမ်ကြိမ်အကြံပေး၏။ ဟန်စင်အဖို့တွင်ကား ““ဟန့်ကော်ကျို့ကငါ့ကို ချောဘအုံးကိုစစ်ပြိုင်တိုက်ဖို့ စစ်သေနာပတိချုပ်ခန့်အပ်ထားတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ချောဘအုံးမပြုတ်ပြုတ်အောင် ငါတိုက်ရမယ်””ဟုဆိုပြီး တရားသေယူဆထားသောကြောင့် ၀ှိုက်ထုံး၏အကြံပေးချက်ကို ဟန်စင်လက်မခံပေ။

ဟန်စင်နှင့်ချောဘအုံးတို့သည် အပွဲပွဲနွဲလာခဲ့သည်မှာ များပြီဖြစ်၏။ ယခုတစ်ကြိမ်တွင်ကား ချောဘအုံးကို အသေအလဲ အရှုံးအနိုင်တိုက်ရပေတော့မည်။ ချောဘအုံးကလည်း အနိုင်မခံအရှုံးမပေးချေ။ သူ့အဖို့ သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီးဟူသောလူစားမျိုးဖြစ်သည်။ ဟန်စင်သည် သူ၏စစ်အင်အားကို စစ်ကြောင်းဆယ်ကြောင်းခွဲပြီး စစ်မျက်နှာဆယ်ခုဖွင့်ကာ ချောဘအုံးကို ဆယ်ဘက်က၀ိုင်းရံ၍တိုက်ရန် သူသည်စစ်ချီပြီးတက်သွားလေသည်။

ဟန်စင်၏စစ်တပ်သည် ခေတ္တအနားယူပြီး သယ်ယူလာသောစားနပ်ရိက္ခာများကို ချက်ပြုတ်စားသောက် ကြသည်။ ပြီးလေသော်မှ ဟန်စင်ကမိန့်ကြားပြောဆိုသည်မှာ ...

““ဒီနေ့ဟာ ဒို့တိုင်းပြည်ရဲ့ကြမ္မာကို နောက်ဆုံးဖန်တီးမယ့်နေ့ပဲ။ တိုင်းပြည်၏ကြမ္မာဟာ ဒို့လက်တွင်းမှာ ရှိတယ်။ ဒီမှာရှိနေကြတဲ့ စစ်ဗိုလ်စစ်သားတွေဟာ အမိန့်ပေးလိုက်ရင် ရှေ့မှာဘာကြီးရှိနေနေတိုက်ခိုက်ရမယ်။ ကိုယ့်မျက်စေ့ဟာ နောက်ကိုဘယ်တော့မှမကြည့်ရဘူး။ သူသေသေကိုယ်သေသေ စွန့်စွန့်စားစားတိုက်ရမယ်။ ဒီစစ်ပွဲကြီးကို မနိုင်နိုင်အောင်တိုက်ခိုက်မှ ကိုယ့်တိုင်းပြည်ကိုပြန်ရောက်နိုင်မယ်။ ကိုယ့်သားကိုယ့်မယား ဆွေမျိုးညာတိများကိုစွဲလန်းတဲ့သံယောဇဉ်တွေကို စိတ်ထဲမှာမထားရဘူး။ ကိုယ့်တိုင်းနိုင်ငံကိုချစ်တဲ့ စိတ်တစ်ခုတည်းသာ စွဲစွဲမြဲမြဲမှတ်ထားရမယ်””ဟူ၍ ပြောလေသည်။

ဟန်စင်သည် သူကိုယ်တိုင်လည်းမြင်းကိုစီးထားသည်။ သူ့နဘေးဝယ် အလွန်ကျော်ကြားပြီး စစ်ရည်ဝနေသော စစ်သားကောင်းကြီး တစ်ဖက်လျှင်နှစ်သောင်းစီခြံရံနေ၏။ ဤတစ်ကြိမ်စစ်ပွဲကို ဦးစီးခေါင်းဆောင်ပြီးတိုက်လေသူမှာ ဘုရင်ဟန့်ကော်ကျို့ကိုယ်တော်တိုင်ဖြစ်၏။

ရှေးတရုပ်ရာဇ၀င်တွင် စစ်ပွဲကြီးများ၌ဥပဒေတစ်ရပ်ရှိသည်။ ထိုသည်ကား တစ်ဘက်နှင့်တစ်ဘက် မြင်လျှင်မြင်ခြင်း စစ်မတိုက်ခိုက်ရသေးပေ။ ဟန့်ကော်ကျို့နှင့် ချောဘအုံးတို့သည် တောင်တစ်တောင်ပေါ်စီမှ မျက်နှာချင်းဆိုင်နေကြသည်။ ပြီးလေသောအခါ ဟန့်ကော်ကျို့ဘုရင်ဘက်မှ တေးဂီတတူရိယာများကိုတီးပြီး.. ““ငါတို့လိုအပြစ်မရှိတဲ့တိုင်းပြည်ကို ဘာဖြစ်လို့စစ်လာတိုက်ရသလဲ။ အေးအေးဆေးဆေးနေကြတဲ့ တိုင်းသူပြည်သားတွေလည်း ဒုက္ခရောက်ကုန်ကြပြီဆိုသော ဂရုဏာသဘောသက်ဝင်သည့်တေးသီချင်းကို ကြိုးနှစ်ချောင်းတပ်ထားသည့်တယောနှင့်ဆိုပြလေသည်။ ထို့အတူချောဘအုံးတို့ဘက်မှလည်း တေးသီချင်းဆို၍ တူရိယာနှင့်တီးကြပြန်လေသည်။ ဤသို့အပြန်ပြန်အလှန်လှန်တေးသီချင်းဆိုနေခိုက်တွင် တစ်ဘက်တစ်ဘက်လျှင် သိန်းနှင့်ချီပြီးရှိနေသောစစ်သားထုကြီးသည် ငြိမ်သက်စွာနားထောင်နေကြသည်။ ပြီးလေတော့မှ စစ်တိုက်သည့် အခါတွင်အသုံးပြုသော စစ်ဗုံးကြီးများကို လက်ထဲမှ ဒုတ်နှစ်ချောင်းနှင့်ရိုက်ခတ်တီး၍ အချက်ပေးလိုက် သောအခါ အုပ်စုနှစ်စုရှိစစ်သားထုကြီးသည် ညာသံပေးကာ မျက်နှာချင်းဆိုင်ကာတိုက်လေတော့ပြီ။

စစ်ဗိုလ်ချင်း၊ စစ်သားချင်း၊ ဘုရင်ချင်းယှဉ်၍တိုက်လေရာ အုပ်စုနှစ်ဖက်မှစစ်အလံများသည် ရှုပ်ထွေး ရောနှောထားပြီး လူသတ်စစ်ပွဲကြီးကားစလေတော့ပြီ။ တခဏအတွင်းဝယ် တစ်ဘက်သိန်းနှင့်ချီရှိနေသော စစ်သားများ တစ်ယောက်နှစ်ယောက်ထိုးခတ်သော ဓါးလက်နက်၏အသံများ၊ စစ်သားများဒဏ်ရာရရှိ၍ အော်သောအသံဆိုးကြီးများ၊ မြင်းချင်းစီးတိုက်၍ထိမှန်သောအသံများမှာ တသိမ့်သိမ့်ညံနေလေတော့သည်။ အကယ်၍သာ ဤအချိန်၌မိုးကောင်းကင်ပေါ်မှပျံလွှားသွားသောငှက်တစ်ကောင်သည် ဤစစ်ပွဲမှကြောက်စရာ ကောင်းသောအသံများကိုကြားလေသော် အနားသို့မသီဝံ့ပဲ အဝေးသို့ရှောင်ပြေးမည်မှာအမှန်ပင်။

မိုးကောင်းကင်ပေါ်မှ တောက်ပြောင်နေသောနေမင်းကြီးပင်လျှင် တစ်ဦးနှင့်တစ်ဦးတိုက်ခိုက်သော စီးမြင်းများပြေး၍ ထသည့်ဖုံများကြောင့် အလင်းရောင်ပင်လျှင် မှေးမှိန်သွားသည်ဟုထင်ရ၏။ အစဉ်မပြတ် တိုက်ခိုက်နေသောလေ၏အသံပင်လျှင် ကြေကွဲဝမ်းနည်းငိုသံသဖွယ် ဖြစ်၍နေပေတော့သည်တကား။

သူနိုင်ငါနိုင် အပြိုင်အဆိုင်တိုက်ခိုက်မှုကြောင့် နှစ်ဦးနှစ်ဘက်သောစစ်သားဦးရေ လေးသောင်းကျော်ခန့် သေကြေကုန်ပြီ။ သေဆုံးသွားလေသော စစ်သားများ၏အလောင်းကား ရာထောင်ပုံနေပြီ။ ၀သုန်မြေပေါ်ဝယ် လူအများ၏သွေးကွက်များက ပြန့်ကြဲ၍နေပေတော့ပြီ။ နဘေးအနီးအနားဝယ်ရှိသော ချောင်း၊ အိုင်ရေများပင်လျှင် ခြင်းခြင်းနီလေပြီဖြစ်သည်။

နောက်ဆုံးတွင်ကား ချောဘအုံးနှင့်သူ့စစ်သားများသည် ၉-မိုင်တောင်ဟု အမည်တွင်နေသော တောင်တွင်ဝိုင်းမိနေလေသည်။ သူ့နဘေးပတ်လည်တွင် ဟန်စင်၏စစ်သည်တော်များက လှံရှည်ကြီးများ တပ်ဆင်ထားသော မြင်းလှည်းတပ်ကြီးနှင့် ပတ်ပတ်လည်ဝိုင်းရံထားလျက်ရှိသည်။ ဤသို့ချောဘအုံးကို စစ်မြင်းလှည်းများဝိုင်းရံပြီး မလွတ်နိုင်အောင်ကာထားရုံမျှနှင့်မပြီးသေး၊ သည့်အထက်ကလူများကလည်း တစ်တပ်ဝိုင်းထားသေးသည်။ သို့ကလိုချောဘအုံးအားလွတ်မြောက်ပြီးမသွားနိုင်စေရန်ဟန်စင်က အရပ်ရှစ်မျက်နှာမှ အထပ်ထပ်ကာရံထားလေသည်။

ဤသို့ ဟန်စင်၏စစ်သည်တော်များ ၀ိုင်းရံကာထားသောချောဘအုံးသည် သူ၏နောက်လိုက် သူ့အတွက်အသက်စွန့်မည်ဆိုသော သစ္စာတော်ခံတပည့်ရှစ်ထောင်နှင့်အတူ ကိုယ်လွတ်ရုန်းရတော့သည်။ ထို၍ထိုမျှ စစ်တပ်များဝိုင်းရံနေသည့်အကြားမှ ချောဘအုံးသည် သူ့စစ်သည်တော်အများအပြားကို အသေခံပြီး လွတ်မြောက်အောင်ရုန်းကန်တော့၏။

စစ်သည်တော်များ သိန်းနှင့်ချီ၍အသေခံခဲ့သည့်ချောဘအုံးနှင့် သူ့သစ္စာတော်ခံတပည့်ရှစ်ထောင် လွတ်မြောက်လာခဲ့သည်။ ပြီးနောက် ချောဘအုံးတို့လူစုသည် ချောက်ကမ်းတစ်ခုသို့ထွက်ပြေးလေ၏။ ဟန်စင်၏တပ်ကနောက်ကလိုက်လေသည်။ စစ်ရှုံးနိမ့်နေသောချောဘအုံးကို တဖန်ထပ်၍၀ိုင်းထားပြန်၏။ သို့သော် စစ်ကိုကားမတိုက်ရဲသေးပေ။ ချောဘအုံး၏အနားတွင် အလွန်အစွမ်းထက်သောတပည့်ရှစ်ထောင်၏ အားကိုလန့်နေလေသည်။ ဆက်တိုက်လာရသောစစ်ပွဲဖြစ်နေ၍ စစ်သားများလည်း အတော်ပင်ပန်းနေတော့ပြီ။

ချောဘအုံးရောက်နေသောနေရာသည်ကား “အော်ကန်”ဟုခေါ်သည်။ “အော်ကန်”ဟူသော အဓိပ္ပါယ်မှာ ““အော်””ဟူသည်မှာ ““မဲ၏””ဟုအဖြေရသည်။ ““ကန်””ဟူသည်မှာ ချောင်းဖြစ်လေသည်။ ဤချောင်းထဲမှရေသည် အစဉ်မဲနေသောကြောင့် ချောင်းမဲဟုခေါ်ဟန်တူ၏။

ဤနေရာဝယ် ချောဘအုံးသည် အပန်းဖြေနေသည်။ အချိန်ကလည်း မိုးချုပ်လုနီးလေပြီ။ ချောဘအုံး၏ နံဘေးဝယ် သစ္စာတော်ခံတပည့်ရှစ်ထောင်ကျော်ရှိနေလေသည်။ ချောဘအုံး၏အသက်တစ်မျှ ချစ်ခင်စုံမက်သော “သြခြူး”အမည်ရှိသော စီးတော်မြင်းသည် တစ်နေ့လုံးစစ်တိုက်၊ အစာလည်းမစားရ၊ ရေလည်းမသောက်ရ လေသောကြောင့် အော်ကန်ချောင်းနဘေးဝယ် ဘုံးဘုံးလဲပြီးသေရှာလေသည်။ ထို့ကြောင့် ချောဘအုံး၏ စိတ်ထဲ၌အလွန်စိတ်ထိခိုက်နေရချိန်ဖြစ်သည်။

ဉာဥ့်အချိန်သို့ရောက်လေသော် ဟန်စင်တို့ဘက်မှ အလွန်ငြိမ့်ညောင်းသာယာပြီး လွမ်းဆွတ်ဖွယ် ကောင်းသော တေးဂီတသံများနှင့် ချောဘအုံးနဘေးရှိသစ္စာတော်ခံများကြားရလေအောင် တီးမှုတ်ပြီးပြသည်မှာ.. ““မင်းတို့ဘုရင်ချောဘအုံးဟာ မကြာခင်တိုက်ပွဲမှာ အသက်ဆုံးရှုံးရတော့မယ်။ မင်းတို့ဟာ သူ့အတွက် အလွန်အဖိုးတန်တဲ့အသက်ကိုစွန့်မည့်အစား အိမ်ကဇနီးနဲ့ ကိုယ့်ရင်သွေးလေးများကို သတိရလိုက်စမ်း။ သူတို့ဟာမင်းအိမ်သို့ပြန်အလာကို ကြိုဆိုနေကြတယ်။ ဒို့ဘုရင်ဟန့်ကော်ကျို့ဟာလည်း လူသားတွေအပေါ်မှာ အလွန်ပဲကိုယ်ချင်းစာနာတတ်ပါတယ်။ ဟန့်ကော်ကျို့ဟာ စစ်ပွဲမှာ လက်နက်ချတဲ့သူမှန်သမျှ ဘယ်သူ့ကိုမှ သတ်ပစ်ရိုးထုံးစံမရှိခဲ့ပါဘူး..။ ကိုယ့်သားရှိတဲ့တိုင်းပြည်ကို ပြန်ပို့ပေးပါမယ်””ဟူသော အဓိပ္ပါယ်မျိုးသက်ဝင်သော တေးသီချင်းဖြင့် စိတ်ဓါတ်စစ်ဆင်လေသည်။

ဟန်စင်တို့ဘက်မှ ထိုသို့ပြု၍ နံနက်မိုးသောက်လေသောအခါ ချောဘအုံးဘက်မှ သစ္စာတော်ခံ တပည့်ရှစ်ထောင်သည် တစ်ဦးတစ်ယောက်မှမရှိတော့ပေ။ တချို့ကလည်း ကိုယ်လွတ်ရုန်း၍ထွက်ပြေးကြသည်။ တချို့ကလည်း ဟန့်ကော်ကျို့ဘက်သို့ လက်နက်ချအညံ့ခံလေသည်။

ချောဘအုံး၏စစ်ရာဇ၀င်တွင် တစ်ခါဖူးမျှစစ်မရှုံးခဲ့ဖူးပေ။ ဟန်စင်နှင့်တွေ့သောအခါ ချောဘအုံးအဖို့ စစ်ရှုံးနိမ့်ခဲ့ရပေသည်။ ချောဘအုံး၏အနားတွင်ကား သူအလွန်ချစ်မြတ်နိုးသော မိဖုရား“ဂူးရေ”သာလျှင် ကျန်ရစ်ခဲ့လေတော့သည်။ ယင်းအချိန်ဝယ် တစ်ချိန်ကတန်ခိုးအလွန်ကြီးမားခဲ့သော စစ်ဘုရင်ကြီးချောဘအုံးက သူ့မိဖုရားကိုပြောကြားသည်မှာ...

““ငါ့ရဲ့စစ်အင်အားဟာ တောင်ကြီးတစ်တောင်လုံးကိုပင် ရွှေ့ပြောင်းပစ်နိုင်တယ်။ ဒီတစ်ခေတ်မှာ တော့ဖြင့် ငါ့ကိုနိုင်မယ့်သူမရှိတော့ဘူးလို့ ငါထင်ခဲ့မိတယ်။ ငါ့မှာအခါအခွင့်ကောင်းနဲ့သွားမကြုံလို့.. ငါဟာ မတည်မြဲပါပေါ့လား..။ ငါ့ရဲ့စစ်အင်အား အလွန်ခိုင်မာခဲ့ပေမယ့် အခါအခွင့်ကောင်းမရရင် ဘာမှမလုပ်နိုင်ဘူးဆိုတာငါသိရပြီ။ လောကကြီးမှာ လင်သေတော့မယ့်ဆိုရင်ကိုယ့်မယားကိုသတ်ပစ်တတ်ပေမယ့် မင်းကိုတော့ ငါချစ်လွန်းလို့မသတ်ရက်ပါဘူး။ ပြီးတော့ လှတာကိုအလွန်မက်တယ်လို့ကမ္ဘာကသိနေတဲ့ ဟန့်ကော်ကျို့ဘုရင်ဟာလည်း မင်းလိုလှတဲ့သူတစ်ယောက်ကိုတော့ ပစ်မထားပါဘူး။ ငါ့လိုပဲ ချစ်ခင်စုံမက်မှာပဲ။ ဒီတော့မင်းစိတ်ကူးမလွဲပါနဲ့၊ ငါမရှိတဲ့နောက်ပိုင်းမှာ သူ့ဆီကိုသွားပါ””ဟူ၍ သူ့ခံစားမှုဝေဒနာကို ကဗျာလင်္ကာဖွဲ့ကာ ဆိုပြလေသည်။ မိဖုရား“ဂူးရေ”က ချောဘအုံးအား ““ထုံးစံအတိုင်း အဆိုရှိရင် အကပါရ စမြဲမို့ စောစောကရှင်တေးသီချင်းဆိုသွားတယ်။ ကျမက ဓါးက ကမယ်ဟူ၍ပြောပြီး ချောဘအုံးထံမှ နှစ်ဖက်သွား ဓါးကိုတောင်းလေတော့သည်။

မိဖုရား၏မျက်နှာကပြုံးရွှင်နေ၏။ ထို့ကြောင့်လည်းချောဘအုံးသည် သူ့ခါးကြားထဲမှနှစ်ဖက်သွား ဓါးကိုထုတ်ပေးလိုက်လေသည်။ မိဖုရားသည် ချောဘအုံးလက်ထဲမှဓါးကိုရသည်နှင့်တစ်ပြိုင်နက် လေထဲ၌ဝှေ့ယမ်းကာ ဓါးက ကနေ၏။ ပြီးနောက်မိဖုရားသည် တဖြေးဖြေးနှင့်ခြေလှမ်းများဆုတ်သွားသည်။ ချောဘအုံးလှမ်းဆွဲသော်လည်း မမှီသောနေရာသို့ရောက်လေမှ သူ့လည်ပင်းကို လွန်စွာထက်သောဓါးဖြင့် လှီးဖြတ်လိုက်လေတော့သည်။

အမှတ်မထင်ဖြစ်ပျက်လိုက်လေသောကိစ္စတစ်ရပ်ပေမို့ ချောဘအုံးသည် သူချစ်မြတ်နိုးသည့် မိဖုရား အလောင်းကို တွေတွေကြီးစိုက်ကြည့်နေမိသည်။ သူ၏လက်ရုံးသဖွယ်အားကိုးရသော စီးတော်မြင်း ““သြခြူး””လည်းဆုံးပါးသွားလေပြီ။ သူ၏သစ္စာတော်ခံတပည့်ရှစ်ထောင်လည်း တစ်ဦးတစ်ယောက်မှ မရှိရှာတော့ပြီ။

ဤအချိန်တွင် “အော်ကန်”ချောင်းကိုဖြတ်ကူးရန် လှေသမားကချောဘအုံးကိုလာခေါ်လေသည်။ ဤတွင် ချောဘအုံးကလှေသမားအား ““ငါလာတုန်းက သစ္စာတော်ခံတပည့်ရှစ်ထောင်လည်းမရှိတော့ဘူး၊ ငါအလွန်ချစ်တဲ့ မိဖုရားနဲ့စီးတော်မြင်းလည်းသေပြီ။ သူတို့ပါမလာပဲနဲ့ ငါ့တိုင်းပြည်ကပြည်သူပြည်သားတွေကို မျက်နှာမပြ လိုတော့ဘူး။ ဒီတော့ ငါ့ဦးခေါင်းကိုသာ ဘုရင်ဟန့်ကော်ကျို့ကိုသွားဆက်ပြီး မင်းဆုတော်ငွေထုတ်ယူပေတော့”” ဟူ၍မှာကြားခဲ့ပြီးလျှင် ချောဘအုံးသည် သူ့လည်ပင်းကိုဓါးဖြင့်ဖြတ်လိုက်ကာ ဘ၀အဆုံးစီရင်သွားလေသည်။

လူသားအပေါင်း တုန်လှုပ်ချောက်ချားစေခဲ့သောချောဘအုံး၏စစ်အင်အားသည် ပြုတ်ပြုတ်ပြုန်းပြုန်းပြီး နိဂုံးချုပ်သွားလေပြီဖြစ်၏။ တစ်ကြိမ်တည်းတိုက်လိုက်သောစစ်ပွဲကြီးသည်ကား စစ်သားပေါင်းသုံးသိန်းကျော် သေပွဲဝင်ခဲ့ရသည်တကား။

ဟန်စင်အဖို့ ချောဘအုံးသေဆုံးသွားပြီဖြစ်၍ ရန်မီးအေးငြိမ်းလေပြီ။ သို့သော် ဟန့်ကော်ကျို့အဖို့ ၌ကား ရန်မီးသည်မအေးသေးပေ။ ရန်သူချောဘအုံးမရှိသော်လည်း သူခန့်အပ်ထားသောစစ်သေနာပတိချုပ် ဟန်စင်၏စစ်အင်အားသည် အလွန်တန်ခိုးထွားနေ၍ တစ်နေ့သောအခါ၌သူ့အားတော်လှန်ပုန်ကန်မည်ကို စိုးကြောက်ရွံ့နေမိသည်။ ထို့ကြောင့်လည်းဟန်စင်၏ရန်ကို မည်သို့မည်ပုံကာကွယ်ရမည်ကို အမြဲမပြတ် စဉ်းစားနေလေသည်။

ဟန့်ကော်ကျို့သည် သူ၏အတိုင်ပင်ခံမင်းဆရာနှစ်ဦးနှင့်တိုင်ပင်ပြီး၊ ဟန်စင်ကိုဖမ်းရန်အကွက်ဆင် လေသည်။ တစ်နေ့သ၌ရှင်ဘုရင်ဟန့်ကော်ကျို့သည် ကျေးတိုင်းပြည်၏ဘုရင်တစ်ဆူဖြစ်သော ဟန်စင်ထံသို့ လာမည့်အကြောင်းကိုကြိုတင်၍ပြောထား၏။ ဟန်စင်သည် သူ့ကိုမင်းအဖြစ်သို့ရောက်အောင် ပြုလုပ်ပေးသော ရှင်ဘုရင်ဟန့်ကော်ကျို့ကို နယ်စပ်သို့သွားပြီး၊ အဆောင်အယောင်နှင့်သွား၍ကြိုဆိုလေသည်။ ဟန့်ကော်ကျို့က ဟန်စင်အား ကြက်ငှက်ကလေးများဖမ်းသည့်သဖွယ် အသာလေးဖမ်းဆီးပြီး၊ သူ့တိုင်းပြည်သို့ခေါ်သွားသည်။

ဟန့်ကော်ကျို့သည် သူ့တိုင်းပြည်သို့ရောက်သောအခါ ဟန်စင်အား ““ချောဘအုံးဘက်မှ စစ်သုံ့ပန်း စစ်ဗိုလ်၊ စစ်သားများကိုမသတ်ပဲထားခြင်းသည် သူ့ကိုတစ်နေ့တိုက်ခိုက်ရန်ဖြစ်သည်””ဟူသော လီဆယ်ထားသော စွပ်စွဲချက်ဖြင့်ဟန်စင်ကို ချုပ်နှောင်ထားလေ၏။

အမှန်တကယ်ကား ဟန့်ကော်ကျို့သည် ဟန်စင်ကိုသူကိုယ်တိုင်သတ်ပစ်လိုသည်။ ထိုသို့သတ်လိုက် မှလည်းသူ့အတွက်ရန်အေးပေတော့မည်။ သို့သော် သူကိုယ်တိုင်သတ်ရန်ကလည်းမရဲပေ။ ဟန်စင်၏ကျေးဇူး တရားသည်သူနှင့်တကွ သူ့တိုင်းပြည်အပေါ်ဝယ် ဆပ်၍ပင်မကုန်နိုင်လောက်အောင်ရှိနေသည်။ ဤအတွက်ကြောင့် ဟန့်ကော်ကျို့သည် သူ့မိဖုရားအား ဓါးအပ်၍ ဟန်စင်ကိုသတ်စေတော့သည်။ မိဖုရားကလည်း ဟန့်ကော်ကျို့စေခိုင်းချက်အတိုင်းပြုလုပ်လိုက်သည်။

ဟန့်ကော်ကျို့သည် သူ့မိဖုရားနှင့်တွေ့လေသော် ““မင်း ဟန်စင်ကိုသတ်ပြီးပြီလား””၊ ““ပြီးပါပြီ”” ““ဟန်စင်မသေခင် ဘာများပြောသွားသေးလဲ””

““ငါဟာ ၀ှိုက်ထုံးအကြံပေးချက်ကို မလိုက်နာမိတာမှားတာပဲ””လို့ပြောသွားတယ်။

ဟန့်ကော်ကျို့သည် မျက်လုံးပြူးသွား၏။ ဟန်စင်ကိုအကြံဉာဏ်ပေးခဲ့သော ၀ှိုက်ထုံးကိုလည်း အရှင်မိရလေအောင်လိုက်ဖမ်း၏။ ၀ှိုက်ထုံးကလည်း အနယ်နယ်အရပ်ရပ်သို့ရှောင်ပြေးနေလေသည်။ ပြီးနောက် ငါးနှစ်ခန့်ကြာသောအခါမှ ၀ှိုက်ထုံးကို ဟန့်ကော်ကျို့က အရှင်ဖမ်းမိလေသည်။ ဤတွင် ဟန့်ကော်ကျို့က ၀ှိုက်ထုံးအားဟန်စင်ကို အကြံပေးခဲ့ပုံကိုမေး၏။ ၀ှိုက်ထုံးကလည်း ရဲဝံ့စွာဖြင့် သူဟန်စင်အားအကြံပေးခဲ့ပုံကို တဖန်ပြန်၍ပြောပြလေသည်။ ဤတွင် ဟန့်ကော်ကျို့ကိုယ်တိုင်က ၀ှိုက်ထုံး၏အကြံပေးချက်သည် မှန်ပါလေ၏။ ဟန်စင်သာလက်ခံခဲ့ပါလျှင် သူဘာမှတတ်နိုင်တော့မည်မဟုတ်ကြောင်းကို ၀န်ခံရပေသည်။ ပြီးနောက်တွင် ဟန့်ကော်ကျို့က ၀ှိုက်ထုံးအား.. ““ငါတို့ဘက်မှာလည်း အကြံပေးဆရာအဖြစ်အမှုထမ်းပါ””ဟူ၍ တောင်းပန်လေ၏။ သို့သော် ၀ှိုက်ထုံးက ““ကျုပ်မှာဆရာဆိုလို့ ဟန်စင်တစ်ယောက်တည်းသာရှိတယ်၊ သူ့အကျိုးကလွဲလို့ တခြားဘယ်သူ့ကိုမှအကြံမပေးဘူး။ ကျုပ်ကိုသတ်ရင်လည်းသတ်ပစ်လိုက်””ဟူ၍ ဆိုလေသည်။ ဤသို့ ကိုယ့်အရှင်သခင်ပေါ်၌ ကျေးဇူးတရားသိတတ်သောလူမျိုးကို ဟန့်ကော်ကျို့က မသတ်ပေ။

ထို့နောက်ပိုင်းတွင်မူ ဟန့်ကော်ကျို့ဘုရင်မှစပြီး သူ့သားစဉ်မြေးဆက်အထိ နှစ်ပေါင်းလေးရာအထိ ““ဟန်မင်းဆက်””အဖြစ် အုပ်စိုးသွားသည်ဟု တရုပ်ရှေးဟောင်းရာဇ၀င်၌ဖေါ်ပြထားလေသည်။

သည်ကဲ့သို့ လူစွမ်းကောင်းတို့မည်သည် သည်းခံရမည့်နေရာတွင် သည်းခံလိုက်သည့်အတွက် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို တက်လှမ်းနိုင်ခဲ့သည်။ ထို့အတူ ကျွန်ုပ်၏လန်ထောင်ဟော်တယ်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စတွင်လည်း သခင်စံဝေသည်လည်းသည်းခံနိုင်ခဲ့၍ အောက်မြင်မှုရရှိခဲ့ပေသည်ဟုဆိုချင်ပေ၏။

No comments:

Post a Comment