Sunday, September 5, 2010

ကရင်စပ်စု

ကရင်စပ်စု

ကျွန်ုပ်ဟာ ဦးဝင်းမောင်သမတ မဖြစ်ခင်အချိန်က လွန်ခဲ့သည့် ၁၀-နှစ်လောက်မှာ ကရင် စပ်စုလို့တစ်ကြိမ်ဖြစ်ခဲ့ဖူးပါသေးသည်။ ဦးဝင်းမောင်ဟာ ကျွန်ုပ်နှင့်မယားညီအစ်ကိုတော်သူ မအူပင်ခရိုင် ခနောင်ထော်ရွာနေ ကရင်ရေးရာအရေးပိုင် ဦးလှကျော်နှင့် ညီအစ်ကိုလိုချစ်ခင်ကြပါသည်။ ကျွန်ုပ်ဇနီး မကျင်မြိုင်ကိုလည်း သူတို့ဟာ အင်မတန်မှချစ်ခင်ကြပါသည်။

ဦးလှကျော်တို့ ဗမာ၊ ကရင်ချစ်ကြည်ရေး ငြိမ်းချမ်းရေးလုပ်သည့်အခါမှာ ဦးဝင်းမောင်၊ ဦးအောင်ပ၊ ဗိုလ်အောင်မြိုင်၊ ဗိုလ်အောင်ဒင်တို့တစ်တွေထဲမှာ ကျွန်ုပ်တို့ဇနီးမောင်နှံလည်း ပါပါတယ်။ မဏ္ဍပ်ထဲမှာ ကျွန်ုပ်တို့ဇနီးမောင်နှံဟာ ဓါတ်ပုံတစ်ပုံရိုက်ကူးထားတယ်။ ဓါတ်ပုံရိုက်သည့်အခါ ကျွန်ုပ်က ပြည်ထောင်စုအလံဘက်ကနေ၍ ကျွန်ုပ်၏ဇနီးမကျင်မြိုင်က ကရင်အလံဘက်ကနေပြီး ဗမာနှင့်ကရင် ချစ်ကြည်ရေးလုပ်လိုက်ပါသည်။ ကျွန်ုပ်ဟာ ကျွန်ုပ်ရဲ့အခါလည်သား စပ်စုလေးကို ပွေ့ချီထားပါသည်။ ပြည်ထောင်စုအလံက ကရင်အလံထက် ကြယ်လေးပွင့်ပိုတယ်။ ကျွန်ုပ်ဟာ ကျွန်ုပ်ရဲ့သားကလေးကို ချော့လိုက်ပြီးမျက်နှာကို ဒီဘက်လှည့်လိုက်တယ်။ ဘယ်လိုပဲချော့ပြီး မျက်နှာကို ဒီဘက်လှည့်အောင်လုပ်ပေမယ့် ကျွန်ုပ်၏သားကလေးဟာ မရပါဘူး။ သူ့အမေဘက်ကိုပဲ လှည့်ကြည့် နေတာပါပဲ၊ ကျွန်ုပ်၏စိတ်ထဲမှာ ထင်မိတာကတော့ စပ်စုလေးဟာ ကြီးလာလျှင် သူ့အမေဘက်ကိုပဲ ပါသွားလိမ့်မယ်လို့ ထင်မိပါသည်။
ကျွန်ုပ်ဟာ ကျွန်ုပ်နှင့်မယားညီအစ်ကိုတော်သည့် ဦးလှကျော်ထံမှာ ကရင်ဗမာချစ်ကြည်ရေး လုပ်လိုက်ပြီး၊ ကရင်ဗမာချစ်ကြည်ရေးဓါတ်ပုံများကိုလည်း ရိုက်ကူးထားလိုက်ပါသည်။
နောက် ကျွန်ုပ်ဟာ ရန်ကုန်ကိုပြန်ရောက်လာသည့်အခါ ၁၉၅၂-ခု၊ ဇူလိုင်လ ၃၀-ရက်နေ့ ကျွန်ုပ်နှင့် မယားညီအစ်ကိုဦးလှကျော်၊ ဟိုတုန်းကလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းမောင်တို့ကို သွားပြီးတော့ ကျွန်ုပ်ဟာတိုင်ပင်တယ်။ ကရင်လူကြီးလူကောင်းများဟာ ကြည့်မြင်တိုင် ဦးလူနီလမ်းက ကရင်အဖွဲ့ချုပ်မှာ ကရင်လူကြီးလူကောင်းများ အစည်းအဝေးကျင်းပပွဲကြီးတစ်ခုရှိတယ်။ ကျွန်ုပ်နေထိုင်သည့်လမ်းမတော်မှာလည်း ဗမာကရင်ချစ်ကြည်ရေးကိုလုပ်ချင်ပါသည်။ သို့အတွက် ဦးဝင်းမောင်ကစီစဉ်ပေးပါလို့ သွားရောက်၍တိုင်ပင်ပြောဆိုပါသည်။ ဦးဝင်းမောင်ကလည်း ကျွန်ုပ်နှင့် ဦးလှကျော်ပြောသည့်စကားကိုနားထောင်ပြီး ကရင်လူကြီးလူကောင်းမှန်သမျှကို စာရင်းပေးပါတယ်။ ဦးဝင်းမောင်ပေးခဲ့သည့်စာရင်းအရ ကရင်လူကြီးလူကောင်းများကို ဖိတ်ကြား၍ ဒီနေ့မှာ ကရင် ထိပ်တန်းလူကြီးလူကောင်း ၄၀-၅၀ လောက် ကျွန်ုပ်၏လမ်းမတော်မှာ ဗမာကရင်ချစ်ကြည်ရေးထမင်း စားပွဲကို ပြုလုပ်ကျင်းပလိုက်ပါသည်။
ကြွရောက်လာကြသည့် လူကြီးလူကောင်း ၄၀-၅၀ ထဲမှာ ကျွန်ုပ်ဟာ အတိတ်နိမိတ် ရုပ်ရည်လက္ခဏာအကဲခတ်ဗေဒင်ကို စ၀်ရွှေသိုက်၊ ဒေါက်တာဘဦး တို့လို အကဲခတ်၍ကြည့်မိလိုက်တယ်။ အဲဒီလို အကဲနိမိတ်ဖတ်ကြည့်ပြီးတော့ ကျွန်ုပ်ဟာ ကရင်လူကြီးလူကောင်းများနှင့်တွဲပြီးတော့ ဓါတ်ပုံလျှောက်ရိုက်လိုက်ပါသည်။ ဓါတ်ပုံရိုက်ပြီးသွားသည့်အခါကျတော့ ကျွန်ုပ်နှင့် ကျွန်ုပ်၏ဇနီး မကျင်မြိုင်၊ ဦးဝင်းမောင် ဗွီစီးကရက်ကုမ္ပဏီလက်ထောက်မန်နေဂျာ၊ ဒီလေးယောက်တွဲပြီးရိုက်ကူး ထားသည့်ဓါတ်ပုံဟာ အလှဆုံး၊ အခန့်ဆုံးပုံဖြစ်နေပါသည်။
ကျွန်ုပ်ဟာ အကယ်၍ နောက်လာမည့် ၅-နှစ်၊ ၁၉၅၇-ခုနှစ်မှာ ကရင်အမျိုးသားအလှည့် သမတလုပ်ဖို့ကျသည့်အခါ ဦးဝင်းမောင်ဟာ ကျိန်းသေ သမတဖြစ်ဖို့ကိန်းရှိတယ်ဆိုတာကို ကျွန်ုပ်က ကျွန်ုပ်ရဲ့ဇနီးမကျင်မြိုင်ကို ပြောပြလိုက်တယ်။ ဒီညမှာ ကရင်ထိပ်တန်းလူကြီးလူကောင်းများကို ဦးဝင်းမောင်ဟာ တစ်ယောက်စီတစ်ယောက်စီ ကျွန်ုပ်ကိုမိတ်ဖွဲ့ပေးတယ်။ နောက်ပြီးတော့ ဦးဝင်းမောင်ဟာ ကျွန်ုပ်ကို ကရင်စပ်စုလို့ နာမည်ပေးလိုက်ပါသည်။
ဒီထမင်းစားပွဲဟာ ၁၉၅၅-ခုနှစ်၊ ဇန်န၀ါရီလ ၅-ရက်နေ့ မအူပင်ခရိုင် လေးအိမ်စုရွာမှာ ပြည်လုံးကျွတ်ကရင်အမျိုးသားညီလာခံကြီးကို ကြိုတင်၍ ၃-နှစ်လောက်က အုတ်မြစ်ချတာနှင့် တူလှပါသည်။ နောက် လေးအိမ်စု မှာ ကရင်အမျိုးသားပြည်လုံးကျွတ်ညီလာခံကြီး ကျင်းပသည့်အခါမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ၊ ၀န်ကြီးဟောင်း သခင်ချစ်မောင်၊ ကယားဝန်ကြီး စောဝဏ္ဏ၊ ကချင်ဝန်ကြီး ဆမားဒူးဝါးဆင်ဝါနောင်၊ ချင်းရေးရာဝန်ကြီး ဦးဆင်ထမ်း၊ ဦးဝင်းမောင်၊ ၀န်ကြီးဦးအောင်ပ၊ ပါလီမန်အမတ်မန်းတင်အောင်သန်း၊ ဗိုလ်အောင်မြိုင်၊ ဗိုလ်အောင်ဒင်၊ စောဘသန်း၊ ဦးထွန်းစိန်(သမတကတော်ဒေါ်မြမေ၏အစ်ကို)၊ မန်းသာရှင်တို့တစ်တွေဟာ သင်္ဘောတစ်စီးတည်းအတူတူစီးပြီးတော့ လေးအိမ်စုကရင်အမျိုးသားညီလာခံ အစည်းအဝေးပွဲကြီးကို လာပြီးတော့ တက်ရောက်ချီးမြှင့်အားပေးကြပါသည်။
ဦးနုနှင့်ဦးဗဆွေ သူတို့နှစ်ဦးကလည်း ၂-နာရီလောက်ကြာကြာမိန့်ခွန်းစကားပြောကြပါတယ်။ ကြွရောက်လာကြသည့် ကရင်အမျိုးသားများကလည်း တစ်သိန်းလောက်ရှိတယ်။ ဦးနုပြောသည့် မိန့်ခွန်းနှင့် ဦးဗဆွေပြောသည့် မိန့်ခွန်းစကားများကို လက်ခုပ်တီးသြဘာပေးတာ နားကွဲလုမတတ်ပါပဲ။ ကြွရောက်လာကြသည့် တစ်သိန်းလောက်ရှိသည့် ကရင်အမျိုးသားထုဟာ ကရင်နု-ကရင်ဆွေဆိုပြီးတော့ တအားပဲ ကြွေးကြော်ကြတယ်။ ဒီညီလာခံပွဲကြီး ကျင်းပပြီးစီးသွားသည့်အခါမှာ ကရင်-ဗမာ ချစ်ကြည်ရေးဟာ အများကြီးပိုမိုခိုင်လုံသွားတယ်။ ကရင်-ဗမာစိတ်မချမ်းသာစရာအလုပ်မျိုးတွေလည်း မပေါ်ပေါက်တော့ပါဘူး။ နောက်ပြီး ဒီလေးအိမ်စုမှာ ကရင်ပြည်လုံးကျွတ်ညီလာခံကြီး ထမြောက် အောင်မြင်ပြီးစီးသွားသည့်အခါ မြန်မာနှင့်ကရင်ချစ်ကြည်ရေးကို စည်းလုံးညီညွတ်ခိုင်မြဲသွားပြီး၊ ၁၉၅၇-ခုနှစ်မှာ သမတရွေးကောက်ပွဲတင်မြှောက်သည့်အခါ ဟိုစဉ်အခါက ထိပ်တန်းခေါင်းဆောင် များဟာ ဦးဝင်းမောင်ကို သမတမြှောက်ဖို့ အဆိုတင်တာလည်း ပြည်ထောင်စုတစ်ခုလုံးနှင့် သူဌေးများကပါအားလုံးထောက်ခံကြပါသည်။ ကန့်ကွက်မည့်သူလည်း တစ်ဦးတစ်ယောက်မှ မရှိခဲ့ပါဘူး။ ဦးဝင်းမောင်ကလည်း သူ့မူလလမ်းစဉ်အရ ကရင်အမျိုးသားများနှင့် မြန်မာအမျိုးသားများ ပူးပေါင်းမှ နှစ်ဘက်စလုံး အကျိုးဖြစ်ထွန်းပြီး၊ ပြည်ထောင်စုတစ်ခုလုံးပါ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ပါလိမ့်မည်။ ဒီလို ကရင်-မြန်မာပူးပေါင်းပြီး စည်းလုံးညီညွတ်သည့်တန်ဖိုးဟာ အဖိုးဖြတ်လို့မရပါဘူးလို့ ပြောဆို၍ နေကြပါတယ်။
ကရင်ပြည်လုံးကျွတ်အမျိုးသားညီလာခံကြီးကို လေးအိမ်စုမှာ ကျင်းပသည့်အခါ ဗွီစီးကရက် ကုမ်္ပဏီသူဌေး မစ္စတာကျန်ကီအင်းဟာ သူ့ကုမ္ပဏီမှထွက်သည့် စီးကရက်များကို ကျွန်ုပ်အား အများကြီးပေး၍ ကျွန်ုပ်မှတဆင့် ကျွန်ုပ်၏မယားညီအစ်ကို ဦးလှကျော်ကို ပေးအပ်ပြီးတော့ ဒီကရင်အမျိုးသားညီလာခံကြီးမှာ ဧည့်ခံခိုင်းတယ်။ ဒီညီလာခံကြီး ထမြောက်အောင်မြင်ပြီးစီးတာဟာ ကျွန်ုပ်ကကြိုတင်၍ ၃-နှစ်လောက်က ဒီလေးအိမ်စုကရင်အမျိုးသားခေါင်းဆောင်ကြီးဦးဝင်းမောင်၊ ဦးလှကျော်၊ ဦးအောင်ပတို့တစ်တွေလည်း ကြိုတင်ပြီးအုတ်မြစ်ချပေးခဲ့သည့်သူတွေပါ။ ဒီအုတ်မြစ်ချပွဲမှာ ကျွန်ုပ် ကရင်စပ်စု ပါဝင်တဲ့လူမဟုတ်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။ ကျွန်ုပ်ကရင်စပ်စုလည်း အပါအ၀င်ဖြစ်ခဲ့ပါသည်။
ကျွန်ုပ်ဟာ မကြာခင်က ကျွန်ုပ်၏ဇနီးမကျင်မြိုင်နှင့်အတူ ကျွန်ုပ်နှင့်မယားညီအစ်ကိုတော်သူ ဦးလှကျော် နေထိုင်မကောင်းသည့်ကိစ္စကို ကျွန်ုပ်တို့တစ်တွေဟာ အိမ်တော်က အိမ်ပုပုကလေးမှာ သွားပြီးတော့တွေ့ဆုံ၍ မေးမြန်းတယ်။ လဖက်ရည်ပါသောက်ကြပြီး ရီစရာမောစရာစကားများ ပြောဆိုကြသည့်အခါ ဦးဝင်းမောင်ကပြောတယ်။ ဦးစပ်စုဟာ သတင်းစာထဲမှာ စော်ဘွားလိုဝတ်ထား တာကိုတွေ့ရတယ်။ အင်မတန်မှကြည့်လို့လည်းကောင်းတယ်။ စော်ဘွားစပ်စုလည်း ဖြစ်ပြီးပြီ၊ ကရင်စပ်စုလည်းဖြစ်ပြီးပြီ၊ နာဂစပ်စုတစ်ကြိမ်ဖြစ်ပါဦးလို့ ပြောဆိုတယ်။

No comments:

Post a Comment